News

POST TYPE

TRAVEL LOG

အမေ့ခံ ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင်နေရာများ
05-May-2018



ဒန်ဒါဘုရားကျောင်း

ဒန်ဒါ (Dendur) ဘုရားကျောင်းသည် အီဂျစ်တွင် တည်ဆောက်ခဲ့သည့် ကျောင်းဖြစ်သော်လည်း ယခု နယူးယောက်တွင် ပြန်လည်တည်ဆောက်ပြီး ပြသထားသည်။ ဘီစီ ၁၅ ရာစုခေတ်လောက်ကတည်းက အီဂျစ်တွင်တည်ဆောက်ခဲ့ပြီး ရောမအင်ပါယာတွင် ဩဂတ်စတပ် ဆီဇာမင်းအုပ်စိုးစဉ်ခေတ်က ဘုရားကျောင်းဖြစ်ခဲ့သည်။ 

ထိုကျောင်းကို ၁၉၆၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ဖျက်ပြီးသယ်လာကြသည်။ လက်ရှိ မက်ထရိုပိုလီတန် အနုပညာပြတိုက်တွင် ပြန်လည်ခင်းကျင်း ပြသထားသည်။ ထိုဘုရားကျောင်းကို Isia နတ်ဘုရားမအပြင် အခြားနတ်နှစ်ပါးဖြစ်သော Harpocrates နှင့် Osiris တို့အတွက် ဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဒန်ဒါနတ်ဘုရားကျောင်းသည် မူလက နိုင်းမြစ်ကမ်းပါးတွင် တည်ဆောက်ခဲ့သည်။ အီဂျစ်နိုင်ငံ တွစ်ဇစ်မြို့အနီးတွင်ဖြစ်သည်။ နာဆာရေကန်ကြီးတွင် ရေများ မြင့်တက်လာမှုနှင့်အတူ ရှေးဟောင်းအဆောက်အအုံများ ရေမြုပ်ပျက်စီးမည့်ဘေးက ကာကွယ်ရန်အတွက် ပြောင်းရွှေ့ရာတွင် အီဂျစ်နိုင်ငံက ဒန်ဒါကျောင်းတော်ကြီးကို အမေရိကန်ပြည်ထောင်စုအားပေးရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းဝင် အဆောက်အအုံများ ရွှေ့ပြောင်းရေးတွင် အမေရိကန်ပြည်ထောင်စုက များစွာ အကူအညီပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသို့ ကျောက်တုံးကြီးများကိုဖျက်ပြီး သင်္ဘောကြီးများဖြင့် ရွှေ့ကြသည်။ ကျောက်တုံးပေါင်း ၆၄၂ တုံးရပြီး အလေးချိန် တန် ၈၀၀ ရှိသည်။ ကုန်သေတ္တာ ၆၆၁ လုံးဖြင့် သယ်လာခဲ့ကာ ပြန်လည်တည်ဆောက်ပြီး ပြသထားသည်။



ဗရဟာဂူကျောင်းတော်

The Varaha Cave Temple သည် အိန္ဒိယနိုင်ငံ မဟာဘာလီပူရမ်အရပ်တွင် ရှိသည်။ ၇ ရာစုခန့်ကတည်းက တောင်ကိုဖောက်ပြီး ဆောက်ထားသည့် ဂူကျောင်းဖြစ်သည်။ Vishnu နတ်မင်းအတွက် ရည်စူးကာ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အနုအစိတ်ဆုံး ကျောက်ထွင်းလက်ရာများကို တွေ့ရှိနိုင်သည့်နေရာဖြစ်ပြီး နတ်ဘုရားရုပ်တုပေါင်းများစွာကို နှစ်ဖက်မြင်ပုံများဖြင့် အလှပဆုံး ထုလုပ်ထားသည့် နေရာလည်းဖြစ်သည်။

