News

POST TYPE

TRAVEL LOG

ကန္တရဝတ္တီ ခရီးသည်
ပုဂံမှ လွိုင်ကော်သို့

ပုဂံကနေ လွိုင်ကော်သွားမယ် ပြင်တော့ ပုဂံ-လွိုင်ကော် ဒါရိုက်ဘတ်စ်ကားက မရှိပါ။ ဒီတော့ ပုဂံ- တောင်ကြီးကားကို စီးရပါတယ်။ ပုဂံပြီးရင် အင်းလေးကန်ဟာ ကမ္ဘာလှည့်ခရီးသည် ဒုတိယအများဆုံး သွားတဲ့နေရာ ဖြစ်တာကြောင့် ခရီးသည်အများစုက နိုင်ငံခြားသားတွေ။ တောင်ကြီးကား ဆိုပေမယ့် နိုင်ငံခြားသား အားလုံးက အင်းလေးကန်ရှိရာ ညောင်ရွှေမှာ ဆင်းတာပါ။ ပုဂံ-တောင်ကြီး ဘတ်စ်ကားရဲ့ဝန်ဆောင်မှုက ရန်ကုန်-ပုဂံ ကားတွေရဲ့ ဝန်ဆောင်မှုထက် ပိုညံ့ပါတယ်။ လမ်းကလည်း ပိုဆိုးပါတယ်။

သာစည်နဲ့ ကလောကြားမှာ တက်လိုက်ရတဲ့ တောင်တန်းတွေက နည်းတာမဟုတ်။ အောင်ပန်း၊ ဟဲဟိုးကနေ ရွှေညောင်ရောက်တော့ အေးသာယာဘက် ဆက်မသွားပဲ ညောင်ရွှေဘက် ဦးတည်လိုက်ပါတယ်။ ညောင်ရွှေအဝင်ဝ ရောက်တော့ ရှမ်းဝတ်စုံ ဝတ်ထားတဲ့ လူငယ်နှစ်ဦး ကားပေါ်တက်လာပြီး အင်းလေးကန်ထဲ သွားမယ့် နိုင်ငံခြားသားတိုင်း ဇုန်ဝင်ကြေး ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ကျပ်စီ ပေးရမယ်လို့ တောင်းပါတယ်။ ဝင်ခွင့်လက်မှတ်တွေလည်း တစ်ခါ တည်းထုတ်ပေးလိုက်တာ တွေ့ရပါတယ်။

နိုင်ငံခြားသားအားလုံး ညောင်ရွှေမှာ ဆင်းလိုက်တဲ့အချိန်က မနက် ၃ နာရီလောက်ပဲရှိဦးမယ်။ မှောင်မှောင်မည်းမည်းကြီးထဲ တက္ကစီသမား၊ ဆိုင်ကယ်သမား တွေက အခြားမြို့တွေက ကားဂိတ်တွေလိုပဲ တိုးဝှေ့ ခေါ်ယူနေလေရဲ့။ ကားပေါ်မှာ ကျန်နေတာက တောင်ကြီးသွားမယ့် မြန်မာ ၁၀ ဦးခန့်သာ။ အဲဒီထဲက တချို့ဟာ အေးသာယာမရောက်ခင် လမ်းမှာ ဆင်းသွားတဲ့အတွက် ကားဂိတ်ရောက်တော့ လူက ၃ ဦးပဲ ကျန်ပါတယ်။ ၃ ဦးတည်းနဲ့ လိုင်းကား တစ်ခေါက်စာ မဆွဲပေးနိုင်ဘူး။ လူပြည့်တဲ့အထိ စောင့်ပါ။ မစောင့်နိုင်ရင် ၃ ယောက် တစ်သောင်းပေးပြီး သူ့ကားကို ငှားပါလို့ အေးသာယာ-တောင်ကြီး ပြေးနေတဲ့ လိုင်းကားဆရာက ဆိုပါတယ်။ (ပုံမှန်ဆို တစ်ယောက်မှ ၁၅၀၀ ပဲ ပေးရပါတယ်။)

