News

POST TYPE

TRAVEL LOG

ကမ္ဘာ့ထူးဆန်းသော ဓလေ့များ
01-Sep-2018




ယူကရိန်း

နိုင်ငံအများစုတွင် ပင့်ကူကိုတွေ့လျှင် ကြောက်ပြီး အော်ပြေးတတ်ကြသည်။ ယူကရိန်းနိုင်ငံတွင်တော့ ထိုသို့မဟုတ်။ သူတို့က ခရစ္စမတ်ကာလတွင် ပင့်ကူကို တွေ့မည်ဆိုလျှင် ပိုပြီးပျော်ရွှင်ကြည်နူးကြသည်။ တစ်နည်းဆိုရလျှင် ထိုအချိန်တွင် ပင့်ကူကို တွေ့ပါက ကံကောင်းသည်ဟု ယူဆကြသည်။ ပင့်ကူက ကံကောင်းခြင်းကို ယူဆောင်လာတတ်သည်ဟူ၍ ယူဆကြသောကြောင့်ဖြစ်သည်။

ယူကရိန်းနိုင်ငံတွင် ဟိုးရှေးခေတ်ကတည်းက ပင့်ကူနှင့် ပတ်သက်သည့် ပုံပြင်တစ်ပုဒ်ရှိခဲ့ဖူးသည်။ ပင့်ကူတွေက ခရစ္စမတ်ကို ကယ်တင်ခဲ့သည်။ ဆင်းရဲသည့် မုဆိုးမကြီးတစ်ဦးတွင် ကလေးများရှိသည်။ သူတို့သည် ခရစ္စမတ်ကာလတွင် ထင်းရှူးပင်ဖြင့် ပွဲကို မဆင်နွှဲနိုင်သောကြောင့် ခရစ္စမတ်သစ်ပင်အစား ပင့်ကူအိမ်များကို အသုံးပြုခဲ့ကြရသည်။ 

ထို့ကြောင့် ယနေ့အထိ ယူကရိန်းတွင် ခရစ္စမတ်ပွဲကို ထင်းရှူးပင်များအပြင် ပင့်ကူအိမ်အတုများကိုပါ ဆင်ယင်ပြီး ပွဲကိုကျင်းပလေ့ရှိသည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းခြင်းဖြင့် နောက်နှစ်တွင်လည်း ကံကောင်းလာမည်ဟု ယူဆကြသောကြောင့် ပင့်ကူအိမ်ကို အလေးအမြတ်ပြုကြခြင်းဖြစ်သည်။ 



တောင်အာဖရိက

ကမ္ဘာ့နိုင်ငံအများတွင် နှစ်သစ်ကူးပွဲများကို မိမိတို့နိုင်ငံ ရိုးရာဓလေ့များအတိုင်း ပျော်ရွှင်စိတ် လှုပ်ရှားဖွယ်ဖြစ်စေရန် ကျင်းပလေ့ရှိကြသည်။ Time Square လိုနေရာမျိုးတွင် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းကို စောင့်ကြည့်ကြခြင်းမှသည် အခြားသော နိုင်ငံများ၌လည်း ထူးဆန်းစွာပြုလုပ်မှုများ တွေ့ရသည်။ 

နှစ်သစ်ကူးနေ့တွင် အိမ်ထဲက ပရိဘောဂအဟောင်းများကို အပြင်သို့လွှင့်ပစ်သည့် အလေ့အထကို ပြုလုပ်သော နိုင်ငံတစ်နိုင်ငံရှိသည်။ တောင်အာဖရိက နိုင်ငံ၊ ဂျိုဟန်းစ်ဘတ်မြို့အနီးရှိ ဟေးဘရိုးတွင် နှစ်သစ်ကူးနေ့တိုင်း ပရိဘောဂအဟောင်းများကို အိမ်ပြင်သို့ ပြတင်းပေါက်များက ပစ်ချလွှင့်ပစ်ခြင်းကို ရိုးရာအနေနှင့်လုပ်ခဲ့ကြသည်။

The Wall Street Journal တွင် ထိုအလေ့အထသည် ၁၉၉၀ ပြည့်နှစ်ခန့်ကမှ စခဲ့သည်ဟုဆိုသည်။ ထိုအချိန်က တောင်အာဖရိကတွင် လူနည်းစုလူဖြူများ ကြီးစိုးမှုကို ပယ်ဖျက်ခဲ့သည့်နှစ်ကစတင်ပြီး အထိမ်းအမှတ်အနေနှင့် ပျော်ရွှင်စွာ ဆင်နွှဲခဲ့သော ဓလေ့တစ်ခုဟုဆိုသည်။ 

