News

POST TYPE

TRAVEL LOG

ဗိုလ်ဗထူးရုပ်တုမှ ၈၈ ရုပ်တုများဆီသို့
08-Oct-2017 tagged as


ဗိုလ်မှူးဗထူး မွေးရပ်မြေသို့

ပုလောကအပြန် မော်လမြိုင်ပြန်မတက်ခင် မပျက်မကွက် သွားဖြစ်တဲ့နေရာတစ်ခုက ထားဝယ်ဒေသ (အတိအကျပြောရရင် စာရေးသူရဲ့ မြို့နယ် လောင်းလုံးဒေသ) ရဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲ ကောင်းတစ်ဦးဖြစ်သူ ဗိုလ်ဗထူးရဲ့ မွေးရပ်မြေ လေးသွန်းခံရွာပါပဲ။ ၂၀၁၃ ခုနှစ် ပထမ အခေါက်ခရီးစဉ်တုန်းက သူရဲ့ရုပ်တုကို လောင်းလုံး-ထားဝယ် နယ်စပ်က ကမြော ကင်းတံတားထိပ် (ထားဝယ် တက္ကသိုလ်အနီး) မှာသာ တွေ့ရပေမယ့် အခုတော့ သူ့ဇာတိရွာမှာ အမြင့် ၁၅ ပေရှိတဲ့ ကြေးရုပ်ကြီး ရှိနေပြီလို့ သိရပါတယ်။ 

စာရေးသူ ထားဝယ် မရောက်ခင် ဇူလိုင်လ ၂၀ ရက်နေ့ကမှ ဒီရုပ်တုကို စိုက်ထူခဲ့တာဖြစ်ပြီး တိုင်းအစိုးရ ဝန်ကြီးချုပ် အပါအဝင် လူထုပရိသတ် ထောင်နဲ့ချီ တက်ရောက်ခဲ့တာ သတင်းတွေထဲ တွေ့ရပါတယ်။ လေးသွန်းခံဟာ ထားဝယ်မြို့ကနေ ၁၈ မိုင်ဝန်းကျင်။ လောင်းလုံးမြို့ကနေ ၅ မိုင်ဝန်းကျင်သာ ဝေးတယ်ဆိုပေမယ့် မိုးရွာထဲ ဆိုင်ကယ်နဲ့ သွားရမှာဆိုတော့ သိပ်မလွယ်လှ။ လေးသွန်းခံရွာကိုဝင်တဲ့ ညင်းမော်လမ်းဆုံနဲ့ ကြယ်တောင်လမ်းခွဲအထိပဲ ကတ္တရာလမ်းရှိပြီး အဲဒီအလွန်မှာတော့ မြေနီလမ်းကြမ်းပဲ ရှိပါတယ်။

မြေနီလမ်းကြမ်းနဲ့ ရေမြောင်းတွေ၊ စိမ်းစိုနေတဲ့ စပါးခင်းတွေကိုဖြတ်ပြီးတဲ့နောက် တောင်တန်းနောက်ခံနဲ့ ဥယျာဉ်ခြံရွာလို ဖြစ်နေတဲ့ လေးသွန်းခံဆီ ရောက်လာပါတယ်။ ရွာဟိုဘက်အထွက် (ကြယ်တောင်ဘက် အထွက်) နားကကော်တော (ရော်ဘာတော) ဘုန်းကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင် ခြံအကျယ်ကြီးထဲမှာ ဗိုလ်ဗထူးရုပ်တု အကြီးကြီးကို တွေ့လိုက်ရပါတယ်။ ထားဝယ်မိုးကလည်း သဲသလားမမေးနဲ့။ ဆိုင်ကယ် နဲ့လာတာဆိုတော့ မိုးကာပဲပါပြီး ထီးကမပါ။ ဒီတော့ အနီးအနားဝန်းကျင်ရွာတွေကနေ ဗိုလ်ဗထူးရုပ်တုကို လာကြည့်ကြတဲ့ ကျောင်းသူလေးတွေဆီကနေ ထီးငှားပြီး ဓာတ်ပုံရိုက်ရပါတယ်။

