News

POST TYPE

TRAVEL LOG

စစ္စလီကျွန်း၏ ထူးခြားချက်များ
03-Mar-2018

အီတလီနိုင်ငံ စစ္စလီကျွန်းဟု ပြောလိုက်လျှင် Mafia, Cosa nostra, The octopus, The plague စသည့် နာမည်ကျော်ဝတ္ထုကြီးများကို ချက်ချင်းပြေးမြင်လိုက်မည်ထင်သည်။ မည်သို့ဆိုစေ စစ္စလီကျွန်းဟုဆိုလိုက်သည်နှင့် ကြောက်စရာကောင်းသည့် ရာဇဝတ်မှုများ ကိန်းအောင်းရာနယ်မြေအဖြစ် ပြေးမြင်မိကြပေလိမ့်မည်။ ဟောလိဝုဒ်ရုပ်ရှင်တွေကလည်း စစ္စလီကျွန်းအကြောင်းရိုက်လျှင် ဒုစရိုက်ဂိုဏ်းအကြောင်းတွေကို အခြေခံကြသည်။ စစ္စလီကျွန်းတွင် မာဖီးယားဂိုဏ်းသားတွေ အမှန်တကယ်ရှိနေပြီး လူသတ်မှုများ ကျူးလွန်နေသည်ဆိုခြင်းမှာ မှန်သင့်သလောက် မှန်သော်လည်း ဝတ္ထုများ၊ ရုပ်ရှင်များထဲကလောက်မဆိုးပါ။ စစ္စလီကျွန်းတွင်လည်း သဘာဝအလှအပများနှင့် ထူးခြားမှုများစွာ ရှိနေပါသည်။ 



ပုဏ္ဏကတိုက်တဲ့မြို့

၂၀၀၄ ခုနှစ်က စစ္စလီကျွန်းရှိ ကန်နက်တို ဒီကာရိုနီးယားဆိုသည့် ရွာလေးတွင် ထူးဆန်းသည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်။ “ကန်နက်တိုမီးလောင်မှု” ကြောင့် တစ်ရွာလုံး တုန်လှုပ်ချောက်ချားကုန်ကြသည်။ စတင်ပြီးမီးလောင်သည်မှာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က ဖြစ်သည်။ ထိုဆိုင်က အလိုအလျောက် မီးထလောင်ခြင်းဖြစ်သည်။ 

ဆိုင်တွင်းရှိ လျှပ်စစ်ဝါယာကြိုးများကို မှားယွင်းဆင်မိသောကြောင့်လားဟု ထင်ကြသည်။ မီးပလပ်ခုံတွင် မတပ်ထားသည့် လျှပ်စစ်ပစ္စည်းတွေလည်း မီးထတောက်သည်။ လျှပ်စစ်ပစ္စည်းမဟုတ်သော ကုလားထိုင်တွေ၊ မွေ့ရာတွေလည်း မီးထတောက်သည်။ ပိုဆိုးသည်က ရွာအတွင်းဖြတ်သွားသည့် ဗင်ကားတစ်စီးပါ မီးထတောက်နေပြန်သည်။ ထိုအချိန်ကစပြီး ရွာထဲတွင် တစ္ဆေခြောက်နေပြီဟု ယူဆကြသည်။ မြန်မာအခေါ်ဆိုလျှင် ပုဏ္ဏကတိုက်သလိုဖြစ်နေသည်။

ရွာသူရွာသားတွေ ထိတ်လန့်သလို အာဏာပိုင်တွေကလည်း ကြောက်ရွံ့လာကြသည်။ လျှပ်စစ်ဓာတ်အား လိုင်းကြိုးကြီးများလည်း အလိုအလျောက်ပြတ်ကျပြီး မီးပြတ်တောက်မှုများ ဖြစ်ကုန်သည်။ နိုင်ငံတကာမှပညာရှင်များ လာရောက်လေ့လာကြသော်လည်း အဖြေရှာမရဖြစ်ကုန်သဖြင့် ကမ္ဘာကပါ စိတ်ဝင်စားစရာဖြစ်လာသည်။ 

