News

POST TYPE

TRAVEL LOG

ကမ္ဘာ့ထူးဆန်းသော ပင်လယ်ကမ်းခြေများ
17-Mar-2018

နွေရာသီလိုကာလရောက်လာပြီဆိုလျှင် လူတိုင်း ပင်လယ်ကမ်းခြေလို နေရာမျိုးကို သွားချင်ကြသည်။ ပူနွေးသော နေ၊ အေးမြသောလေနှင့် ဆားငန်ရေအရသာများကို ထိတွေ့ခံစားချင်ကြသည်သာဖြစ်သည်။ ကမ္ဘာပေါ်တွင် ထူးခြားသော ပင်လယ်ကမ်းခြေနေရာများရှိနေပါသည်။ ထိုထူးဆန်းမှုများက လူတို့ကို ပိုမိုဆွဲဆောင်ပြီး သွားရောက်လည်ပတ်စရာနေရာများ ဖြစ်ခဲ့ရပါသည်။

ပုန်းကွယ်နေသော ကမ်းခြေ



ပေါ်တူဂီနိုင်ငံ Algar de Benagil ကမ်းခြေကို ပုန်းကွယ်နေသော ပင်လယ်ကမ်းခြေဟု ခေါ်ပါသည်။ Algarve ကမ်းခြေတွင်ရှိပြီး ထူးဆန်းစွာ ဖြစ်တည်နေသည့် နေရာတစ်နေရာဖြစ်သည်။ လူတို့က ထိုကမ်းခြေတွင် တွင်းနက်ကြီးတစ်ခုကို တွေ့ရမည်ဖြစ်သည်။ ကျောက်ဆောင်ပေါ်ရှိ တွင်းနက်ချောက်ကြီးထဲတွင် လှိုင်းပုတ်သံများ တဝေါဝေါနှင့် ပင်လယ်ကမ်းခြေအတိုင်း ကြားနေရမည်ဖြစ်သည်။ အနီးတွင် ပင်လယ်ရှိသလိုမျိုး လှိုင်းသံတွေ တဝုန်းဝုန်းကြားနေရသည်။ ထိုတွင်းနက်ကြီးအောက်တွင် ပင်လယ်ကြီးတစ်ခုရှိနေသည်ဟုသာ ယူဆကြသည်။ 

Algar de Benagil သည် သဘာဝအတိုင်းဖြစ်နေသည့် လိုဏ်ဂူအခေါင်းပေါက်ကြီးတစ်ခုဖြစ်သည်။ တစ်ချိန်က ရေလှိုင်းများတိုက်စားပြီး ဖြစ်ခဲ့သည့် နေရာတစ်နေရာဟု ယူဆရသည်။ ထိုလိုဏ်ခေါင်းကြီးသည် ကျောက်ဆောင်အမိုးတွင်ရှိနေပြီး နေ့ခင်းနေသာ ချိန်ငုံ့ကြည့်လိုက်လျှင် သဲသောင်ပြင်နှင့် ကမ်းခြေကို တွေ့ရသည်ဟုဆိုသည်။ ထိုလိုဏ်ဂူနှင့် ပင်လယ်သည် ဆက်စပ်နေသည်ဟု ယူဆရသည်။ လူများက ထူးဆန်းသည့်လိုဏ်ဂူကြီးနှင့် ပင်လယ်ရေများ၊ ကျောက်ဆောင်များကြား ဝင်လာပုံတို့ကို နားထောင်ရန် ရောက်လာကြသည်။ 

ရေပူကမ်းခြေ



နယူးဇီလန်နိုင်ငံ Coromandel ကျွန်းဆွယ်ကမ်းခြေကို ရောက်လာသူတိုင်း ရေပုံးနှင့် ဂေါ်ပြားလေးတွေ ယူလာကြသည့် မြင်ကွင်းကို တွေ့နိုင်ပါသည်။ သူတို့သည် သူတို့ကိုယ်ပိုင် ရေနွေးစိမ်ကန်လေးများကို တည်ဆောက်လိုသောကြောင့်ဖြစ်သည်။

