News

POST TYPE

TRAVEL LOG

ကမ္ဘာတစ်လွှား ထူးဆန်းသော အထိမ်းအမှတ် ရုပ်တုများ
05-Apr-2018



ဝါပိုးရုပ်တု

မြို့ကြီးများတွင် အများအားဖြင့် တွေ့ရမည့် ရုပ်တုများသည် သမိုင်းဝင်ပုဂ္ဂိုလ် အကျော်အမော်တို့၏ ရုပ်တုများ ဖြစ်နိုင်ပါသည်။ သို့သော် ပိုးကောင်တစ်ကောင်ကို ရုပ်တုအထိမ်းအမှတ်အဖြစ် ပြုလုပ်ထားသည်ဆိုခြင်းက ထူးခြားလှသည်။ 

အမေရိကန်ပြည်ထောင်စု၊ အယ်လ်ဘာမားပြည်နယ် စက်မှုဇုန်ဒေသသို့ရောက်လာသောသူများသည် မြို့လယ်တွင် ထူးဆန်းသော ရုပ်တုတစ်ခုက ဝါသီးပိုးကောင်ကို ကိုင်မြှောက်ထားသည်အား တွေ့မြင်ကြရမည်ဖြစ်သည်။ ထိုရုပ်တုကို (Boll Weevil Monument) ဟု ခေါ်ကြသည်။ 

အမျိုးသမီးတစ်ယောက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝါပိုးကောင်တစ်ကောင်ကို ဦးခေါင်းထက်တွင် ကိုင်မြှောက်ထားခြင်းဖြစ်သည်။ ထိုရုပ်တုကို ၁၉၁၉ ခုနှစ်ကတည်းက ထုလုပ်ပြီး မြို့လယ်တွင်ထားခြင်းဖြစ်သည်။ ဒေသခံတောင်သူလယ်သမားများ၏ ဇွဲ လုံ့လဝီရိယရှိမှုကို ဂုဏ်ပြုကာ ထုလုပ်ထားရှိခြင်းဖြစ်သည်။ 

ထိုဒေသတွင် တစ်ချိန်က ဝါဖျက်ပိုးတွေ သောင်းကျန်းလွန်းသဖြင့် ဝါပင်တွေပျက်စီးပြီး တောင်သူလယ်သမားများ ဒုက္ခရောက်ကြရသည်။ ထိုအချိန်တွင် လယ်သမားတွေက ဝါပင်များအစား မြေပဲတွေပြောင်းစိုက်ကြရာ ဝါပင်စိုက်ပျိုးခြင်းထက် အကျိုးအမြတ်များစွာရပြီး ချမ်းသာသွားကြသည်။

ထိုရုပ်တုကို အဓိကကျသည့် မြို့တော်မင်းလမ်းအလယ်တွင် စိုက်ထူထားသည်။ နှစ်စဉ် ဤအရပ်သို့ ဧည့်သည်များစွာ လာရောက်ကြပြီး ထိုအထိမ်းအမှတ်ရုပ်တုကို ကြည့်ရှုကြသည်။ ဝါပိုးများ ဒုက္ခပေးသော်လည်း ဝါပိုးကြောင့် ဒုက္ခမရောက်ဘဲ၊ ချမ်းသာသွားသောကြောင့် ဤအထိမ်းအမှတ်ရုပ်တုကို စိုက်ထူခဲ့ရသည်ဆိုသော စာတန်းကိုလည်း ရေးထိုးထားကြသည်။



