News

POST TYPE

TRAVEL LOG

ဥရောပ၏ အဆွဲဆောင်ဆုံးနေရာများ
21-Jul-2018


အသေးစားမြို့ (ပေါ်တူဂီ)

ပြတိုက်ကြီးများ၊ တောင်ကြီးများ၊ ရှုခင်းများ၊ ဘုရားကျောင်းကြီးများကို လည်ပတ်ရသည်အား ငြီးငွေ့လာသူများအတွက် ပေါ်တူဂီနိုင်ငံ ကွင်ဘရန် (Coimbra) မြို့တွင် စိတ်ကူးယဉ်ဆန်ဆန် တည်ဆောက်ထားသည့် မြို့တစ်မြို့ရှိသည်။ ထိုမြို့ကို Portugal do Pequenitos ဟုခေါ်သည်။ ပေါ်တူဂီမြို့လေးဟု အဓိပ္ပာယ်ရသည်။ လှပသောမြို့လေးကို ပုံစံတူ သေးသေးလေးတွေတည်ဆောက်ထားပြီး ဂါလီဗာခရီးထဲက လူ့ဘီလူးကြီးလိုပုံစံဖြင့် သေးငယ်သော အဆောက်အအုံလေးများကြားတွင် လျှောက်သွားနိုင်မည်ဖြစ်သည်။ 

ထိုမြို့လေးကို ၁၉၄၀ ခန့်ကတည်းက တည်ဆောက်ခဲ့ပြီး အာဏာရှင်လက်အောက်က လွတ်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ယနေ့ ထိုမြို့သေးသေးလေးထဲကို လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်ပေါင်းများစွာ ရှိသည်။ 

မြို့လေးထဲတွင် အဆောက်အအုံပေါင်းများစွာ ကို နာရီဝက်ခန့် လှည့်လည်ကြည့်ရှုရမည်ဖြစ်ပြီး အဆောက်အအုံများမှာ ဘရာဇီး၊ မက္ကာအို၊ အာဖရိက၊ အရှေ့တီမောနှင့် အိန္ဒိယမှ အဆောက်အအုံများဖြစ်သည်။ 

ဝင်ခမှာ လူကြီး ယူရို ၉ ဒသမ ၅၀ ဖြစ်ပြီး ကလေး (၃ နှစ်မှ ၁၃ နှစ်) ယူရို ၅ ဒသမ ၉၅ ဖြစ်သည်။



တစ်ကိုယ်တော်လက်ရာ ဘုရားကျောင်း (စပိန်)

စပိန်နိုင်ငံ Madrid မှ ၂၅ မိနစ် ခန့်ကားစီးသွားလျှင် ရောက်နိုင်သည့်နေရာတွင် တိတ်ဆိတ်အေးချမ်းသည့် Mejorada del Campo ဆိုသည့် မြို့လေးတစ်မြို့ရှိသည်။ ထိုမြို့မှ ဂျပ်စ်တိုဂယ်လီဂိုဆိုသူသည် ဘုရားသခင်အတွက် အမှတ်တရတစ်ခုကို ပြုလုပ်ပေးခဲ့သည်။ 

အသက် ၉၀ အရွယ်တိုင် ဂယ်လီဂိုသည် ဘုရားကျောင်းကြီးတစ်ကျောင်းကို သူတစ်ဦးတည်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင် တီဘီဝေဒနာစွဲကပ်ပြီး မထနိုင်သည့် ၁၉၆၁ ခုနှစ်အထိ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သူ့ကို မယ်တော်မေရီက ကယ်တင်တော်မူမည်ဟု ယုံကြည်နေသူလည်းဖြစ်သည်။ ဘုရားသခင်နှင့် မယ်တော်တို့၏ ကျေးဇူးတော်ဖြင့် ဤဘုရားကျောင်းကြီးကို တည်ဆောက်နိုင်ခဲ့သည်ဟုလည်း ယုံကြည်သွားသူဖြစ်သည်။

