News

POST TYPE

TRAVEL LOG

ကမ္ဘောဒီးယား ခရီးသွားလမ်းညွှန်
22-Oct-2017 tagged as ကမ္ဘောဒီးယား


ကမ္ဘောဒီးယားနိုင်ငံသည် အာရှတိုက်တွင် သမိုင်းဝင် ရှေးဟောင်း အနုပညာလက်ရာများနှင့် စိတ်ဝင်စားစရာ ကောင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အကျင့်ပျက် ဆိုးရွားသည့် အစိုးရများလက်ထက်တွင် နာမည်ဆိုးများဖြင့် ကျော်ကြားခဲ့သော်လည်း သမိုင်းနောက်ခံ အချက်အလက်များ၊ အရသာရှိသည့် အစားအသောက်များ၊ လှပသည့် ကမ်းရိုးတန်းနှင့် ညအလှ လည်ပတ်စရာတွေ ပေါများလှသဖြင့် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရန် သဘောကျသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်နေရသည်။

၁၉၇၅ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘောဒီးယားနိုင်ငံတွင် ပိုပေါ့ဦးဆောင်သည့် ကွန်မြူနစ် ခမာနီများ ကြီးစိုးခဲ့ပြီးနောက် အစုလိုက် အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်ခဲ့သည့် သမိုင်းနောက်ခံကလည်း ထိုနိုင်ငံအပေါ် စိတ်ဝင်စားစရာ ဖြစ်သည်။ ကမ္ဘောဒီးယားပြည်သူပေါင်း ၁ ဒသမ ၅ သန်းကျော် သေဆုံးခဲ့ရသည်။ ကမ္ဘောဒီးယား၏အတိတ်သည် ပြည်သူများကို ယနေ့တိုင် ခြောက်လှန့်ဆဲဖြစ်သည်။ ကွန်မြူနစ်တို့က ရွှေ့ပြောင်းနိုင်သည့် အဖိုးတန်ပစ္စည်းပေါင်း များစွာကို ဖျက်ဆီးရောင်းစားပြီး ဖြစ်သော်လည်း မရွှေ့ပြောင်း မဖျက်ဆီးနိုင်သည့် ရှေးဟောင်း အဆောက်အအုံများစွာ ကျန်ရှိနေသေးသည်။ 

ကမ္ဘောဒီးယားနိုင်ငံတွင် အမေရိကန် ဒေါ်လာကို အသုံးပြုနိုင်သည်။ ကမ္ဘောဒီးယားငွေ ရီရယ် (KHR) ငွေကို အသေးအမွှား ဝယ်ယူသည့်အတွက်သာ အသုံးပြုရန် ဆောင်ထားသင့်သည်။ နေရာအတော်များများတွင် ဒေါ်လာနှင့် ပေးချေမှသာ အဆင်ပြေတတ်သည်။

နေထိုင်စရာအတွက် တစ်ညလျှင် ၃ ဒသမ ၅၀ ဒေါ်လာတန် အခန်းလေးများကစပြီး ရှိသည်။ စုပေါင်းနေသည့် အဆောင်များတွင်ဖြစ်သည်။ သီးသန့် တစ်ယောက်ခန်းလေးတွေနှင့် နေချင်လျှင် တစ်ည ၅ ဒေါ်လာမှ ၁၀ ဒေါ်လာတန်အထိ ရှိသည်။ မိမိရောက်နေသည့် ဒေသအလိုက် တည်းခိုနေထိုင်ရမည့် အခန်း အနေအထားနှင့် တန်ဖိုး မတူညီတတ်ပေ။ 

တည်းခိုခန်းတိုင်းလိုလိုတွင် ယခုအခါ Free Wi-Fi စနစ်များ ထားပေးနေပြီဖြစ်သဖြင့် အင်တာနက် အခမဲ့ အသုံးပြုနိုင်ပါလိမ့်မည်။ အချို့သော တည်းခိုခန်းများတွင် နံနက်စာ အခမဲ့ပါသည်။ လေအေးပေးစက် တပ်ထားသည့် ကျကျနန ဟိုတယ်ခန်းဆိုလျှင် တစ်ည ၁၅ နှင့် ၂၀ ဒေါ်လာကြား ရှိသည်။ ပိုပြီးကောင်းမွန်သည့် ဟိုတယ်ကြီးများဆိုလျှင် ၂၅ ဒေါ်လာအထိ ယူသည်။ နေအိမ်များကို ငှားသည့်စနစ်များလည်း ရှိသည်။ နေအိမ်အခန်းများတွင် သွားရောက်နေထိုင်လျှင်လည်း တစ်ည ၂၇ ဒေါ်လာခန့် ပေးရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အစားအသောက်များ ဈေးပေါသည်။ လမ်းဘေးဈေးသည်များထံတွင် ၁ ဒေါ်လာ၊ ၂ ဒေါ်လာတန် ထမင်းများ မှာစားနိုင်သည်။ ဆိုင်များတွင် ဝင်စားမည်ဆိုလျှင် ထိုလမ်းဘေး အစားအစာမျိုးကို ၃ ဒေါ်လာမှ ၅ ဒေါ်လာအတွင်း ပေးရမည်ဖြစ်သည်။