အချို့ကလည်း ရွာအနီးဖြတ်သွားသည့် ရထားလိုင်းကြောင့်ဟု ဆိုသည်။ အချို့ကလည်း အက်နာမီးတောင်မှ ထွက်လာသည့် သံလိုက်စွမ်းအင်များကြောင့် မီးထတောက်ရကြောင်းပြောသည်။ အမေရိကန်စစ်တပ် စမ်းသပ်မှုတစ်ခု လုပ်နေသောကြောင့်ဟု ပြောသူများရှိသလို ဂြိုဟ်သားများကြောင့်ဟုလည်း ဆိုကြသည်။ လပေါင်းများစွာ ကြာသည်အထိ မီးထတောက်နေရာမှ ထူးဆန်းစွာ မီးလောင်မှုများ ရပ်သွားသည်။ ရွာလေးက ငြိမ်သက်အေးချမ်းသွားပြန်သည်။ လူတွေက စိတ်ဝင်စားပြီး ထိုရွာကို သွားလေ့လာကြသည်။ ယနေ့တိုင် အဖြေရှာမရသေးသည့် ပုဏ္ဏကတိုက်မှုတစ်ခု ဖြစ်ခဲ့သည်။ 



ရှေးဟောင်း ရေသတ္တဝါကြီးများရှိသည့် ပင်လယ်

ဂရိရှေးဟောင်း ဒဏ္ဍာရီများထဲတွင် စစ္စလီနှင့် ကာလာဘရီးယားကြားရှိ မက်ဆီနာ ရေလက်ကြားအတွင်း သင်္ဘောများဖြတ်သွားလျှင် ထူးဆန်းသည့် တိုက်ခိုက်မှုများကို ကြုံတွေ့တတ်ကြောင်း ရေးသားထားသည်။ ထိုရေလက်ကြားကို ဆစ်စီလာနှင့် ချာရစ်ဒိုက်ဆိုသည့် နဂါးကြီးနှစ်ကောင်က စောင့်ရှောက်နေသည်ဆိုသော အယူများရှိသည်။ သူတို့ပြောသော နဂါးကြီးနှစ်ကောင်ဆိုသည်မှာ ကမ်းတစ်ဖက်တွင် ကျောက်တုံးကြီးတစ်တုံးနှင့် အခြားကမ်းတစ်ဖက်တွင် ကျောက်ဆောင်ကြီးတစ်ဆောင်ကို ဆိုလိုခြင်းဖြစ်သည်။ ယနေ့တိုင် ဒဏ္ဍာရီလာ ကျောက်ဆောင်နှင့် ကျောက်တုံးကြီးကို လူတွေက စိတ်ဝင်စားစွာ သွားရောက်ကြည့်ရှုနေကြသည်။ 



လမ်းဘေးအစားအစာ

စစ္စလီကျွန်း၏မြို့တော် ပါလာမိုကို ဥရောပမြို့တော်များထဲတွင် လမ်းဘေးအစားအသောက် အကောင်းဆုံးမြို့အဖြစ် သတ်မှတ်ထားသည်။ Forbes မဂ္ဂဇင်းကြီးကပင် ကမ္ဘာ့ထိပ်တန်း လမ်းဘေးအစားအစာ အကောင်းဆုံး ငါးနိုင်ငံစာရင်းတွင် နံပါတ် ၁ နေရာကို ပေးထားသည်။ 

စစ္စလီကျွန်းလမ်းဘေး စားသောက်ဆိုင်များတွင် အရန်ဆီနီဆိုသည့် စားစရာရောင်းသည့် ဆိုင်များကို တွေ့နိုင်ပါသည်။ စစ္စလီကျွန်း၏ နာမည်ကျော် အစားအသောက်တစ်မျိုးဖြစ်ပြီး ထမင်းလုံးဖြစ်သည်။ အတွင်း၌ မည်သည့်အစားကို ထည့်စားမည်ဆိုခြင်းကို ရွေးချယ်နိုင်သည်။ အသားထမင်းလုံးအပြင် ပန်နယ်လီဆိုသည့် ပေါင်မုန့်ကြော်တစ်မျိုးလည်း ရှိသေးသည်။ ကြက်သားနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ပေါင်မုန့်ပေါ်တွင် အုပ်ပေးထားသည်။ ဆင်ကိုနီဆိုသည့် ဒေသပီဇာတစ်မျိုးလည်း ရှိသေးသည်။ လူကြိုက်များသည်။ ခရမ်းချဉ်သီး၊ ဒိန်ခဲ၊ ကြက်သွန်တို့နှင့် ပြုလုပ်ထားပြီး နူးညံ့၍ စားကောင်းသည်။ စားဖွယ်အစုံအလင်နှင့် အစားကောင်းစားချင်သူများအတွက် စစ္စလီကျွန်းသည် တစ်သက်မမေ့နိုင်စရာဟု ပြောကြသည်။ 

