News

POST TYPE

TRAVEL LOG

၂၀၁၈ ခုနှစ်တွင် လည်ပတ်ရန် အကောင်းဆုံးဒေသများ
04-Aug-2018


ဘူတန်တောင်ပေါ်ဒေသပွဲတော်

လာမည့် အောက်တိုဘာလတွင် ဘူတန်နိုင်ငံ Laya ကုန်းမြင့်ဒေသ၌ Royal Highlander Festival ပွဲတော်ကို ကျင်းပရန်ရှိသည်။ တတိယအကြိမ်မြောက် ကျင်းပမည့်ပွဲတော်လည်းဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၄၀၀၀ တွင် ကျင်းပမည့်ပွဲတော်လည်းဖြစ်သည်။ 

ထိုပွဲသည် ဟိမဝန္တာတောင်တန်းဒေသတွင် လှည့်လည်သွားလာနေထိုင်ကြသူများ၏ ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်သည်။ တောင်ပေါ်သားတို့၏ အားကစားပွဲများဖြစ်သည့် လေးပစ်ပြိုင်ပွဲ၊ မြင်းစီးပြိုင်ပွဲ၊ ယက်ဟု ခေါ်သည့် နွားအလှပြိုင်ပွဲများအပြင် တောင်ပေါ်နေ လူမျိုးစုတို့၏ အရောင်အသွေးစုံသော ရိုးရာဝတ်စုံ အလှအပများကိုလည်း ခံစားကြရမည်ဖြစ်သည်။ ကံကောင်းလျှင် ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွချီလာသည်ကိုပင် ဖူးမြင်တွေ့နိုင်သည်။ 



ပေါ်တူဂီ အလန်တေးဟိုး ပင်လယ်ကမ်းခြေ

ပေါ်တူဂီနိုင်ငံ Alentejo အလန်တေးဟိုး ပင်လယ်ကမ်းခြေရဲ့ လှပတဲ့ရှုခင်း၊ သန့်ရှင်းတဲ့ရေပြင်နဲ့ လှိုင်းလုံးတွေကို စိတ်ဝင်စားကြတာများတယ်။ Sines ကနေ Porto Covo အထိ ရှည်လျားတဲ့ ကမ်းခြေတစ်လျှောက် အပန်းဖြေလို့အကောင်းဆုံးပဲ။

São Torpes လို့ခေါ်တဲ့ ကမ်းခြေနေရာဟာ လှိုင်းစီးလိုသူတွေအတွက် ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုပဲ။ ကမ်းခြေမှာ ရှင်းနေပြီး လှိုင်းစီးလိုသူတွေ အေးအေးဆေးဆေး အနားယူရင်း လှိုင်းစီးလိုက်၊ အပန်းဖြေလိုက် လုပ်နိုင်တယ်။ ရေကလည်း အရိုးစိမ့်လောက်အောင် မအေးဘူး။ အတ္တလန္တိတ်ကမ်းခြေတွေထဲမှာတော့ ထူးခြားတဲ့ ကမ်းခြေတစ်ခုအဖြစ် ထင်ရှားတယ်။ ဒီကမ်းခြေဟာ Algarve ကမ်းခြေလောက်တော့ နာမည်မရှိသေးဘူး။ ဒါပေမဲ့ အမေရိကန်တိုးရစ်တွေ အလာများတယ်။ ခုတော့ ဒေသခံတွေလောက်လာပြီး အပန်းဖြေလှိုင်းစီးနေပေမယ့် မကြာမီ အထင်ကရနေရာတစ်နေရာ ဖြစ်လာနိုင်တယ်။ 



တူနီးရှားနိုင်ငံ တူးနစ်မြို့

တူးနစ်မြို့ကို ကမ္ဘာလှည့်ခရီးသည်တွေ သဘောကျတဲ့အချက်မှာ မြို့သူမြို့သားတွေရဲ့ ဖော်ရွေမှု၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ သမိုင်းဝင်အဆောက်အအုံတွေကို လေ့လာဖို့ နေရာပေါများခြင်းဖြစ်တယ်။ ဆာဟာရ သဲကန္တာရအတွင်းမှာရှိတဲ့ နေရာဒေသတွေ၊ အဆောက်အအုံတွေကို သွားလည်ပတ်ကြည့်ဖို့ ကောင်းပါတယ်။ ဒေါ်လာအနည်းငယ်ခန့်နဲ့ လည်ပတ်နိုင်တဲ့နေရာတွေ ဖြစ်ပါတယ်။ 