အနောက်တိုင်း အစားအစာများ ရောင်းသည့် ဆိုင်များလည်းရှိသည်။ ၅ ဒေါ်လာမှ ၁၅ ဒေါ်လာအထိ ယူသည်။ ဖနွမ်းပင်မြို့ပေါ်တွင် ကမ္ဘာ့အဆင့်မီ ဆိုင်ကြီးတွေရှိသည်။ ၈ ဒေါ်လာမှ ၁၀ ဒေါ်လာခန့် ပေးရသည်။ ကိုယ့်ဘာသာ ဈေးဝယ်ပြီး အိမ်တွင်ချက်စားလျှင် တစ်ပတ်မှ ၂၀ နှင့် ၂၅ ဒေါ်လာကြားသာ ကုန်ကျမည်။ ဈေးထဲတွင် အစားအသောက်များကို ပေါပေါဝယ်နိုင်သည်။ ကိုယ်ကြိုက်ရာ စားနိုင်သည်။

ဒေသအတွင်း သယ်ယူပို့ဆောင်ရေး စရိတ်ကလည်း အလွန် သက်သာသည်။ တုတ်တုတ်ဟုခေါ်သည့် ဆိုင်ကယ်ကားလေးတွေ လမ်းဆုံလမ်းခွ နေရာတိုင်းလိုလိုတွင်ရှိသည်။ သို့သော် မစီးခင် ဈေးကို သေသေချာချာ ပြောပြီးမှ စီးသင့်သည်။ မည်သည့်ခရီးမဆို ၅ ဒေါ်လာထက် မပိုပေ။ တစ်နေကုန် တုတ်တုတ်ငှားပြီး လျှောက်လည်မှ ၁၅ နှင့် ၂၀ ဒေါ်လာခန့်သာ ရှိသည်။ မိမိတည်းခိုသည့် နေရာများတွင် သွားလိုသည့်ခရီးနှင့် တုတ်တုတ်ငှားပေးရန် ပြောပြထားနိုင်သည်။ 

ဒေသတစ်ခုနှင့်တစ်ခုကို ဘတ်စ်ကားစီးပြီးသွားလျှင်လည်း ၁၈ ဒေါ်လာ မကျော်ပေ။ ဘတ်စ်ကားတွေက ထိုင်းနိုင်ငံ ဆီယမ်ရိမှ နေ့တိုင်း ထွက်သည်။ ၁၃ ဒေါ်လာခန့်သာ ပေးရသည်။ ထိုင်းနိုင်ငံ ဆီယမ်ရိမှ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်သို့ နေ့စဉ် ပြေးဆွဲနေသည့် မီနီဘတ်စ်နှင့် ဘတ်စ်ကားကြီးများ ရှိသည်။ လူတစ်ဦး ၁၀ ဒေါ်လာခန့်သာ ပေးရသည်။ 

ကမ္ဘောဒီးယားနိုင်ငံရောက်တိုင်း မဖြစ်မနေ သွားရောက် လည်ပတ်သင့်သည့်နေရာမှာ အန်ကောဝပ် ဘုရားကျောင်းတော်ရာဟောင်းနေရာဖြစ်သည်။ ကျောင်းတော်ဟောင်း ဝင်ရောက် လေ့လာခွင့်အတွက် အခကြေးငွေ ပေးရသည်။ တစ်ရက် ၃၇ ဒေါ်လာနှုန်းဖြစ်သည်။ အခြား တောင်တက်ခရီးစဉ်များလည်း ရှိသေးသည်။ ထိုခရီးစဉ်ကိုလည်း ၁၀ ဒေါ်လာမှ ဒေါ်လာ ၂၀ ခန့်ပေးပြီး ရွာများထဲ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်။ 

