POST TYPE

TRAVEL LOG

လေ့လာစရာ အံ့ဖွယ်ဘုရားရှိခိုးကျောင်းကြီးများ
02-Jun-2018



Crypt Of The Chiesa Immacolata Concezione (Rome, Italy)

အီတလီနိုင်ငံ ရောမမြို့တွင်ရှိသည့် ၁၇ ရာစု ခေတ်က ဘုရားကျောင်းကြီးဖြစ်သည်။ ဘုန်းတော်ကြီး Antonio Barberini, Capuchin Franciscan, Pope Urban VIII တို့ ဦးစီးဦးဆောင်ပြုလုပ်ကာ ဆောက်ခဲ့သောဘုရားကျောင်းကြီးဖြစ်သည်။ ဒီဇိုင်းကို ဘုန်းတော်ကြီး Michele da Bergamo ကထုတ်ခဲ့သည်။ ကျောင်းတော်ကြီးအတွင်း ဂုဏ်သရေရှိပုဂ္ဂိုလ်များ၏ ကမ္ပည်းမှတ်တမ်းထိုးအုတ်ဂူများ၊ နာမည်ကျော် ပန်းချီကားများရှိသည်။ ထိုကျောင်းတော်ကြီး၏ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာမှာ အောက်ထပ်ရှိ ဝတ်ပြုဆုတောင်းရာ ခန်းမကြီးဖြစ်သည်။ 

ကျောင်းတော်ကြီး၏ မြေအောက်ထပ်တွင် ခန်းမကြီးငါးခန်းရှိသည်။ ၁၇ ရာစုခေတ်လောက်ကတည်းက ဘုန်းတော်ကြီးတို့၏ ရုပ်ကြွင်းများနှင့် ဆင်းရဲသော အရပ်သားတို့၏အရိုးများကိုလည်း စုဆောင်းသိမ်းဆည်းထားသည်။ ထိုအရိုးများကို နံရံများတွင် အလှဆင်သည့်ပုံစံဖြင့် စီခြယ်ထားသည်မှာ အံ့စရာကောင်းလှသည်။ လူပေါင်း ၄၀၀၀ ခန့်၏ ရုပ်ကြွင်းများဖြစ်မည်ဟုဆိုကြသည်။ 

၁၆၂၇ မှ ၁၆၃၁ ခုနှစ်အထိ လှည်းအခေါက်ပေါင်း ၃၀၀ ခန့်ဖြင့် ကျောင်းအတွင်းသို့ အရိုးများကို တိုက်သွင်းပြီး အလှဆင်ယင်ထားသည်။ မြေတိုက်နံရံများက မြေသားနံရံများဖြစ်ပြီး မမ်မီအဖြစ်ပြုလုပ်ထားသော အလောင်းများလည်းရှိသည်။ ထိုမြေတိုက်နေရာကို သန့်စင်သော နယ်မြေအဖြစ် သတ်မှတ်ထားသည်။ အဝင်အထွက် တံခါးဝတွင် တရားကျစရာ ဒါတွေဟာ သင့်မှာလည်းရှိနေတာ၊ တစ်နေ့ သင်လည်း ဤသို့ဖြစ်ရမှာဟု သဘောရသော စာတန်းကို ရေးထိုးထားသည်။

မြေအောက်ခန်းများတွင် အရိုးခေါင်းများနှင့် အရိုးအစိတ်အပိုင်းများကို လှပစွာဖြင့် ဒီဇိုင်းထုတ်ပြီး စီရင်ထားသည်မှာ အံ့ဩစရာဖြစ်သည်။ အခန်းတိုင်းကိုလည်း သူ့အပိုင်းနှင့်သူ စီရင်ထားသည်။ ခေါင်းခွံချည်း စီထားသည့်အခန်း၊ ပေါင်ရိုး၊ တင်ပါးဆုံရိုး၊ ခြေရိုး၊ လက်ရိုးများဖြင့် သီးခြားစီခြယ်ထားသော နေရာများ ရှိသလို၊ အရိုးခြောက်ပုံ အပြည့်နှင့် ဆင်ယင်ထားသော နေရာများလည်း ရှိသည်။ ထူးဆန်းသည့်နေရာအဖြစ် သွားရောက်လေ့လာကြသည်။



Capela Dos Ossos (Evora, Portugal)

