News

POST TYPE

TRAVEL LOG

ဘီလူးကျွန်းမှ ဒူဘိုင်းသို့

ဘီလူးကျွန်းသို့ ပထမအခေါက်

မုဒုံမှာကျင်းပတဲ့ ၈ လေးလုံးဂုဏ်ပြုပွဲပြီးတော့  နေ့လယ် ၂ နာရီလောက် ရှိနေပြီ။ မော်လမြိုင်မသွားခင် မုဒုံတစ်ခွင်ကို လှမ်းမြင်နိုင်တဲ့ ကျိုက်ကမော့လေး တောင်ထိပ်ဆီ တက်လိုက်ပါသေးတယ်။ မုဒုံမြို့နဲ့ ကန်ကြီးရေပြင်၊ ပြီးတော့ သံဖြူဇရပ်ဘက်သွားတဲ့ လမ်းတလျှောက်က တောင်တန်းတွေ၊ နောက်ကျော ဘက်ရှိ ကျိုက်မရောမြိုနယ် ဘက်လှည့်ကြည်လိုက်တော့ ရေလျှံနေတဲ့ စပါးခင်းတွေကြားက ထိုးထိုးထောင်ထောင် ထုံးကျောက်တောင်တွေက ဟိုနား တစ်လုံး ဒီနား တစ်လုံး။ ပတ်ဝန်းကျင်ဟာ စိမ်းစိမ်းစိုစိုနဲ့ ပန်းချီကား တစ်ချပ်လို လှပနေပါတယ်။

မုဒုံကနေ မော်လမြိုင်ဘက် အထွက်မှာတော့ ထိုင်းစတိုင်လ် ကော်ဖီဆိုင်လေးတစ်ခု။ ဈေးသက်သာတဲ့အပြင် ဆိုင်နောက်ဖေးမှာ ကြက်မောက်၊ မင်းကွတ်နဲ့ တခြားပင်တွေပါဝင်တဲ့ ဥယျာဉ်ခြံကြီးက အပူဒဏ်ကို သက်သာစေပါတယ်။ ကော်ဖီဆိုင်က အထွက်မှာတော့ မနှစ်ကရောက်ခဲ့ဖူးတဲ့ ဝင်းစိန်တောရထဲ ဝင်ပါတယ်။ တစ်နှစ်အတွင်း ဘာတွေ တိုးတက်ပြောင်းလဲလာသလဲ ဆိုတာကို သိချင်လို့ပါ။ ဝင်ပေါက်လမ်း နည်းနည်း ကောင်းလာတာကလွဲရင် အထဲမှာ ဘာမှ မပြောင်းလဲသေး။ အထူးသဖြင့် အတောင် ၆၀ဝ ရုပ်ပွားတော်ကြီးဟာ မနှစ်ကအတိုင်း ဆောက်လုပ်နေဆဲ အနေအထားမှာပဲ ဆက်ရှိနေပါသေးတယ်။ 

ဘုရားဆီကနေ ကားလှည့်ထွက်မယ်ပြင်တော့ “ဒီနေရာမှာ မနေ့ကတောင် မွန်-တော်လှန်ရေးနေ့  အခမ်းအနား လုပ်သွားသေးတယ်လေ။ ဥက္ကဋ္ဌ နိုင်ရွှေကျင် အုတ်ဂူလည်း ဟိုတောင်ကုန်းပေါ်မှာရှိတယ်။ ခင်ဗျား စိတ်ဝင်စားလား”ဆိုပြီး ကျွန်တော့်ကိုလိုက်ပို့တဲ့ သံလွင်တိုင်းမ်ဂျာနယ်မှ မိတ်ဆွေကြီးက ပြောပါတယ်။ သူပြောမှ မနေ့က ရေးနဲ့မုဒုံကြား ကားလမ်းတစ်လျှောက် တွေ့ခဲ့ရတဲ့ မွန်အလံ တလူလူလွှင့်- မွန် ရိုးရာဝတ်စုံတွေနဲ့ လူငယ်တွေရဲ့ ကားတန်းတွေကို ပြန်သတိထားမိပါတယ်။ 