လူက အတော်ပင်ပန်းနေတဲ့အတွက် လွိုင်ကော်ကို တိုက်ရိုက်မသွားသေးပဲ တောင်ကြီးမှာ တစ်ညအိပ် အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အနားယူဖို့ ဟိုတယ် လိုက်ရှာတော့ တော်ရုံနဲ့ စိတ်ကြိုက်မတွေ့။ ‘အသစ်တုန်းကပဲ ကောင်းပြီး ဟောင်းသွားရင် မကောင်းတော့တာ မြန်မာ့သဘာဝပဲလေ’ ဆိုတဲ့အတိုင်း ဟိုတယ် အတော်များများက အဟောင်းနံ့ ထွက်နေတဲ့အပြင် အခန်းဖွဲ့စည်းပုံကလည်း မကောင်းကြပါ။ တချို့အခန်းတွေဆို ခေါင်းရင်းဘက်မှာ အိမ်သာ ရှိနေတာမျိုး၊ လေအေးစက် ရှိတာပဲ ပြတင်းပေါက်မလိုဘူး ဆိုတဲ့ ဟိုတယ်မျိုးလည်း တွေ့ခဲ့ရပါတယ်။ နောက်ဆုံးတော့ စဖွင့်တာ ၃ လလောက်ပဲ ရှိသေးတယ်ဆိုတဲ့ ဗိုလ်ချုပ်လမ်းပေါ်က ဟိုတယ်ကို ရွေးလိုက်ပါတယ်။

နောက်တစ်နေ့ မနက် ၇ နာရီခွဲမှာတော့ လွိုင်ကော်သွားမယ့် လိုင်းကားက (ပေါင်မုန့်ကား) ဟိုတယ်ရှေ့အထိ လာခေါ်ပါတယ်။ ၈ နာရီအတိမှာ တောင်ကြီးကနေ စထွက်ပါတယ်။ တောင်ကြီးကနေ အောင်ပန်းအထိက မနေ့ညက လာခဲ့တဲ့လမ်းအတိုင်း။ အောင်ပန်းအလွန် မှာတော့ ကလော-သာစည်ဘက် သွားတဲ့လမ်းနဲ့ လွိုင်ကော်ဘက်သွားတဲ့ လမ်းခွဲရှိပါတယ်။ အောင်ပန်းဟာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး အတော်ဖြစ်ထွန်းတဲ့မြို့။ လမ်းဘေးတစ်လျှောက်မှာ ဂေါ်ဖီ၊ မုန်လာ၊ မြေပဲ၊ ပြောင်းဖူး စသဖြင့် စိုက်ခင်းတွေက တစ်မျှော်တစ်ခေါ်။

တောင်စောင်းပေါ်က စိုက်ခင်းတွေကို ငေးရင်း ဟိုမေးဒီမေး လုပ်ရင်းနဲ့ ဘေးနားက ရှမ်းဦးလေးကြီး နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားပါတယ်။ အောင်ပန်း မြို့နယ်အလွန် တီကျစ်မြို့နယ်ထဲ စဝင်တော့ “အဲဒါ ဘီလူးချောင်း အစပိုင်းပဲလေ” ဆိုပြီး သူတို့က လက်ညှိုးထိုး ပြပါတယ်။ ချောင်းက ခပ်သေးသေးဆိုပေမယ့် ရေစီးသန်တဲ့သဘော၊ ဆယ့်နှစ်ရာသီ ရေမခန်းပဲ စီးနေတဲ့ သဘောမျိုး တွေ့ရပါတယ်။ တကယ်ဆို ကျွန်တော်က တောင်ကြီးနဲ့ လွိုင်ကော်ကြားမှာ တီဂျစ်မြို့နယ် ရှိမှန်း မသိပါ။ မသိဆို ရှေ့ပိုင်းအခန်းတစ်ခုမှာ အစီရင်ခံခဲ့တဲ့ အတိုင်း ကြိုတင်မြေပုံ မကြည့်ဘဲ ဒီတိုင်း ကားတက်စီးလာခြင်းသာ ဖြစ်ပါတယ်။

