News

POST TYPE

TRAVEL LOG

လူသေများနေ့
28-Jul-2018


ဒီလို့စ် မားတို့စ် (Día de los Muertos) နေ့ဆိုသည်မှာ မက္ကဆီကိုလူမျိုးတို့၏ ဟောလိုဝင်း (Halloween) နေ့ဖြစ်သည်။ ကွယ်လွန်သူတို့၏ ဝိညာဉ်များသည် သင်္ချိုင်းများမှ ပြန်လည်နိုးထလာသည့်နေ့အဖြစ် ကျင်းပကြသည်။ မက္ကဆီကိုလူမျိုးတို့၏ ဓလေ့နှင့် ဟောလိုဝင်းနေ့သည် ဆင်တူသယောင် ရှိသော်လည်း ရိုးရာအစဉ်အလာသဘောအရ ကွဲပြားသည်။

ဟောလိုဝင်းနေ့သည် ညဥ့်နက်ချိန်တွင် မကောင်းဆိုးဝါးများ ပျော်မြူးဟန်ဖြင့် ကခုန်ရမ်းကားသည့် သဘောဆောင်သော်လည်း မက္ကဆီကိုလူမျိုးတို့က ထိုနေ့ကို သေဆုံးသူများနေ့ (Day of the Death) အဖြစ် သတ်မှတ်ကာ ပွဲများကျင်းပကြသည်။ နှစ်ရက်တိုင်ကျင်းပသည့် ထိုပွဲတွင် တစ်မြို့လုံး ပျော်ရွှင်မြူးထူးစွာဖြင့် ဆေးရောင်စုံများခြယ်ခြင်း၊ လှပစွာလူတန်းများဖြင့် စီတန်းလှည့်လည်ခြင်း၊ ညအချိန်တွင် သင်္ချိုင်း၌ သေသူများကိုရည်စူးပြီး ပန်းဆီမီးများဖြင့် ဆုတောင်းပေးခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည်။

မက္ကဆီကိုလူမျိုးတို့၏ သေဆုံးသူများနေ့သည် ကွယ်လွန်သူများက မိဘဆွေမျိုးမောင်နှမများကို လေးစားစွာဖြင့် မြတ်နိုးမှုများကို ဖော်ထုတ်ပြသည့်ပွဲလည်းဖြစ်သည်။ ထိုနေ့တွင် မက္ကဆီကိုနိုင်ငံတစ်နိုင်ငံလုံး တောရော မြို့ပါမကျန် မြူးထူးပျော်ပါး ကခုန်ကြသည်။ မျက်နှာတွင် မိတ်ကပ်ရောင်စုံခြယ်ပြီး အဝတ်အစားတွေကိုလည်း ဆန်းပြားစွာဝတ်ဆင်၍ အပြင်ကို ထွက်ကြသည်။ အဖွဲ့လိုက် အသင်းလိုက် အလှပြကားများဖြင့် လှည့်လည်ကြသည်။ သူတို့၏ ကွယ်လွန်သွားသူများကို ဂုဏ်ပြုပြီး ပျော်ပါးစွာရှိနေကြောင်း ကပြဖျော်ဖြေနေကြခြင်းလည်း ဖြစ်သည်။

သေဆုံးသူများနေ့သည် ရိုးရာဓလေ့တစ်ခုအသွင်ဖြင့် အဓိပ္ပာယ်များစွာဆောင်ကာ ကျင်းပနေကြခြင်းဖြစ်သည်။ သူတို့လူမျိုးများကို ထိုနေ့တွင် သေဆုံးခြင်းအတွက် ကခုန်နေရသလားဟူ၍ အပြစ်မြင်ကောင်း မြင်ပေလိမ့်မည်။ သို့သော် သူတို့ဓလေ့ကို သေသေချာချာလေ့လာလိုက်လျှင် အလွန်စိတ်ဝင်စားစရာကောင်းပြီး ကိုယ်ချင်းစာစိတ်များ ရှိသွားပေလိမ့်မည်။

Día de los Muertos သို့မဟုတ် သေဆုံးသူများနေ့သည် သေဆုံးသူများအတွက် သီးသန့်မဟုတ်၊ ရှင်နေသူများအတွက်လည်း ပွဲတော်အနေနှင့် ကျင်းပခြင်းဖြစ်သည်။ ယင်းဓလေ့သည် လက်တင်အမေရိကတိုက်အတွင်း ဆေးရောင်စုံခြယ်ထားသည့် အရိုးခေါင်းများ၊ အရိုးစုများနှင့် ကျင်းပလေ့ရှိသော ပွဲတော်များနှင့်လည်း ဆက်စပ်နေသည်။

မက္ကဆီကိုတွင် ကျင်းပသည့် Día de los Muertos ပွဲတော်ကို UNESCO ကလည်း ကမ္ဘာ့ယဉ်ကျေးမှု ရိုးရာအမွေအနှစ်တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဘိုးစဉ်ဘောင်ဆက် ယဉ်ကျေးမှုကို လက်ဆင့်ကမ်းလာခဲ့သော အမွေအနှစ်တစ်ခုအနေနှင့် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်ကစတင်ပြီး UNESCO သည် အသိအမှတ်ပြုခဲ့ရုံမက ပွဲတော်ကျင်းပသည့်နေ့များကိုလည်း အားလပ်ရက်အဖြစ် သတ်မှတ်သည်ကို လက်ခံခဲ့သည်။ မက္ကဆီကိုနိုင်ငံတွင် ထိုနေ့ကို အားလပ်ရက်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး ပျော်ပွဲကြီးတစ်ခုအဖြစ် ကျင်းပကြသည်။ 

