POST TYPE

TRAVEL LOG

ကမ္ဘာ့လျှို့ဝှက်သော ကြောက်စရာကောင်းသည့် နေရာများ
05-Apr-2018



ပျောက်နေသော ဂျပန်ဖျော်ဖြေရေးဥယျာဉ်

ဂျပန်နိုင်ငံသည် ဆာမူရိုင်းဓားများကြောင့် နာမည်ကျော်သည်။ ပွဲတော်နှင့် အစားအသောက်တွေကလည်း ထူးခြားသလို နည်းပညာကလည်း အဆင့်မြင့်သည်။ ထို့ပြင် ဂျပန်တွင် ထိတ်လန့်စရာနေရာတွေလည်း ရှိသည်။ လင်းပိုင်သတ်သည့်နေရာများနှင့် ဖူကူရှီးမား နျူကလီးယားစက်ရုံနေရာများ ဖြစ်သည်။ ထို့ပြင် ငလျင်ဒဏ်ခံရသည့်နေရာများ၊ ဆူနာမီလှိုင်းဒဏ်ခံရသည့် နေရာများလည်း ရှိသေးသည်။

ဖူကူရှီးမားရှိ Takakanonuma Greenland အပန်းဖြေဥယျာဉ်ကြီးသည် ၁၉၇၀ ပြည့်နှစ်ကတည်းက စွန့်ပစ်ထားခြင်းခံရသည့်နေရာ ဖြစ်သည်။ ၂ နှစ်သာ ထိုဥယျာဉ်ကြီးကို ဖွင့်ခဲ့ပြီး ယခုအခါ ပိတ်ထားသည်ဖြစ်သော်လည်း ယနေ့တိုင် ထိုဥယျာဉ်အတွင်း သွားလာလှုပ်ရှားမှုများ ရှိနေခဲ့သည်ဟုဆိုသည်။ 

ထိုဥယျဉ်ကြီးအား ၁၉၈၆ ခုနှစ်တွင် ပြန်ဖွင့်ခဲ့သော်လည်း ၁၉၉၉ ခုနှစ်တွင် ပြန်ပိတ်ခဲ့ရသည်။ ယခုအခါ တောကြီးတစ်ခုထဲတွင် စွန့်ပစ်ထားသလိုဖြစ်နေပြီ။ မြူထဲနှင်းထဲတွင် ထိုဥယျာဉ်ကြီးကို လှမ်းကြည့်လိုက်လျှင် ကြောက်စရာကောင်းလှသည်။ ယနေ့တိုင် ရိုလာကိုစတာနှင့် အခြားယာဉ်များကို တွေ့နိုင်သေးသည်။ 

ထိုနေရာကို ဂျပန်နိုင်ငံ မြေပုံများထဲတွင် ဖျောက်ထားကြသည်။ စာရင်းလည်းမရှိ။ သတင်းလည်း မထုတ်ပြန်၊ ထို့ကြောင့် စာရင်းပျောက်နေသော လျှို့ဝှက်နေရာတစ်ခုအဖြစ် ထင်ရှားသည်။



သရဲခြောက်သောမြို့

အာဂျင်တီးနားနိုင်ငံ၊ ရီအိုနီဂရိုးရှိ ဆင်ကို ဆာလ်တို့စ်မြို့သည် သရဲခြောက်သောမြို့အဖြစ် နာမည်ကျော်သည်။ ထိုမြို့တွင် မှော်ဆရာတွေလည်းပေါသည်။ ဘာဂျိုနီဂရိုးမြို့အနီးရှိ ပယ်လ်ဂရီနီရေကန်ကြီးထဲတွင် ကလေးတစ်ယောက် ရေနစ်သွားသည်။ ထိုကန်တွင် ယနေ့တိုင် ထိုကလေးသရဲက ခြောက်နေသည်ဟုဆိုသည်။ ထိုကန်ကို လာလည်နေကြသူများသည် ကလေးငိုသံကို ကြားကြရသည်။ ငိုသံကြားသည့်နေရာကို သွားကြည့်လျှင် ဘာမှမတွေ့ကြပေ။ 

ထိုကန်တစ်ဝိုက်ကို ဆုတောင်းစာတွေရွတ်ကြသည်။ ထိုနေရာတွင် ပန်းကန်ပြားပျံတွေကိုလည်း မကြာခဏတွေ့ရသည်ဟုဆိုသည်။ ၂၀၀၉ ခုနှစ်တွင် မိန်းကလေးအလောင်းတစ်လောင်းကို သင်္ချိုင်းတစ်ခုအတွင်း တွေ့ရှိခဲ့ကြရသည်။ အလောင်းက ပုံမပျက်တွေ့ရသည်။ အခေါင်းက ၁၉၃၀ ခုနှစ်လောက်က အခေါင်းဖြစ်နေပြီး အလောင်းတွင်ဝတ်ထားသည့် အဝတ်အစားတွေကလည်း ထိုခေတ်ကဖြစ်သည်။ ထိုသတင်းထွက်ပေါ်လာပြီးကတည်းက ထိုမြို့လည်း လူစည်ကားလာတော့သည်။