မနေ့က ဝါခေါင်လပြည့်နေ့ဟာ မွန်တော်လှန်ရေးနေ့။ အဲဒီနေ့ အခမ်းအနားတွေကို အခု ကျွန်တော် ရောက်နေတဲ့ ဝင်းစိန်တောရအပြင် မွန်ပြည်နယ် နေရာ အတော်များများမှာ တစ်ပြိုင်တည်း ကျင်းပခဲ့ကြတယ်တဲ့။ မွန်ပြည်သစ်ပါတီနဲ့ ၈ လေးလုံး ပတ်သက်နေပုံက စိတ်ဝင်စားစရာ။ ၁၉၈၉ ခုနှစ် ကျောင်းသားတွေ တောထဲရောက်ပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ဘုရားသုံးဆူက ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားမှာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်နွန်လာ မိန့်ခွန်းပြောရင်း နှလုံးရောဂါတက်ပြီး ကွယ်လွန်ခဲ့ပါတယ်။

အခု ၈ လေးလုံး ၂၉ နှစ်ပြည့်နေ့မှာ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ရွှေကျင် အုတ်ဂူဆီ တောခို ကျောင်းသားဟောင်းတစ်ဦး လာရောက် ဂါရဝပြုနေခဲ့ပေါ့။ နိုင်ရွှေကျင်ရဲ့ အုတ်ဂူနဲ့အတူ အခြားခေါင်းဆောင်တွေရဲ့ အုတ်ဂူ သုံးခုကိုလည်း တွေ့ရပါတယ်။ အဲဒီ အုတ်ဂူတွေကို ကြည့်ပြီး ဘုရားသုံးဆူ နယ်စပ်က ရဲဘော်တွေကို သတိရနေတုန်း အခြားအုတ်ဂူ ၂ ခုလည်း ချောင်းဆုံ (ဘီလူးကျွန်း) မှာ ရှိသေးတယ်ဆိုပြီး သိရပါတယ်။ ချောင်းဆုံဆိုတာ တစ်လောကမှ (ဧပြီလကမှ) တံတားအသစ် ထိုးလိုက်တဲ့နေရာ။ အဲဒီတံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးသင့် မသင့်နဲ့ပတ်သက်ပြီး အပြင်းအထန် အငြင်းအခုံ ဖြစ်ခဲ့တဲ့နေရာပေါ့။

ဒီခရီးစဉ်အတွင်း အဲဒီနေရာကို မသွားလို့ ဘယ်ဖြစ်မလဲ။ မော်လမြိုင်ရောက်တော့ ကမ်းနားလမ်းက ဟိုတယ်ခန်းမှာ အထုပ်အပိုးတွေ အမြန်ချပြီးတဲ့နောက် တံတားသစ်ကြီးဆီ ပြေးရပါတယ်။ တံတားရဲ့ ချောင်းဆုံဘက်ခြမ်းမှာ ကားကို ခဏရပ်။ မော်လမြိုက်ဘက် ဓာတ်ပုံလှမ်းရိုက်တော့ တောင်ဝိုင်း တောင်တန်းပေါ်က စေတီတွေ နောက်ခံနဲ့ လှပနေပါတယ်။ ဟိုဘက်နှားမှာတော့ သံလွင် (မုတ္တမ) တံတား။ ချောင်းဆုံဘက်အဆင်း လယ်ကွင်းတွေကို ဖြတ်ဖောက်ထားတဲ့ လမ်းက (ဒေသအခေါ် နိုင်လွန် ကတ္တရာ) ချောမွေ့နေပါတယ်။ လေတဖြူးဖြူး တိုက်နေတဲ့ကြားမှာ စပါးခင်းတွေကို ၅ မိုင်လောက် ဖြတ်ပြီးတဲ့နောက် အရင် (တံတား မဖွင့်ခင်အထိ) ကူးတို့လှေ အဓိက ကူးတဲ့နေရာ ကော့မုပွန်လမ်းခွဲ ကညှော်ရွာကို တွေ့ရပါတယ်။ 

အဲဒီရွာအလွန် ၇ မိုင်မှတ်တိုင်နားမှာတော့ ဟင်္သာရုပ် အဝိုင်းတစ်ခုကို တွေ့ရပါတယ်။ အဲဒီကနေ ညာဘက်ချိုး၊ ကျွန်းကို တစ်ပတ်ပတ်မယ်ပြင်တော့ ပထမဆုံး သတိထားမိတဲ့ရွာက မုဒွန်း။ ဒီဘက်မှာ တွေ့ရတဲ့အိမ်တွေက ထားဝယ်- မော်လမြိုင်လမ်းတစ်လျှောက်မှာ တွေ့မိတဲ့ အိမ်တွေနဲ့ မတူသလိုပဲ။ နည်းနည်း ရှေးကျတဲ့ အိမ်တွေကို ထိန်းထားနိုင်ဆဲလို့ ပြောရမယ် ထင်ပါတယ်။ ဘီလူးကျွန်းဟာ အလယ်ကောင်မှာ တောင်တန်းကြီးနဲ့ တောအုပ်ကြီးရှိနေပြီး ကမ်းနားတစ်လျှောက်မှာ ရွာတွေ တည်ထားတဲ့သဘောလို့ ယူဆရပါတယ်။

