News

POST TYPE

TRAVEL LOG

၂၀၁၈ ဥရောပတွင် လည်ပတ်သင့်သည့်နေရာများ
27-Oct-2018



Piran (Slovenia)

ဥရောပ၏ လည်ပတ်ရန် အကောင်းဆုံးနေရာတစ်နေရာအဖြစ် သတ်မှတ်ထားသည်။ ဆလိုဗေးနီးယားနိုင်ငံ၏ ဗင်းနစ်မြို့လေးဟူ၍လည်း တင်စားကြသည်။ အဒရီရေးတစ် ပင်လယ်ကမ်းခြေအနီးတွင် တည်ရှိသော မြို့လည်းဖြစ်သည်။ 

တစ်မြို့လုံးကို အပေါ်စီးမှကြည့်လိုက်မည်ဆိုလျှင် ခေါင်မိုးနီနီတွေကိုချည်း မြင်ရမည်ဖြစ်သည်။ အိမ်တွေက အဖြူရောင်တွေဖြစ်ပြီး ဆိတ်ငြိမ်အေးချမ်းကာ နေချင်စရာကောင်းသည်။ ဆလိုဗေးနီးယားနိုင်ငံ၏ ပင်လယ်ကမ်းခြေမြို့လေးလည်းဖြစ်၊ နာမည်ကျော် Portoroz ကမ်းခြေနှင့်လည်း သိပ်မဝေးဘဲ နေပူစာ လှုံချင်သူများအတွက် အကောင်းဆုံးဆိပ်ကမ်းနှင့် သောင်ပြင်တွေလည်းရှိသည်။ မြို့ထဲတွင်လည်း လှည့်လည်ကြည့်မည်ဆိုလျှင် သံလွင်ပင်များအရိပ်၌ ရှေးဟောင်းအငွေ့အသက်များကို ခံစားရမည်ဖြစ်သည်။ မြို့သေးသော်လည်း ဆလိုဗေးနီးယား၏ အရသာကို ကောင်းစွာ ခံစားနိုင်သည့်နေရာဟု ဆိုသည်။

ဆလိုဗေးနီးယားနိုင်ငံသည် ဥရောပ၏ သဘာဝအလှရတနာများဖြင့် ပြည့်နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် တင်စားကြသည်။ Bled ရေကန်ကြီးသည် အထင်ရှားဆုံးဖြစ်သည်။ မိုဘိုင်းလ်ဆော့ဖ်ဝဲများဖြင့် တင်ထားသည့် ပီရန်မြို့လေး၏ အလှကိုလည်း နောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားလာကြသည်။ 

ပီရန်မြို့လေးကို ဆလိုဗေးနီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော Ljubljana မှ ၁ နာရီခွဲခန့်ကား မောင်းသွားလျှင် ရောက်နိုင်သည်။ အီတလီမှ လေကြောင်းဖြင့်လည်း သွားနိုင်သည်။ 



Weymouth (England)

ဝေးမောက်သ်မြို့လေးသည် အင်္ဂလန်တောင်ပိုင်း Dorset ကမ်းခြေမှ မြို့လေးတစ်မြို့ဖြစ်သည်။ တစ်မြို့လုံးကို ပြန်လည်ပြုပြင် မွမ်းမံထားသည်။ ကမ်းခြေတစ်ဝိုက် အိမ်များ၊ တဲများကို ဆေးရောင်စုံ ခြယ်ထားသည့်အတွက် မျက်စိထဲတွင် ထူးခြားလှပနေသည်။ ဂျော်ဂျီယံခေတ်စတိုင်လ် လူနေအိမ်များရှေ့တွင် ရပ်ထားသည့် လှေသင်္ဘောလေးများကို တွေ့မြင်ရသည်။ ကမ်းခြေတွင် တဲများနှင့် ငါးဖမ်းနေကြသူများလည်း စည်ကားသည်။ 