မြန်မာအများစုဟာ တစ်ခုခုအသစ်ဆောက်တော့မယ်ဆိုရင် သစ်ပင်ကြီးတွေကို ခုတ်လဲ၊ မြေတွေကို ဘူဒိုဇာနဲ့ဖြိုလေ့ ရှိပေမယ့် ဒီခြံထဲမှာတော့ သစ်ပင်ကြီးတွေကို ခုတ်လဲခြင်းမလုပ်ဘဲ ကြေးရုပ်နဲ့ ဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်ခြင်းက ထူးပါတယ်။ အဝင်လမ်းနဲ့ ရင်ပြင်တစ်ခုလုံးကို ကွန်ကရစ်ခင်းထားပြီး ဆလိုက်မီးတွေပါ ဆင်ထားတဲ့အတွက် အတော်လေး ကို စနစ်တကျပြင်ဆင်ထားတဲ့သဘောပါ။ ဒါပေမဲ့  ပြတိုက် နဲ့ သမိုင်းဆိုင်ရာအချက်အလက် ဖြန့်ဝေတဲ့နေရာ တော့ မရှိသေးပါဘူး။

သမိုင်းစာအုပ်တွေကို ကိုးကားပြောရမယ်ဆိုရင် ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ ခုနစ်၊ ဇူလိုင်လ ၁၂ ရက် နေ့မှာ လေးသွန်းခံကျေးရွာနေ အဘဦးဘကွန်း၊ အမိ ဒေါ်စိန်မြတို့မှ မွေးဖွားခဲ့ပါတယ်။ (မနှစ်က ဗထူးရာပြည့် အခမ်းအနားလုပ်ရာကနေ အခုလို ကြေးရုပ်ထုတဲ့အထိ ဖြစ်လာတာပါ)။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာတော့ ဂျပန်ပြန်ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လကျာ် ဦးစီးတဲ့စစ်ကြောင်း ဘန်ကောက်ကနေ ထားဝယ်မြို့ ဆီဝင်လာစဉ် မေတ္တာရွာအရောက်မှာ ဗိုလ်ဗထူး တော်လှန်ရေးထဲ ရောက်သွားပါတယ်။ ၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်နေ့မှာတော့ ရှမ်းပြည်နယ် အောင်ပန်းမြို့အနီး (အခု ဗထူးတပ်မြို့နေရာ) တာဝန်ထမ်းနေစဉ် ငှက်ဖျားမိပြီး ကွယ်လွန်ခဲ့ပါတယ်။ 

ဗိုလ်ဗထူးကြေးရုပ်ကို အလေးပြုပြီး ပြန်အထွက်၊ ခုနက ကျောင်းသူလေးတွေ လမ်းပြမှ ညင်းမော်ရွာလမ်း မဟုတ်ဘဲ ဒီဘက် ကြယ်တောင်ဆီထွက်တဲ့လမ်းက နီးနီးလေးမှန်း သိရပါတယ်။ လမ်းတစ်လျှောက်မှာတော့ ဆီအုန်းပင်တွေအပြင် ထားဝယ်ဒေသမှာအတော်ရှား ပါးလာနေပြီဖြစ်တဲ့ မာလာကာချဉ်သီး (မာလကာချဉ် သီးနဲ့ စုံပတတ်သီးတွေဟာ မွန်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းမှာသာရှိတယ်လို့ ဆိုပါတယ်) အပင်တွေ ကိုပါတွေ့ရလို့ ဆိုင်ကယ်ရပ်ပြီး ခူးစားလိုက်ပါသေး တယ်။

