News

POST TYPE

TRAVEL LOG

ကမ္ဘာ့ထူးခြား အပိုဝန်ဆောင်မှုပေးတတ်သော ဟိုတယ်များ
24-Feb-2018

နိုင်ငံအသီးသီးရှိ ဟိုတယ်ကြီးများသည် လာရောက်တည်းခိုသူများအတွက် အထူးဝန်ဆောင်မှုများပေးပြီး ဆွဲဆောင်တတ်ကြပါသည်။ ငွေသုံးနိုင်ဖြုန်းနိုင်သူများအတွက် ထူးခြားသည့် အပိုဆောင်းဝန်ဆောင်မှုများ ရှိနိုင်သလို၊ ငွေကုန်ကြေးကျမရှိသည့် ပျော်စရာကောင်းသော ဝန်ဆောင်မှုလေးများကိုလည်း အပိုပေးတတ်သည်များ တွေ့ရသည်။ ထိုဝန်ဆောင်မှုများသည် ဟိုတယ်တွင် Pack တစ်ခုအနေနှင့် ထည့်သွင်းပေးထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် လာရောက်တည်းခိုသူများကိုယ်တိုင်က လုပ်ပေးစေချင်သည့် အပိုဝန်ဆောင်မှုများလည်း ရှိတတ်ပါသည်။ သို့သော် ကမ္ဘာတစ်လွှား ထူးဆန်းသော ဝန်ဆောင်မှုပေးနေသည့် ဟိုတယ်များကလည်း စိတ်ဝင်စားစရာဖြစ်သည်။

ရွှေငါးလေးနှင့် ပျော်ရွှင်မှုပေး



ဗြိတိန်နိုင်ငံ ဝါရင်တန်အရပ်တွင် Happy Guest Hotel ဆိုသည့် ဟိုတယ်တစ်ခုရှိသည်။ လာရောက်တည်းခိုသူများကို ဝန်ထမ်းများက ပျော်ရွှင်အောင် လုပ်ပေးတတ်သည်။ တစ်ယောက်တည်း လာရောက်တည်းခိုသူများကို အထူးအစီအစဉ်တွေရှိသည်။ သူတို့ကို အခန်းဖော်များ ထားပေးထားသည်။ အခန်းဖော်ဆိုသည်မှာ ရွှေငါးလေးတစ်ကောင်ဖြစ်သည်။ အခန်းထဲတွင် Happy ဆိုသည့် ရွှေငါးလေးတစ်ကောင်ကို အဖော်အဖြစ် လာထားစေလိုလျှင် ၅ ပေါင်ထပ်ပေးရသည်။ 

ဟိုတယ်ကို Website ကတစ်ဆင့် လေ့လာနိုင်သည်။ သူတို့ Website ထဲတွင် ကိုယ်နှင့်အတူ နေထိုင်ပေးနိုင်မည့် ရွှေငါးလေးတွေအကြောင်းပါသည်။ တည်းခိုမည့်သူက ကြိုတင်ပြီး ချိန်းထားနိုင်သည်။ အဘယ်ကြောင့် အခန်းဖော်ကို ရွှေငါးထားပေးရသနည်း။ ဟိုတယ်ပိုင်ရှင်က ရွှေငါးလေးများသည် လူတို့၏စိတ်ကို သက်သောင့်သက်သာဖြစ်စေသည်။ စိတ်ဖိစီးမှုများကို ပြေပျောက်စေနိုင်သည်။ သူတို့နေထိုင်ခဲ့သည့် ရွှေငါးလေးများကို သံယောဇဉ်ဖြစ်ပြီး ပြန်လာသူတွေရှိသည်။ ပိုင်ရှင်က ထို Happy ဆိုသည့် ရွှေငါးလေးများကို အမြဲရှိအောင် လုပ်ပေးထားသည်။

ခေါင်းအုံးရိုက်ကာ ပျော်ရွှင်ပါ



Ritz-Carlton ဆိုသည့် ဟိုတယ်ကြီးများသည် ထိပ်တန်းဟိုတယ်ကြီးများအဆင့်တွင် ပါဝင်သည်။ ဧည့်သည်များအပေါ်တွင် ဝန်ဆောင်မှုကောင်းများစွာ ပေးတတ်သည်။ ဖလော်ရီဒါပြည်နယ် Palm Beach ရှိ Ritz ဟိုတယ်တွင် မိသားစုများ ပျော်ရွှင်စေရေးအတွက် အထူးအစီအစဉ်တစ်ခု လုပ်ပေးထားသည်။ ဟိုတယ်တွင် လာရောက်တည်းခိုသည့် မိသားစုများသည် ခေါင်းအုံးရိုက်ပြီး ပျော်နိုင်ရန် အထူးအစီအစဉ်တစ်ခု လုပ်ပေးထားသည်။ ထိုအပိုဝန်ဆောင်မှုအတွက် ဒေါ်လာ ၆၀ သာ ထပ်ပေးရသည်။ ခေါင်းအုံးတွေ အပိုထုတ်ပေးသည်။ ခပ်အိအိခေါင်းအုံးများနှင့် စီဒီတစ်ချပ် ထုတ်ပေးသည်။ 