မုဒွန်းရွာအလွန်မှာ ကျောက်သင်ပုန်း ထုတ်တဲ့နေရာ ရှိတယ်ဆိုပေမယ့် ကျွန်တော်သွားတဲ့နေ့က ပိတ်ထားလို့ ကြည့်ခွင့်မရလိုက်ပါ။ အခုခေတ်က ကွန်ပျူတာခေတ်ဆိုတော့ ကျောက်သင်ပုန်း ဘယ်ရောင်းကောင်းတော့မလဲ။ ထုတ်လုပ်သူလည်း အရင်လို မရှိတော့ပါ။ အဲဒီကအလွန် နောက်ထပ်ရွာကြီး တစ်ခုအရောက်မှာတော့ ဆေးတံ အကြီးကြီးတစ်ခုကို ရွာလယ်က စင်မြင့်မှာ ဂုဏ်ယူစွာ တင်ထားတာ တွေ့ရပါတယ်။ ရွာအမည်မေးဖို့ မလိုတော့ပါ။ အဲဒီဆေးတံမှာ Made in Ywalut လို့ စာလုံး အကြီးကြီးနဲ့ ရေးထားတာ တွေ့လိုက်ရပါတယ်။ 

တစ်ချိန်က (မဆလ ခေတ်က) ဆိုရင် ဆေးတံတင်မက၊ စက်ဘီးတာယာ၊ ကားတာယာနဲ့ တခြား အသေးစား စက်မှုပစ္စည်း အတော်များများ ဒီရွာလေးကနေ ထုတ်လုပ်ခဲ့လို့ ကမ္ဘာမှာ နာမည်ကြီးခဲ့ဖူးတယ် မဟုတ်ပါလား။ အဲဒီခေတ်ကို တမ်းတရင်း ကျောက်သင်ပုန်းလိုက်ရှာတော့ ဒီဆေးတံကြီးဘေးနားက ဆိုင်မှာ ဒါဇင်နဲ့ချီ တွေ့မိပါတယ်။ အခုခေတ်မှာ ကျောက်သင်ပုန်းသုံးတဲ့ ကလေးတွေ မရှိတော့ပေမယ့် အမှတ်တရအဖြစ် ဝယ်သူ အတော်များများ ရှိသေးတယ်လို့ ဆိုင်ရှင် အမျိုးသမီးငယ်က ပြောပါတယ်။ ဒီတော့ ကိုယ်လည်း  သူငယ်တန်းဘဝ အမှတ်တရအဖြစ် ကျောက်တံ ၃ ချောင်းနဲ့ ကျောက်သင်ပုန်း တစ်ချပ်ကိုဝယ်ပြီး နော်ဝေအထိ သယ်ခဲ့မိပါတော့တယ်။

ဒူဘိုင်းမြို့မှာ ခဏတာ

ရန်ကုန်ကနေ အော်စလိုအပြန် Transit အဖြစ်ဝင်ရတဲ့ ဒူဘိုင်းလေဆိပ်ဆီ လေယဉ်ဆင်းတဲ့အချိန်က ညနေ ၄ နာရီ။ ဒီတော့ အသွားတုန်းက ညဘက်ကြီးမို့ ဘာမှမြင်ခွင့်မရလိုက်တဲ့ သဲကန္တာရထဲက မြို့တော် အခြေအနေကို အသေအချာ ကြည့်ခွင့်ရခဲ့တယ် ဆိုပါတော့။ အမှန်တိုင်း ဝန်ခံရရင် စာအုပ်ထဲမှာ ဖတ်ဖူး၊ ရုပ်ရှင်ထဲမှာ မြင်ဖူးတာမှအပ သဲကန္တာရဆိုတာကို အပြင်မှာ တစ်ခါမှမမြင်ဖူးပါ။ သဲပြင်ကြီးက နည်းတာမဟုတ်ပဲ။ ပြီးတော့ သစ်ပင်မရှိတဲ့ ကျောက်တောင်တွေ။ ဒီတောင်တွေဆီ မရောက်ခင် ကျော်ဖြတ်လာခဲ့တဲ့ ပင်လယ်ပြင် အရောင်တောင် အာရှမှတွေ့နေရတဲ့ ရေအရောင်နဲ့ မတူပါဘူး။