အဲဒီတော့ “ဘီလူးချောင်းဆိုတော့ ကယား ပြည်နယ်ထဲ ရောက်နေပြီလား” ဆိုပြီး ပြန်မေးမိပါတယ်။ တကယ်က မဟုတ်ပါ။ တီကျစ်၊ ပင်လောင်း၊ ဆောင်း ပြောင်း၊ ဖယ်ခုံ၊ မိုးဗြဲ စသဖြင့် အားလုံး ရှမ်းပြည်နယ် ထဲမှာပါပြီး မိုးဗြဲမြို့နယ် အဆုံးမှာမှ ရှမ်း-ကယား နယ်စပ် ဆိုင်းဘုတ်ကို တွေ့ရပါတယ်။ ဘီလူးချောင်းအစပိုင်း အဲဒီချောင်းကူးတံတားငယ်ကို ကျော်တာနဲ့ ဘိလပ်မြေ စက်ရုံကြီးတစ်ခုကို တွေ့ရပါတယ်။ 
“ဟိုဘက်နားမှာ ကျောက်မီးသွေးစက်ရုံတစ်ခု ရှိသေးတယ်” ဆိုပြီး ဦးလေးကြီးက ထပ်ပြောတော့ သတင်းတွေထဲ ဖတ်ခဲ့ဖူးတဲ့ တီကျစ် ကျောက်မီးသွေးစက်ရုံ ပြဿနာတွေကို ပြန်သတိရမိ ပါတယ်။ ကားပြတင်းပေါက်ကနေ ဝင်လာတဲ့ လေအေးထဲ ကျောက်မီးသွေးအမှုန့်တွေ ပါလာတယ်လို့ စိတ်ထဲထင်ပြီး ချောင်းတောင်နည်းနည်း ဆိုးလိုက်ပါသေးတယ်။

ငြိမ်းအဖွဲ့တွေများတဲ့ ဒေသ

ပင်လောင်းကအထွက် တောင်ကုန်းတက်လမ်း အကွေ့တစ်ခုမှာတော့ မျက်နှာချင်းဆိုင်ကနေ အရှိန်နဲ့ မောင်းလာတဲ့ ဆိုင်ကယ်တစ်စီး မိုးရေထဲဘီးချော်ပြီး ကျွန်တော်တို့ကားရှေ့မှာ ပြိုလဲပါတယ်။ တော်သေးတယ်။ ကားသမားချက်ချင်း ဘရိတ်အုပ်နိုင်လို့။ “ဆိုင်ကယ်တွေက ဒီလိုပဲလေ။ အရမ်းမောင်းတော့ သေမှာပေါ့” ဆိုပြီး ခရီးသည်တစ်ဦးက ညည်းပါတယ်။ လမ်းပေါ်မှာတော့ အသက် ၄၀ ဝန်းကျင် ဆိုင်ကယ်မောင်းသူ အမျိုးသားဟာ သွေးသံရဲရဲနဲ့ ပြန်ထမလာနိုင်တော့ပါ။ နောက်က ထိုင်လိုက်လာပုံရတဲ့ သူ့အမျိုးသမီးမျက်နှာ မှာလည်း သွေးတွေနဲ့။ ဒါပေမဲ့ သူကတော့ ဒဏ်ရာ သိပ်ပြင်းပုံမပေါ်။ သူ့ယောက်ျားကို ထူပေးနေတာ မြင်ရပါတယ်။

ကျွန်တော်တို့ကား ရပ်လိုက်တော့ နောက်ကနေ ကပ်ပါလာတဲ့ ကား ၄-၅ စီး တန်းစီ ရပ်လိုက်ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ကားပေါ်က ချက်ချင်းဆင်းပြီး ဆိုင်ကယ်သမားကို သွားကူတာမတွေ့မိပါ။ ဘာဖြစ်တာလဲဆိုပြီး ဘေးက ဦးလေးကြီးကို မေးကြည့်တော့ အမှုပတ်မှာစိုးလို့တဲ့။ “အမှုပတ်တာကနောက်၊ ဟိုမှာ အရေးပေါ်ဖြစ်နေတဲ့လူနာကို ကူဖို့က အရင်လုပ်ဖို့မလို ဘူးလား” ဆိုပြီး ကျွန်တော်ကပြောတော့ ဘယ်သူကမှ ဘာမှပြန်မပြောပါ။ ဒါပေမဲ့ ကားသမားကတော့ ဆင်းသွားပြီး လူနာကိုမကိုင်ဘဲ ရပ်ကြည့်နေပါတယ်။

ကူပြီး အချိန်မီ ဆေးရုံမပို့နိုင်ရင် လူနာအသက် ဆုံးရှုံးသွားနိုင်တဲ့ အနေအထားကြီး။ ကိုယ်က မှန်လုံကားရဲ့ နောက်ဆုံးခုံမှာ ဆိုတော့ ရှေ့ကလူတွေ မဆင်းမချင်း အောက်ကို ဘယ်လိုမှ ဆင်းခွင့်မရ။ နောက်ဆုံးခုံဆိုလို့ ပြောရဦးမယ်။ ဒီကလူတွေ စဉ်းစားပုံက တစ်မျိုး။ အဝေးဆုံး (ဂိတ်ဆုံးအထိ) သွားမယ့်လူက လမ်းမှာဆင်းစရာ မလိုတဲ့အတွက် နောက်ဆုံးခုံမှာ ထိုင်ပါတဲ့။ ဓာတ်ပုံ ရိုက်ချင်လို့ ရှေ့ဆုံးခုံပေးပါ ဆိုတော့ ဘုန်းကြီးနှစ်ပါးရှိ နေလို့ သူတို့ကို ဦးစားပေးရမယ်ဆိုတော့ ကိုယ်လည်း ဘာမှမတတ်နိုင်။