ကျောင်းတော်၏တိုင်အဖြစ် ထွင်းထုထားသည့်ပုံများမှာ ခြင်္သေ့ခံပုံများဖြစ်ပြီး အမိမြေနတ်သမီးကို ရည်စူးကာ နံရံများတွင်လည်း ကျောက်ထွင်းပုံများစွာကို ထုလုပ်ထားခဲ့သည်။ Vishnu နတ်မင်းကြီးက ကမ္ဘာလောကကြီးကို ကယ်တင်နေသည့်ပုံများနှင့် ရှေးဟောင်းဒဏ္ဍာရီထဲမှ ထူးဆန်းသည့် သတ္တဝါကြီးများကိုလည်း တွေ့ရသည်။ ကျွဲခေါင်းနှင့် လူကိုယ်ရုပ်တုကြီးများကိုလည်း တွေ့မြင်နိုင်သည်။ လက်ရှမီးနတ်သမီးက ကြာပန်းထဲတွင်ထိုင်ပြီး ဆင်တစ်ကောင်က ရေချိုးပေးနေပုံမှာ လက်ရာမြောက်လှသည်။



မဟာကျောင်းတော်ကြီး

Great Plaza ဟုခေါ်သည့် မဟာကျောင်းတော်ကြီးသည် ဂွါတီမာလာနိုင်ငံ၊ တီလက်တွင် တည်ဆောက်ထားခဲ့သည့် သမိုင်းဝင်ရှေးဟောင်း အဆောက်အအုံကြီးတစ်ခုဖြစ်သည်။ ဂွါတီမာလာတွင် မာယာလူမျိုးစုများ တည်ဆောက်ခဲ့သည့် အခြားသမိုင်းဝင်အဆောက်အအုံ ကျောင်းတော်ကြီးနှစ်ခုလည်းရှိသေးသည်။ Great Jaguar နှင့် Mask ဟုအမည်ပေးထားသည့် ကျောင်းတော်ကြီးများဖြစ်သည်။

Great Jaguar ကို Ah Cacao မင်းက တည်ဆောက်ခဲ့သည်။ Cacao မင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က တီလက်မြို့ကြီးကို ပြန်လည်စည်ကားပြီး တန်ခိုးဩဇာတက်လာစေရန် စီစဉ်ပေးခဲ့သူဖြစ်သည်။ 

Great Plaza ကျောင်းတော်ကြီးကို အချိန်တိုတိုအတွင်း အပြီးတည်ဆောက်ခဲ့ရသည်။ Cacao မင်းသည် အခြားကျောင်းနှစ်ဆောင်ကိုဆောက်ရန် ထိုကျောင်းတော်ကို အမြန်ဆုံး အပြီးသတ်ခဲ့ရသည်ဟု ဆိုကြသည်။ နောက်ဆောက်သည့် Great Jaguar ကျောင်းကို ရေအောက်လောကသို့ အဝင်တံခါးပေါက်အဖြစ် မာယာလူမျိုးများက မှတ်ယူခဲ့ကြသည်။ 

Cacao မင်းကွယ်လွန်ချိန်တွင် သားဖြစ်သူက Jagua ကျောင်းတော်ကြီးအတွင်း အဖိုးတန်ရတနာများနှင့်အတူ မြှုပ်နှံခဲ့သည်ဟုဆိုသည်။ သို့သော် ထိုသင်္ချိုင်းကို ခိုးဖောက်ခံရသဖြင့် ဘာမှမကျန်တော့ပေ။ တီလက်မင်းကိုလည်း အခရိုပိုလစ်မြောက်ဘက်တွင် မြှုပ်နှံခဲ့သည်ဟုဆိုကြသည်။



ကျောက်စာတိုက်

မာယာလူမျိုးစုများအတွက် ပိရမစ်ပုံစံတည် ဆောက်ထားသည့် ထူးခြားအရေးပါသော ကျောက်စာတိုက်ကြီး ဖြစ်သည်။ အေဒီ ၆၇၂ မှ ၆၈၂ ကြားတွင် တည်ဆောက်ခဲ့သည်။ အမြင့် ၆၆ ပေရှိပြီး ခြေထောက်က မြွေပုံစံ၊ ခြေချောင်း ၆ ချောင်းပါသည် လူကြီးများက ကလေးချီထားသည့်ရုပ်တုများကိုလည်း တွေ့ရသည်။ 

