News

POST TYPE

TRAVEL LOG

ဟောင်ကောင်သို့ တစ်ခေါက်
07-Jan-2018 tagged as

မိုးစက်

ဗုဒ္ဓဆင်းတုတော်နှင့် ပိုလင်းဘုန်းတော်ကြီးကျောင်း

ဟောင်ကောင်ရောက်လျှင် Lantau တောင်ပေါ်ရှိ Po Lin ဘုန်းကြီးကျောင်းသို့ ရောက်အောင် သွားစေချင်သည်။ ဟောင်ကောင်၏အစွန်းတွင် တည်ရှိသည့် ကျောင်းလည်း ဖြစ်သည်။ ထိုတောင်ကြောပေါ်ရှိ ဘုန်းကြီးကျောင်းကို ၁၉၀၆ ခုနှစ်ကတည်းက တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုတောင်ပေါ်တွင်ပင် Tian Tan ဟုခေါ်သော ဗုဒ္ဓဆင်းတုတော်ကြီးကို တည်ထားကိုးကွယ်ထားသည်။ ၁၉၉၃ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် ဆင်းတုတော်ကြီးဖြစ်သည်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆင်းတုတော်ကြီးအဖြစ် နာမည်ကျော်သည်။ ဆင်းတုတော်ကြီးဆီသို့ တက်သွားရသည့် လှေကားပေါင်း ၂၆၈ ထစ်ရှိသည်။ တောင်ပေါ်ရောက်လျှင် တောင်တရုတ်ပင်လယ်၏ အလှအပများကို ခံစားနိုင်သည်။                                  
မာရေးတိုက်

Murray House အဆောက်အအုံကြီးမှာ ဟောင်ကောင်ကျွန်းတောင်ဘက်တွင် တိတ်ဆိတ်စွာ အပန်းဖြေနားနေနိုင်သည့် နေရာတစ်နေရာဖြစ်သည်။ တိတ်ဆိတ်ငြိမ်းချမ်းပြီး စတန်လေ ပင်လယ်အော်ဘက်သို့ ရှုခင်းများကို ကြည့်ရှုခံစားနိုင်သည့် နေရာလည်းဖြစ်သည်။ မာရေးတိုက်သည် ဗစ်တိုးရီးယားခေတ် အဆောက်အအုံလက်ရာ တစ်ခုဖြစ်သည်။ ဟောင်ကောင်တွင် ရှေးအကျဆုံး တည်ဆောက်ခဲ့သော သမိုင်းဝင်အဆောက်အအုံ တစ်ခုလည်းဖြစ်သည်။ 

ဗြိတိသျှတို့အုပ်ချုပ်စဉ်က ဆာဂျော့မာရေးကို အစွဲပြုပြီး Murray House ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ဤအဆောက်အအုံကြီးကို ကျောက်တုံးကြီးများဖြင့် ခက်ခဲစွာ တည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး ယခုအခါ စားသောက်ဆိုင်နှင့် ဆိုင်များဖွင့်လှစ်ထားသည့် သမိုင်းဝင်နေရာ တစ်နေရာဖြစ်သည်။

ဓာတ်ရထားစီးမလား

Victoria Peak တောင်ပေါ်တွင် ဓာတ်ရထားများ ဆွဲပေးသည်။ ၁၈၈၈ ခုနှစ်ကတည်းက ပြေးဆွဲပေးနေခြင်းဖြစ်သည်။ အာရှတွင် ပထမဆုံးတောင်ပေါ် ပြေးဆွဲသည့် ဓာတ်ရထားလိုင်းဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၃၉၆ မီတာတွင် ပြေးဆွဲပေးနေသည့် ရထားကို စီးရခြင်းဖြစ်သည်။ ဟောင်ကောင်တစ်မြို့လုံး၏ မြင်ကွင်းအလှများကို ခံစားနိုင်သည်။ ထိုရထားလိုင်းက ၁ ဒသမ ၄ ကီလိုမီတာရှည်သည်။ တောင်စောင်း ၂၇ ဒီဂရီအတိုင်း စောင်းလျက်လိုက်ပါကာ အသည်းတယားယား စီးသွားကြရမည်ဖြစ်သည်။    