အောက်ဆင်းပြီး ကြည့်ခွင့်မရလို့ အဲဒီလို အတွေးပွားနေချိန်မှာ ကျွန်တော်တို့ကားရဲ့ တစ်စီးကျော်မှာ ရပ်ထားတဲ့ လေးဘီးယက်ကားအကောင်းစား တစ်စီး ပေါ်ကနေ ပြောက်ကျားစစ်ဘောင်းဘီ ဝတ်ထားတဲ့ လူလတ်ပိုင်းအရွယ် တစ်ဦး ဆင်းလာပြီး လူနာကို သွားထူပေးတာ မြင်လိုက်ရပါတယ်။ ဆိုင်ကယ်စီးဦးထုပ်ကို ဆွဲချွတ်လိုက်တော့ ခေါင်းမှာသွေးတွေနဲ့။ ဒီလူ့ကြည့်ရတာ သွေးထွက်တဲ့ဒဏ်ရာအပြင် ခေါင်းပါ အတော် မူးနေတဲ့ပုံစံမျိုးကြီး။ အဲဒီအချိန်ကျမှ ကားဆရာတွေ အားလုံးဝိုင်းလာပြီး လူနာကိုကူကြပါတယ်။ လူနာရော၊ ဆိုင်ကယ်ပါ သူ့ကားပေါ်တင်ပြီး အနီးဆုံးဆေးခန်းဆီ ပို့ပေးမယ်လို့ ပြောက်ကျားဆရာက ပြောပါတယ်။ 

အဲဒီ ဖိုးဝီးကားကို အသေအချာ စိုက်ကြည့်တော့ အပစ်အခတ်ရပ်စဲရေး (ငြိမ်း) အဖွဲ့တစ်ခုရဲ့ အလံနဲ့ တံဆိပ်တွေကို ကားရှေ့မှန်မှာ ကပ်ထားတာ တွေ့ရပါတယ်။ “ငြိမ်းတွေက ဒီနေရာမှာတော့ အားကိုးရသားပဲ” ဆိုပြီး ကျွန်တော့်နှုတ်က အလိုလိုထွက်သွားပါတယ်။ အဲဒီအချိန် ကျွန်တော့်ရှေ့ခုံမှာ ထိုင်နေတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက “ဦးလေးက ဘယ်အဖွဲ့ကလဲ၊ ငြိမ်းချမ်းရေးအဖွဲ့က လူတွေနဲ့ သိလား” ဆိုပြီး မေးလာပါတယ်။ မသိပါဘူး၊ သတင်းစာတွေထဲ ဖတ်ဖူးတာပါလို့ ဖြေပေမယ့် သူက ကျွန်တော့်ကိုမယုံသင်္ကာ မျက်လုံးနဲ့ကြည့်ပါတယ်။ ပြီးတော့ သူဟာ လွိုင်ကော်မှာ ဆက်ဆံရေးရုံး ဖွင့်ထားတဲ့ ငြိမ်းအဖွဲ့ တစ်ခုရဲ့ တပ်ဖွဲ့ဝင်ဖြစ်တယ်လို့ ပြောပါတယ်။

ကျောင်းသား သူပုန်ဟောင်းပါ။ မင်းတို့အဖွဲ့ ထဲမှာလည်း ငါတို့ရဲဘော်ဟောင်းတွေ ရှိပါတယ်လို့ ပြောရင်း သူနဲ့ မိတ်ဆွေ ဖြစ်သွားပါတယ်။ ဆိုလိုတာက ဒီဒေသမှာ ငြိမ်းအဖွဲ့ အတော်များပါတယ်။ အခု ကျွန်တော်စီးလာတဲ့ လိုင်းကားတောင် ငြိမ်းအဖွဲ့တစ်ခုခုက ပိုင်တာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ကိုယ့်ဘေးမှာ ထိုင်နေသူဟာလည်း ငြိမ်းတပ်ဖွဲ့ဝင်၊ မိသားစုဝင် ဖြစ်ကောင်း ဖြစ်နေနိုင်တဲ့အထိ ငြိမ်းအဖွဲ့များပါတယ်။ ရှမ်း-ကယား နယ်စပ်တစ်ခုတည်း မှာတင် ရလလဖ ခေါ် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့၊ ကလလတ ခေါ် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့၊ ကယန်းပြည်သစ်ပါတီ၊ KNPP ခေါ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ PNO ခေါ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် စသဖြင့် အများကြီးပါ။