ထိုကမ်းခြေက ရေပူကမ်းခြေအဖြစ် နာမည်ကျော်သည်။ ထူးဆန်းစွာ ဖြစ်တည်နေသည့် နေရာတစ်နေရာလည်းဖြစ်သည်။ လှိုင်းများ ပြန်ကျသွားသည့်အခါတွင် သဲပေါ်တွင် ရေများ ပွက်ပွက်ဆူကာ ကျန်ခဲ့သည်ကို မြင်နိုင်ကြသည်။ ထိုသဲပွက်များကို သွားကိုင်ကြည့်လိုက်လျှင် ပူနေလိမ့်မည်။ ထိုနေရာများမှ သဲများကို တူးလိုက်လျှင် ထွက်လာသောရေများက ပူနွေးနေသည်။ အောက်ခြေတွင် ရေနွေးစီးကြောင်းကြီးတစ်ခု ရှိနေသည်ဟု ယူဆကြသည်။ 

ကမ်းခြေတွင် လှိုင်းများ ပြန်ကျသွားသည်နှင့် လူတွေက ထိုနေရာကို ဂေါ်ပြားတွေနှင့် ရောက်လာပြီး သဲတွေကို ကျင်းဖြစ်အောင်တူးကာ ထွက်လာသော ရေပူတွင်စိမ်ကြသည်။ ဂေါ်ပြားများကို ဟိုတယ်များမှ ငှားလာနိုင်ကြသည်။ ကမ်းခြေနှင့် နီးသည့်ဟိုတယ်များကလည်း သဲပြင်ကထွက်သည့် ရေများကိုတူးထားပြီး သူတို့ဟိုတယ်အမည်များပေးကာ သဘာဝရေနွေးစိမ်ကန်များအဖြစ် ဖန်တီးပေးထားကြသည်။ 

လှိုင်းတွေတက်လာလျှင် တူးထားသည့်သဲတွေ ပြန်ပျောက်သွားမည်။ ရေနွေးတွေကိုလည်း ပင်လယ်ရေတွေက ဖုံးအုပ်သွားလိမ့်မည်။ လူတွေက ရေကျချိန်ကို ပြန်စောင့်သည်။ ရေကျလျှင် သဲတွေတူးပြီး ရေနွေးစိမ်ကြပြန်သည်။ 

ကုန်းတွင်းကမ်းခြေ



ကမ်းခြေဆိုသည်မှာ လူအများသိထားသည်က ပင်လယ်နှင့် ထိစပ်နေသည့် ကမ်းနေရာဖြစ်သည်။ စပိန်နိုင်ငံ Gulpiyuri ကမ်းခြေကတော့ ကုန်းတွင်းပိုင်း ကျွန်းအတွင်းရှိနေသည့် ထူးဆန်းသော ကမ်းခြေတစ်ခုဖြစ်နေသည်။ ယင်းကုန်းတွင်းကမ်းခြေက ပင်လယ်မှ ပေ ၃၃၀ အကွာတွင် ရှိနေပြီး ကျောက်ဆောင်နှင့် တောင်ကြားတွင် ထူးဆန်းစွာ ဖြစ်တည်နေသည်။ ပင်လယ်ထဲကရေများ ပြည့်လာလျှင် ကုန်းတွင်းပိုင်း ပင်လယ်ကလည်း သဲတွေကို ရေတွေဖုံးသွားသည်။ ပင်လယ်သေးလေးအဖြစ် ကုန်းတွင်း၌ ထူးဆန်းစွာ ဆက်စပ်တည်ရှိနေခြင်း ဖြစ်သည်။