ရေနက်ဆိပ်ကမ်း စီမံကိန်းနယ်မြေသို့

ဗိုလ်ဗထူးရွာကနေ အိမ်ပြန်ရောက်တော့ မနက် ၁၁ နာရီလောက်ရှိနေပြီ။ မနက်ဖြန် မော်လမြိုင်ပြန် တက်မှာဆိုတော့ ကျန်တဲ့နေ့တစ်ဝက်မှာ ထားဝယ်ဒေသရဲ့ စီးပွားရေး အထူးဇုန် ရေနက်ဆိပ်ကမ်းဆီ သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဗိုလ်ဗထူးရွာက ထားဝယ်နဲ့ ၁၈ မိုင်လောက်သာဝေးပေမယ့် ရေနက်ဆိပ်ကမ်းက မိုင် ၃၀ ကျော် (ကီလို ၅၀ ခန့်) လောက် ဝေးပါတယ်။ ပြီးတော့ မိုးရွာထားလို့ လမ်းတွေပျက်တာ၊ ရေကျော် တာတွေဖြစ်နေတဲ့အတွက် မိုးတွင်းမှာ အဲဒီဘက်သွား ရခက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကိုယ်ကသွားဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ မိုးထဲရေထဲမှာပဲ သူငယ် ချင်းတစ်ယောက်နဲ့အတူ ဆိုင်ကယ်နဲ့ ခရီးဆက်ပြန် ပေါ့။ 

၂၀၁၃ ခုနှစ် ပထမခရီးစဉ်တုန်းက ထားဝယ်-မောင်းမကန်-ပန်းတက်အင်းဘက်ကနေ (ပင်လယ်ကမ်း တစ်လျှောက်) သွားပြီး ရေဖြူဘက်ကနေ (ရေး-ထားဝယ် လမ်းအတိုင်း) ပြန်ဖူးပြီးသားဆိုတော့ အခုခရီးစဉ်မှာ တစ်ခါမှ မရောက်ဖူးသေးတဲ့လမ်းသစ် ကမြောကင်း-မြို့ဟောင်း-ဆင်ပစနစ်လမ်း (ထားဝယ်မြစ်အနောက် ဘက်ကမ်းတစ်လျှောက်) ကို ရွေးလိုက်ပါတယ်။ ဒီလမ်း ဟာ ၂၀၁၄ အထိ မြေနီလမ်းကြမ်းပဲ ရှိသေးပြီး ဦးသိန်းစိန် အစိုးရမဆင်းခင်လေးကမှ ကတ္တရာ ခင်းပေးခဲ့တာပါ။ 

ထားဝယ်သားတွေလည်း တခြားနယ်သားတွေလိုပဲ အခုတစ်လော ရုပ်တုဘက် စိတ်ဝင်စားမှု သိပ်များနေသလား မသိပါ။ ကျွန်တော့်ရွာကနေအထွက် ကမြော ကင်းရွာထဲဝင်တာနဲ့ ရုပ်တုကြော်ငြာအသစ်တစ်ခုနဲ့ တိုးနေပြန်ပါတယ်။ ဒီတစ်ခါက အမျိုးသမီးတော်လှန် ရေးသမား သူရမချစ်ပိုတဲ့။ သူမဟာ အခုကျွန်တော်သွား မယ့်လမ်းပေါ်ရှိ နခံတောရွာသူဖြစ်ပြီး ဖက်ဆစ်တော် လှန်ရေးကာလ ၁၉၄၉ တုန်းက မေမြို့မှာ(ပြင်ဦးလွင်) ကျဆုံးတယ်လို့ဆိုပါတယ်။ သူ့ရုပ်တုကို သောကြာ ပြင်ဈေးနားမှာ ဒီလကုန် (စက်တင်ဘာလကုန်) စိုက်ထူမယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ရုပ်တုနိုင်ငံရေးအကြောင်းစဉ်းစားရင်း ဆိုင်ကယ်က နခံတောရွာထဲ ဝင်လာပါတယ်။ ဒီဘက်မှာလည်း ရှေ့အခန်းတစ်ခုမှာ တင်ပြခဲ့တဲ့ ပုလောဒေသလိုပါပဲ။ ဘုရားဖူးတဲ့နေရာ အတော်များပါတယ်။ ရပ်ခံတောင် စေတီဟာ နခံတောမှာထင်ရှားပြီး ရှင်ဇလွန်က မြို့ဟောင်းရွာမှာ ထင်ရှားပါတယ်။ ဒါ့အပြင် မြို့ဟောင်းရွာမှာ သာဂရမြို့ဟောင်းနေရာ တူးဖော်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီရွာ ၂ ခုကြားက တောင်မင်းပြောင်ကတော့ ကောက်ညှင်းကျည်တောက် (ဒေသအခေါ် ကလ္လယ်မွှန်း) ထုတ်လုပ်ရာမှာ နာမည်ကြီးပါတယ်။