ပေါ်တူဂီနိုင်ငံ၊ အီဗိုရာမြို့တွင်ရှိသော ဘုရားကျောင်းဖြစ်သည်။ Capela Dos Ossos ဘုရားကျောင်းက သေးသော်လည်း ထူးဆန်းလှသည်။ ဘုရားကျောင်းအတွင်းပိုင်း နံရံများတွင် အရိုးခေါင်းတွေကို မြှုပ်နှံပြီးစီခြယ်ထားခြင်းက ထူးဆန်းသည်ဟုဆိုရမည်။ နံရံတွင် ထူးခြားစွာဖြင့် တွေ့ရမည့် အရိုးခြောက် ရုပ်နှစ်ရုပ်ရှိသည်။ ထိုအရိုးခြောက်နှစ်စုံမှာ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးအရိုးများဖြစ်သည်။ နောက်ကျောက သင့်ကို စိုက်ကြည့်နေသလို ခံစားရမည့် အရိုးခြောက်များဖြစ်သည်။ ထိုနှစ်ဦးသည် ကျိန်စာသင့်ပြီး ဘုရားကျောင်းအတွင်း ခိုလှုံနေရာမှ သံကြိုးများဖြင့် ကြိုးဆွဲချသတ်ခံရသူများဖြစ်သည်ဟုလည်း ဆိုကြသည်။ အဝင်ဝတွင် ချိတ်ဆွဲထားသောစာတန်းမှာ ငါတို့အရိုးတွေတော့ ဒီနေရာမှာ ရောက်နေပြီ၊ မင်းအရိုးတွေကိုလည်း စောင့်နေတယ်ဆိုသည့် သတိပေး တရားရစရာ စာတန်းဖြစ်သည်။

၁၆ ရာစုကတည်းက တည်ဆောက်ခဲ့သော ထိုဘုရားကျောင်းလေးတွင် ဘုန်းတော်ကြီးပေါင်း ၅၀၀၀ ၏ ရုပ်ကြွင်းများ အရိုးများရှိသည်။ အချို့ကိုလည်း အနီးနား သင်္ချိုင်းများမှ အရိုးများကို ပြန်ဖော်ပြီး ဘုရားကျောင်း မြေအောက်ခန်းထဲတွင် လာထားခြင်းဖြစ်သည်။ မြေအောက်ခန်းထဲတွင် အရိုးခြောက်များဖြင့် ပြည့်နေသည်။ ဘုရားကျောင်းတွင် အရိုးခြောက်များကို ထားခြင်းမှာ သင်လည်း တစ်နေ့ ဤသို့သေရမည်ဆိုသည့် သတိပေးရုံသာဖြစ်သည်ဟုလည်း ဆိုကြသည်။ 



Church Of Santo Stefano Rotondo (Rome, Italy)

အီတလီနိုင်ငံ၊ ရောမမြို့၏ ဆင်ခြေဖုံးအရပ်တွင်ရှိသည့် Santo Stefano Rotondo ဘုရားကျောင်းကို ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားစွာဖြင့် သွားရောက်လေ့လာလေ့ရှိသည်။ ထိုဘုရားကျောင်းကို ပုပ်ရဟန်းမင်း Simplicius သည် ၄၆၈ နှင့် ၄၈၃ ခုနှစ် အတွင်းက တည်ဆောက်ခဲ့သည်။ သူတော်စင်စိန့်စတီဖင်ကို ရည်စူးပြီး တည်ဆောက်ခဲ့သည့် ဘုရားကျောင်းလည်း ဖြစ်သည်။ 

ဘုရားကျောင်းကြီး၏ အတွင်းနံရံပိုင်း အားလုံးကို ထူးခြားဆန်းပြားသည့် ပန်းချီလက်ရာများဖြင့် ရေးဆွဲထားသည်။ စုစုပေါင်းပန်းချီကားချပ်ကြီးပေါင်း ၃၄ ချပ်ရှိသည်။ ထိုပန်းချီကား အားလုံးတို့သည်လည်း ခရစ်ယာန်အာဇာနည်သူရဲကောင်းတို့အကြောင်း ရည်စူးကာ ရေးဆွဲထားသည့် ပန်းချီကားများအဖြစ် လေ့လာနိုင်သည်။ 

ပန်းချီကားချပ်များတွင် ငရဲခန်းကဲ့သို့သော အကြမ်းဖက်လုပ်ဆောင်နေသည့်ပုံများကို တွေ့ရမည်ဖြစ်သည်။ ထိုပန်းချီကားများသည် သရုပ်ပါလှပြီး ၁၆ ရာစုကတည်းက ၁၃ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး ဂရီဂိုရီ၏ ညွှန်ကြားချက်များဖြင့် ရေးဆွဲစေခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။



Otranto Cathedral, The Skull Cathedral (Otranto, Italy)

အီတလီနိုင်ငံ၊ အော့တရန်တိုမြို့တွင် တည်ရှိသည့် Otranto ဘုရားကျောင်းကြီးသည်လည်း အရိုးခေါင်းများနှင့် လူသားအရိုးတို့ဖြင့် တည်ဆောက်ထားသောကြောင့် လေ့လာသူများ စိတ်ဝင်စားကြသည့်နေရာတစ်ခုဖြစ်သည်။ ဘုရားကျောင်း၏ ပင်မဝတ်ပြုဆောင်ခန်းမကြီးအတွင်းရှိ နံရံများတွင် ခရစ်ယာန် အာဇာနည်သူရဲကောင်း ၈၀၀ ၏အရိုးများကို ထည့်သွင်းဂုဏ်ပြုထားရှိသည်။ အချို့သော ဘာသာရေး သူရဲကောင်းအာဇာနည်တို့၏ ရုပ်ကြွင်းများကို နေပယ်မြို့၊ ဖော်မယ်လိုအရပ်ရှိ Santa Caterina ဘုရား ကျောင်းသို့ ပြောင်းရွှေ့ပေးထားကြောင်းသိရသည်။ နံရံများကို အရိုးခေါင်းနှင့် အရိုးများဖြင့် မြှုပ်ထားရုံမက ထိုအရိုးများကို မှန်များဖြင့် ရှေ့က တစ်ထပ်ဖုံးထားသည်။ 