ထိုဓလေ့သည် နှစ်ကြာလာသည့်အခါ အပျော်ထက် အပျက်သဘောဆောင်လာကြောင်းတွေ့ရသည်။ နှစ်သစ်ကူးနေ့တွင် အိမ်တစ်အိမ် ပြတင်းပေါက်မှ ရေခဲသေတ္တာအပျက်ကို အောက်သို့ လွှင့်ပစ်လိုက်သည်။ အောက်တွင် လမ်းလျှောက်လာသည့် လူတစ်ယောက်အပေါ်သို့ကျပြီး သေဆုံးသွားခဲ့ရသည်။ ထိုအချိန်က စတင်ပြီးရဲတွေက စောင့်ကြည့်ခဲ့ရသည်။ 

၂၀၁၃ ခုနှစ်ကစတင်ပြီး ရဲတွေက ပြတင်းပေါက်မှ ပရိဘောဂအဟောင်းများကို ပစ်မချရန် အမိန့်ထုတ်ကာ စောင့်ကြည့်နေကြရသည်။ သို့သော် ပုလင်းတွေကတော့ ပြတင်းပေါက်တွေပေါ်က ပစ်ချပြီး ပျော်ပွဲဆင်နွှဲကြဆဲဖြစ်သည်။ နှစ်သစ်ကူးညတွင် ပုလင်းပျံများအပြင် အချင်းချင်း လက်သီးပျံများဖြင့် ရန်ပွဲတွေ ဆင်နွှဲမှုများကိုလည်း ယနေ့တိုင် ကျင်းပဆဲဖြစ်သည်။



စပိန်

စပိန်ကျေးရွာတစ်ခုဖြစ်သည့် Castrillo de Murcia တွင် နှစ်စဉ်ထူးဆန်းသည့် ပွဲတစ်ပွဲကို ကျင်းပလေ့ရှိသည်။ မိဘများသည် မိမိတို့ မွေးကင်းစကလေးများကို သရဲကျော်ပွဲ ကျင်းပခြင်းဖြစ်သည်။ သရဲကျော်ပွဲဆိုသည်မှာ မကောင်းဝါးကဲ့သို့ ဝတ်ဆင်ထားသော လူများက ကလေးများ တန်းစီချထားသည့်အပေါ်ကို ခုန်ကျော်ခိုင်းခြင်းဖြစ်သည်။

ထိုပွဲကို El Colacho ဟု ခေါ်ကြသည်။ Easter ပွဲကျင်းပပြီးချိန်နောက်ပိုင်း ရက်ပေါင်း ၆၀ ခန့် သရဲကျော်ပွဲကို ကျင်းပလေ့ရှိကြသည်။ သရဲကျော်ပွဲကျင်းပသည့်နေရာသို့ လွန်ခဲ့သည့်နှစ်က မွေးဖွားခဲ့သူ ကလေးအားလုံးကို ပွဲသို့ခေါ်လာရသည်။ အများသူ ငါလမ်းပေါ်တွင် ကလေးများကို မွေ့ရာတစ်ခုခင်းပေးထားပြီး၊ ခေါင်းအုံးများပေါ် ချထားရသည်။ ထိုအချိန်တွင် ထူးဆန်းသည့် အဝါရောင်ဝတ်စုံနှင့် မျက်နှာတွင် ကြောက်စရာကောင်းသည့် မျက်နှာဖုံး ဝတ်ဆင်ထားသူ တစ်ယောက်ပြီးတစ်ယောက် လူအုပ်ကြားမှ ထွက်လာကာ လမ်းပေါ်ချထားသည့် ကလေးများပေါ်မှ ခုန်ကျော်ဖြတ်သန်းကြရသည်။ 

မကောင်းဆိုးဝါးများသည် ကလေးတွေပေါ်က ကျော်ဖြတ်သွားသဖြင့် ကလေးများအပေါ် ဖိစီးထားသည့် မကောင်းမှုများ ကင်းစင်သွားပြီဟု ယူဆကြသည်။ မကောင်းဆိုးဝါးများ ကျော်ဖြတ်ပြေးပွဲပြီးသွားလျှင် မိဘများထံ ကလေးများကို ပြန်အပ်ကြသည်။ 