ပုလောခရီးစဉ်မှာ တင်ပြခဲ့ဖူးသလို ထားဝယ်နဲ့ ၁၈ မိုင်ဝေးတဲ့ သရက်ချောင်းမြို့ကိုကျော်ပြီး အောက်ဘက် မရောက်ဖူးသလို အခုလည်း ထားဝယ်နဲ့ ၁၀ မိုင် လောက်ဝေးတဲ့ မြို့ဟောင်း (သာဂရမြို့ဟောင်း) ရွာကို ကျော်ပြီး ဟိုဘက်ကိုတစ်ခါမှ မရောက်ဖူးသေးပါ။ မြို့ဟောင်း အလွန်အထိ လမ်းတွေက သိပ်ကောင်းနေပြီး ငြိမ်းချမ်းရေးခေတ် ဖြစ်သွားလို့လား မသိပါ။ ဒီဒေသဟာလည်း ပုလောဘက်က ရွာတွေလိုပဲ လွန်ခဲ့တဲ့ နှစ် ၃၀ နဲ့ ဘာမှမတူတော့ဘဲ ကိုယ်ပိုင်ကားတွေ၊ မော်တော် ဆိုင်ကယ်တွေ တဝီဝီဖြစ်နေပါတယ်။ 

ဆင်ပနစ်ရွာအရောက်မှာတော့ ပိန်းရှောင်-ရလှိုင် ဘက်ကို ဆက်မသွားဘဲ နတ်တွင်းလမ်းဘက်ကနေ ရေဖြူမြို့နယ်ထဲ ချိုးဝင်လိုက်ပါတယ်။ မိုးတွင်းဆိုတော့ နတ်တွင်းချောင်းရေလျှံနေလို့ ဆိုင်ကယ်ကို မနည်း ကြိုးစားဖြတ်ခဲ့ရပါတယ်။ အဲဒီကနေ ရေဖြူမြို့အနောက် ဘက်ကမ်းဆီဖြတ်ဝင်တော့ ဂဏန်းတောင်ပေါ်မှာ စေတီအသစ်နဲ့ ရုပ်ပွားတော်အသစ် အကြီးကြီးတွေကို တည်ထားဆောက်လုပ်နေတာ တွေ့ရပါတယ်။ ထားဝယ် မြစ်ကူး ရေဖြူတံတား ဆောက်တာက ဒီအနောက် ဘက်ကမ်း လမ်းတွေထက်တောင် နောက်ကျပါသေး တယ်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းကမှ ဒီတံတားကိုဖွင့်နိုင် ခဲ့တာပါ။