ကုန်တင်သင်္ဘော၊ ရေနံတင် သင်္ဘောတွေ အတော်များများ အဲဒီရေပြင်ထဲမှာ ရှိနေပါတယ်။ သဲပြင်တွေအလွန် သစ်ပင်မရှိတဲ့ ကျောက်တောင်တွေကြားက ချောင်းချောက်လိုနေရာဘေးမှာ ရွာလေးတွေကို လေယာဉ်ပေါ်ကနေ ခပ်ဝါးဝါး လှမ်းမြင်ရပါတယ်။ မြန်မာမှုပြုပြီး ချောင်းချောက်လို့ အလွယ် ခေါ်လိုက်ပေမယ့် ဒီဒေသမှာ မိုးရွာမရွာနဲ့ စမ်းချောင်းတွေရှိ မရှိ ကျွန်တော် မသိပါ။ သေချာတာကတော့ အာရှဒေသက မိုးရာသီ စပါးခင်းတွေလို၊ ဥရောပက နွေရာသီဂျုံခင်းတွေလို စိုက်ခင်းမျိုး ဒီဒေသမှာ မတွေ့မိပါ။ (အထူးစီမံထားတဲ့ စိုက်ခင်းတွေ ရှိတယ်လို့တော့ ဆိုပါတယ်)။

ဒူဘိုင်းမြို့နား နီးလာတော့ သဲပြင်ကြီးထဲမှာ ခေတ်မီမြို့ပြ အဆောက်အအုံတွေကို မြင်လာရပါတယ်။ သစ်ပင်တွေ၊ တောအုပ်တွေ မရှိတဲ့အတွက် ကြည့်ရတာ တစ်မျိုးကြီးရယ်။ သဲလယ်ကွင်းတွေထဲ  ကုန်သေတ္တာတွေ ချထားတာနဲ့ တူနေမလားပါပဲ။ ခေတ်မီ အိမ်ရာတွေနဲ့အတူ ဧရာမ အဝေးပြေးလမ်းမကြီးတွေ၊ ခေတ်မီ ကားမျိုးစုံတွေကိုပါ မြင်လာရပါတယ်။ အဲဒီလိုငေးလို့ ကောင်းတုန်း လေယာဉ်က ဒူဘိုင်း နိုင်ငံတကာကွင်းဆီ ရောက်လာပါတယ်။ 

ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ Burj Khalifa တာဝါ (၈၂၉ ဒသမ ၈ မီတာ သို့မဟုတ် ၂,၇၂၂ ပေ မြင့်ပါတယ်) ဆီ ဓာတ်ပုံလှမ်းရိုက်ပေမယ့် အပူရှိန် များလွန်းလို့ သဲတွေ အရောင်ပြန်နေတာလား။ မြူတွေ ဆိုင်းနေတာလား။ ဘာကြောင့်  မှန်းမသိ။ အားလုံးကို ခပ်ဝါးဝါးသာလှမ်းမြင်ရပါတယ်။ 

အစောပိုင်းမှာ အစီရင်ခံထားတဲ့အတိုင်း ဒီခရီး စဉ်က ဘတ်ဂျက်ခရီးစဉ် (ဈေးပေါတဲ့လေယဉ်) ဆို တော့ ဒီလေယာဉ်ကွင်းမှာ ၁၄ နာရီ ထိုင်စောင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ဒူဘိုင်းကို လေယာဉ်ဆိုက်တဲ့အချိန်က ညနေ ၅ နာရီမို့ နေမဝင်သေး။ (ဒူဘိုင်းက ဥရောပဘက် နီးသွားလို့လား မသိပါ။ နွေရာသီမှာ ဥရောပနီးနီး နေဝင်ချိန် နောက်ကျပါတယ်)။ ဒူဘိုင်းကနေ အော်စလိုဆီ လေယာဉ်ထွက်မယ့်အချိန်က မနက် ၇ နာရီမှ။ ၁၄ နာရီလုံးလုံး လေဆိပ်ထဲ ထိုင်စောင့်နေရရင် ပျင်းစရာကြီး။