ထိုဓလေ့ကို ၁၇ ရာစုခေတ်ကတည်းက ကျင်းပပြုလုပ်လာကြခြင်းဖြစ်သည်။ စပိန်သားတို့တွင် ထူးဆန်းသည့် အလေ့အထများစွာရှိသည်။ နွားလွှတ်ပွဲကိုလည်း ကျင်းပလေ့ရှိပြီး နွားဖြတ်ကျော် အနင်းခံရသူမှာ ကံကောင်းသည်ဟု မှတ်ယူကြသည်။



ဂရိ

ဂရိနိုင်ငံတွင် ကလေးတစ်ယောက် သွားကျိုးသွားသည့်အခါ ထိုသွားကို အိမ်ခေါင်မိုးပေါ်သို့ ပစ်တင်လေ့ရှိသည်။ ခေါင်မိုးမြင့်မြင့်ပေါ် သွားကျိုးကို ပစ်တင်နိုင်မှ ကလေးတွင် သွားကောင်းကောင်း တစ်ချောင်း အမြန်ဆုံး ပြန်ပေါက်မည်ဟု အစဉ်အလာအားဖြင့် ယုံကြည်လေ့ရှိကြသည်။ 

သို့သော် ၂၀၁၅ ခုနှစ်က Reuters သတင်း တစ်ပုဒ်တွင် ဂရိကလေးများသည် ဥရောပတွင် သွားနှင့် ပတ်သက်ပြီး ကျန်းမာမှု အနည်းဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။ ခေတ်ဟောင်းက အယူအဆတွေ ခေတ်မမီတော့ကြောင်းကို ထိုသတင်းစာက ထောက်ပြလိုက်ခြင်းဖြစ်သည်။ 

၂၀၁၃ ခုနှစ် စစ်တမ်းတွင် ကလေးများကို သွားဆရာဝန်ထံလာပြမှုတွင် ၈ ရာခိုင်နှုန်းခန့်သာရှိသည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် သွားဆေးခန်းတွေ လာပြရခြင်းက ဈေးကြီးသောကြောင့် ဖြစ်သည်။ ဥရောပနှင့်ယှဉ်လျှင် သွားဆေးခန်းသို့ ကလေးများ လာပြနှုန်းမှာ ၅ ဒသမ ၁ ရာခိုင်နှုန်းသာရှိသည်။ Reuters က သွားမကောင်းခြင်းမှာ ပိုက်ဆံမကောင်းခြင်းကြောင့်ဟုဆိုသည်။



ဖင်လန်

မွေးကင်းစကလေးများကို သေတ္တာလေးအတွင်း ထည့်ထားသည်ကိုမြင်လျှင် အချို့သော နိုင်ငံမှ အပြစ်မြင်ကောင်းမြင်မည်။ ဖင်လန်နိုင်ငံတွင် မွေးစကလေးများကို သေတ္တာလေးတွေထဲ ထည့်ထားခြင်းမှာ အစဉ်အလာလို ဖြစ်နေပြီ။

ဖင်လန်နိုင်ငံအစိုးရသည် ကိုယ်ဝန်ဆောင် မိခင်လောင်းများကို နိုင်ငံတော်အထောက်အပံ့အဖြစ် သေတ္တာလေးတစ်လုံးပေးသည်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ အစိုးရကပေးသည့် သေတ္တာတစ်လုံးရကြသည်။ ထိုသေတ္တာသည် သာမန်သေတ္တာ မဟုတ်။ သေတ္တာထဲတွင် ကလေးနှင့် ပတ်သက်သည့် အသုံးအဆောင်ပစ္စည်းအားလုံးထည့်ထားပေးသည်။ အခင်း၊ စောင်၊ အနွေးထည်အပြင် ကွန်ဒုံးကအစ ထည့်ထားပေးသည်။ 

အစိုးရအထောက်အပံ့သေတ္တာသည် အလွန်လူကြိုက်များ ခေတ်စားသွားသည်။ ထိုသေတ္တာတစ်လုံး၏ တန်ဖိုးက ယူရို ၁၄၀ ခန့်တန်သည်။ ထိုကဲ့သို့ အစိုးရအထောက်အပံ့သေတ္တာကို ရသဖြင့်လည်း ဖင်လန်တွင် ကလေးသေဆုံးနှုန်း အနိမ့်ဆုံးဖြစ်သည်ဟု ဆိုသည်။

မိုးစက်

(Ref : Zergnet)