News

POST TYPE

TRAVEL LOG

၂၀၁၈ မှာ အသွားသင့်ဆုံးနေရာများ
13-Jan-2018

Bayreuth, Germany

ဘိုင်းရွိုက်ဆိုတဲ့ ဂျာမနီနိုင်ငံမြို့လေးဟာ ဂီတချစ်သူတွေအတွက်တော့ လည်ပတ်ဖို့ အကောင်းဆုံး မြို့လေးတစ်မြို့လို့ ဆိုနိုင်တယ်။ ပြဇာတ်ရုံတွေ နေရာအနှံ့ တွေ့နိုင်တယ်။ ၁၈၇၆ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ တေးရေးဆရာ ရစ်ချတ်ဝဂ္ဂနာရဲ့ အိမ်မှာပဲ နွေရာသီတေးဂီတပွဲကို ကျင်းပလေ့ရှိတယ်။ ၁၇၄၄ နဲ့ ၁၇၄၈ ကြားမှာ စိုးမိုးသွားတဲ့ ပရပ်ရှားမင်းသမီး ဝီလ်ဟဲမီးနားရဲ့ စံအိမ်တော်မှာလည်း ဂီတပွဲကျင်းပတယ်။ ၂၀၁၂ ခုနှစ် ကတည်းက UNESCO ကနေ World  Heritage Site နေရာတွေအဖြစ် သတ်မှတ်ထားတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက သမိုင်းဝင်အော်ပရာဇာတ်ရုံတွေအဖြစ် ဖွင့်လှစ်ခဲ့တဲ့အဲဒီနေရာတွေကို ပြင်ဆင်ဖို့ပိတ်ထားတာ ခုတော့ ပြီးစီးနေတာကြောင့် ပြန်ဖွင့်နေပြီ။ 

၂၀၁၈ ခုနှစ် ဧပြီလမှာ Artaserse ပွဲ ကျင်းပဖို့ရှိတယ်။ ၁၈ ရာစုရဲ့ ဂျာမန်ဂီတဆရာကြီး Johann Adolph Hasse အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပမှာဖြစ်ပြီးတော့ ၂၀၁၈ ဖေဖော်ဝါရီလမှာ လက်မှတ်တွေ စရောင်းလိမ့်မယ်။ ဘိုင်းရွိုက်မြို့လေးဟာ အေးချမ်းတိတ်ဆိတ်ပြီးတော့ အနားယူဖို့ အကောင်းဆုံးနေရာ တစ်နေရာဖြစ်သလို Franconian ဝိုင်အရက်ကလည်း နာမည်ကျော်ပါတယ်။

Iya Valley, Japan

ဂျပန်နိုင်ငံရဲ့ တိဘက်ဒေသလို့ လူသိများတယ်။ ကျေးလက်က အီယာတောင်ကြားဟာ ဂျပန်နိုင်ငံ ရှီကိုကူဒေသရဲ့ တောတောင်တွေကြားမှာရှိတဲ့ နေရာလေးတစ်နေရာ ဖြစ်ပါတယ်။ ဂျပန်ကျွန်းကြီး လေးခုထဲမှာ လူသွားအနည်းဆုံးကျွန်းလို့လည်း သိရတယ်။ ၂၀၁၇ ခုနှစ်မှာ World Rafting Championship ပွဲကို ဂျပန်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အီယာတောင်ကြားဒေသမှာ ကျင်းပပေးလိုက်လို့ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့ နေရာတစ်နေရာဖြစ်လာပါတယ်။ တောင်ကြားဒေသမှာ လှည့်လည်သွားလာတဲ့ ခရီးစဉ်တွေနဲ့ တောင်တက်ခရီးစဉ်တွေကို စီစဉ်ပေးထားတယ်။ ရိုးရာသက်ကယ်တဲလေးတွေမှာ တည်းခိုနိုင်ပြီးတော့ ဇိမ်ကျကျနေချင် သူတွေအတွက်လည်း Chiiori House ဆိုတာ စီစဉ်ပေးထားတယ်။ တောတောင်ရေတံခွန်တွေနဲ့ သဘာဝအလှတွေကို ခံစားလိုသူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