Gulpiyuri နေရာသည် ပင်လယ်ပြင်ကြီးနှင့် လိုဏ်ဂူများ၊ ရေလမ်းကြောင်းများနှင့် ဆက်စပ်နေရမည်သာဖြစ်သည်။ ရေခဲခေတ်တွင် ဖြစ်တည်ခဲ့သည့် ပင်လယ်သေးလေးတစ်ခုဖြစ်ပြီး ရှေးခေတ်ကတည်းက “ရေသံသရာစက်ဝိုင်း”ဟု ခေါ်ဆိုခဲ့ကြသည်။ Gulpiyuri ဆိုသည်ကလည်း ထိုအဓိပ္ပာယ်ဖြစ်သည်။ ကမ္ဘာ့အသေးဆုံး ကမ်းခြေတစ်ခုအဖြစ် နာမည်ကျော်သည်။ စိမ်းလန်းသော မြက်ခင်းပြင်ကြီးများနှင့် ဆက်စပ်နေသောကြောင့် ပိုပြီးထူးခြားသော ကမ်းခြေဖြစ်နေရသည်။ ကျောက်ဆောင်၊ သဲပြင်၊ လှိုင်းများအားလုံးကို ကုန်းတွင်းပိုင်းတွင် ခံစားနိုင်သောနေရာအဖြစ် လည်ပတ်ကြသည်။ 

ပျောက်ဆုံးနေသောပင်လယ်



ပင်လယ်ကမ်းခြေဆိုသည်မှာ လှိုင်းများကျသွားလျှင် သဲသောင်ခုံကြီးပေါ်လာပြီး လမ်းကောင်းစွာလျှောက်၊ ပြေးလွှားဆော့ကစားစရာ နေရာတစ်နေရာ ဖြစ်ပါသည်။ ပင်လယ်လှိုင်းများ၏ အသံကလည်း ကိုယ့်ကို မည်သည့်နေရာရောက်နေကြောင်း သတိပေးနေသလိုဖြစ်သည်။

အိန္ဒိယနိုင်ငံ Chandipur ကမ်းခြေတွင် တစ်ရက်လျှင် နှစ်ကြိမ် လှိုင်းလုံးလေးများတက်လာပြီး ပင်လယ်ကြီးကတော့ ပျောက်သွားတတ်သည်။ ကျယ်ပြောသော သဲသောင်ပြင်ကြီးသာကျန်ခဲ့ပြီး ရေပျောက်၊ လှိုင်းပျောက်တွေ ဖြစ်သွားတတ်သည်။ သဲသောင်ပြင်ကလည်း ၃ မိုင်ကျော်ကျော် ကျယ်သည်။ ထိုသဲသောင်ပြင်တွင် ကမ္ဘာလှည့်ခရီးသည်များနှင့် ဒေသခံများ လမ်းလျှောက်ကြ၊ စက်ဘီးတွေ စီးကြသည်။

သဲသောင်ပေါ်တွင် ကဏန်းကောင်အနီလေးများနှင့် ပင်လယ်သတ္တဝါလေးများလည်း တွေ့ရသည်။ တစ်ရက်လျှင် ရေက နှစ်ကြိမ်သာရောက်လာပြီး ကျန်အချိန်များတွင် သဲသောင်ပြင်ကြီးဖြစ်နေသည်။ လူတွေက ပင်လယ်ကြီးပြန်ပေါ်လာမည့်အချိန်ကို စောင့်ကြည့်ကြသည်။ ပင်လယ်ကြီး ပြန်ပေါ်လာချိန်တွင် သူတို့ စက်ဘီးစီး၊ လမ်းလျှောက်ခဲ့သည့် သဲသောင်ပြင်က ရေပြင်ကြီးပြန်ဖြစ်သွားသည်။ ထို့နောက် ပြန်ပျောက်သွားသည်။

ဖန်ကမ်းခြေ



ကမ်းခြေတစ်ခုလုံး ကြည့်လိုက်လျှင် ပုလင်းကွဲတွေ ပုံထားသလို မြင်နေရပေလိမ့်မည်။ လူတွေ စည်းမဲ့ကမ်းမဲ့ ပုလင်းကွဲတွေ ပုံထားခဲ့သည့်နေရာဟု ထင်ရလောက်အောင် ရောင်စုံ ဖန်ကျောက်တုံးတွေက ကမ်းခြေတွင် စုပုံနေသည်။