ဝမ်းချူတံ

ဝမ်းချူတံနှင့်ဘောလုံးကို အထိမ်းအမှတ်အဖြစ် သွန်းလုပ်ထားသည့် ရုပ်တုမှာ ရုရှားနိုင်ငံတောင်ပိုင်း၊ ဇီလက်နိုဗိုဒက်ဆိုသည့်မြို့တွင်ရှိသည်။ ရှေးခေတ် ဝမ်းချူတံနှင့်အလုံးကို ထမ်းထားသည် အရုပ်လေးများမှာ ၅ ပေစီမြင့်ကြပြီး၊ အရုပ်အားလုံးကို ပေါင် ၈၀၀ ခန့် ကြေးများဖြင့်သွန်းလုပ်ကာ ရုပ်တုအဖြစ် ထုလုပ်ထားခြင်းဖြစ်သည်။ အရုပ်လေးသုံးရုပ်မှာ ဝကစ်ကစ်နှင့် ချစ်စရာကောင်းသည့် ဝတ်လစ်စားလစ် ကောင်းကင်တမန်လေးများဖြစ်ကြသည်။

ထိုရုပ်တုကို Mashuk-Akva Term Spa ဆိုသည့် အဆောက်အအုံကြီးရှေ့တွင် ဂုဏ်ယူစွာ ပြသထားခြင်းဖြစ်သည်။ ထိုအဆောက်အအုံကြီးမှာ ဝမ်းဗိုက် ပိုင်းဆိုင်ရာရောဂါများကို ကုသပေးနေသည့် ဆေးရုံကြီးလည်း ဖြစ်သည်။ 

ဝမ်းချူတံကြောင့်ပင် လူအများသည် ရောဂါဝေဒနာများက ပျောက်ကင်းသက်သာကြရပြီး ဒေသခံတို့ကို အဆင်ပြေစေသည်ဟုယူဆကာ ထိုပုံကို အထိမ်းအမှတ်အဖြစ် ထုလုပ်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ထိုရုပ်တုကို သွန်းလုပ်ခဲ့သည့်အတွက် ကုန်ကျငွေမှာ ဒေါ်လာ ၄၂,၀၀၀ ခန့်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် စိုက်ထူခဲ့ကြသည်။ လူတွေစိတ်ဝင်စားမှုကို ရခဲ့သည်။ ထိုရုပ်တုအနီးတွင်လည်း ဝမ်းချုပ်နေသလား ဝမ်းချူတံကို သုံးလိုက်ပါလားဆိုသည့်စာသားကို ရေးထားသေးသည်။ 

ထိုရုပ်တုကို တည်ဆောက်သည့် အမျိုးသမီးက စိတ်ကူးထဲတွင် ဇောက်တိဇောက်ထိုးနှင့် ဟာသဆန်ဆန်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကောင်းကင်တမန် နတ်ရုပ်လေးသုံးရုပ်ကတော့ အီတလီ ရီနေးဆန်းခေတ်ကို အမှတ်ရစေရန် ပြန်လည်ဖော်ဆောင်ပေးခြင်းဟု ဆိုသည်။


 
ဦးစိုက်ငါးမန်း

အင်္ဂလန်၊ အောက်စ်ဖို့ဒ်အရပ်၊ ဟက်ဒင်တန်မြို့၊ နယူးဟိုက်လမ်းရှိ အိမ်ကြီးတစ်လုံး၏ ခေါင်မိုးပေါ်တွင် ဦးစိုက်ကာ အိမ်ခေါင်မိုးကို ထိုးဖောက်နေသည့် ငါးမန်းတစ်ကောင်ကို တွေ့ရမည်ဖြစ်သည်။ အေးချမ်းသော ထိုရပ်ကွက်တွင် ၂၅ ပေခန့်မြင့်သော ဖိုက်ဘာမှန်သားနှင့်ပြုလုပ်ထားသည့် ငါးမန်းကြီး၏ ခေါင်းနစ်ဝင်နေဟန်မှာ ထူးဆန်းသဖြင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်ကြည့်ရှုကြသည်။ 