အခုလမ်းတစ်လျှောက်ရှိ တီကျစ်၊ ပင်လောင်း မြိုနယ်တွေ အားလုံးမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို မြင်ခဲ့ရပါတယ်။ အရင်တစ်ခေါက် ပင်လုံဘက် သွားတုန်းကလည်း ဟိုပုံးမြိုနယ်မှာ အလားတူ ဆိုင်းဘုတ်တွေကို တွေ့ခဲ့ဖူးပါတယ်။ ငြိမ်းအဖွဲ့တံဆိပ်နဲ့ အလံတပ်ဆင်ထားတဲ့ ဖိုးဝီးကားတွေကိုလည်း ဒီလမ်းတစ်လျှောက်မှာ မကြာခဏ တွေ့ရလေ့ ရှိပါတယ်။ ကျွန်တော်ကသာ ငြိမ်းအဖွဲ့ပိုင် ကားတွေလို့ခေါ်နေပေမယ့်ဒေသခံ ခရီးသွားတွေကတော့ အဖွဲ့အစည်းပိုင်ကားတွေ၊ အဖွဲ့အစည်းကလူတွေ၊ အဖွဲ့အစည်းရဲ့ဂိတ်တွေ စသဖြင့် ငြိမ်းမပါပဲ အဖွဲ့အစည်း တစ်ခုတည်းကိုသာ ခေါ်ဝေါ်သုံးစွဲကြပါတယ်။

အင်း... ငြိမ်းအဖွဲ့ပိုင် ကားတွေမှာပဲဖြစ်ဖြစ်၊ လိုင်းကားတွေမှာပဲဖြစ်ဖြစ် အရေးပေါ်ကယ်ဆယ်ရေး (ရှေးဦးသူနာပြု) ပစ္စည်း ပက်ကေ့စ်လေး ထည့်ထားပေးရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိပါတယ်။ ဘာကြောင့်လဲဆို နော်ဝေမှာဆိုရင် အခကြေးငွေယူပြီး အများပြည်သူကို ပို့ဆောင်တဲ့ယာဉ်တွေ အပြင် ကိုယ်ပိုင်ယာဉ်တွေမှာလည်း ဒီလိုပစ္စည်းတွေ ထည့်ထားလေ့ ရှိပါတယ်။ တစ်ခါ အခုလို ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုဖြစ်လို့ ထိခိုက်ဒဏ်ရာ ရရင်လည်း အရေးပေါ်ဆေးရုံ ကားကို ချက်ချင်းခေါ်နိုင်ပါတယ်။

လွိုင်ကော်မြို့အဝင်

ဆိုင်ကယ်တိုက်မှု များလွန်းလှတဲ့ မြန်မာနိုင်ငံတစ်ဝန်းက အခြေအနေပေါ် စဉ်းစားလို့ကောင်းတုန်း ဧရာမ ရေအိုင်ကြီးတစ်ခုကို လှမ်းမြင်လိုက်ရပါတယ်။ ရေအိုင်က နည်းတာမဟုတ်၊ အင်းလေးကန်နီးပါး ရှိပါတယ်။ ဒါဟာ မိုးဗြဲဆည်ကို စမြင်ရတဲ့ ဖယ်ခုံမြို့နယ် ဖြစ်ပြီး အင်းလေးကန်ကနေ ဒီအထိ လှေနဲ့လာလို့ ရတယ်လို့ သိရပါတယ်။ အဲဒီဆည် ရေအိုင်ဆုံးခါနီးမှာ တွေ့ရတဲ့ ဆိုင်းဘုတ်က မိုးဗြဲမြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏။ မြို့အထွက်နားမှာတော့ ဆည်ရေနဲ့ စိုက်ထားတဲ့ လယ်ကွင်းတွေမှာ စပါးရိတ်ဖို့ ပြင်နေတာ တွေ့ရပါတယ်။ တခြားလယ်ကွက်တွေမှာတော့ အခုမှ ထယ်ထိုး၊ လယ်ထွန်လုပ်နေတုန်း၊ ကောက်စိုက်ဖို့ ပြင်နေကြတုန်း။