လွန်ခဲ့သော နှစ်သန်းပေါင်း ၁၅၀ လောက်ကတည်းက ရှိခဲ့သော နေရာဖြစ်သဖြင့် ဒိုင်နိုဆော ရုပ်ကြွင်းများကိုလည်း ကံကောင်းလျှင် တွေ့နိုင်မည်ဟု ဆိုသည်။ ထိုကမ်းရိုးတန်းကြီးက Dorset မှ Devon မြို့အထိ ရှည်လျားစွာရှိနေသည်။

တစ်နှစ်ပတ်လုံးလည်ပတ်နိုင်ပြီး ကမ်းခြေတစ်လျှောက် လှပစွာဆေးသုတ်ထားသည့် တည်းခိုခန်းများ၊ စားသောက်ဆိုင်များလည်း နေရာအနှံ့ရှိသည်။ ၂၀၁၂ ခုနှစ်က အိုလံပစ်ပွဲတွင် ပင်လယ်ရွက်လွှင့်နှင့် ရေကြောင်းဆိုင်ရာ အားကစားများ ဆင်နွှဲခဲ့ရာနေရာလည်းဖြစ်သည်။ 

၂၀၁၈ ခုနှစ်သည် ဝေးမောက်သ်၌ နှစ် ၇၀၀ ပြည့်ပွဲကျင်းပရန် တိုက်ဆိုင်နေသည်။ ထို့ကြောင့် ဩဂုတ်လက ပွဲတော်များ ကျင်းပခဲ့သည်။ ယခုတိုင် အငွေ့အသက်များ ရှိနေဆဲဖြစ်သည်။ ဝေးမောက်သ်ကို Bournemouth မှ တစ်နာရီခန့်ကားမောင်းလာလျှင် ရောက်သည်။ လန်ဒန်မှ ရထားဖြင့်လာလျှင် ၃ နာရီခန့်စီးရသည်။ 



Skadar Lake National Park ((Montengro)

မွန်တီနီဂရိုနိုင်ငံ Kotor မှသည် Durmitor အထိ ကျယ်ပြန့်သော အမျိုးသားဥယျာဉ်ကြီးကို ပိုင်ဆိုင်ထားသည်။ မွန်တီနီဂရိုနိုင်ငံသို့ နိုင်ငံတကာမှ ကမ္ဘာလည့်ခရီးသည်များ လာရောက်လည်ပတ်လျက် ရှိကြသည်။ အိမ်နီးချင်း အယ်လ်ဘေးနီးယားနိုင်ငံနှင့် ဝေမျှပိုင်ဆိုင်ထားသော Skadar အမျိုးသားဥယျာဉ်ကြီးမှာ ဥရောပ၏ ရတနာနေရာ တစ်နေရာအဖြစ်လည်း ထင်ရှားသည်။

Ramsar Convention က အသိအမှတ်ပြုခြင်း ခံထားရသော နိုင်ငံတကာ သဘာဝသစ်တော အဖိုးတန်မြေနေရာဖြစ်သည့် အမျိုးသားဥယျာဉ်ကြီးတွင် ငှက်မျိုးစိတ်ပေါင်း ၃၀၀ ခန့်ရှိသည်။ ငါးမျိုးစိတ်ပေါင်း ၄၀ ကျော်ကလည်း အခြားမည်သည့်နေရာတွင်မှ မတွေ့မြင်ရသည့်မျိုးတွေဖြစ်နေခြင်းက သဘာဝပညာကို လေ့လာချင်သူများအတွက် စိတ်ဝင်စားစရာဖြစ်သည်။ တောင်တက်လမ်းကြောင်းအတိုင်းဖြစ်စေ၊ ကန်ကြီးများကိုဖြတ်ကာ သစ်သားလှေများကို စီးပြီးဖြစ်စေ သဘာဝကို ပကတိအတိုင်း လေ့လာနိုင်သည်။ သဘာဝအလှကို အကောင်းဆုံးလေ့လာရန် နေရာတစ်နေရာဖြစ်သည်။