အပြင်ထွက်လည်လို့ ရလားဆိုပြီး Information ဌာနမှာ သွားမေးတော့ နော်ဝေ စာအုပ်ဆို ရတယ်။ ဗီဇာမလိုဘူး ပြောပါတယ်။ ဒေသသုံးငွေ Dirham (Arab Emirates Dirham) လဲဖို့ လိုသေးလားဆိုတော့ မလိုဘူး။ တက္ကစီကအစ အားလုံး ခရက်ဒစ်ကတ်နဲ့ ပေးလို့ရတယ်လို့ အာရပ်ခေါင်းပေါင်းနဲ့ ပြန်ကြားရေးအရာရှိက အသေးစိတ် ရှင်းပြနေပါတယ်။ ထွက်ပေါက် အမြန်ရှာပြီး Passport Control ဖြတ်တော့ လဝက အရာရှိက စာအုပ်ပေါ် တုံး ထုထည့်လိုက်ပါတယ်။ ကိုယ်ထင်ထားတာက ဥရောပလေဆိပ်တွေမှာ ထွက်လည်သလို စာအုပ်ပေါ် တုံးမထုပဲ ဒီတိုင်းထွက်-ဒီတိုင်း ပြန်ဝင်လာလို့ ရမယ်ပေါ့။

ဒူဘိုင်းလေယဉ်ကွင်းက ဘန်ကောက် သုဝဏ္ဏ ဘူမိထက်ကြီးတယ်ဆိုတော့ တစ်နေရာနဲ့တစ်နေရာ သွားရတာ မချောင်ပါဘူး။ နိုင်ငံတကာ ဆိုက်ရောက် နေရာကနေ အခု အပြင်ထွက်တဲ့နေရာအထိ မိနစ် ၃၀ မက ကြာပါတယ်။ အပြင် ရောက်တော့ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်။ ဒါတောင် ညနေ ၆ နာရီ လောက်ရှိနေပြီ။ နေ့ခင်းဘက်ဆို ဘယ်လောက်များ ပူလေမလည်းမသိ။ ဒါပေမဲ့ ပြဿနာမရှိ။ ဒီနိုင်ငံက တက္ကစီတွေ၊ အဲကွန်းတွေက အတော်ကို အဆင့်မြင့်ပါတယ်။ (တက္ကစီတွေက နော်ဝေထက်တောင် အဆင့်မြင့်ပါတယ်)။ 

ထူးထူးခြားခြား တက္ကစီသမားက အာရပ်ဝတ်စုံဝတ် အမျိုးသမီးဖြစ်နေပါတယ်။ ဒီမှာအမျိုးသမီး ကားမောင်းခွင့်ရှိလို့ လားဆိုပြီး မေးကြည့်တော့ ဒီမှာရတယ်။ ဆော်ဒီမှာပဲ မရတာဆိုပြီး အဲဒီအမျိုးသမီးက ချက်ချင်း တုံ့ပြန်ပါတယ်။ မြို့ထဲတစ်လျှောက် ကောင်းလိုက်တဲ့လမ်းတွေ။ ရှေ့မှာပြောခဲ့တဲ့ ချောင်းဆုံက နိုင်လွန်ကတ္တရာလမ်း ငိုလောက်တယ်ပေါ့။ လမ်းကလည်း အသစ်၊ ကားကလည်း အသစ်၊ အဆောက်အအုံတွေကလည်း အားလုံး အသစ်စက်စက်လို ဖြစ်နေတော့ မကြာသေးခင်ကမှ ဆောက်ထားတဲ့ မြို့ပြနိုင်ငံသစ် တစ်ခုဆီ ရောက်နေသလိုပါပဲ။