အဲဒီမတိုင်မီအထိ ရေဖြူမြို့ ဟိုဘက်ဒီဘက်ကူးဖို့ ကူးတို့လှေကိုပဲ အားကိုးခဲ့ရလို့ ရေဖြူကို ရင်ကွဲမြို့လို တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ရေဖြူမြို့ကနေ အထွက်၊ တပ်ရင်း ၃ ခုကိုကျော်ပြီးတဲ့နောက် ရေဆိပ် ကမ်းဆီဝင်တဲ့လမ်း (ကန်ချနပူရီ-ထီးခီးကနေ ဆင်း လာတဲ့လမ်း) ကို တွေ့ရပါတယ်။ အရင် ၂၀၁၃ တုန်းကနဲ့ ဘာမှမဆိုင်။ လမ်းတွေက အတော်ပျက်စီးနေပြီး ဗွက် လည်းထနေပါတယ်။ ဒီလမ်းဟာ မြေနီလမ်းဆိုပေမယ့် အီတလီ-ထိုင်းကုမ္ပဏီက နိုင်ငံတကာအဆင့်မီ ဖောက် ထားတာမို့ ရေး-ထားဝယ် ကတ္တရာလမ်းမှာမောင်းသလို ကားတွေအရှိန်နဲ့ မောင်းနိုင်ပါတယ်။ အဲဒါ ၂၀၁၃ တုန်းကပါ။ အခုတော့ ၄ ဘီးယက်ကားတွေလောက်ပဲ သွားနိုင်ပြီး ဆလွန်းကားတွေမသွားနိုင်လို့ လမ်းကနေ ပြန်လှည့်လာတာ တွေ့ရပါတယ်။

ရေနက်ဆိပ်ကမ်းအတွက် သီးခြားဆောက်ထား တဲ့ ယာယီချောင်းကူးတံတားရယ်၊ ဗွက်ထနေတဲ့လမ်း တွေရယ်ကို နည်းနည်းကြိုးစားဖြတ်သန်းပြီးတဲ့နောက် ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ စခန်းထောက်နေရာဆီ ရောက်ပါတယ်။ ဘိလပ်မြေစက်ရုံလို မီးခိုးတိုင်တွေထူထူထောင်ထောင်နဲ့ ခြံဝင်းကျယ်ကြီးထဲမှာ ဘူဒိုဇာတွေ အပါအဝင် စက်ယန္တရားတွေ အနားယူနေတာ သံချေး တောင်ကိုက်နေပြီ။ အဲဒီခြံဝင်းရှေ့မှာတော့ ကျွဲကောင် ရေ ၁၀ဝ ကျော်ရှိနေလေရဲ့။ ဒီဒေသဟာ စီမံကိန်း မစခင်က လောင်းလုံးမြို့နယ်တွင်းရှိ ကျွဲတွေကို ဝါတွင်းကာလ (လယ်ထွန်းပြီးချိန်ကနေ စပါးပေါ်ချိန်အထိ) မှာ အဓိက ထိန်းကျောင်းတဲ့နေရာ ဖြစ်ပါတယ်။

အဲဒီလိုစဉ်းစားရင်း နဘုလယ်ရွာဘေးနားရှိ ရေနက်ဆိပ်ကမ်း စီမံကိန်းဝင်းထဲ ရောက်လာပါတယ်။ အရင်တစ်ခေါက်က စီမံကိန်းတာဝန်ရှိသူတွေနဲ့ စည်ကားနေတဲ့ပြခန်းနဲ့ ဧည့်ရိပ်သာဆောင်တွေဟာ အခုတော့ ဘယ်သူမှမရှိ။ ခုနက ဂိတ်စောင့်မြန်မာဝန်ထမ်း လိုက်လာပြီး နောက်ဆုံး အခြေအနေကို ရှင်းပြပါတယ်။ အဲဒီဝင်းဘေးနားရှိ ဈေးဆိုင်တန်းမှာတော့ ကွီတီယို၊ ဖတ်ထိုင်း၊ သင်္ဘောသီးသုပ် အပါအဝင် ထိုင်းစားစရာ တွေရောင်းနေဆဲဖြစ်ပေမယ့် ထိုင်းဝန်ထမ်းတွေက (လောလောဆယ်) မရှိတော့ပါ။ ဒီနေရာကိုကျော်ပြီး KM 000 မှတ်တိုင်ရှိတဲ့ ရေနက်ဆိပ်ကမ်းဆီ သွားမယ်ပြင်တော့ တံတားကျိုးနေလို့ မယင်းကြီးကမ်းခြေ ဘက်ကနေ တစ်ကွေ့တစ်ပတ်ကြီး ပတ်သွားခဲ့ရပါတယ်။