ဈေးကြီးသည့် ဝန်ဆောင်မှုဆိုသော်လည်း ငှက်မွေးများ ပေါက်ထွက်သည်အထိ ရိုက်နေကြသည်မှာ ပျော်ရွှင်အားရစရာကောင်းပြီး မိသားစုက ပျော်ရွှင်နှစ်သက်မှု အပြည့်အဝရရှိစေကြောင်း ပြောကြသည်။ သူတို့ကို ထုတ်ပေးထားသည့်စီဒီတွင် သီချင်းတစ်ပုဒ်ပါသည်။ ထိုသီချင်းက “ရိုက်ချင်သလောက် ရိုက်လိုက်စမ်း” ဆိုသည့် သီချင်းဖြစ်သည်။ 

ငှက်ကပေးသည့် လက်ထပ်လက်စွပ်



အိုင်ယာလန်နိုင်ငံ Ashford Castle တွင် လာရောက်တည်းခိုသူများအတွက် အထူးအစီအစဉ်တစ်ခုမှာ ချစ်သူများအတွက် စိတ်ဝင်စားစရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ လက်ထပ်ရန် အစီအစဉ်ရှိသော သို့မဟုတ် လက်ထပ်ခွင့်တောင်းလိုသောသူများအတွက်လည်း စိတ်လှုပ်ရှားစရာဖြစ်သည်။ ဟိုတယ်တွင် မွေးထားသည့် ဇီးကွက်လေးတစ်ကောင်က လက်ထပ်လက်စွပ်ကို အမှတ်တရအဖြစ် ယူဆောင်ပေးမည်ဖြစ်သည်။

ဒင်းဂဲလ်ဆိုသည့် ဥရောပဇီးကွက်သည် ၁၉၉၉ ခုနှစ်ကတည်းက ဤရဲတိုက်ကြီးတွင် နေထိုင်သည့် ငှက်ဖြစ်သည်။ သူ့လက်သည်းတွေကလည်း သန်မာသည်။ ထိုရဲတိုက်ဝန်းကျင်တွင် သိမ်းငှက်များကို လေ့ကျင့်ပေးသည့် ကျောင်းတစ်ကျောင်းရှိသည်။ ထိုလေ့ကျင့်ရေးကျောင်းသို့လည်း သွားရောက်လေ့လာနိုင်သည်။ သို့သော် ထိုငှက်အားလုံးထဲတွင် စိတ်ဝင်စားစရာအကောင်းဆုံးက ဒင်းဂဲလ်ဖြစ်သည်။

ဟိုတယ်သို့ လက်ထပ်ခွင့်တောင်းလိုသည့် ချစ်သူစုံတွဲအတွက် သုံးညအိပ်အဖြစ် စီစဉ်ပေးသည်။ နှိပ်နယ်ပေးခြင်း၊ ရှန်ပိန်၊ လှေစီးခရီး၊ ဖယောင်းတိုင်ဖြင့် ညစာစားခြင်းနှင့် နောက်ဆုံးအဖြစ် ဒင်းဂဲလ်က လက်စွပ်ကို ယူဆောင်လာပေးခြင်း အစီအစဉ်များ ပါဝင်သည်။ သုံးညအိပ် လက်ထပ်ခွင့်တောင်းသည့် ခရီးစဉ်အတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၂၀၀၀ ဖြစ်သည်။ ဈေးကြီးသည်ဆိုသော်လည်း သူ့ဖောက်သည်နှင့်သူ ရှိနေသည်သာဖြစ်သည်။

ဗယ်လင်တိုင်းနေ့ မုန်းသူများ ခရီးစဉ်



ဟိုတယ်တစ်ခု၏ အစီအစဉ်ကတော့ ထူးခြားသည်ဟု ဆိုရမည်။ “ဗယ်လင်တိုင်းနေ့ မုန်းသူ၏ ခရီးစဉ်”ဟု အမည်ပေးထားသည်။ ထိုခရီးစဉ်ကို စီစဉ်ပေးသည်မှာ နယူးယောက်ရှိ Night and the Time Hotels ဖြစ်သည်။ ဗယ်လင်တိုင်းနေ့တွင် တစ်ကိုယ်တည်း ခရီးစဉ်အဖြစ် စီစဉ်ပေးသည်။