ဒါပေမဲ့ အချိန်ကညနေ ၆ နာရီကျော်မို့လား မသိ။ လမ်းပေါ်မှာ လူတွေ သိပ်မတွေ့ရဘဲ ကားတွေပဲ တွေ့နေရပါတယ်။ တကယ်ဆို တက္ကစီမစီးဘဲ မိုးပျံရထားဖြစ်ဖြစ်၊ ဘတ်စ်ကားဖြစ်ဖြစ် စီးလိုက်ရင် ဈေးသက်သာတဲ့အပြင် လူတွေနဲ့လည်း ပိုတွေ့ရမယ်ပေါ့။ အခုတော့ တက္ကစီခက Dirham ၈၀ သို့မဟုတ် ၂၀ ယူရိုတဲ့။ အော်စလိုထက် ဈေးသက်သာပေမယ့် ဘန်ကောက်နဲ့စာရင် အတော်များနေတာပေါ့။ ကားရပ်တဲ့နေရာက ကမ္ဘာ့အမြင့်ဆုံးတာဝါ Burj Khalifa ရှေ့မှာ။ အဲဒီတာဝါဆီ လမ်းလျှောက်သွားပြီး ဘန်ကောက်က Baiyoke ဘိုင်ယုတ်တာဝါလိုအပေါ် တက်ကြည့်လို့ ရမယ်ထင်ထားပေမယ့် အဲဒီလို မဟုတ်ပြန်။ 

ကားပေါ်ကဆင်းတာနဲ့ ၄၃ ဒီဂရီ ရှိတဲ့အပူရှိန်က မျက်နှာကို လာဟပ်ပါတယ်။ ဒီတော့ ကိုယ်ရှေ့က လူတွေ ဝင်သွားတဲ့ ကုန်တိုက်ကြီးထဲပဲ လိုက်ဝင်သွားရပါတယ်။ Wow! လို့ အသံထွက်ပြီး အော်မိတဲ့အထိ ကုန်တိုက်ထဲမှာ လူတွေက နည်းနည်းနောနော မဟုတ်။ အပူရှိန်ပြင်းလွန်းတဲ့အပြင်မှာ လူရှင်းသလောက် ကုန်တိုက်ထဲမှာ လူတွေအားလုံး လာစုနေတယ် ပြောရမလားပါပဲ။ ထူးတာက ဒေသခံတွေ (အာရပ်ခေါင်းပေါင်းနဲ့အမျိုးသား၊ ဝတ်ရုံနက်နဲ့ အမျိုးသမီး) ကို သိပ်မတွေ့ရဘဲ လူဖြူ၊ လူမည်းနဲ့ အာရှသား (အထူးသဖြင့် တောင်အာရှသားတွေ) တွေကို အတော် များများ တွေ့ရခြင်းပါ။

ရောက်ဖူးသမျှ ကုန်တိုက်တွေထဲမှာ ဒီကုန်တိုက်က အကြီးဆုံးလို့ ထင်မိတာပါပဲ။ ကိုယ်က ဈေးဝယ်ဖို့ မဟုတ်ဘဲ တာဝါ ရှိနေတဲ့နေရာဆီ ဒီကုန်တိုက်ထဲကနေ ဖြတ်သွားနေတာဆိုတော့ လိုရင်းနေရာကို တော်ရုံနဲ့ မရောက်နိုင်ဖြစ်နေပါတယ်။ အတော်လေး လျှောက်ပြီး ကုန်တိုက် ဟိုဘက်ထိပ်နားရောက်မှ တာဝါကိုမြင်နိုင်တဲ့ ထွက်ပေါက်ကို တွေ့ပါတယ်။ အဲ ... ကုန်တိုက်ထဲမှာတွေ့တဲ့လူ အတော်များများကလည်း ကိုယ့်လိုပဲ တာဝါကို ရှာနေသူတွေပါလား။ တာဝါရှေ့ ရေပြင်ဘေးမှာ လူအုပ်ကြီးက နည်းတာမဟုတ်။ တစ်ထောင်မက ရှိမယ်ထင်ပါတယ်။

ရေပြင်မှာ ရိုးရာလက်လှော်လှေတွေရှိနေပြီး ရေပန်းတွေကို ရောင်စုံမီးနဲ့ထိုးတဲ့အတွက် ညနေခင်းဟာ လှပနေပါတယ်။ ရေပန်းတွေ အလွန်မှာတော့ ကမ္ဘာ့အမြင့်ဆုံး တာဝါကြီးက မီးရောင်စုံတွေနဲ့ ပြိုးပြိုးပြက်ပြက်။ ရိုးရာတေးဂီတကိုလည်း အသံငြိမ့်ငြိမ့်လေး ဖွင့်ပေးထားပါသေးတယ်။ လက်ကိုင်ဖုန်း အသီးသီး၊ ကင်မရာ အသီးသီးနဲ့ ရိုက်နေကြတဲ့ ဓာတ်ပုံမီးရောင်တွေက တဖျပ်ဖျပ်။ ဒီမှာ ရောက်နေတဲ့ လူတစ်ထောင်ကျော်စလုံး ကိုယ်လိုပဲ ဧည့်သည်တွေချည်းပေါ့။