ဖယ်ရီစီးခရီး

ဟောင်ကောင်ရှိ Victoria ဆိပ်ကမ်းသည် ကမ္ဘာ့လူအစည်ကားဆုံး ဆိပ်ခံတစ်ခုအဖြစ် ထင်ရှားသည်။ ထိုဆိပ်ခံတွင် ပြေးဆွဲနေသည့် Star Ferry ကူးတို့ သင်္ဘောများကလည်း ထင်ရှားသည်။ ၁၈၈၈ ခုနှစ်ကတည်းက ပြေးဆွဲနေသည့် ပို့ဆောင်ရေးလိုင်း ဖြစ်သည်။ ဟောင်ကောင်ကျွန်းနှင့် ကောင်လွန်းကျွန်းဆွယ်အထိ ၇ မိနစ်စီးရသော ခရီးဖြစ်သည်။ နှစ်ထပ်သင်္ဘောကြီးများနှင့် ပြေးဆွဲပေးနေပြီး ထိုင်ခုံများမှာ သစ်သားထိုင်ခုံ၊ ကုန်းပတ်သစ်သား ရှေးကျကျတည်ဆောက်ထားသည့် ဖယ်ရီများကို အမှတ်တရစီးနိုင်သည်။ ဈေးသက်သာစွာဖြင့် ဟောင်ကောင်ရှုခင်းကို ပတ်ကြည့်နိုင်သည့် ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။                

ပင်နင်ဆူလာဟိုတယ်

ဗြိတိသျှကိုလိုနီခေတ်ကတည်းက နာမည်ကျော်ခဲ့သည့် Peninsula Hotel ကြီးဖြစ်သည်။ ၁၉၂၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော ဟိုတယ်ကြီးဖြစ်ပြီး ဟောင်ကောင်၏ ဈေးအကြီးဆုံးနှင့် သမိုင်းဝင် ဟိုတယ်ကြီးတစ်ခုအဖြစ် ထင်ရှားသည်။ ၁၉၄၁ ခုနှစ်က ဟောင်ကောင်ကို အုပ်စိုးထားသည့် ဗြိတိသျှအစိုးရက ထိုဟိုတယ်ကြီးတွင် ဂျပန်တို့ထံ လက်နက်ချခဲ့သဖြင့်လည်း သမိုင်းဝင်ခဲ့ရခြင်း ဖြစ်သည်။ ကိုလိုနီခေတ် အငွေ့အသက်များအပြင် ဗြိတိသျှလက်ရာ လက်ဖက်ရည်၊ ကော်ဖီနှင့် စားစရာများကိုလည်း ခံစားနိုင်သည်။      

ရှေးဟောင်းဓာတ်ရထား

ဟောင်ကောင်ကို ရှေးဟောင်းဓာတ်ရထားများစီးပြီး လည်ပတ်နိုင်ပါသေးသည်။ နှစ်ထပ် ဓာတ်ရထားများကို ယနေ့တိုင် ထိန်းသိမ်းကာ ပြေးဆွဲပေးနေသေးသည်။ ၁၉၀၄ ခုနှစ်ကတည်းက ပြေးဆွဲနေသည့် ဓာတ်ရထားများဖြစ်သည်။ ဟောင်ကောင်ကျွန်း၏ လူနေအထူထပ်ဆုံး မြောက်ပိုင်းကမ်းခြေတစ်လျှောက် ပြေးဆွဲပေးနေသည်။ ခေတ်ဟောင်း ဓာတ်ရထားများရှိသလို ခေတ်သစ် နှစ်ထပ်ကားများလည်းရှိသည်။ အပေါ်ထပ်ကစီးပြီး မြို့ကိုလှည့်ပတ် ခံစားသွားနိုင်သည်။

တိုင်အိုစတိုင်ရွာ

ရိုးရာ တံငါရွာလေးကို ယနေ့တိုင် Lantau ကျွန်းတွင် တွေ့နိုင်သေးသည်။ သုံးရာစုတိုင် တည်ရှိနေခဲ့သော တံငါရွာဖြစ်သည်။ တန်ကာလူမျိုးစုများ နေထိုင်ကြသည့် ကျွန်းစုဖြစ်သည်။ အိမ်များကို ခြေတံရှည်ဆောက်ကာ ကမ်းရိုးတစ်လျှောက် ယနေ့တိုင် နေထိုင်ကြသည့် လူမျိုးစုများဖြစ်သည်။ ထိုရွာအလယ်တွင် ချောင်းတစ်ချောင်းရှိသည်။ ရွာနှစ်ခြမ်းကို ယာယီတံတားဖြင့် ဆက်ထားသည်။ ဟောင်ကောင်၏ အတိတ်ကို ပြန်လည်ခံစားလိုလျှင် တိုင်အိုစတိုင် တန်ကာလူမျိုးစုများထံ သွားရောက်လည်ပတ်နိုင်သည်။

E-01

  • VIA
  • TAGS