သရဲခြောက်သည့်ရဲတိုက်

ဒိန်းမတ်နိုင်ငံ၊ ဇီးလန်းအရပ်ရှိ Dragsholm ရဲတိုက်ကြီးသည် ကြောက်စရာကောင်းသည့်နေရာ တစ်နေရာဖြစ်သလို လာလည်ရန် စိတ်ဝင်စားသော်လည်း မဝံ့မရဲဖြစ်နေကြသည့် နေရာတစ်နေရာဖြစ်သည်။ ထိုရဲတိုက်အတွင်း၌ ဝိညာဉ်ပေါင်း ၁၀၀ ခန့်ရှိသည်ဟုဆိုသည်။ ဘို့သ်ဝဲလ်ခေတ်အစောပိုင်းက ဘုရင်ကြီး ဂျိမ်းစ်ဟက်ဘန်းကို ဤရဲတိုက်အတွင်း၌ ငါးနှစ်ခန့်ထိန်းသိမ်းခဲ့သည်။ သူသည် ၁၅၇၈ ခုနှစ်ခန့်က ကွယ်လွန်သွားသည်။

သူကွယ်လွန်သွားသော်လည်း ထိုရဲတိုက်ဝန်းကျင်တွင် မြင်းစီးနေသည့်ဘုရင်ကြီးကို မကြာခဏတွေ့ရသည်။ ထို့ပြင် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးကြီးတစ်ဦးကိုလည်း တွေ့သူတွေက တွေ့ခဲ့ကြသည်။ ထိုအမျိုးသမီးသည် ဤရဲတိုက်ကြီး၏ ပိုင်ရှင်သမီးဖြစ်သည်။ ဆင်းရဲသားလယ်သမားလေးနှင့် ချစ်ကြိုက်သဖြင့် ဖခင်က စိတ်ဆိုးပြီး သမီးကိုသတ်ကာ ရဲတိုက်ကြီး၏ နံရံတစ်နေရာတွင် မြှုပ်ထားခဲ့သည်။ သို့သော် ယခင်က မည်သည့်နေရာတွင် မြှုပ်ခဲ့ကြောင်း နှစ်ပေါင်းများစွာမသိ။ 

၁၉၃၀ ပြည့်နှစ်လောက်က ရဲတိုက်ကို ပြုပြင်ရင်းက နံရံတစ်နေရာကို ဖောက်ထွင်းရာ အဖြူရောင်ဝတ်စုံနှင့် အရိုးစုတစ်ခုကို တွေ့ခဲ့ရသည်။ 



ဧဝရက်တောင်

ဧဝရက်တောင်သည်လည်း အလွန်ထူးဆန်းပြီး လျှို့ဝှက်နက်နဲမှုတွေ ပြည့်နေသည့် နေရာတစ်နေရာဖြစ်သည်။ ၁၉၂၄ ခုနှစ်က အင်ဒရူး အာဗင်သည် တောင်ထိပ်ကိုရောက်ရန် ကြိုးစားတက်ရင်းက သေဆုံးခဲ့ရသည်။ ဧဝရက်တောင်သည် နတ်ကြီးသည့်တောင်ဟု ဆိုရမည်။ တောင်ကိုတက်မိလျှင် မရပ်ချင်လောက်အောင် ဖြစ်မိသည်ဟုဆိုသည်။ ဒေသခံတွေက အာဗင်၏ ဝိညာဉ်နှင့် အခြားတောင်တက်စဉ် သေဆုံးသူ လူ ၂၀၀ ခန့်၏ တစ္ဆေများ ခြောက်လှန့်နေဆဲဖြစ်သည်ဟုဆိုသည်။

တောင်ပေါ်တွင် ရေခဲတွေ ဖုံးလွှမ်းနေသည့် အလောင်းတွေ မည်မျှရှိနေသည်မသိ။ သို့သော် တောင်ကြောတစ်လျှောက် ရင်ခွဲရုံကြီးတစ်ရုံလိုဖြစ်နေသည်။ အလွန်ကြေကွဲစရာကောင်းသည့် အဖြစ်အပျက်တစ်ခုမှာ အိန္ဒိယတောင်တက်သမား ဆီဝမ်ပါဂျာဆိုသူကို နှင်းတွေဖုံးလွှမ်းထားသည့် အနေအထားဖြင့် ရှာဖွေတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ 

