News

POST TYPE

TRAVEL LOG

စာအုပ်မြို့တော်များသို့ အလည်သွားခြင်း
11-Aug-2018



စာအုပ်မြို့တော်ဆိုသည်မှာ စာအုပ်တွေနှင့် တည်ဆောက်ထားသည့် မြို့တော်မဟုတ်ပါ။ သို့သော်စာအုပ်များကို အလေးအမြတ်ထားပြီး ရောင်းဝယ်ဖောက်ကားနိုင်ရန် စီစဉ်ပေးထားသည့် မြို့များဖြစ်သည်။ ထိုမြို့များတွင် စာအုပ်ပွဲတော်တွေ လုပ်သည်။ ဆိုင်ကြီးတွေ၊ နေရာတွေကို ဟည်းထနေအောင် စီစဉ်ထားပေးသည်။ အနယ်နယ်အရပ်ရပ်က စာပေချစ်သူတွေ အလည်လာကြသည်။ စာအုပ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းကို ဆက်စပ်ထားပြီး လူများ စိတ်ဝင်စားစေရန် ဖန်တီးထားသော မြို့တော်များ ဖြစ်သည်။ 

နယူးယောက်မှ ဟိုးဘတ်ဆိုသည့် မြို့လေးသည် မြို့သေးသေးလေးဖြစ်ပြီး စာအုပ်ဆိုင်လေးတစ်ဆိုင်သာ ရှိသော်လည်း စာအုပ်ပွဲတော်ကျင်းပရာတွင် မြို့အနှံ့ စာအုပ်များ ခင်းကျင်းထားပြီး ရောင်းချလေ့ရှိသဖြင့် နာမည်ကျော်သည်။ ၁၉၇၀ ပြည့်နှစ်လောက်ကတည်းက နိုင်ငံအနှံ့တွင်စာအုပ်မြို့တွေ ပေါ်လာသည်။ ဩစတြေးလျ၊ ဖင်လန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနိုင်ငံများတွင် ဖြစ်သည်။ 

မြို့ကြီးများတွင် လူရှုပ်ကားရှုပ်သည်။ ထို့ပြင် မြို့ပြများတွင် ဆိုင်ခန်းငှားခတွေက ဈေးကြီးသည်။ ထို့ကြောင့် ကျေးလက်တွေဘက်ထွက်ပြီး စာအုပ်မြို့တွေ ထူထောင်ကြသည်။ စာအုပ်ဆိုင်တွေချည်း သက်သက်မြို့တစ်မြို့အသွင် ဖော်ဆောင်နိုင်ရန် အားထုတ်မှုများလည်း ရှိလာသည်။ စာအုပ်မြို့တော်ကို အေးဆေးငြိမ်သက်ပြီး၊ စာပေရတနာများအား အမြတ်တနိုးဖြင့် တန်ဖိုးထားတတ်စေသည့် နေရာတစ်နေရာအဖြစ် ရည်စူးဖွင့်လှစ်နိုင်ရန် ကြိုးစားလာကြခြင်းဖြစ်သည်။ 

ဗြိတိန်နိုင်ငံ ဝေးလ်တွင် ရစ်ချတ်ဘုသ်ဆိုသူသည် ထိုစိတ်ကူးကို စတင်အကောင်အထည်ဖော်ခဲ့သည်။ သူက Hay ဆိုသည့် တောမြို့လေးတွင် စာအုပ်မြို့တော်ကိုစဖွင့်သည်။ ထိုရွာသားတွေကို စာအုပ်ဆိုင်တွေ ထောင်ပေးပြီး ဝန်ထမ်းတွေ ဝင်လုပ်ခိုင်းသည်။ ယခုအခါ Hay သည် နိုင်ငံခြားမှ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားသည့် နေရာတစ်နေရာဖြစ်နေပြီ။ သေးငယ်သော တောမြို့လေးကို ကမ္ဘာလှည့်ခရီးသည်တွေလာပြီး စာအုပ်တွေကို စိတ်ကြိုက်ဝယ်ယူနိုင်၊ လေ့လာနိုင်သည့် နေရာတစ်နေရာအဖြစ် စီစဉ်ပေးထားသည်။ 

ထိုမြို့လေးအနှံ့ စာအုပ်စင်တွေကို နေရာတိုင်း တွေ့ရသည်။ အိမ်နံရံလေးများတွင်လည်း စာအုပ်စင်တွေရှိသည်။ စာအုပ်စင်တိုင်းတွင် သူ့အကြောင်းအရာ၊ သူ့ခေါင်းစဉ်နှင့် စာအုပ်များကို ထည့်သွင်းပေးထားသည်။ ကလေးစာပေ၊ သမိုင်း၊ ဝတ္ထုစသည်ဖြင့် လိုင်းပေါင်းစုံကို တစ်မြို့လုံးကြိုက်ရာ လှည့်ပတ်ရှာကြရသည်မှာ စာဝါသနာအိုးများအတွက် အရသာတစ်ခုလို မှတ်ယူထားကြသည်။ 