ထိုငါးမန်းကြီးကို အိမ်ခေါင်မိုးတွင် တပ်ဆင်ထားသည့်မှာ ၁၉၈၆ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ဖြစ်သည်။ ထိုနေ့သည် ဂျပန်နိုင်ငံ နာဂါဆာကီကျွန်းကို ဗုံးကြဲသည့် ၄၁ နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ အဏုမြူဗုံးဆိုသည့် လူသားမျိုးတုံးစေနိုင်သော ဗုံးလက်နက်ကို အသုံးပြုကာ လူသားတို့ကို ပြန်လည်နှိမ်နင်းခဲ့ခြင်းကို ဆန့်ကျင်သည့် အထိမ်းအမှတ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

ဒေသခံ အုပ်ချုပ်ရေးကောင်စီက ထိုသို့ထူးဆန်းပြီး ကြောက်စရာကောင်းသည့် ပြကွက်မျိုးကို အိမ်တွင် လုပ်ပြထားခြင်းအား ဖယ်ရှားပေးရန် မတောင်းဆိုကြပေ။ ဗြိတိန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ငါးမန်းများကို မျိုးမပြုတ်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် နှိုးဆော်သည့်အထိမ်းအမှတ်အဖြစ် နှိုးဆော်လိုက်သောကြောင့် မူလရည်ရွယ်ချက်ပျောက်ကာ ပိုစိတ်ဝင်စားစရာ ဖြစ်သွားခဲ့သေးသည်။ 

နှစ်စဉ် ထိုအရပ်သို့ ကမ္ဘာလှည့်ခရီးသည်များစွာ ရောက်လာကြသည်။ ငါးမန်းကြီးကို စိုက်ထူခဲ့သည့်နေ့ အထိမ်းအမှတ် လာလုပ်ကြခြင်းဖြစ်သည်။ ဩဂုတ်လ ၉ ရက်နေ့တွင် ထိုနေရာကို ရောက်လာသူတွေကို မုန့်များနှင့် စားသောက်စရာများဖြင့် ဧည့်ခံတတ်ကြသည်။ ထိုအိမ်ပိုင်ရှင်က The Hunting of the Shark ဆိုသည့် စာအုပ်ကိုရောင်းပြီး လက်မှတ်ရေးထိုးပေးသည်။ ထိုအိမ်ကို စိတ်ဝင်စားသူများကို အိမ်ရှင်က တစ်လလျှင် စတာလင်ပေါင် ၂၀၀၀ ဖြင့် အိမ်ငှားခြင်းကို ၂၀၁၄ ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ 

အိမ်ရှင်ကိုယ်တိုင်ကလည်း လာရောက်ကြည့်ရှုသူများကို ဓာတ်ပုံပေးရိုက်ခြင်း၊ ထိုငါးမန်းရုပ်အကြောင်းများကို ရှင်းပြခြင်းများအား ပြုလုပ်ပေးသည်။ သူ့အိမ်ကိုလာငှားနေမည့်သူများကို တိရစ္ဆာန်များ မခေါ်လာရန်တော့ တားမြစ်တတ်သည်။



ဂျင်မီကာတာမြေပဲ

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာမြေပဲ (Jimmy Carter Peanut) ရုပ်တုသည် ၁၃ ပေခန့် မြင့်သည်။ သူ၏ ထင်ရှားသည့်အပြုံး သရုပ်ဖော်သွားတွေချည်း သက်သက်ဖြစ်ပြီး မျက်လုံးမပါပေ။ ထိုမြေပဲ ရုပ်တုကြီးကို ဂျော်ဂျီယာပြည်နယ်၊ ပလိန်းအရပ် လမ်းမကြီးဘေးတွင် စိုက်ထူထားခြင်းဖြစ်သည်။ 

ထိုရုပ်တုကို ၁၉၇၆ ခုနှစ်က ဂျင်မီကာတာသည် အင်ဒီယာနာပြည်နယ်ကို မဲဆွယ်စည်းရုံးစဉ် ရောက်ခဲ့သည့် အထိမ်းအမှတ်ဖြင့် ဂုဏ်ပြုကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုမြေပဲရုပ်တုသည် သူ့ကို ဂုဏ်ပြုခြင်းသက်သက်သာမက သူသည် သမ္မတမဖြစ်မီက မြေပဲစိုက်သည့် တောင်သူလယ်သမားဖြစ်ခဲ့သည်ဆိုခြင်းကိုပါ ဂုဏ်ပြုစိုက်ထူထားခြင်းလည်းဖြစ်သည်။ 