အဲဒီလယ်ကွင်းတွေအလွန် လမ်းရဲ့ယာဘက်မှာ ရှမ်းပြည်နယ်မှ နှုတ်ခွန်းဆက်သပါ၏ဆိုတဲ့ အနီပေါ် အဖြူနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကို တွေ့ရပြီး ဝဲဘက်မှာတော့ ကယားပြည်နယ်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရပါတယ်။ ဒါဟာ ရှမ်း-ကယား နယ်စပ်ပါပဲ။ ကယားပြည်နယ်မြို့တော် လွိုင်ကော်နား နီးလာတဲ့အခါ ကားလမ်းက နည်းနည်းပိုကောင်းလာတဲ့ အပြင် နှစ်စီးမောင်းနိုင်တဲ့ လမ်းမကြီးအဖြစ် တိုးချဲ့ထားပါတယ်။

ရှမ်းပြည်နယ်ထဲက မြို့တွေရော၊ ကယားပြည်နယ် လွိုင်ကော်ဝန်းကျင်က မြို့တွေပါ တောင်တွေ ဝိုင်းရံထားတဲ့မြို့တွေ ဖြစ်ပေမယ့် တောင်ထိပ်မှာ တွေ့ရတဲ့ ဘာသာရေး သင်္ကေတတွေကတော့ နည်းနည်းကွဲပြားလာတာ သတိထားမိပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေဟာ အမြင့်ဆုံး တောင်ပေါ်တက်ပြီး စေတီတည်လေ့ ရှိသလို လွိုင်ကော်ဒေသက ခရစ်ယာန် ဘာသာဝင်တွေကလည်း အမြင့်ဆုံးတောင်ပေါ်တက်ပြီး လက်ဝါးကပ်တိုင် စိုက်ထားကြပါတယ်။ (ဥရောပ နိုင်ငံတွေရဲ့တောင်ထိပ်မှာ ဒီလိုတိုင်တွေ ရှိတယ်လို့ သတိမထားမိပါ)။

အောင်ပန်းလမ်းခွဲကနေ မိုးဗြဲအလွန်အထိ ကားတစ်စီးစာသာ အကျယ်ရှိတဲ့ ကတ္တရာလမ်းကြမ်းဟာ လွိုင်ကော်မြို့နဲ့ နီးလာတဲ့အခါမှာတော့ နှစ်လမ်းသွားအဖြစ် ကျယ်ကျယ်ဝန်းဝန်း ရှိလာပါတယ်။ မြို့အဝင်ဝလမ်းဆိုရင် ရေတမာပင်တွေနဲ့ လှပနေပါတယ်။ ဒါပေမဲ့ ဟိုဘက်မှာ လေယာဉ်ကွင်းတိုးချဲ့နေလို့ဆိုလား လမ်းတချို့ ပိတ်ထားတာ တွေ့ရပါတယ်။ ခရစ်ယာန်ဘာသာဝင် များတဲ့ ပြည်နယ်မြို့တော် ဆိုပေမယ့် မြို့ဝင်ဝင်ချင်း တွေ့ရတာက ဗုဒ္ဓဘာသာ အဆောက်အအုံကြီးတွေ။

ဒါပေမဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကိုလည်း နေရာအတော်များများမှာ တွေ့ရပါတယ်။ ထားတော့။ ဒီမြို့ကို ကျွန်တော်လာတဲ့ကိစ္စက ဘာသာကိုးကွယ်မှုအကြောင်း သုတေသနလုပ်ဖို့ မဟုတ်ပါ။ From the land of Green Ghoust (အိုဘယ့်အစိမ်းတို့မြေအဖြစ် မြန်မာပြန်ထား) ရဲ့ဖန်တီးရှင်၊ DVB (ဒီမိုကရက်တစ်မြန်မာအသံ-မူလ) ဝန်ထမ်းဟောင်း၊ ABSDF ရဲဘော်ဟောင်း ပြည်တော်ပြန်တစ်ဦးဖြစ်သူ ပါစကယ် ခူးသွယ်နဲ့ တွေ့ဖို့သာ ဖြစ်ပါတယ်။ သူ့အိမ်က ဖယ်ခုံမှာ ဖြစ်ပေမယ့် လွိုင်ကော်အခြေစိုက် ခရီးသွားပညာပေး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုမှာ သူတာဝန်ထမ်းနေတဲ့အတွက် ဖယ်ခုံကိုကျော်ပြီး လွိုင်ကော်အထိ ကျွန်တော် ရောက်လာတာပါ။