တောင်တက်သမားများသည် တောင်ကြော၏ မြောက်ပိုင်းကို အဓိကထားပြီးတက်ကြသည်။ ဆီဝမ်ပျောက်သွားသည်မှာ ၂၀၁၄ ခုနှစ်က ဖြစ်သည်။ သူ့ကို ပြန်တွေ့သောအခါ ၂၀၁၇ ခုနှစ်တွင်ဖြစ်သည်။ သူ့ခြေထောက်တွင်စီးထားသည့် အစိမ်းရောင်ဖိနပ်ကို သဲလွန်စအဖြစ်တွေ့ပြီးမှ အလောင်းကို ရှာတွေ့ရခြင်းဖြစ်သည်။ သို့သော် ဧဝရက်တောင်သည် ယနေ့တိုင် စွန့်စားလိုသူများကို ဖမ်းစားနေဆဲဖြစ်သည်။



သရဲခြောက်သော ခံတပ်

Akershus Castle ရဲတိုက်ကို အလယ်ခေတ်က ခံတပ်ကြီးအဖြစ်လည်း အသုံးပြုခဲ့ကြသည်။ ၁၃၀၀ ပြည့်နှစ်က တည်ဆောက်ခဲ့ပြီး မြေအောက်အကျဉ်းခန်းများ၊ ထမင်းစားခန်းမ၊ စုဝေးခန်း၊ ဆုတောင်းခန်းတွေလည်း ပါဝင်ခဲ့သည်။ တစ်ချိန်က ယင်းရဲတိုက်ကြီးကို အကျဉ်းသားများထားသည့်နေရာအဖြစ်လည်း အသုံးပြုခဲ့သည်။

Akershus ရဲတိုက်ကြီးသည် နော်ဝေနိုင်ငံတွင် သရဲအခြောက်ဆုံးနေရာအဖြစ် လူတွေက စိတ်ဝင်စားကြသည်။ ယခင်က ဤရဲတိုက်ဝင်းအတွင်း ဘုရင်များစွာကို မြှုပ်နှံခဲ့ကြသည်။ အထင်ရှားဆုံး သရဲခြောက်မှုမှာ ငရဲခွေးကြီးတစ်ကောင်ကို တွေ့ရခြင်းဖြစ်သည်။ ထိုခွေးကြီးက ယနေ့တိုင် ရဲတိုက်အတွင်း လှည့်လည်နေသည်ကို တွေ့ကြရသည်။ 

ထိုခွေးကြီးကို ရဲတိုက်အဝင်ဝနေရာတွင် အစောင့်အဖြစ် အရှင်လတ်လတ်မြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ထိုခွေးကြီးက အချိန်မှန်ပေါ်လာသည်ကို စောင့်ကြည့်သူတွေရှိပြီး အစောင့်စစ်သားတွေကိုလည်း တစ်ခေတ်က အဝတ်အစားများဖြင့် တွေ့သူတွေက တွေ့ကြသည်။



သရဲခြောက်သည့်ပြတိုက်

Reina Sofia ပြတိုက်ကြီးသည် စပိန်နိုင်ငံ မက်ဒရစ်မြို့တွင်ရှိသည်။ ၁၇ ရာစုက ဆေးရုံအဖြစ် အသုံးပြုခဲ့သည်။ ထိုခေတ်က လူနာများကို ပြုစုပေးသူများမှာ ဘာသာရေးခေါင်းဆောင်များဖြစ်သည်။ ယနေ့ ထိုပြတိုက်ကို လာရောက်လေ့လာသူများသည် ပြတိုက်အတွင်း လှည့်လည်သွားလာနေသည့် သီလရှင်များကို တွေ့ရသည့်အပြင် ကြောက်စရာကောင်းသည့် အော်သံများကိုပါ ကြားနေရခြင်းဖြစ်သည်။

တစ်ခါတစ်ရံတွင် ဓာတ်လှေကားတွေက သူ့အလိုလို အတက်အဆင်းတွေ လုပ်နေသည်။ ကြည့်လိုက်လျှင် မည်သူမှမရှိ။ စပိန်နိုင်ငံ ထူးဆန်းသောနေရာအဖြစ် ခရီးသွားများက စိတ်ဝင်စားကြသည်။ ထိုပြတိုက်ကြီး၏ အစိတ်အပိုင်းတစ်ခုကို ကော်ဒိုဗာတက္ကသိုလ်အဖြစ် ဖွင့်လှစ်ထားသည်။ ကျောင်းသားတွေက ခေါင်းပြတ်သရဲတွေကို မြင်ရသည်ဟုဆိုသည်။ သေသွားသည့် ဆရာတွေကို တွေ့သူတွေလည်းတွေ့ကြသည်။ ယနေ့တိုင် ထူးဆန်းသည့်နေရာတစ်နေရာအဖြစ် စိတ်ဝင်စားနေကြသည်။

(Ref: The World You Don’t Want To Visit)