ကျောင်းတိုက်ကြီးအတွင်း တိုင်ကြီးလေးတိုင်ရှိပြီး ကျောက်စာတိုက်ဟု ခေါ်ဆိုရခြင်းမှာ ကျောက်စာကြီးသုံးချပ်ကို ကျောင်းတိုက်အတွင်း ထားရှိခဲ့သောကြောင့် ဖြစ်သည်။ မာယာလူမျိုးတို့ အသုံးပြုခဲ့သည့် စာများဖြင့် ရေးထိုးခဲ့သော ထိုကျောက်စာများမှာ အေဒီ ၆၉၂ ခုနှစ်ကတည်းကဟု ယူဆရသည်။ 

ကျောက်စာတစ်ခုတွင် ကမ္ပည်းရေးထိုးထားသော ဘုရင်၏အမည်မှာ ပါကယ်ဖြစ်သည်။ ဘုရင် ပါကယ် ခေတ်မတိုင်မီက အကြောင်းများနှင့် သူ့ခေတ်ကအကြောင်းများကို မှတ်တမ်းတင်ခဲ့သည်။ ကျောက်စာထဲတွင် ၄၇၇၂ ခုနှစ်အထိ အနာဂတ်ဟောစတမ်းများလည်း ပါနေသည်။ မာယာလူမျိုးတို့၏ သမိုင်းအတွက် အရေးပါသည့်မှတ်တမ်းနှင့် အဆောက်အအုံလည်းဖြစ်သည်။ 

၁၇၇၃ ခုနှစ်အထိ ထိုကျောင်းတော်နေရာကို ရှာဖွေတွေ့ရှိခြင်းမရှိဘဲ တောထဲတွင် ပျောက်နေခဲ့သည်။ ရှာတွေ့ပြီးနောက်လည်း နှစ်အတော်ကြာ တိမ်မြုပ်ပျောက်ကွယ်သွားရပြန်သည်။ မက္ကဆီကိုနိုင်ငံ Santo Domingo de Palenque ဆိုသည့်ရွာလေးအနီးတွင် ယခုအခါ ထိန်းသိမ်းထားသည်။



မှော်ပိရမစ်

Uxmal ဟုခေါ်သည့် နေရာကို သုံးကြိမ်ပြန်လည် တည်ဆောက်ခဲ့ရသည်ဟုဆိုသည်။ မက္ကဆီကို နိုင်ငံ၊ ယူကာတန်အရပ်တွင်ရှိပြီး မာယာလူမျိုးတို့၏ ရှေးဟောင်းမြို့တော်နေရာအဖြစ် ထင်ရှားသည်။ UNESCO အဖွဲ့က သမိုင်းဝင် ရှေးဟောင်းမြို့တစ်ခုအဖြစ် ၁၉၉၆ ခုနှစ်က သတ်မှတ်ပေးခဲ့သည်။ ထိုဒေသကို မှော်ပိရမစ် သို့မဟုတ် ပဉ္စလက်ပိရမစ်များရှိရာမြို့အဖြစ် ခေါ်ကြသည်။ 

ဒေသခံများက လူပုလေးများပိရမစ်ဟုလည်း ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုပိရမစ်ကို ဥကပေါက်သည့် လူပုလေးများက တည်ဆောက်ခဲ့သည်ဟု အယူရှိကြသည်။ သူတို့ပါးစပ်ရာဇဝင်များအရ လူပုလေးများသည် နေ့ချင်းလူကြီးဖြစ်လာပြီး ပိရမစ်ကို တစ်ညတည်း အပြီးတည်ဆောက်ခဲ့သည်ဟုဆိုကြသည်။ သို့သော် ပညာရှင်များက ထိုပိရမစ်ကို ၆ ရာစု ကတည်းက တည်ဆောက်ခဲ့သည်ဟု ဆိုကြသည်။