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားရှိ Fort Bragg ကမ်းခြေနေရာသည် ရောင်စုံ သလင်းဖန်ကျောက်တုံးများ ထူးဆန်းစွာ စုပုံဖြစ်ထွန်းနေသည့် နေရာတစ်နေရာဖြစ်သည်။ ထိုကမ်းခြေတွင် တစ်ချိန်က ဒေသခံများသည် အမှိုက်များ၊ စွန့်ပစ်ကားများကို လာထားကြသည်။ နှစ်ပေါင်းများစွာ သူတို့စွန့်ပစ်ထားသည့် ပုလင်းများ၊ ဖန်ခွက်များ ပစ္စည်းများကို လှိုင်းများက တိုက်စားပြီး ဤသို့အရောင်အသွေးမျိုးစုံသော သဘာဝပစ္စည်းများအဖြစ် ပြောင်းလဲပေးလိုက်သည်ဟုလည်း ယူဆနေကြသည်။ ယခုအခါ ထိုကမ်းခြေကို ဥပဒေထုတ်ပြီး ကမ်းခြေတွင်ဖြစ်နေသော သဘာဝဖန်သလင်းတုံးများကို ယူဆောင်ခြင်းမပြုရန် တားမြစ်ထားကြသည်။

လူတွေက ကြည့်လိုက်လျှင် ထူးဆန်းသော သလင်းကျောက်တုံးသဏ္ဌာန်များကို မြင်တွေ့နေရသောကြောင့် စိတ်ဝင်စားကာ ရောက်လာကြသည်။ ဆိုက်ဘေးရီးယားရှိ Ussuri ပင်လယ်အော်တွင်လည်း ဒေသခံ ဖန်ချက်စက်ရုံက စွန့်ပစ်ထားသော ဖန်ကွဲစများကြောင့် လှပသည့်ကမ်းခြေကြီးတစ်ခု ဖြစ်သွားရသည့် သာဓကများရှိသည်။ ကျောက်တုံးနှင့် ဖန်စများရောသမပြီး သဘာဝဖန်ကျောက်တုံးကမ်းခြေကလည်း လူများကို ဆွဲဆောင်မှုတစ်ခုဖြစ်စေသည်။

နဂါးဥကမ်းခြေ



နယူးဇီလန်နိုင်ငံတွင် ထူးဆန်းသော သဘာဝနေရာပေါင်းများစွာအနက် Dragon Egg ကမ်းခြေသည် ထင်ရှားသည်။ ဒဏ္ဍာရီရုပ်ရှင်များထဲကအတိုင်း ထူးဆန်းစွာဖြစ်နေသော ကျောက်တုံးကြီးများကို ကမ္ဘာလှည့်ခရီးသည်တွေက လာကြည့်နေကြသည်။

Koekohe ကမ်းခြေတွင် ကြီးမားသော ကျောက်တုံးကြီးများသည် ရေတိုက်စားပြီး တွင်းချိုင့်ကြီးများအလယ်တွင်ဖြစ်ကာ ထူးဆန်းစွာ တည်ရှိနေသည်။ Moeraki ဟုခေါ်သည့် ကျောက်တုံးဥကြီးများသည် လွန်ခဲ့သော နှစ်ပေါင်း သန်း ၆၀ လောက်ကတည်းက ဖြစ်ထွန်းခဲ့ပြီး သဲ၊ ရွှံ့၊ ထုံးတို့ဖြင့် ရောနှောပေါင်းစပ်ထားသော ကျောက်တုံးကြီးများဖြစ်သည်။ မြေအောက်က ရေတိုက်စားသဖြင့် ပေါ်လာသည့်အသွင်ရှိပြီး ကမ်းခြေသို့ အနီးရှိ ကျောက်တောင်ကြီများမှ လိမ့်ကျလာသည်ဟုလည်း ယူဆရသည်။ 

ကျောက်တုံးကြီးများတွင် အက်ရာများရှိနေပြီး ဥလုံးကြီးများအသွင် ထူးဆန်းစွာရှိနေသည်။ ထိုကျောက်တုံးကြီးများပတ်လည်တွင် တစ်ချိန်က ကနူးလှေပျက်များကိုလည်း တွေ့ကြရသည်။ ရှေးခေတ်လူများ ဤကျောက်တုံးကြီးများထဲတွင် နေထိုင်ခဲ့ကြသည်ဟုလည်း ယူဆကြသည်။

E-01

(Ref : Strangest Beaches In The World, Ben Gazur)