ငွေကုန်သက်သာစွာဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း လည်ပတ်လိုလျှင် အစားအသောက်လေးတွေ ဆင်ခြင်ရမည်။ ဘီယာကို လျှော့သောက်ပြီး အစားကို များများစားလျှင် ပြဿနာမရှိပါ။ ဘီယာကို ဒေါ်လာနှင့် ဝယ်သောက်ရသည်။ တစ်နေ့ ဘီယာဖိုးတင် ဒေါ်လာ ၂၀ ခန့် ကုန်သွားနိုင်သည်။ ငွေပေါလျှင် မပြောလိုပါ။ ဘတ်ဂျက်ခရီးဆိုလျှင်တော့ အသောက်ကစလျှော့သင့်သည်။

တည်းခိုခန်းများကိုလည်း ကြာကြာတည်းခို မည်ဆိုလျှင် ဈေးနည်းနည်းနှင့် အဆင်ပြေမည့် နေရာ ကို ရွေးချယ်သင့်သည်။ ဟိုတယ်ကြီးတွေကတော့ ဈေးကြီးသည်။ လည်ပတ်ရာတွင်လည်း တစ်ယောက်တည်း လျှောက်လည်ခြင်းထက် အဖွဲ့လိုက် လည်ပတ်သည့်အုပ်စုများထဲတွင် လိုက်ပါနိုင်စေရန် ကြိုးစားပါက စရိတ်သက်သာနိုင်သည်။ 

ကမ္ဘောဒီးယားရောက်လျှင် သွားရောက်လည်ပတ်သင့်သည့် နေရာများမှာ-

အန်ကောဝပ်

ကမ္ဘောဒီယားနိုင်ငံ ရောက်လျှင် မဖြစ်မနေ သွားရောက် လည်ပတ်တတ်သည့်နေရာဖြစ်သည်။ ရှေးဟောင်း ဘုရားကျောင်းပျက်ကြီးမှာ ကြီးကျယ်ခမ်းနားစွာ တည်ရှိနေသေးသည်။ နေရာစုံ ရောက်အောင်ဆိုလျှင်ပင် ရက်အနည်းငယ် အချိန်ပေးပြီး လည်ပတ်ရမည့် ကျောင်းတော်ရာနေရာကြီးဖြစ်သည်။ UNESCO က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာတစ်ခုအဖြစ် အသိအမှတ်ပြုထားသောကြောင့် လာရောက်လည်ပတ် လေ့လာသူ အလွန်များသည်။ ပျက်စီးနေသည့် နေရာများကို ထဲထဲဝင်ဝင် လိုက်ပြီးလေ့လာရန် မဖြစ်နိုင်ပါ။ 

အန်ကောဝပ် ဝင်ကြေးက တစ်ရက် ၃၇ ဒေါ်လာ ဖြစ်သည်။ သမိုင်းကို စိတ်ဝင်စားပြီး သေသေချာချာ လေ့လာချင်သူများ အနေနှင့် တစ်ရက်နှင့် မပြီးနိုင်ပါ။ ထို့ကြောင့် သုံးရက်လည်ပတ်ခွင့် လက်မှတ်ကို ၇၂ ဒေါ်လာနှင့် စီစဉ်ပေးထားသည်။ ပျက်စီးနေသည့် သမိုင်းဝင် ဝင်းကြီးအတွင်း တုတ်တုတ်ငှားပြီး လေ့လာနိုင်သလို၊ ကိုယ်တိုင် စက်ဘီး စီးတတ်လျှင်လည်း စက်ဘီးစီးပြီး လျှောက်လှည့်ပတ် ကြည့်ရှုလေ့လာနိုင်သည်။ 

တုန်လေဆက်

ကမ္ဘောဒီးယား လူနေမှုဘဝများကို အခြားသော နည်းလမ်းများဖြင့် လေ့လာလိုလျှင် တုန်လေဆက် အင်းကြီးနှင့် မြစ်ကြောင်းအတိုင်း မော်တော်ဘုတ်များစီးကာ သွားရောက်လေ့လာကြည့်ခြင်းဖြစ်သည်။ တစ်နေ့တာခရီး မြစ်ကြောင်းနှင့် အင်းထဲတွင် လှည့်ပတ် သွားလာကာ သူတို့၏ လူနေမှုဘဝများကို လေ့လာနိုင် သည်။ တစ်ရက်လေ့လာရေး ခရီးအတွက် လူတစ်ယောက်လျှင် မော်တော်ဘုတ်လှေစီးခ ၂ ဒသမ ၅၀ ဒေါ်လာ ပေးရသည်။