အမြင့် ၁၁၅ ပေရှိသော ထိုပိရမစ်ကြီးသည် Uxmal အရပ်တွင် အကြီးဆုံး အဆောက်အအုံကြီးတစ်ခုလည်း ဖြစ်သည်။ ထိုပိရမစ်ကြီးကို မတည်ဆောက်မီက ကျောင်းဆောင်များစွာရှိနေပြီး ထိုကျောင်းဆောင်များကို ငုံကာ တည်ဆောက်သွားခြင်းဖြစ်သည်။ ဘေးတွင်လည်း အဆောင်များစွာကို ယနေ့တိုင် တွေ့ရသေးသည်။



ဆီဆန်ဖက်ဘုရား 

ထိုင်းနိုင်ငံတွင် Wat Phra Si Sanphet ဟုခေါ်သည့် ဘုရားဖြစ်သည်။ ၁၅ ရာစုခေတ်ကတည်းက တည်ဆောက်ခဲ့သည်ဟုဆိုသည်။ ထိုင်းနိုင်ငံ အခြားဘုရားများနှင့် မတူသည့်အချက်မှာ ဤဘုရားဝင်းအတွင်း ဘုန်းကြီးများကို နေထိုင်ခွင့်ပေးမထားခြင်းဖြစ်သည်။ ဘုရားအတွင်း ဘုရင့်အဆောင်အယောင်ပစ္စည်းများနှင့် အခမ်းအနားအတွက် အသုံးပြုသောပစ္စည်းများ သိမ်းဆည်းထားရာ ဘုရားကျောင်းနေရာလည်းဖြစ်သည်။

၁၄၉၁ ခုနှစ်က ဘုရင် ဒုတိယမြောက် ရာမာသီဗောဓိသည် ဘုရားကျောင်းနှစ်ဆောင်ကို ထပ်တည်သည်။ ထိုကျောင်းဆောင်များထဲတွင် သူ့မိသားစုများ၏ ပြာအိုးများကိုထားရှိသည်။ ကျောင်းဆောင်များကို ဘုရင်များသည် ရှေးခေတ်ကတည်းက အထိမ်းအမှတ်အနေနှင့် တည်ဆောက်ပြီး ကွယ်လွန်သူ မင်းမျိုးမင်းဆက်တို့၏ အရိုးပြာများကို သိမ်းဆည်းရာနေရာအဖြစ် အသုံးပြုခဲ့ကြသည်။ 

ဒုတိယမြောက် ရာမာသီဗောဓိတည်ဆောက်ခဲ့သည့် ကျောင်းဆောင်များအတွင်း သူ့ဖခင်နှင့် နောင်တော်များ၏ အရိုးပြာများကို သိမ်းဆည်းထားသည်။ နောက် ၇ နှစ်အကြာတွင် ကျောင်းဆောင်ကြီးတစ်ဆောင်ကို ထပ်မံဆောက်လုပ်ပြီး ဗုဒ္ဓဆင်းတုတော်ကြီးတစ်ခုကို တည်ထားကိုးကွယ်သည်။ ဆီဆန်ဖက်ဟုအမည်ပေးကာ ဆင်းတုတော်ကြီးကို ရွှေသားကီလီဂရမ် ၂၀၀ (ပေါင် ၄၄၀) ဖြင့် မွမ်းမံချထားသည်။ နောက်ပိုင်း ဆီဆန်ဖက် ဘုရားဟုသာ အမည်ရလာသည်။ ၁၇၆၇ ခုနှစ်က မြန်မာတို့သည် ယိုးဒယားကို သိမ်းပိုက်ပြီး ဆီဆန်ဖက်ဘုရားမှ ရွှေများကို ခွာသွားသည်ဟု ဆိုကြသည်။

မိုးစက်

(Ref: Ancient Temples That Still Exist Today)