နှစ်ပေါင်း ၅၀ ခန့်တည်ဆောက်ခဲ့ပြီးမှ တုန်ချိချိ အဘိုးကြီးတစ်ယောက်၏ တည်ဆောက်မှုသည် ပြီးဆုံးသည်ဟု ဆိုရမည်။ အဆောက်အအုံကြီးတစ်ခု လုံးကို စွန့်ပစ်ပစ္စည်းများအား ရှာဖွေစုဆောင်းပြီး တည်ဆောက်သည်။ ယိုင်တိုင်တိုင်မျှော်စင်၊ မသေသပ်သည့်အင်္ဂတေခဲများ၊ ညစ်ပတ်နေသည့်မှန်များနှင့် မိမိလက်ဖြစ်အားလုံးကို တည်ဆောက်ထားသည်။ အချို့နေရာတွေကို စက္ကူပျော့ဖတ်တွေနှင့် မွမ်းမံထားသည်။ 

သူတည်ဆောက်ထားသည့် ဘုရားကျောင်းကြီးကို အနုပညာရှုထောင့်ကကြည့်ပြီး အိပ်မက်ဆန်သော ဆာရီရယ်လစ်တစ်ဦး၏ ဖန်တီးမှုအနေနှင့်လည်း ချီးကျူးသူက ချီးကျူးနေကြသည်။ စိန့်ပီတာ ဘုရားကျောင်းပုံစံတည်ဆောက်ထားသည်ဆိုသော်လည်း သူ့စတိုင်နှင့်သူ ရပ်တည်နေခြင်းဖြစ်သည်။ ဘုရားကျောင်းကြီးထဲသို့ ဝင်ရောက်လေ့လာခ မပေးရပေ။ လှူဒါန်းလျှင်လက်ခံသည်။



ဘီယာထဲရေကူးလိုသူများအတွက် (ဩစတြီးယား)

ဩစတြီးယားများသည် ကျန်းမာရေး အလွန်လိုက်စားသူများဖြစ်သည်။ သူတို့ဆီတွင် ရေချိုးခန်း၊ ရေစိမ်ခန်းတွေ ခေတ်စားသည်။ ဘီယာစိမ်လိုက်လျှင် လန်းဆန်းသွားစေနိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့် နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ ဘီယာရေကူး ကန်ကြီးတစ်ခုကို ထူထောင်ဖွင့်လှစ်ထားသည်။

တောင်မြို့လေးတစ်မြို့ဖြစ်သည့် Tarrenz သည် Innsbruck မြို့၏ အနောက်ဘက် ၆၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ Starkenberger ဘီယာချက်လုပ်ငန်းက သူတို့၏ ဘီယာရေကူးကန် ကြီးထဲတွင် ဘီယာ ၄၂၀၀၀ ပိုင့် ထည့်ထားသည်ဟု ဆိုသည်။ ကမ္ဘာပေါ်တွင် အသန့်ဆုံး ဘီယာရေကူးကန်ကြီးအဖြစ်လည်း သူတို့က ဂုဏ်ယူကြသည်။ 

ဘီယာထဲစိမ်ရခြင်းအကျိုးကြောင့် အသားအရေကောင်းမွန်သည်ဟုဆိုသည်။ ဘီယာ၏ အပူချိန်ကို ၃၂ ဒီဂရီ စင်တီဂရိတ်တွင်ထားပေးထားသည်။ သို့သော် ထိုဘီယာသည် သောက်နိုင်သည့် ဘီယာအမျိုးအစားတော့မဟုတ်ဟုဆိုသည်။ သူတို့စက်ရုံက သောက်နိုင်သည့် ဘီယာ၊ မသောက်နိုင်သည့်ဘီယာ နှစ်မျိုးခွဲထုတ်သည်။ ရေကူးကန်ထဲက ဘီယာက သောက်၍မရသည့် အမျိုးအစားဖြစ်သည်။

ဘီယာကန်ထဲစိမ်ချင်သူတွေက ကြိုတင်ပြီးစာရင်း ပေးရသည်။ တစ်စည်နေရာ ငှားရမ်းခ ယူရို ၂၅၀ ဖြစ် သည်။ ဈေးကြီးသည်ဆိုသော်လည်း ဘီယာစည်ကန်ကြီး တစ်ကန်လျှင် အနည်းဆုံးလေးဦးအထိ စိမ်နိုင်သည်။ စုပေါင်းစိမ်မည်ဆိုလျှင် ဈေးသက်သာသည်။ 