မြို့ထဲမှာလည်း လမ်းဘေးတစ်လျှောက် လက်ဖက်ရည်ဆိုင်လေးတွေနဲ့ လက်ဖက်ရည်ထိုင်သောက်နေကြတဲ့ အဘိုးအိုတွေကို တွေ့ရလိမ့်မယ်။ စီးကရက်ရောင်းတဲ့သူတွေလည်း အများကြီးရှိတယ်။ သဲကန္တာရထဲက အဆောက်အအုံတွေကို လှည့်ပတ်ကြည့်ရှုရင်း တစ်ချိန်က အာရပ်ဘုရင်တွေ ဘယ်လောက်ဘုန်းတန်ခိုးကြီးခဲ့တယ်ဆိုတာကို သဘောပေါက်နိုင်တယ်။ ဈေးဝယ်ရတာလည်းကောင်းတယ်။ ဈေးဆစ်တာတွေ၊ အလျှော့ အတင်းပြောဆိုရတာတွေ သိပ်မရှိဘူး။ ဒေသခံတွေရဲ့ ရိုးသားတဲ့အလေ့အထတွေအတွင်းမှာ လွတ်လပ်ပေါ့ပါးစွာ ရှေးဟောင်းအမွေအနှစ်တွေကို လေ့လာလိုသူတွေ သွားသင့်တဲ့နေရာ ဖြစ်ပါတယ်။



အင်ဒိုနီးရှား နူဆာ လမ်ဘုံဂန်ကျွန်း

Nusa Lembongan ကျွန်းဟာ ဘာလီကျွန်းကနေ မိနစ် ၃၀ လောက် မော်တော်ဘုတ်စီးသွားရင်ရောက်တယ်။ တကယ့်ကျွန်းနဲ့ ပင်လယ်ရဲ့အလှအပတွေကို ခံစားချင်ရင် ဒီကျွန်းကို သွားရောက်ဖို့ အကြံပေးချင်တယ်။ တိုးရစ်တွေက အသစ်အဆန်းတွေကို ပိုကြိုက်တယ်။ သူတို့က ဈေးသက်သက်သာသာနဲ့ လေ့လာလည်ပတ်ရမယ်ဆိုရင် ပိုသဘောကျတယ်။

ဒီကျွန်းမှာ အနှိပ်ခံမယ်ဆိုရင် တစ်နာရီ ၇ ဒေါ်လာ လောက်နဲ့ရတယ်။ အေးချမ်းစွာ အပန်းဖြေနိုင်တဲ့ နေရာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတယ်။



ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားက ယဉ်ကျေးမှုများ

ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားဒေသတွေကို ဒီနှစ်ပိုင်းတွင်း ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားမှုပိုများလာတယ်။ ဆာရာယေဗိုမြို့ဟာ မှော်ဆန်တဲ့မြို့လို့ တင်စားခေါ်ဝေါ်ကြတယ်။ မိုစတာမြို့ဟာ သီးခြားကိုယ်ပိုင်ဟန် ယဉ်ကျေးမှုတွေနဲ့ ရှိနေတဲ့ မြို့လေးတစ် မြို့ဖြစ်တယ်။ 

၁၆ ရာစုလောက်ကတည်းက တည်ဆောက်ထားတဲ့ Stari Most တံတားကြီးဟာ နှစ်ပေါင်း ၄၅၀ လောက်ရှိပြီဖြစ်ပြီး ထူးခြားတဲ့လက်ရာနဲ့ အံ့အားသင့်စရာ ယနေ့အထိ တည်ရှိနေသေးတယ်။ နှစ်စဉ် နိုင်ငံတကာက ရေကူးဒိုင်ဗင်သမားတွေလာပြီး မီတာ ၂၀ နက်တဲ့ Neretva မြစ်ထဲကို တံတားပေါ်ကနေ ဒိုင်ဗင်ထိုးကြတာ အစဉ်အလာလိုဖြစ်နေတယ်။ အဲဒီအချိန်မှာ ရေကလည်း အလွန်အေးပါသတဲ့။

E-01

(Ref : Business Insider)