 

အမြင့်ဆုံး မီးရှင်တောင်

စစ္စလီကျွန်း အရှေ့ဘက်ပိုင်းရှိ ကာတာနီးယားတွင် ပေ ၁၀၀၀၀ ကျော်မြင့်သော အက်နာမီးတောင်ကြီး ရှိသည်။ ဥရောပတိုက်တွင်ရှိသည့် အမြင့်ဆုံး မီးရှင်တောင်ဖြစ်သည်။ မီးရှင်တောင်ဟု ပြောရခြင်းမှာ ယနေ့တိုင် ပေါက်ကွဲနိုင်သည့် အနေအထားတွင် ရှိနေသောကြောင့်ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက နောက်ဆုံးပေါက်ကွဲခဲ့သည်။ လှုပ်ရှားနေသည့် လက္ခဏာများ နေ့စဉ်တွေ့နေရသည်။

နှစ်ပေါင်းများစွာ မီးတောင်ပေါက်ကွဲမှု အကြိမ်ကြိမ်ဖြစ်ခဲ့သော်လည်း မြို့ထဲတွင် မီးတောင်ပေါက်ကွဲမည့် သတိပေးချက်များကို မတွေ့ရပေ။ သူတို့မှတ်တမ်းများအရလည်း အက်နာမီးတောင်ကြီး ပေါက်ကွဲမှုကြောင့် ယနေ့အထိ သေဆုံးသူစာရင်းမှာ ၇၇ ဦးသာ ဖြစ်သည်။ ယင်းတို့အထဲတွင် တားမြစ်ထားသည့်နေရာကို သွားတက်သည့် နိုင်ငံခြားသား ဧည့်သည်နှစ်ဦးလည်း ပါသည်။ 

ဒေသခံများသည် မီးတောင်ကို မကြောက်ကြပေ။ သူတို့က မီးတောင်ကို အကျိုးပြုနေသည်ဟု မှတ်ယူကြသည်။ မီးတောင်ကထွက်လာသည့် ချော်ပြာတွေက သူတို့စိုက်ပျိုးရေးကို အထောက်အကူပြုပြီး မြေဆီဩဇာကောင်းစေသည်ဟု ဆိုကြသည်။ ထိုဒေသတွင် စပျစ်သီးစိုက်ခင်းတွေ များစွာရှိသည်။ စစ္စလီကျွန်းတွင် ဝိုင်အကောင်းဆုံး ထုတ်လုပ်နိုင်သည့် ဒေသလည်း ဖြစ်သည်။ 



အကြီးဆုံးအော်ပရာ ပြဇာတ်ရုံ

အီတလီသားတွေက ပြဇာတ်ကြိုက်ကြသည်။ စစ္စလီကျွန်းသားတွေက ပြဇာတ်ကိုပိုကြည့် ပိုကြိုက်ကြသည်။ အီတလီနိုင်ငံ၏ အကြီးဆုံး ပြဇာတ်ရုံကြီးဖြစ်သော Teatro Massimo ကို ပါလာမိုမြို့တွင် ၁၈၉၇ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့ပြီး ရှေးကျသည့် ဇာတ်ရုံကြီးဖြစ်သလို အကြီးဆုံးလည်းဖြစ်သည်။ ပြဇာတ်ရုံ နာမည်အပြည့်အစုံမှာ Teatro Massimo Vittorio Emanuele ဖြစ်သည်။ ဇာတ်ရုံကြီးကို တည်ဆောက်ခဲ့သူမှာ ဘုရင် ဒုတိယမြောက် ဗစ်တာအီမန်နူရယ်ဖြစ်သည်။ထိုပြဇာတ်ရုံကြီးကို နှစ်ပေါင်း ၂၀ ကျော် တည်ဆောက်ခဲ့ရသည်။ ၁၈၇၄ တွင် စတင်ဆောက်ရာ ၁၈၉၇ မှ ပြီးသည်ဟုဆိုသည်။ ပြဇာတ်ရုံကြီးကို ဒီဇိုင်းထုတ်ပြီး တည်ဆောက်သူမှာ အီတလီ ဗိသုကာပညာရှင် ဂျီအိုဗန် ဘာတစ္စတာ ဖီလစ်ပို ဘာဆေးလီဖြစ်သည်။ သူကိုယ်တိုင်ပင် ပြဇာတ်ရုံကြီးပြီးသည်ကို မမြင်သွားခဲ့ရပေ။ သူ့သား အာနက်စ်တို ဘာဆေးလီက ဆက်ဆောက်ခဲ့ခြင်းဖြစ်သည်။ The Godfather ရုပ်ရှင်ဇာတ်ကား အပိုင်းသုံးတွင် ထိုပြဇာတ်ရုံကြီးကို ထည့်သွင်းရိုက်ကူးထားသည်။ 