Tarrenz သည် ဘီယာနှင့်ပတ်သက်ပြီး နာမည်ကျော်သောမြို့ဖြစ်သည်။ ဘီယာပြတိုက်ရှိသည်။ နှစ်ပေါင်း ၇၀၀ ခန့်က တည်ဆောက်ထားသော ရဲတိုက်ရှိသည်။ တောတောင်ရှုခင်းတွေကလည်းလှသည်။ တောင်တက်ခရီး၊ စက်ဘီးစီးခရီး၊ တောလမ်းခရီးတွေလည်း လည်ပတ်နိုင်သည်။



နှာခေါင်းပြတိုက် (ဆွီဒင်)

ဤပြတိုက်အမည်ကို ဆွီဒင်လမ်းညွှန်စာအုပ်များထဲတွင် တွေ့နိုင်မည်မထင်ပါ။ သို့သော် ဆွီဒင်နိုင်ငံတွင် Nasoteket (Nose Academy) ဆိုသည့် ပြတိုက်တစ်ခုကို ဖွင့်လှစ်ထားပါသည်။ ကမ္ဘာ့ရှေးအကျဆုံးနှင့် ထင်ရှားဂုဏ်သတင်းကြီးသော Lund University တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ဆွီဒင်နိုင်ငံတောင်ပိုင်းတွင် ရှိသည်။

ထိုပြတိုက်ထဲတွင် ပလတ်စတာ မျက်နှာပုံတူပေါင်း ၁၃၀ ကျော်ကို ပြသထားသည်။ မှန်ဘောင်အတွင်း နှာခေါင်းများကို ထင်ရှားအောင်ထုတ်ပြထားသည်။ ရှေ့မြင်ကွင်းသာမက ဘေးတိုက်မြင်ကွင်းကိုပါ ပူးတွဲပြထားသည်။ ထိုမျက်နှာနှင့် နှာခေါင်းပိုင်ရှင်များမှာ သမိုင်းဝင်ပုဂ္ဂိုလ်များပါသလို လူထူးလူဆန်းများ၏ မျက်နှာပုံစံများလည်း ပါဝင်ကြသည်။

၁၇ ရာစုက ဒိန်းမတ်လူမျိုး နက္ခတ္တဗေဒပညာ ရှင် တိုင်ချိုဘရာဟီကဲ့သို့သော ရှားပါးမျက်နှာနှင့် နှာခေါင်းပုံစံလည်းပါသည်။ ၁၈ ရာစုက ရုက္ခဗေဒပညာရှင် ကားလ်လင်းနော့၏ မျက်နှာနှင့် နှာခေါင်းပုံလည်းရှိသည်။ ထို့ပြင် ဆွီဒင်နိုင်ငံ၏ ပထမဆုံးအာကာသ ယာဉ်မှူးခရစ်တာ ဖူဂယ်ဆန်နှင့် ပထမဆုံး အမျိုးသမီး ခရစ်ယာန်ဂိုဏ်းချုပ် အန်ဂျီဂျက်ကလင်းတို့၏ မျက်နှာနှင့် နှာခေါင်းပုံစံများကို ထိန်းသိမ်းထားသည်။ 

ထိုစုဆောင်းထားသည့် ပုံစံရုပ်တုများကို ကော်မတီဖြင့် ထိန်းသိမ်းထားပြီး လူခန္ဓာဗေဒဆိုင်ရာ လေ့လာမှုကို အထောက်အကူဖြစ်စေရန် ဖွင့်လှစ်ထားခြင်းဟု ဆိုသည်။ သာမန်လူသားများအတွက်လည်း အညတရမျက်နှာနှင့် နှာခေါင်းပုံစံများ ယူထားသည့်ပုံစံများရှိသေးသည်။ ပြတိုက်အတွင်း လူသေလျှင် ပျက်စီးသွားတတ်သော နှာခေါင်းပုံစံများကို တစ်သက်တာ မပျက်စီးစေရန် ထိန်းသိမ်းထားခြင်းဖြစ်သည်ဟုဆိုသည်။ 

မိုးစက်

(Ref: The Guardian)