စာအုပ်စင်လေးများကို လှပစွာထားပြီး စာအုပ်များထည့်ထားသော်လည်း စာအုပ်ထိုင်ရောင်းသူမရှိ။ သူတို့က သူတို့မြို့လေးရှိ စာအုပ်ဈေးကို “ရိုးသားသော ဆိုင်များ” ဟု အမည်ပေးထားသည်။ နေရာအနှံ့ စာအုပ်စင်သာရှိပြီး ရောင်းသူမရှိသော်လည်း အားလုံးကိုယုံကြည်စွာဖြင့် ပိုက်ဆံသေတ္တာလေးတွေ ထားပေးထားသည်။ ကြိုက်သည့်စာအုပ်ကိုယူပြီး ရေးထားသည့် တန်ကြေးအတိုင်း ပိုက်ဆံသေတ္တာထဲသို့ ပိုက်ဆံများ ထည့်ပေးသွားရန်သာဖြစ်သည်။ တစ်မြို့လုံးရှိ စာအုပ်ဆိုင်တိုင်းမှာ ထိုနည်းအတိုင်း ဖွင့်လှစ်ထားသည်။ 

Hay-on-Wye ဆိုသည့် အမည်ဖြင့်လည်း ထိုမြို့လေးကို လူသိများသည်။ နှစ်စဉ် မေလတိုင်း Hay စာပေပွဲတော်ကိုလည်း ကျင်းပကြသည်။ ထိုမြို့လေးတွင် စာပေဝါသနာအိုးများ မေလရောက်တိုင်း စည်ကားလေ့ရှိသည်။ တစ်မြို့လုံးတွင် စာအုပ်ဆိုင် ၄၀ ကျော်ရှိသည်။ စာအုပ်ဆိုင်များတွင် ဝန်ထမ်းများတွေ့ရသည်။

E-01

တောင်ကိုရီးယားနိုင်ငံတွင်လည်း Paju Book City ဆိုသည့် စာအုပ်မြို့တော်ရှိသည်။ ထိုမြို့တွင် ထုတ်ဝေသူများနှင့် ပုံနှိပ်လုပ်ငန်းများ ပြည့်နေသည်။ စာအုပ်ဆိုင်တွေလည်း မြို့အနှံ့ရှိသည်။ Paju သည် လူအမြဲနေထိုင်သည့် မြို့တစ်မြို့တော့ မဟုတ်ပေ။ စာအုပ်ဆိုင်များကို ဖွင့်လှစ်ထားပြီး စာအုပ်ကိစ္စအတွက် အလုပ်လာလုပ်နေသူများ၊ စာအုပ်လာရှာသူများဖြင့် သီးခြားစာအုပ်မြို့တော်အဖြစ် ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။ 

E-01

Saint-Pierre-de-Clages ဆိုသည့် မြို့လေးကလည်း ဆွစ်ဇာလန်နိုင်ငံ၏ စာအုပ်မြို့ဖြစ်သည်။ ထိုမြို့ရှိ အိမ်များမှာ ၁၆-၁၇ ရာစုခန့်က အိမ်များဖြစ်ကြပြီး ဆွစ်ဇာလန်စာအုပ်မြို့အဖြစ် နာမည်ကျော်သည်။ ရှားပါးစာအုပ်များနှင့် ရှေးဟောင်းစာအုပ်များ ရောင်းချသည့်ဆိုင်များကို ဖွင့်လှစ်ထားသလို၊ မြို့၏ လူစည်ကားရာ နေရာများတွင် စာအုပ်ဈေးခင်းများကိုလည်း ခင်းကျင်းပြထားပြီး လွတ်လပ်စွာရောင်းချပေးသည်။ များသောအားဖြင့် ရှေးဟောင်းစာပေဝါသနာအိုးများကို မျက်စိကျစေသည့် နေရာတစ်နေရာဖြစ်သည်။

E-01

တောင်အမေရိကတိုက်၊ ဗျူနိုစ်အေးရိစ်မြို့သည်လည်း စာအုပ်မြို့တော်အဖြစ် နာမည်ကျော်သည်။ စာရေးဆရာ အများစုမွေးဖွားရာမြို့ဖြစ်ပြီး ဘတ်စ်ကားဂိတ်၊ ပန်းခြံတိုင်းလိုလိုတွင် စာအုပ်ဆိုင်များကို တွေ့ရသည်။ ဗျူနိုစ်အေးရိစ်၏ စာအုပ်တန်းသည် Plaza Italia ရှိ Palermo တွင် အစည်ကားဆုံးဖြစ်သည်။ Plaza Italia အပြင်ဘက်တွင် ဆိုင်ပေါင်း ၄၀ ကျော်ရှိသည်။ စာအုပ်သစ်၊ စာအုပ်ဟောင်းတွေ အားလုံးဝယ်နိုင်သည်။

E-01

(Ref: Book Towns)