အရင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ကားတွေ၊ လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေနဲ့ စည်ကားနေလေ့ရှိတဲ့ ဒီမှတ်တိုင်ဝန်းကျင်မှာ အခု ဘယ်သူမှ မရှိ။ မှတ်တိုင်ဘေးက ဧည့်ဆောင်လေးတောင် ပြိုတော့မလိုဖြစ်နေပါတယ်။ ဒါပေမဲ့ တနင်္သာရီတိုင်းအစိုးရ အသိုင်းအဝိုင်းကတော့ ဒီစီမံကိန်း လောလောဆယ် ရပ်တန့်သလို ဖြစ်နေပေမယ့် မကြာခင် ဂျပန်ဘက်က ရင်းနှီးမြှုပ်နှံမှုဝင်လာမယ့် အလားအလာ ရှိနေတယ် လို့ပြောပါတယ်။ ဒါ့အပြင် ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းနိုင်ငံ နယ်စပ်အကြား ဖောက်ထားတဲ့ (ထီးခီးဂိတ်) အဝေးပြေး လမ်းကြမ်းကိုလည်း ကွန်ကရစ်-ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်ဖို့ တိုင်းအစိုးရဘက်က ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

မုဒုံမြို့က ထူးခြားတဲ့ ဂုဏ်ပြုပွဲ

မော်လမြိုင်ပြန်မတက်ခင် ထားဝယ်မှာ အချိန် တစ်ရက်ပဲရတယ်ဆိုတာက ၈ လေးလုံး နှစ်ပတ်လည်နေ့အမီ မုဒုံမြို့မှာကျင်းပမဲ့ ABSDF 101 တပ်ရင်း ရဲဘော်ဟောင်းတွေရဲ့ အမှတ်တရဂုဏ်ပွဲကို တက်ချင်လို့ပါ။ ၂၉ နှစ်တာ ကာလအတွင်း ကျဆုံးသွားခဲ့တဲ့ ရဲဘော် ၆၀ဝ ကျော်ကို ABSDF ဗဟိုက ဂုဏ်ပြုလက်မှတ်တွေ ပေးပြီးဖြစ်ပေမယ့် အဲလောက်နဲ့ မလုံလောက်ဘူး။ သက်ဆိုင်ရာ တပ်ရင်းတွေအလိုက်လည်း တတ်နိုင်သလောက် ဂုဏ်ပြုသင့်တယ်ဆိုတဲ့ အိုင်ဒီယာကို သဘောကျလို့ ဒီပွဲဆီ ကျွန်တော် သွားတာပါ။

ထားဝယ်-မော်လမြိုင်လမ်းမှာ အသွားတုန်းကထက် နည်းနည်း ထူးတာကတော့ မီနီဘတ်စ် စီးလာတဲ့အတွက် မလွဲတောင်ဂိတ်မှာ အောက်ဆင်း-တန်းစီ မှတ်ပုံတင်ပြစရာမလိုဘဲ လဝက အရာရှိတွေကိုယ်တိုင် ကားတံခါးဆီလာပြီး စစ်သွားပါတယ်။ မုဒုံဆိုတာ အရင် မော်လမြိုင် တက္ကသိုလ် တက်ခဲ့စဉ်က စက်ဘီးစီးကျင့်ရင်းနဲ့ တစ်ပတ် နှစ်ခါလောက် ဖြတ်သွားဖူးတဲ့နေရာ ဖြစ်ပေမယ့် တစ်ခါမှ ညမအိပ်ခဲ့ဖူးပါ။ မုဒုံဟာ မော်လမြိုင်ကနေ ၁၆ မိုင် (26 km) သာဝေးပေမယ့် အဆင်မြင့် ဟိုတယ်တွေ၊ ခရီးသွားတွေနဲ့ အတော် စည်ကားနေပါတယ်။ 