ဒီလို မီးရောင်စုံထွန်းပြီး ဂီတာသံနဲ့ ဖျော်ဖြေတာက နာရီဝက်လောက်တော့ ကြာမယ်ထင်ပါတယ်။ ဒါမှမဟုတ် နာရီဝက်ထက်ပိုပြီး လူတွေ အဆောက်အအုံအပြင်မှာ (ပူအိုက်လွန်းလို့) မနေနိုင်လို့လား မသိပါ။ မီးမှိတ်- ဂီတသံ ပိတ်ပြီးချိန်မှာ အားလုံး ကုန်တိုက်ထဲ ပြန်ဝင်လာကြပြန်ပါတယ်။ တာဝါကိုမြင်ရဖို့ အရေး ပြေးရင်းလွှားရင်းနဲ့ ဗိုက်က အတော်ဆာနေပြီ။ ထုံးစံအတိုင်း ထမင်း သို့မဟုတ် ခေါက်ဆွဲရနိုင်တဲ့ ဆိုင်တွေ လိုက်ရှာတော့ ဒူဘိုင်း ကုန်တိုက်ထဲမှာလည်း အာရှဆိုင်တွေက အများကြီး။

Noodle Garden မှာ ထမင်းပါရလို့ အတော် အိုကေ သွားပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာ ထမင်းလမ်းပြ (ဘီယာ- ယမကာ) မရတာ အတော်ဆိုးပါတယ်။  အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ မရတာသာဖြစ်ပြီး ဟိုတယ်တွေ၊ သီးခြား နေရာတွေမှာတော့ လိုသလောက် ရပါတယ်လို့ စားပွဲထိုးက အသေအချာ ရှင်းပြနေပါတယ်။ ဒီလောက်ပူတဲ့ ရာသီအောက်မှာ  ရေခဲစိမ် ဘီယာလေး သောက်လိုက်ရရင် ဘယ်လောက်ကောင်းမလဲ။ မရပါဘူးဆိုပါမှ ဘန်ကောက်က စင်းဂါးနဲ့ ရန်ကုန်က မြန်မာဘီယာတွေကို ပိုလွမ်းမိသလိုလို။ ထမင်းကြော်တစ်ပွဲနဲ့ အအေးတစ်ခွက်ကို Dirham ၈၀ ဝန်းကျင် (ဒေါ်လာ ၂၀) ဆိုတော့ ဈေး သိပ်ကြီးတယ်လို့ မဆိုသာပါ။

ဒူဘိုင်းဟာ အရင်က ရေနံက ရတဲ့ဝင်ငွေနဲ့ နာမည်ကြီးခဲ့ပေမယ့် အခုတော့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အိမ်ရာ-အဆောက်အအုံ ရောင်းဝယ်-ငှားရမ်း လုပ်ငန်း၊ ငွေကြေးလုပ်ငန်းနဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်းတွေက အဓိက ထွန်းကားနေတယ်လို့ ဆိုပါတယ်။ ၂၀၁၆ မှာ ကမ္ဘာလှည့်ခရီးသည် ၁၅ သန်းလာပြီး ၂၀၂၀ မှာ သန်း ၂၀ လာဖို့ မှန်းထားကြပါတယ်။ ဒေသခံ လူဦးရေက ၃ သန်းတောင် မပြည့်တဲ့အတွက် ဒေသခံဦးရေထက် ဧည့်သည်ဦးရေ ပိုများနေတဲ့ မြို့တော်ဆိုရင်လည်း မမှားပါဘူး။ ၁၅ သန်းထဲမှာ တစ်ဦးအပါဝင်ဖြစ်တဲ့ စာရေးသူကတော့ ဒူဘိုင်းတာဝါနဲ့ ကုန်တိုက်မှာ ၃ နာရီနီးပါး လျှောက်ငေး၊ ဓာတ်ပုံတွေ ရိုက်ပြီးတဲ့နောက် ဥရောပ မဲဇာဆီ ဦးလှည့်ဖို့ လေယာဉ်ကွင်းဆီ ပြန်လာခဲ့ရပါတယ်။       ။

ထက်အောင်ကျော်