News

POST TYPE

TRAVEL LOG

ကိုရီးယား ခရီးသွားလမ်းညွှန်
03-Feb-2018


တောင်ကိုရီးယားနိုင်ငံကို ပထမဆုံး သွားရောက်မည့်သူများအတွက် TripZilla က လမ်းညွှန်ပါ။

တောင်ကိုရီးယားကို ဘယ်လောက် လည်ပတ်သင့်သလဲ။ ရှုခင်းတွေကြည့်မယ်၊ ယဉ်ကျေးမှုတွေ လေ့လာမယ်၊ ဈေးဝယ်မယ်ဆိုရင်တော့ အနည်းဆုံး ၈ ရက်လောက်ဆိုရင် လုံလောက်ပါတယ်။ ၁၀ ရက်ဆိုရင် ပိုကောင်းတယ်။ 

တောင်ကိုရီးယားနိုင်ငံမှာ အများဆုံး ပြောဆိုသုံးစွဲကြတာကတော့ ကိုရီးယားဘာသာစကားပဲ ဖြစ်ပါတယ်။ ဈေးသည်အများစုဟာ အင်္ဂလိပ်လို မတတ်ကြပါ။ တရုတ်စကားအနည်းငယ် တတ်သူတွေဆိုရင် ပြောဆိုလို့ နည်းနည်းရနိုင်တယ်။ ဒါမှမဟုတ်ရင်တော့ လက်ဟန်နဲ့ပဲ စကားပြောတာ စကားပြန်မပါရင် အဆင်အပြေဆုံးဖြစ်မယ်။ အချို့က အင်္ဂလိပ်လို နားလည်ကြ တာကြောင့်လည်း အဆင်ပြေသွားနိုင်တာတွေ ရှိပါတယ်။

ကိုရီးယားမှာ အများဆုံးအသုံးပြုတာ ဝမ်ဖြစ်ပါတယ်။ အမေရိကန် ၁ ဒေါ်လာဟာ ကိုရီးယား ၁၀၆၃ ဒသမ ၇၈ ဝမ်နဲ့ ညီမျှပါတယ်။ နေရာအတော်များများမှာ ခရက်ဒစ်ကတ်နဲ့ လက်ခံပါတယ်။ 

လည်ပတ်ဖို့အတွက် သယ်ယူပို့ဆောင်ရေးစနစ်တွေ လေ့လာထားဖို့လိုပါတယ်။ ရထားတွေက အချိန်မှန်တဲ့အတွက် အားထားလောက်ပါတယ်။ ကိုရီးယားကထုတ်တဲ့ T-money ကတ်တွေကို ဝယ်ဆောင်ထားသင့်တယ်။ ရထားတစ်ခါစီးရင် ကိုရီးယားဝမ် ၁၂၅၀ လောက်ကျတယ်။ ခရီးဝေးရင်တော့ ဝမ် ၁၀၀ ကနေ ၃၀၀ လောက်အထိ ပိုသွားနိုင်တယ်။ ရထားဂိတ် ဝင်ကတည်းက ကတ်သုံးပြီးတော့ စနစ်တကျဝင်ရတယ်။ ကတ်ဖြတ်တဲ့စက်တွေမှာ ကတ်ကိုပြဖို့လိုတယ်။

တက္ကစီတွေလည်း ဈေးသက်သာပါတယ်။ အနက်ရောင် တက္ကစီတွေကတော့ ဈေးကြီးတယ်။ လိမ္မော်ရောင် သို့မဟုတ် ငွေရောင်တက္ကစီတွေပဲ စီးသင့်တယ်။ နာရီဝက်လောက်ခရီးကို ဝမ် ၂၀၀၀၀ လောက်ပေးရမယ်။ 

သွားတဲ့နေရာတိုင်းမှာလိုလို အများသုံးအိမ်သာတွေ တွေ့ရလိမ့်မယ်။ အလွန်သန့်ရှင်းပြီးတော့ စိတ်ချမ်းသာစရာ ကောင်းလောက်အောင်ကို စီစဉ်ပေးထားတယ်။ အများသုံး အိမ်သာတိုင်းလိုလိုမှာ အိမ်သာသုံးစက္ကူတွေကို အလုံအလောက်ထားပေးထားတယ်။ အိမ်သာတွေထဲမှာ အမှိုက်ပုံး ရှိချင်မှရှိမယ်။ အမှိုက်ပုံးမတွေ့လည်း ပစ်ချထားခဲ့လို့ မရဘူး။ ကိုယ့်အမှိုက် ကိုယ်ယူလာ။ အမှိုက်ပုံးတွေ့တဲ့နေရာမှာ ထည့်ရုံပဲ။