သီဟုနုကမ်းခြေ

အဖြူရောင် သဲသောင်များနှင့် လှပသည့်ကမ်းခြေတွင် သွားရောက် အပန်းဖြေနိုင်သည်။ ရေငုပ်နိုင်သည်။ ပင်လယ်စာများ စားနိုင်သည်။ ညဘက်တွင် ကမ်းခြေ၌ လည်ပတ်ပြီး သောက်စားနိုင်သည်။ သောက်စားပျော်ပါးရန်နှင့် ပင်လယ်လေရှူပြီး ကြည်နူးစွာ အပန်းဖြေနိုင်ရန် လာရောက်ကြသည်။

ဖနွမ်းပင်

ဖနွမ်းပင်မြို့သည် ကမ္ဘောဒီးယား၏ မြို့တော်ဖြစ်ပြီး ဖုန်ထူသည့်လမ်းများ ရှိနေသေးသောကြောင့် သန့်ရှင်းလှပသည့် မြို့တော်တစ်ခုဟု မပြောနိုင်သေးပေ။ သို့သော် မြို့ထဲတွင် လမ်းဘေးဆိုင်လေးတွေ များစွာ ရှိပြီး စိတ်ဝင်စားစရာ ကောင်းလှသည်။ ချောင်းဘက်တွင် တည်းခိုရန်အတွက် အခန်းဖွဲ့ပြီး ငှားစားသည့်နေရာ များစွာ ရှိသည်။ 

လူသတ်ကွင်း

ရုပ်ရှင်ထဲတွင် (The Killing Fields) ဟု နာမည်ကျော်ခဲ့သော လူမျိုးတုံး သတ်ဖြတ်ခဲ့သည့် နေရာကိုလည်း သွားရောက် လေ့လာသင့်သည်။ ဖနွမ်းပင်မှ ၁၀ မိုင်ခန့်အကွာ ရွာလေးတစ်ရွာကို Killing Fields နေရာအဖြစ် ပြသထားသည်။ နေ့ဝက်လောက် သွားရောက်လေ့လာရမည်။ ကွန်မြူနစ် ခမာနီတွေကြီးစိုးစဉ်က ရက်စက်သည့် ပုံရိပ်တွေကို ပြထားသည်။ ဝင်ခွင့် ၃ ဒေါ်လာဖြစ်သည်။ ဖနွမ်းပင်သို့အပြန် တုတ်တုတ်စီးလျှင် ၁၅ ဒေါ်လာ ပေးရလိမ့်မည်။

ကမ်ပုံချမ်း

ကမ္ဘောဒီးယားနိုင်ငံ၏ တတိယ အကြီးဆုံးမြို့ ဖြစ်သည်။ ခရီးသွားများ ကမ်ပုံချမ်းအထိ လာရောက်လေ့လာကြသည်။ ပြင်သစ်ကိုလိုနီလက်အောက်ခံဘဝ ကျရောက်ခဲ့စဉ်က အငွေ့အသက်ပေါင်း များစွာကို ဤမြို့တွင် လေ့လာခံစားနိုင်သည်။ ကမ္ဘောဒီးယားနိုင်ငံအကြောင်း ကောင်းကောင်းသိလိုလျှင် ကမ်ပုံချမ်းကိုရောက်မှ ပြည့်စုံနိုင်သည်။ ပျက်စီးနေသည့် နိုကာဝပ် ဘုရားကျောင်းကို လေ့လာနိုင်သလို အခြားဘာသာရေးဆိုင်ရာ အဆောက်အအုံ နေရာများစွာကိုလည်း လေ့လာနိုင်သည်။ 

ကမ္ဘောဒီးယားတွင် အခြားလေ့လာစရာ နေရာ များစွာ ရှိပါသေးသည်။ ကက် (Kep)၊ ဘန်ကာအမျိုး သားဥယျာဉ်၊ ဘက်တမ်ဘန်ရွာ၊ ပရာဆက် ဖရာဗီဟာ ကျောင်းတော်၊ ရေပေါ်ရွာ (Chong Khneas)၊ ကမ်ပေါ့ မြို့ပြင်ရှိ ငရုတ်ကောင်းစိုက်ခင်း၊ ထိုင်းနယ်စပ်အနီးရှိ ခိုကောင်မြို့၊ ကမ်ပေါ့မြို့ စသည်တို့ကိုလည်း သွားရောက်လည်ပတ် ကြည့်ရှုမှသာ ကမ္ဘောဒီးယားခရီးစဉ်သည် ပြီးပြည့်စုံပါလိမ့်မည်။

မိုးစက်