ဆာရာဖီနာဆိုသည့် စားသောက်ဆိုင်ကို ရောက်လာသည်နှင့် တစ်ယောက်တည်းအတွက် စားသောက်ရန် စားပွဲတစ်လုံးကို စီစဉ်ပေးထားသည်။ ညစာကို တစ်ယောက်တည်း အရက်တစ်လုံးနှင့် ကြောင်တောင်တောင် ထိုင်စားရမည်။ စိတ်ဆန္ဒရှိလျှင် ဖျော်ဖြေပွဲများကို တစ်ညလုံး ထိုင်ကြည့်နိုင်သည်။ 

ဤဟိုတယ်သို့လာသူများသည် နှလုံးသား ဒဏ်ရာရလာသူများ ဖြစ်သောကြောင့် ဖယောင်းတိုင်အနက်များ ထုတ်ပေးထားသည်။ အိပ်ခန်းအတွင်း တစ်သျှူးဘူးများ ထားပေးသည်။ လွတ်လပ်စွာ ငိုနိုင် ရန်ဖြစ်သည်။ အရက်ပုလင်းသေး နှစ်လုံးလည်း ပေးသည်။ ရေခဲမုန့်စားချင်လည်း စီစဉ်ပေးသည်။ ရုပ်ရှင်ထိုင်ကြည့် ချင်လည်း စီစဉ်ပေးသည်။ နောက်တစ်နေ့ အိပ်ရာကထလျှင် နံနက်စာကို အိပ်ရာထဲ လာပို့ပေးသည်။

နာမည်ကျော်များကို ငှားနိုင်သည့်ဟိုတယ်



တောင်ကာရိုလိုင်းနားရှိ Wild Dunes Resort တွင် လက်ထပ်မည့် သတို့သား သတို့သမီး အတွက် နာမည်ကျော်များကို ငှားရမ်းပေးသည့် အစီအစဉ်တစ်ခုကို ဝန်ဆောင်မှုပေးသည်။ သူတို့ဟိုတယ်တွင် လက်ထပ်မည့်သူများအတွက် တစ်သက်မမေ့စရာ နာမည်ကျော်တွေက လာတက်ပေးပြီး စကားတွေ ပြောပေးမည်။ လူတွေကို ပျော်ရွှင်အောင် လုပ်ပေးမည်။

သို့သော် ထိုနာမည်ကျော်ကို ငှားရမည့်စရိတ်ကတော့ မသေး။ တစ်နာရီ ဒေါ်လာ ၁၅၀ ပေးရမည်။ နေ့ဝက်ဆိုလျှင် ဒေါ်လာ ၆၅၀၊ တစ်နေ့လုံးဆိုလျှင် ဒေါ်လာ ၁၀၀၀ ဖြစ်သည်။

စက်ရုပ်ဝန်ထမ်း



နည်းပညာခေတ်တွင် ဟိုတယ်ဝန်ထမ်းများကို လူများအစား စက်ရုပ်များကို အစားထိုးရန် စဉ်းစားလာကြသည်။ ဂျပန်နိုင်ငံ Henn-na Hotel တွင် စက်ရုပ်ဝန်ထမ်းများနှင့် ဝန်ဆောင်မှုပေးနေသည်။ ဧည့်သည်များ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သည်ဟုဆိုသည်။ 

စက်ရုပ်များကို ဧည့်သည်တို့၏ အခန်းများကို check in ဝင်သည်။ အိတ်များကို အခန်းထဲ ပို့ပေးသည်။ ကော်ဖီမှာလျှင် ယူလာပေးသည်။ လူသားတို့အတိုင်း ပုံတူနီးပါး စက်ရုပ်များဖြစ်ပြီး အက်ထရွိုက်ဟုခေါ်ကြသည်။ 

အက်ထရွိုက်များသည် ဂျပန်မလေးတွေဖြစ်သည်။ လက်ဖြင့်၊ မျက်နှာအမူအရာဖြင့် ပြောတတ် ဆိုတတ်သည်။ ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား ကြိုက်သည့်ဘာသာနှင့် ဆက်သွယ်ပြောကြားနိုင်သည်။ 

လူသားအတိုင်း ပုံစံတူ တည်ဆောက်ထားသည့် စက်ရုပ်များကို အိုဆာကာတက္ကသိုလ်မှ တီထွင်ထားပြီး Kokoro ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်သည်။ Hello Kitty ဆိုသည့် ကုမ္ပဏီကလည်း စက်ရုပ်ဝန်ထမ်းများကို ထုတ်လုပ်ပေးခွင့် လိုင်စင်ရထားသည်။ နှစ်ပေါင်းများစွာ ကန့်ကွက်မှုများကြားက ဟိုတယ်ဝန်ထမ်းများကို စက်ရုပ်များအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထူးခြားသည့် ပျော်ရွှင်မှုမျိုးကို နှစ်သက်သူများအနေနှင့် သွားရောက်တည်းခိုကြသည်။

မိုးစက်
(Ref: Hotels That Offer Strange Services)