Nagambie Lakes, Australia

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရဲ့ မြောက်ဘက်ကို တစ်နာရီခွဲလောက် ကားစီးရင် ရောက်နိုင်တဲ့နေရာမှာရှိတဲ့ Nagambie ရေကန်ကြီးဟာ ဩစတြေးလျနိုင်ငံမှာ သက်တမ်းအကြာဆုံး စပျစ်ခြံတွေစိုက်ပျိုးရာ ဒေသကြီးတစ်ခု ဖြစ်ပါတယ်။ ၁၉ ရာစုလောက်ကတည်းက အဲဒီလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ဒေသပါ။ ဗစ်တိုးရီးယားခေတ်ရဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ ရေလွှာလျှောစီးနေရာတွေ၊ လှေလှော်၊ ရွက်တိုက်နေရာတွေ အများကြီးရှိသလို ဒေသထွက်ဝိုင်အရက်ကြောင့်လည်း အလွန်နာမည်ကြီးပါတယ်။ အဲဒီဒေသရောက်ရင် Mitchelton ဟိုတယ်မှာ တည်းခိုနိုင်တယ်။ စားသောက်ဆိုင်ကောင်းတွေလည်း အများကြီးရှိတယ်။

Southern Sri Lanka

သီရိလင်္ကာတောင်ပိုင်းဒေသဟာ ပြည်တွင်းစစ်တွေကြောင့် အေးချမ်းတဲ့ဒေသတစ်ခုလို့ မပြောနိုင်ခဲ့တာ ကြာပါပြီ။ ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ သိပ်ပြီးတော့ မထွန်းကားခဲ့ဘူး။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာ သီရိလင်္ကာကိုရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်ပေါင်းဟာ ၂ သန်းလောက် ဖြစ်လာတာတွေ့ရတယ်။ တောင်ပိုင်းဒေသ ကမ်းရိုးတန်းတွေမှာ ပိုပြီး လုံခြုံအေးချမ်းလာပြီဆိုတဲ့သဘောတွေ ပြလာတယ်။ ကိုလံဘိုက ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေ ပြန်ပြီးတော့ ဖွင့်လှစ်ဖို့ ကြိုးပမ်းလာကြတာလည်း တွေ့ရတယ်။ 

လက်ရှိတော့ အခန်းပေါင်း ၁၇၂ ခန်းရှိတဲ့ Amari အပန်းဖြေစခန်းကို ဖွင့်လှစ်ထားတယ်။ Galle လို့ခေါ်တဲ့ UNESCO ကနေ အသိအမှတ်ပြုထားတဲ့ ဒတ်ခ်ျခံတပ်ရှေ့မှာ အဲဒီအပန်းဖြေစခန်းကို ဖွင့်ထားတယ်။ Mirassa ကမ်းခြေကလည်း နာမည်ကြီးတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်နေရာပါပဲ။

Shanghai, China

တရုတ်နိုင်ငံရောက်ရင်တော့ ရှန်ဟိုင်းခရီးစဉ်က စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။ ရှန်ဟိုင်းဟာ တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံးမြို့တစ်မြို့အဖြစ် ရာစုတစ်စုလောက်ကတည်းက ထင်ရှားလာခဲ့တာပါ။ မြို့ပြရဲ့ အနုပညာ၊ နည်းပညာ၊ စီးပွားရေးအချက်အချာကျတဲ့ မြို့တစ်မြို့လည်းဖြစ်နေတယ်။ ၁၉၉၀ ပြည့်နှစ်လောက်ကတည်းက စီးပွားရေး စတင်ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့အဆင့်မီ ဆွဲဆောင်မှုအကောင်းဆုံး မြို့ကြီးတစ်မြို့လည်း ဖြစ်လာခဲ့တယ်။ West Bund အရပ်ကတော့ သင်္ဘောဆိပ်ကမ်းမြို့ဖြစ်နေပြီးတော့ ပန်းချီပြခန်းတွေ၊ ပညာရေးအတွက် အရေးပါတဲ့ဌာနတွေ၊ ပန်းခြံတွေကို တည်ဆောက်နေတာပြီးတော့မယ်။ 

North Bund အရပ်မှာ W Hotel ဆိုတဲ့ မြို့တော်ရဲ့ ဟိုတယ်သစ်စီမံကိန်းကို ပြန်ပြီး အကောင်အထည် ဖော်နေတယ်။ Minhang ဒေသကတော့ မင်မင်းဆက်နဲ့ ကျင်မင်းဆက်ခေတ်က အဆောက်အအုံတွေကို လည်ပတ်စရာရှိတယ်။ ၂၀၁၈ ခုနှစ်မှာ ဇိမ်ခံဟိုတယ်တွေက ဆက်ဆောက်ဖို့ စီမံထားတယ်။ မြို့တော်ကို လှပအောင် ပြုပြင်နေရုံမက အချက်အချာဗဟိုဒေသတစ်ခုခုအဖြစ် အကောင်အထည်ဖော်ဖို့ စီစဉ်နေကြပုံပဲ။ 

(Ref: The 50 Best Places to Travel in 2018)