သေဆုံးသူများနေ့ကို လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက အက်ဇတက်၊ တိုလ်တက်နှင့် နာဟွာလူမျိုးစုတို့ ကျင်းပခဲ့ကြသည်။ သူတို့က သေဆုံးသူများအတွက် ပူဆွေးသောကရောက်နေခြင်းမှာ မရိုသေမလေးစားရာရောက်သည်ဟု ယူဆခဲ့ကြသည်။ သေဆုံးခြင်းဆိုသည်မှာ သဘာဝတရားဖြစ်ပြီး တစ်ဘဝမှ အခြားဘဝတစ်ခုသို့ ထွက်ခွာသွားခြင်းဖြစ်သည်ဟုလည်း ယူဆကြသည်။ ထို့ကြောင့် သေဆုံးသူများကို မိမိတို့လူ့ဘောင်တွင် ဆက်လက်ထားရှိရမည်။ သူတို့ ဝိညာဉ်များကို အသိအမှတ်ပြုကြရမည်။ သူတို့သည် အခြားဘဝတစ်ခုတွင် ရှင်သန်နေကြသဖြင့် ထိုနေ့တွင် မိသားစုထံ ယာယီပြန်လာသည်ဆိုသော အထိမ်းအမှတ်အနေနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပပေးကြရမည်ဟု သူတို့က လက်ခံခဲ့ကြသည်။ 

ယနေ့ခေတ်တွင် Día de los Muertos ပွဲများသည် စပိန်ဘာသာရေးဆိုင်ရာ အယူအဆများနှင့် ခရစ်ယာန်အယူအဆများ ရောစွက်ပြီး ကျင်းပနေကြကြောင်းလည်းတွေ့ရသည်။ ပွဲတော်ကို နှစ်စဉ် နိုဝင်ဘာ ၁ ရက်မှ ၂ ရက်နေ့အထိ နှစ်ရက်ကျင်းပကြသည်။ ကက်သလစ်ပြက္ခဒိန်တွင် ထိုနှစ်ရက်သည်လည်း နေ့ထူးနေ့မြတ်များ ဖြစ်ကြသည်။ 

ပွဲတော်ကို ဘုရားကျောင်း သို့ဟုတ် မိမိတို့နေအိမ်နှင့် သင်္ချိုင်းများတွင် ကျင်းပကြသည်။ ထိုနေ့များတွင် သေသူများကို ဖိတ်ခေါ်ကြသည်။ ပြန်လာသောသူများမှာ ခရီးရှည်ကြီးပြန်လာရသဖြင့် ဆာလောင်လာမည်ဆိုကာ ရေများ၊ အစားအသောက်များ စီစဉ်ပေးထားသည်။ မိသားစုဓာတ်ပုံတွေကိုလည်း ခင်းကျင်းပြထားသည်။ ဖယောင်းတိုင်တွေလည်း ထွန်းပြီး ပန်းတွေလည်း ပြင်ဆင်ပေးထားသည်။ ထိုနေ့တွင် ဘုရားကျောင်း အိမ်များနှင့် သင်္ချိုင်းတို့တွင် အမွှေးတိုင်များ ပန်းရနံ့များဖြင့် မွှေးကြိုင်နေတော့သည်။

Día de los Muertos ပွဲတွင် အခြားထူးခြားသည့်ဓလေ့တစ်ခုမှာ ကဗျာများကို ရွတ်ဆိုကြခြင်းဖြစ်သည်။ ၁၈ ရာစုနှင့် ၁၉ ရာစုများတွင် သေသူများကို ရည်စူးပြီး ကဗျာတိုလေးတွေစပ်ဆိုကြသည်။ အထေ့အငေါ့လေးတွေပါသည့် ကဗျာများကိုရေးစပ်ပြီး သေသူတို့၏မြေပုံ သို့မဟုတ် အုတ်ဂူပေါ်တင်ထားတတ်ကြသည်။ ထိုဓလေ့သည် ယနေ့တိုင်ရှိနေပြီး ကဗျာစာရွက်များကို ပုံနှိပ်ဖော်ပြခြင်း၊ ကျယ်လောင်စွာရွတ်ဆိုခြင်းအပြင် ရေဒီယိုနှင့် ရုပ်သံတို့တွင် ထုတ်လွှင့်ခြင်းများကို ပြုလုပ်ကြသည်။ 

လူဆိုသည်မှာ သေမျိုးသာဖြစ်သည်။ တစ်နေ့သေလျှင် အရိုးဖြစ်သွားမည်။ မြေကြီးအောက်တွင် အားလုံးသည် အတူတူပင်ဖြစ်သည်ဆိုသော သဘောတရားများကို သူတို့က လက်ခံပြီး အရိုးခေါင်းများ၊ အရိုးခြောက်များကိုလည်း ဖော်ထုတ်ပြသကြသည်။ ယနေ့ခေတ်တွင် အရိုးခေါင်းများအစား အရိုးခေါင်းပုံစံ ဖြင့်ချုပ်ထားသည့် ခေါင်းစွပ်လေးများကို ဝတ်ဆင်ကြသည်။ သဘောမှာ သေလျှင် အားလုံးအတူတူဆိုသည့် သင်္ခါရသဘောတရားကို ပြဆိုခြင်းဖြစ်သည်။ 

မိုးစက်
(Ref: National Geographic)