ပေါ်တိုဟုခေါ်သည့် သဘာဝအပန်းဖြေ နေရာကြီးကို ရေကန်ကြီးဘေးတွင် တည်ဆောက်ပြီးဖြစ်သည်။ လာရောက်တည်းခိုနေထိုင်လိုသူများအတွက် သဘာဝတောရိုင်းတိရစ္ဆာန်တို့ဘေးက ကင်းဝေးအောင် စီမံထားသည်။ သဘာဝတဲလေးများကို ငှားရမ်းနေထိုင်နိုင်သလို၊ ကိုယ်တိုင် တဲထိုးပြီးလည်း နေထိုင်နိုင်ကြသည်။ ကန်စောင်းကအလှကို စိတ်ဝင်စားစွာ ခံစားနိုင်မည့်နေရာတွင် ပေါ်တိုတည်းခိုရိပ်သာရှိသည်။

ထိုအမျိုးသားဥယျာဉ်ကို မြို့တော် Podgorica မှ လေကြောင်းဖြင့် သွားနိုင်စေရန် စီစဉ်ပေးထားသည်။ ဥယျာဉ်ကြီးထဲ ရောက်အောင်ပင် မိနစ် ၃၀ ခန့် ကားမောင်းဝင်ရသည်။ 



Zadar (Croatia)

ခရိုအေးရှားနိုင်ငံ မြောက်ဘက်တွင်ရှိသော ဇာဒါမြို့လေးသည် Dalmatian ပင်လယ်ကမ်းခြေ၏ မြို့လေးတစ်မြို့အဖြစ် ထင်ရှားသည်။ နွေရာသီတွင် ပင်လယ်ကမ်းခြေ၌ အပန်းဖြေစခန်းလေးများ ဖွင့်ပေးထားပြီး စိတ်ဝင်စားစွာဖြင့် လာရောက်လည်ပတ်နေကြသည့် မြို့လေးလည်းဖြစ်သည်။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိထိန်းသိမ်းထားသော နေရာတစ်နေရာဖြစ်ပြီး သမိုင်းဝင်အဆောက်အအုံများ၊ နေရာများကို လှည့်လည်ပြီးလည်း လေ့လာနိုင်မည်ဖြစ်သည်။

မြို့တွင်း ရှေးကတည်းကရှိခဲ့သည့် လမ်းများကို လှည့်လည်ကြည့်ရှုရင်း ပင်လယ်ကမ်းစပ်ရောက်သည်အထိ ကြည့်စရာ၊ ခံစားစရာတွေပေါလှသည်။ ခရိုအေးရှားနိုင်ငံတွင် ဇာဒါသည် အထင်ရှားဆုံး ကမ်းခြေမြို့ဖြစ်ပြီး သဘာဝ၀ိုင်အရသာကို စားသောက်ဆိုင်များတွင်ခံစား၊ ရိုးရာတေးဂီတများတွင်ကြည်နူးကာ ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားလှသည်။

၂၀၁၇ ခုနှစ်ကတည်းက ဇာဒါကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့တော်အဖြစ် UNESCO က သတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်လည်း ကမ္ဘာလှည့်ခရီးသွား အရေအတွက် ပိုများလာသည်။ ဇာဒါတွင် နိုင်ငံတကာ လေဆိပ်ရှိသည်။ ခရိုအေးရှား အခြားမြို့များက ကူးတို့သင်္ဘောများဖြင့်လည်း လာရောက်လည်ပတ်နိုင်ရန် စီစဉ်ပေးထားသည်။ အလွန်လှပသော ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် လေ့လာကြည့်ရှု အပန်းဖြေနိုင်မည်ဖြစ်သည်။ 

 မိုးစက်

(Ref: Europe Gems You Need to Visit in 2018)