ကာတာသည် သမ္မတဖြစ်သွားပြီးနောက် သူ အစိုးရအဖြစ် အုပ်ချုပ်စဉ်ကာလများအတွင်း၌လည်း သွားဖြီးပြီး ပြုံးနေသည့်ပုံများက ခေတ်စားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်က ထိုမြေပဲရုပ်တုကြီးကို ကားတစ်စီးက ဝင်တိုက်သွားသည်။ တုံးလုံးလဲကျသွားသည်။ သို့သော် ဒေသခံများက ပြန်လည်ပြုပြင်စိုက်ထူခဲ့ကြသည်။ ယနေ့တိုင် ဤမြေပဲရုပ်တုကြီးအနီးမှ ဖြတ်သွားသူတိုင်း အထိမ်းအမှတ်အဖြစ် ဓာတ်ပုံများ ဆင်းရိုက်နေကြသည်။



ဂျေဂျူးအချစ်ကျွန်း

တောင်ကိုရီးယားနိုင်ငံ ဂျေဂျူးကျွန်းတွင် ထူးဆန်းသည့်အချစ်ကျွန်းဟု အမည်ပေးထားသော ပန်းခြံတစ်ခြံရှိသည်။ ထိုပန်းခြံကို Jeju Loveland ဟုခေါ်ပြီး လိင်ပိုင်းဆိုင်ရာ အသားပေးရုပ်တုများကြောင့် ကမ္ဘာလှည့်ခရီးသည်များ သွားရောက်ကြည့်ရှုလေ့ရှိသည်။ 

ထိုပန်းခြံကို ၂၀၀၄ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ ကာမစိတ်ကို နှိုးဆွစေသည့် ရုပ်တုပေါင်း ၁၄၀ ကျော်ကို ထိုပန်းခြံထဲတွင် ထည့်သွင်းပြသထားသည်။ လူနှင့် တိရစ္ဆာန်ရုပ်တုတွေ ပါဝင်သည်။ သူတို့ဤပန်းခြံကို ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံသည့်ကိစ္စများကို သဘာဝအလှတရားတစ်ခုအဖြစ် ကြည့်မြင်ခံစားနိုင်စေရန်ဖြစ်သည်ဟု ဆိုသည်။ 

ထိုပန်းခြံသည် ဘောလုံးကွင်းနှစ်ကွင်းစာခန့် ကျယ်သည်။ ပန်းခြံတစ်ပတ်လျှောက်ကြည့်လျှင် အနည်းဆုံး တစ်နာရီခန့် အချိန်ယူရသည်။ ထိုပန်းခြံထဲရှိ ရုပ်တုများကို ဆိုးလ်မြို့ရှိ ဟုန်ဂစ်တက္ကသိုလ်မှ ကျောင်းသားများက ဖန်တီးထားကြခြင်းဖြစ်သည်။ သူတို့ကလည်း ပညာရေးဘက်ကကြည့်ပြီး အနုပညာအရ တီထွင်လုပ်ဆောင်ခြင်းဟုဆိုသည်။ 

တောင်ကိုရီးယားနိုင်ငံ စုံတွဲများနှင့် လက်ထပ်ပြီးသူများသည် ဟန်းနီးမွန်းခရီးစဉ်အဖြစ်လည်း အချစ်ကျွန်းကို လာတတ်ကြသည်။ အချို့ကလည်း လိင်ပညာပေးရေးအတွက် အထိရောက်ဆုံးနေရာဟုဆိုကြသည်။ ထိုပန်းခြံကို ကလေးများလည်း ခေါ်လာပြီး အပန်းဖြေသူတွေရှိသည်။

(Ref: Unusual Statues And Monuments From Around The World)