ဇူလိုင်လကုန်နဲ့ ဩဂုတ်လ အစောပိုင်းလောက်ဆိုရင် ကိုရီးယားမှာ အတော်လေးပူတယ်။ အစိုးရက အဲဒီလတွေဆိုရင် အပူဒဏ်ကို သတိထားဖို့တောင် သတိပေးချက်တွေ ထုတ်ပြန်တယ်။ လည်ပတ်လို့ အကောင်းဆုံးအချိန်ကတော့ နွေဦးရာသီဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းပဲ။ စက်တင်ဘာဆိုရင် ကိုရီးယားမှာ အတော်လေးအေးနေပြီ။ အအေးခံနိုင်ရင်တော့ လာပေါ့။ ဇူလိုင် လမှာ လာလည်ရင် နေပူဒဏ်ခံနိုင်အောင် လိမ်းဆေးတွေ ဆောင်လာသင့်တယ်။ နေပူရှိန်က အလွန်ပြင်းတာကြောင့် ဦးထုပ်ပါဆောင်းမှ လည်ပတ်လို့ရတဲ့လပေါ့။

တောင်ကိုရီးယားနိုင်ငံမှာ သောက်ရေအတွက် ရေပိုက်ခေါင်းလေးတွေကနေ ခံသောက်လို့ရတယ်။ ရေပိုက်ခေါင်းကရေက မသန့်ဘူးထင်ရင်၊ မသောက်ချင်ရင်တော့ ကုန်တိုက်ကြီးတွေ၊ အရောင်းဆိုင်တွေမှာ ရေသန့်ဘူးဝယ်သောက်ပေါ့။ ရေသန့်တစ်ဘူးကို ဝမ် ၁၅၀၀ လောက်တော့ ပေးရလိမ့်မယ်။

ဆိုးလ်မြို့မှာဖြစ်စေ၊ မြို့ပြင် ရပ်ကွက်တွေကိုဖြစ်စေ သွားလည်ချင်ရင် လမ်းပြတွေ သို့မဟုတ် Tour အဖြစ် စီစဉ်ပေးထားတဲ့ ဘတ်စ်တွေနဲ့ လည်ပတ်သင့်ပါတယ်။ အင်္ဂလိပ်စကားပြောတတ်တဲ့ ဧည့်လမ်းညွှန်တွေ ပါလာတော့ ပိုပြီးအဆင်ပြေတာပေါ့။ သူတို့နဲ့သွားရတာ ခရီးလည်းနှံ့ပါတယ်။ ခရီးစဉ်တစ်ခုနဲ့ တစ်ခုကြားမှာ ဘတ်စ်ကားပေါ် နားသွားရတာကြောင့် ပိုပြီးတော့လည်း အဆင်ပြေနိုင်တယ်။ အဖွဲ့လိုက်ပူးပေါင်းပြီး စီစဉ်ပေးတဲ့အတိုင်း လည်ပတ်တာကို အားပေးပါတယ်။ တစ်ယောက်တည်း လျှောက်လည်ရင် အဆင်မပြေနိုင်ပါဘူး။

ရထားနဲ့ လည်ပတ်ချင်သူတွေအတွက် ခရီးသွား လမ်းညွှန်ဆော့ဖ်ဝဲတွေ ရှိပါတယ်။ အသုံးပြုသင့်တယ်။ ဖုန်းထဲမှာ ရထားလမ်းညွှန်တွေပါတယ်။ ရထားဆိုင်းဘုတ် လမ်းညွှန်တွေကတော့ ကိုရီးယားလို ရေးထားတာများတော့ ကြည့်ရတာအဆင်မပြေနိုင်ဘူး။ ဖုန်းကနေ ဆော့ဖ်ဝဲသုံးရင်တော့ အင်္ဂလိပ်လို ပြပေးနိုင်တယ်။ Seoul Metro နဲ့ Busan Metro Map ဆော့ဖ်ဝဲတွေကို ကြိုတင်ပြီးထည့်သွင်းထားရင် ရထားစီးရတာ ပိုအဆင်ပြေတယ်။ VisitKorea ဆိုတဲ့ ဆော့ဖ်ဝဲကလည်း အတော်စုံတယ်။ အစားအသောက်တွေကိုပါ လမ်းညွှန်ပေးထားတယ်။

တောင်ကိုရီးယားမှာ လည်ပတ်တဲ့အခါ ဒေသခံတွေက ကောင်းပေမယ့် ရိုင်းတယ်လို့ သတိပေးတာလေးတွေ ရှိပါတယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းတွေက ရန်လိုတဲ့သဘောနဲ့ ပြောဆိုဆက်ဆံတတ်တာလေးတွေ ရှိပါတယ်။ တောင်ကိုရီးယားမှာ လူကြီးတွေက လူငယ်တွေကို သူတို့ကို ရိုသေလေးစားရမယ်လို့ လက်ခံထားတာကြောင့် သူတို့ကို သတိထားပြီး ဆက်ဆံ သင့်တယ်။ ဒါပေမဲ့ ကိုရီးယားတွေက ဖော်ရွေတာများပါတယ်။ တက္ကစီသမားတွေ၊ ဈေးသည်တွေ ပြောဆိုဆက်ဆံလို့ ကောင်းပါတယ်။ 