ဂရိလက်ရာအပျက်အစီးများ အများဆုံး တွေ့နိုင်သည့်နေရာ

စစ္စလီကျွန်းတွင် ရှေးဟောင်းဂရိလက်ရာ အဆောက်အအုံပျက်ပေါင်းများစွာကို တွေ့နိုင်သည်။ ထိုကျွန်းကို ဂရိလူမျိုးများက နှစ်ပေါင်းများစွာ စိုးမိုးအုပ်ချုပ်ခဲ့သည်ဆိုသော သဘောဖြစ်သည်။ ဆိုင်ရာကျုဒေသ တစ်ဝိုက်တွင် ရှေးဟောင်းဂရိလက်ရာများစွာ တွေ့နိုင်သည်။ ဂရိ သင်္ချာပညာရှင်အကျော် အာခီးမီးဒိစ်သည် ဤကျွန်းတွင် မွေးဖွားသည်ဟုလည်း ဆိုကြသည်။ ဆိုင်ရာကျု၊ တော်မီနာနှင့် အဂရီဂန်တိုဒေသ တစ်ဝိုက်တွင် ရှေးဟောင်းဂရိ အဆောက်အအုံပျက်ပေါင်းများစွာ တွေ့နိုင်သည်။ ဘုရားကျောင်းတောင်ကြား (Valley of the Temples) ဆိုသည့် နေရာတွင် ဂရိရှေးဟောင်းလက်ရာ ဘုရားကျောင်း ၇ ခုကို တွေ့ရှိလေ့လာနိုင်သည်။ 

ဂရိတို့သည် ထိုဒေသကို ရောမတို့လွှမ်းမိုးပြီး ဆိုင်ရာကျုကို သိမ်းပိုက်ပြီးချိန် ဘီစီ ၂၁၄ မှ ၂၁၂ မှ စွန့်လွှတ်ခဲ့သည်။ ဆိုင်ရာကျုတွင် ရောမတို့ကို တွန်းလှန်ခဲ့သည့် အထောက်အထားများရှိသည်။ ရောမသင်္ဘောများ ဝင်လာလျှင် လောက်လွှဲကြီးများဖြင့် ပစ်ခတ်ကာ သင်္ဘောများကို ဖျက်ဆီးသည်။ ထို့ပြင် အားကောင်းသည့်မှန်ကြီး များကိုသုံးပြီး ရန်သူ့သင်္ဘောများကို မှန်ချပ်နှင့်ထိုးကာ မီးလောင်ပျက်စီးစေရန်လည်း လုပ်ဆောင်ခဲ့သည်။ 

ရောမသားတို့ ကျွန်းကို သိမ်းပိုက်လိုက်သည့်အခါတွင် အာခီးမီးဒီးစ်ကို အရှင်ဖမ်းခဲ့ရန်ပြောသော်လည်း သတ်လိုက်သည်ဟုဆိုသည်။ ပညာရှင်ကြီးက စက်ဝိုင်းများဆွဲပြီး သင်္ချာပုစ္ဆာ အဖြေရှာနေစဉ် စစ်သားတွေက သူ့ ဂဲဩမေထြီပုံများကို ခြေထောက်ဖြင့် နင်းထားသောကြောင့် “ငါ့စက်ဝိုင်းတွေက ဖယ်လိုက်စမ်း”ဟု နောက်ဆုံးတစ်ခွန်းသာ ပြောသွားနိုင်ရှာသည် ဟုဆိုသည်။ 

E-01
(Ref: You Should Know About Sicily, Travel)


  • VIA