ချောင်းနှစ်ခွလမ်းဆုံ (အခုနောက်ပိုင်း လမ်းတွေ အရမ်း ကောင်းလာလို့ မုဒုံ-မြဝတီ-မဲဆောက်ကို နေ့ချင်းပြန်တောင် သွားနေကြဟုဆို) မှာ ကားပေါ်ကနေ ဆင်းတော့ ရဲဘော်ဟောင်းတွေက လာကြိုပြီး အခမ်းအနား ကျင်းပမယ့် တောရကျောင်းဆီ အရင်ပို့၊ ပြီးတော့ မြို့အဝင်က ဟိုတယ်မှာ တစ်ည အိပ်ပါတယ်။ ခရီးပန်းနေလို့ အရုဏ်ဆွမ်းကို မမီလိုက်ပါ။ နေ့လယ် ဆွမ်းအမီ ရောက်သွားတော့ ကျဆုံးရဲဘော်တွေအတွက် မေတ္တာပို့ အမျှဝေတာနဲ့ တိုးပါတယ်။ ၁၀၁ တပ်ရင်း တစ်ခုတည်းတင် ကျဆုံးစာရင်းက ၆၀ ကျော်ရှိပါတယ်။ တစ်ဦးချင်းအမည်ကို ရဲဘော်ဟောင်း တစ်ဦးက ရွတ်ပြပြီး ဆရာတော်က အမျှဝေပေးတော့ မျက်ရည်က အလိုလို စို့လာပါတယ်။ ကိုယ်တွေက ဘယ်လိုပဲဖြစ်ဖြစ် မိဘအိမ်ဆီ ပြန်လာနိုင်သေးတယ်။ သူတို့ကတော့ ၂၉ နှစ်ကြာတဲ့အထိ မိဘအိမ်ဆီ ပြန်မလာနိုင်တော့ပါ။

အမျှဝေပွဲအပြီးမှာတော့ ဒီပွဲဆီရောက်လာကြတဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ၁၀၁ တပ်ရင်း ရဲဘော်ဟောင်းတွေက သူတို့စုဆောင်းထားတဲ့ ရန်ပုံငွေထဲကနေ တတ်နိုင်သမျှ ကူညီပေးတာ တွေ့ရပါတယ်။ တခြား တပ်ရင်းတွေလည်း ဒီလိုလုပ်နိုင်ရင် ကောင်းမယ်ဆိုပြီး စိတ်ကူးမိပါတယ်။ ၁၀၁ တပ်ရင်းက ရဲဘော်တွေအပါဝင် ABSDF တောင်ပိုင်းဒေသမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အာဇာနည်ဗိမာန် တစ်ခုကို မင်းသမီးစခန်း (ထီးခီးဂိတ်အနီး) ဟောင်းနေရာမှာ ဆောက်လုပ်နိုင်ဖို့ တောင်ပိုင်းက ရဲဘော်ဟောင်းတွေ ကြိုးစားနေတယ်လို့လည်း သိခဲ့ရပါတယ်။ 

ဒါ့အပြင် လာမယ့်နှစ် ၂၀၁၈ ဟာ ၈ လေးလုံး နှစ် ၃၀ ပြည့်ဖြစ်သလို ABSDF သက်တမ်းလည်း နှစ် ၃၀ ပြည့်ဖြစ်တာမို့ ဒီလိုဂုဏ်ပြုပွဲ အပါအဝင် ပြည်တွင်း -ပြည်ပရှိ ရဲဘော်ဟောင်းတွေ ပြန်လည် တွေ့ဆုံပွဲလုပ်နိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ ဆွေးနွေးချက်တွေကိုလည်း ကြားခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီနစ်ဆီ အပြောင်းအလဲ ဖြစ်လာစေဖို့အတွက် ငယ်ရွယ် နုနယ်တဲ့ တက္ကသိုလ် ကျောင်းသားဘဝတွေကို ပေးဆပ်သွားခဲ့တဲ့ ရဲဘော်သူငယ်ချင်းတွေကို ကြေကွဲစွာနဲ့ သတိရနေမိပါတယ်။       ။

ထက်အောင်ကျော်

  • TAGS