ကားဆိုက်တဲ့အချိန်က ညနေ ၃ နာရီခွဲလောက်ပ ရှိသေးတော့ ပဒေါင်လည်ပင်းရှည်ရွာတွေဆီ လှည့်လည်ဟောပြောနေတဲ့သူက ပြန်မရောက်သေး။ ဒီတော့ သူ့အသိ လူငယ်တစ်ယောက်က ကျွန်တော့်ကို ဆိုင်ကယ်နဲ့တင်ပြီး လွိုင်ကော်မြို့တစ်ပတ် လိုက်ပြပါတယ်။ ဘယ်နေရာတွေကြည့်ချင်လဲဆိုပြီး အဲဒီလူငယ်က မေးတော့ “စေတီတွေရှိတဲ့ ကျောက်တောင်” လောက်ပဲ ကျွန်တော်က ပြောတတ်ပါတယ်။ ဒီတောင်ကွဲစေတီက တကယ့်အံ့ဩစရာကြီး။ အဝေးကကြည့်ရင် ကျောက်ဆောင်တစ်ခုပေါ်မှာ စေတီငယ်တွေ တည်ထားတယ်လို့ ထင်ရပေမယ့် အနီးကပ် သွားကြည့်တော့ ကျောက်ဆောင်ကတစ်ခုတည်း မဟုတ်။ သီးခြားစီရှိနေတဲ့ ကျောက်လုံး ၄-၅ လုံးလောက်က ပြိုကျမလာဘဲ တစ်လုံးနဲ့တစ်လုံးထိပြီး ထောင်နေတဲ့ အနေအထားမျိုးကြီး။

ကျွန်တော့်ကို လိုက်ပို့တဲ့လူငယ်နဲ့ ဒေသခံတချို့ အပြောအတိုင်း ဆိုရင်တော့ မိုးဗြဲဆည် မဆောက်ခင်က ဒီဘုရားခြေရင်းအထိ ရေရောက်နေပြီး ဧရာမလှေတစ်စီးက ဒီကျောက်ဆောင်ကို ဝင်တိုက်မိရာကနေ အခုလို ကျောက်ဆောင်တစ်စစီ ဖြစ်သွားတာလို့ ဆိုပါတယ်။ စေတီခြေရင်းမှာလည်း အဲဒီလှေပုံစံကိုပါ ပြထားပါတယ်။ အသေးစိတ် သိနိုင်ဖို့တော့ ထုံးစံအတိုင်း ရန်ကုန်ရောက်မှ စာအုပ်စာတမ်းတွေ ပြန်ရှာရပါဦးမယ်။

လွိုင်ကော်ခေါင်နဲ့ ကယားဝက်အူချောင်း

ဘုရားဖူးပြီးတော့ တခြားဘယ်နေရာ သွားချင်သေးလဲလို့ လိုက်ပို့တဲ့ လူငယ်က မေးပါတယ်။ မြို့တစ်ပတ်လောက်ပတ်ပြီးရင် ညနေစာ စားလို့ရတဲ့ ဆိုင်တစ်ခုမှာ ထိုင်ပြီး ပါစကယ်ကို စောင့်ရအောင်လို့ ကျွန်တော်က ပြန်ဖြေပါတယ်။ ဒီတော့ မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်း တစ်လျှောက်က စားသောက်ဆိုင်တွေ၊ နောင်ယားကန်ကြီး ဘေးနားက ဆိုင်တန်းတွေကိုကျော် ပြီး မြို့ပြင်ခပ်ကျကျရှိ ခေါင်ရည်ဆိုင်ဆီ ဒီလူမောင်းချလာပါတယ်။ “ဒါ လွိုင်ကော်မှာ အကောင်းဆုံး ခေါင်ရည်ဆိုင်ပဲ။ ဒီရောက်တုန်းတော့ ဒါ သောက်သွားပေါ့။ ဘီယာက တခြားမြို့တွေမှာလည်း သောက်လို့ရတာပဲ” လို့ လူငယ်က ဆိုပါတယ်။