အရိုးခြောက်ဘုရားကျောင်းဟု ထင်ရှားသည့် ထိုဘုရားကျောင်းကို အီတလီနှင့် ရောမတို့သည် တူရကီနိုင်ငံ၏ ဒုတိယမြောက်မင်း ဆူလ်တန် မာမက်လက်အောက်သို့ကျရောက်စဉ်က သတ်ဖြတ်ခံရသော ခရစ်ယာန် အာဇာနည်များအထိမ်းအမှတ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

၁၄၈၀ ပြည့်နှစ်တွင် အော်တိုမန်တို့သည် အော်တရန်တိုကို သိမ်းပိုက်ပြီးနောက် အမျိုးသမီးနှင့် ကလေးများကို အစုလိုက်အပြုံလိုက် သတ်ပစ်ခြင်း၊ မုဒိမ်းကျင့်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ မြို့၏ ပြောရေးဆိုခွင့်ရှိသူ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အန်တိုနီယို ပရီမယ်ဒီသည် ဤမြို့၏ ပထမဆုံး ခေါင်းဖြတ်သတ်ခြင်း ခံရသူဖြစ်ခဲ့သည်။ ထိုမြို့ကို အော်တိုမန်တို့လက်မှ ပြန်လည်သိမ်းယူပြီးနောက် အော်တရန်တိုတွင် အော်တိုမန်တို့ လက်အောက်ကျခဲ့စဉ်က သေဆုံးခဲ့သူများ၏ အထိမ်းအမှတ်အဖြစ် အရိုးခေါင်းများကို ကျောင်းနံရံတွင် ထည့်သွင်းပြီး ဂုဏ်ပြုထားခဲ့ခြင်းဖြစ်သည်။



Sedlec Ossuary (Kutna Hora, Czech Republic)

ချက်ပြည်သူ့သမ္မတနိုင်ငံတွင်ရှိသော Sedlec Ossuary ဘုရားကျောင်းကြီးတွင်ရှိသော လူသားတို့၏ ကြွင်းကျန်ခဲ့သည့်အရိုးများ စီစဉ်ထားပုံမှာ အထူးခြားဆုံးဖြစ်သည်။ ဝေါ့ဒစ္စနေး ဥယျာဉ်ရောက်နေသလို ခံစားရမည်ဖြစ်ပြီး ဘုရားကျောင်းအတွင်း ထိန်းသိမ်းထားသည့်အရိုးပေါင်း ၄၀,၀၀၀ ခန့်ရှိသည်။

Sedlec Ossuary ဘုရားကျောင်းသည် ကုတနာ ဟိုရာအရပ်တွင်ရှိပြီး ပရာ့ဂ်မြို့ပြင်တွင် တည်ရှိသည်။ ၁၈၇၀ ပြည့်နှစ်က ပန်းပုဆရာ ဖရန်တီဆက်ရင့်သည် အရိုးများကို ကျောင်းတော်ကြီး၏နံရံနှင့် အမိုးများတွင် ထူးဆန်းစွာဖြင့် ဆင်ယင်ခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်းဝင်းအတွင်းရှိ သင်္ချိုင်းသည် ပလိပ်ရောဂါ ခံစားရသူများကြောင့် သေဆုံးသူများဖြင့် နေရာလပ်မရှိအောင်ဖြစ်လာသဖြင့် အရိုးများကို မကြာခဏ ပြန်ဖော်ရသည်။ ထိုပန်းပုဆရာ၏ ဖန်တီးလိုစိတ်ကြောင့် အရိုးများသည် အနုပညာလက်ရာတစ်ခုလို ဖြစ်ခဲ့ရသည်။ 

ကျောင်းကြီးထဲဝင်လိုက်လျှင် လူအရိုးများကို နေရာအနှံ့တွေ့ရမည်ဖြစ်သည်။ ဖယောင်းတိုင်တင်ထွန်းသည့်တိုင်ကလည်း လက်ဖျံရိုးဖြစ်ကောင်းဖြစ်နိုင်သည်။ ဒိုင်နိုဆော ရုပ်ကြွင်းလိုလို တွေ့ရမည့် အရိုးပဒေသာလည်း ရှိသည်။ ပန်းပုဆရာရင့်က သူဖန်တီးထားသည့် လူရိုးနှင့် ခေါင်းတိုင်းတွင် သူ့အမည်ကို ရေးထိုးခဲ့သည်။ ယနေ့တိုင် လေ့လာသူများ၏ စိတ်ဝင်စားစရာ နေရာတစ်နေရာဖြစ်နေရသည်။ 

E-01

(Ref: The Strangest Church Relics)