တောင်ကိုရီးယားရောက်လို့ အင်တာနက်သုံးချင်ရင်တော့ ဒေတာကတ်လေးတွေ ဝယ်သုံးသင့်ပါတယ်။ EG Sim ကနေ ဒေတာကတ်တွေ ရောင်းပေးပါတယ်။ 1GB ကို ဝမ် ၂၉၉၀၀ လောက်ပေးရမယ်။ ရက် ၆၀ ကျော်ရင် သုံးလို့မရတော့ဘူး။ 

ကိုရီးယားရောက်ရင် မြန်နှုန်းမြင့် ရထား (KTX) ကို စီးသင့်ပါတယ်။ ဘူတန်ကနေ ဆိုးလ်မြို့ကို ထွက်ပေးတယ်။ ခရီးကြာချိန် ၂ နာရီ ၄၅ မိနစ် ဖြစ်ပါတယ်။ ရထားစီးရတာ ဇိမ်ကျသလို ရထားပေါ်မှာ Wi-Fi အခမဲ့ သုံးခွင့်ပေးထားပါတယ်။ ရထားပေါ်မှာ သရေစာ လိုက်ရောင်းတယ်။ သူတို့ရောင်းတာတွေ မစားချင်ရင် ကြိုတင်ပြီး ဘူတာမှာကတည်းက ဝယ်သွားလို့ရတယ်။

တောင်ကိုရီးယားရောက်ရင် ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာတွေကတော့ ဆိုးလ်မြို့မှာဆိုရင်
- Myeondong အမျိုးသမီးတွေအတွက် ဖက်ရှင်အဝတ်အစားတွေ ဝယ်နိုင်တယ်။ အမျိုးသမီး အလှပြင်ပစ္စည်းတွေ စုံတယ်။
- Namdaemun မှဆိုရင် ပစ္စည်း လက်ကားရောင်းတဲ့ ဆိုင်တွေများတယ်။ သိပ်ခေတ်ဆန်တာတွေတော့ မရဘူး။
- Dongdaemun မှာတော့ အဝတ်အစားတွေ ပေါတယ်။ ဘန်ကောက်လို လမ်းဘေးဆိုင်တွေရှိတယ်။
- Insadong ကတော့ ယဉ်ကျေးမှုဆိုင်ရာ ရိုးရာပစ္စည်းတွေ ရောင်းတဲ့နေရာပဲ။ လက်ဆောင်ပစ္စည်းတွေ ဝယ်လို့ရတယ်။
- Garosugil မှာ ခေတ်ဆန်တဲ့ ကော်ဖီဆိုင်တွေရှိသလို၊ ခေတ်ဆန်တဲ့ အဝတ်အထည် ဒီဇိုင်းတွေ ဝယ်လို့ရနိုင်တယ်။
- အဝေးပြေး ဘတ်စ်ကားဂိတ် မြေအောက်ဆိုင်တန်းတွေလည်း ရှိတယ်။ ဈေးပေါတာရော၊ သက်သာတာတွေရော ရှိတယ်။ လိုက်မွှေနိုင်မှ ရတယ်။
အဲဒီဈေးဆိုင်တန်းတွေ အားလုံးလိုလိုဟာ ည ၁၀ နာရီလောက်ဆိုရင် ပိတ်ပါတယ်။ 

ကိုရီးယားရောက်ရင် အခြားလည်ပတ်သင့်တဲ့ နေရာတွေကတော့ ဆိုးလ်မှာပဲ

Gyeongbokgung Palace, Bukchon Hanok Village, Myeong Dong, Namdae- mun, Dongdaemun (& Dongdaemun Design Plaza), Express Bus Terminal Underground Shopping, Garosugil Shopping Street, Seoul Tower, Ewha Womans University shopping place ဆိုတဲ့ နေရာတွေဖြစ်ပါတယ်။ 

ဘူဆန်မှာဆိုရင် လည်ပတ်စရာ နေရာတွေက-
Gamcheon Culture Village, Taejongdae Park, Jagalchi Fishery Market, Busan International Film Fest Square, Gwangalli Beach, Haeundae Beach, Songdo Beach တွေ ဖြစ်ပါတယ်။ 

မိုးစက်
(Ref: Things to Know Before Travelling to Korea, Celine Chiam)