အိမ်ရှင်က ဒီလောက်ညွှန်းနေမှတော့ ဧည့်သည်က ဘယ်ငြင်းလို့ကောင်းပါ့မလဲ။ “တောင်ပေါ်ခေါင်ရည် ချိုမြမြ တစ်ကျိုက်လောက်သောက်ရင် အမောပြေ၊ ... ဒါဟာလေ ချင်းပြည်ရဲ့ ဓလေ့တစ်ခုပါ...” ဆိုတဲ့ ရိုးရာဖွဲ့ သီချင်းစာသားကို ကျွန်တော်သိပ်ကြိုက်ပါတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီလူငယ် အပါအဝင် လွိုင်ကော်က လူငယ်တချို့ ဒီသီချင်းစာသားကို တယ်လီဖုန်းမြည်သံအဖြစ် ထည့်ထားကြတာ တွေ့ရပါတယ်။ တကယ်တော့ ခေါင်ရည်ဆိုတာ ချင်းပြည်ရဲ့ ဓလေ့တင်မက၊ တောင်ပေါ်သား အားလုံးရဲ့ ဓလေ့လို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။

ချင်းပြည်နဲ့ ကချင်ပြည်ကို အခုထိ မရောက်ဖူးသေးပေမယ့် မာနယ်ပလော အပါအဝင် နယ်စပ်ဒေသမှာ တွေ့ဖူးတဲ့ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရှမ်း (ဒေသတချို့) အတော်များများ ခေါင်ရည်ကို ဂုဏ်ယူစွာ သောက်သုံးကြတာ တွေ့ရပါတယ်။ အဲဒီဒေသဆီ မရောက်ဖူးသေးသူတွေကတော့ ခေါင်ရည်နဲ့ အရက်၊ ဘီယာကို အတူတူလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ တကယ်က အဲဒီလို မဟုတ်ပါ။ ခေါင်ရည်ဟာ ဘာဓာတုဆေးဝါးမှ မပါဘဲ သဘာဝနည်းအတိုင်း ချက်ထားတာကြောင့် ကျန်းမာရေးနဲ့ညီတယ်၊ အမျိုးသားရော၊ အမျိုးသမီးပါ သောက်သုံးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တကယ်တော့ ခေါင်းရည်ဟာ ကျွန်တော့်အတွက် အစိမ်းသက်သက် မဟုတ်ပါ။ ထိုင်း-မြန်မာ နယ်စပ် ကရင်နီ သူပုန်စခန်းနဲ့ ဒုက္ခသည်စခန်းတွေမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က သောက်ခဲ့ဖူးပါတယ်။ အခုတော့ ကရင်နီ၊ သို့မဟုတ် ကယားပြည်နယ်ရဲ့ မြို့တော်က ဆိုင်မှာ ထိုင်သောက်ရမှာဆိုတော့ ပိုအဓိပ္ပာယ် ရှိတာပေါ့။ “ဒါက အကျရည်၊ ဒါက ခေါင်ပူ” ဆိုပြီး ဖန်ခွက်အပြည့် နှစ်ခွက်အပြည့် အဲဒီလူငယ် လာချပေးပါတယ်။ တောထဲမှာတုန်းက အပူကို သောက်ဖူးပြီးသား ဆိုတော့ အခု အကျကို စမ်းကြည့်မယ်ဆိုပြီး မြည်းကြည့်ပါတယ်။

တောင်တန်းဒေသက လူတွေဟာ စာပေနဲ့ ယဉ်ကျေးမှုမှာတင် ကိုယ်ပိုင်ဟန်ရှိတာ မဟုတ်။ အစားအသောက်မှာလည်း ကိုယ်ပိုင်အစာတွေ ရှိပါတယ်။ ပြည်တွင်းဖြစ် ခေါင်းရည်နဲ့အတူ အမြည်းကလည်း အားလုံး ပြည်တွင်းဖြစ်တွေချည်းပဲ။ ကယားဝက်အူချောင်း၊ ဝက်သားဖက်ထုပ်ပေါင်း၊ ခရုဟင်းချို စသဖြင့် အစုံအလင်။ ရာသီဥတု အပြောင်းအလဲ၊ ပထဝီ အနေအထား အပြောင်းအလဲ၊ အစားအသောက် အပြောင်းအလဲကြောင့် ဝမ်းလျှောမှာစိုးလို့ ဘာမှမစားရဲ ဖြစ်နေတဲ့ ကျွန်တော်ဟာ တောင်ပေါ်ခေါင်ရည်နဲ့ တွေ့တော့ ဆောင်ရန်၊ ရှောင်ရန် အားလုံးကို မေ့သွားခဲ့ပါတယ်။    

ထက်အောင်ကျော်