News

POST TYPE

TRAVEL LOG

ထားဝယ်မှ ပုလောသို့

တနင်္သာရီတိုင်းသို့ အဝင်

ဒီတစ်ခေါက် တနင်္သာရီတိုင်း ခရီးစဉ်အတွင်း စစ်ဆေးရေးဂိတ်တွေ အများကြီး ဖြတ်ရပါတယ်။ အရင်နှစ်တွေက ဒါမျိုးမကြုံခဲ့ဖူးပါ။ ပထမဆုံး သတိထားမိတာက ဝေါမြို့အဝင်လို့ ထင်ပါတယ်။ ထင်တာဆိုတာက လူကလည်း အိပ်တစ်ဝက် နိုးတစ်ဝက်၊ အပြင်မှာကလည်း ည ၁၀ နာရီ ဝန်းကျင်ဆိုတော့ မှောင်နေပြီပေါ့။ ယူနီဖောင်းဝတ် ရဲ ၃ ဦး လက်နှိပ်ဓာတ်မီးတွေ ထွန်းပြီး တက်လာပါတယ်။ ဘာမှမမေးဘဲ ဘတ်စ်ကား ထိပ်ကနေ နောက်ဆုံးခုံအထိ လျှောက်ပြီး ခရီးသည် တစ်ဦးချင်းကို (Scan) စကင်ဖတ်သလို ကြည့်သွားပါတယ်။ 

တခြားလူတွေ ဘယ်လို ခံစားရသလဲတော့မသိ။ စာရေးသူစိတ်ထဲမှာတော့ အရင် တောခိုကျောင်းသားဘဝက ထိုင်းနိုင်ငံထဲ ဘတ်စ်ကား စီးသွားတဲ့အချိန် မဲဆောက်နဲ့ တာ့ခ်မြို့ကြားမှာ ဒီလိုမကြာခဏ အစစ်ခံရတာကို ပြေးမြင်မိပါတယ်။ ဒါဟာ လုံခြုံရေးဘက်မှာ တိုးတက်လာခြင်းလား၊ မလိုအပ်ဘဲနဲ့ ဟန်ရေးပြနေတာတွေလား။ အတွေးတောင် မဆုံးသေး။ စစ်တောင်း တံတားထိပ်မှာ နောက်တစ်အုပ် တက်လာစစ်နေပြန်ပါရော့လား။ စစ်တောင်းတံတားကတော့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် နယ်ခြားမို့ စစ်သင့်ပါတယ်။ တခြားနေရာတွေတော့ မလိုဘူးထင်တာပါပဲ။

တံတားအလွန် ကျိုက်ထို မဝင်ခင်လေးမှာ ကား ခဏရပ်ပြီး ထမင်းစားခွင့် ပေးပါတယ်။ ကားပေါ်မှာ ဘယ်သူမှမနေရ၊ အားလုံး ဆင်းပါ။ လုံခြုံရေးအရ ကားကို သော့ပိတ်ထားမယ်လို့ စပယ်ယာက ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံက ဘတ်စ်လောကအတွက် အထူးအဆန်း မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ် ပထမခရီးစဉ်ကတည်းက ၁၁၅ မိုင်မှာ အလားတူ ကြုံခဲ့ရဖူးပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းထိုင်းမှာ ဒီလို မဟုတ်ပါ။ မဆင်းဘဲ အိပ်နေလည်း ရပါတယ်။ ရှေ့တံခါးရော၊ နောက်တံခါး (ရှေ့မှာပြောခဲ့တဲ့ ပစ္စည်းတွေ ပိတ်တင်ထားတဲ့ အရေးပေါ်တံခါး) ပါ ဒီတိုင်း ဖွင့်ထားခဲ့တာပါပဲ။ ဘယ်သူမှ တက်ခိုးတာ မတွေ့မိပါဘူး။

သိပ်စဉ်းစားနေလို့မဖြစ်။ မိနစ် ၃၀ အတွင်း အပေါ့သွား၊ မျက်နှာသစ်၊ သွားတိုက်၊ ထမင်းစား အားလုံး အပြီးလုပ်ရမှာ။ ဆိုးတာက ဒီဆိုင်တွေမှာ ထိုင်းမှာလို ဆန်ပြုတ် အခမဲ့ မကျွေးပါ။ ပြီးတော့ နေ့လယ်စာ၊ ညစာ၊ ညဥ့်နက်စာ၊ အဆာပြေစာဆိုပြီး သီးခြား မရှိ။ ညသန်းခေါင်ချိန်မှာလည်း နေ့လယ်စာ စားသလို အဝအပြဲ စားနေသူတွေ အများကြီး။ ကိုယ်က ချက်ထားပြီးသား မြန်မာထမင်းအေး၊ ဟင်းအေးတွေကို မစားရဲလို့ ခေါက်ဆွဲကြော် မှာစားမိပါတယ်။ ကားထွက်ခါနီးမှ စားစရာက ရောက်လာတော့ ကားသမားကို ခဏ လက်ကာပြပြီး မဝါးဘဲ ဗိုက်ထဲ လောင်းချသလို ပူပူလောင်လောင် စားလိုက်ရပါတယ်။ 

ဗိုက်ထဲမှာ အစာရှိပြီဆိုတော့ အဆီတက်ပြီး ငိုက်သွားလိုက်တာ မနက် ၄ နာရီလောက်မှ နိုးလာပါတယ်။ မော်လမြိုင်ကို ဘယ်အချိန်က ဖြတ်သွားမှန်း မသိလိုက်။ အခု ရေးမြို့နယ်ထဲက ထမင်းဆိုင် တစ်ခုမှာ ကားရပ်နေပြီ။ မကြာခင် မလွဲတောင်ကို တက်ရတော့မှာတဲ့။ မိုးရွာပြီး လမ်းတွေပြိုနေလို့ မလွဲတောင်ကို နေထွက်စချိန်မှာတက်ဖို့ ကားသမားက အချိန်ကိုက်အောင် မောင်းနေပုံရပါတယ်။

ဒီဒေသရဲ့ အမြင့်ဆုံးတောင်၊ အရင်ခေတ်က မကြာခဏ ဓားပြတိုက်ခံရတဲ့ တောင်ကိုကျော်လို့ မပြီးခင်မှာ “မွန်ပြည်နယ်မှ နှုတ်ခွန်းဆက်သပါ၏”၊ “တနင်္သာရီတိုင်းမှ ကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်တွေကို တွေ့ရပြီး ကားထိုးရပ်သွားပါတယ်။ “အားလုံး ကားပေါ်ကဆင်းပါ။ မှတ်ပုံတင် ကိုင်ပြီး ဂိတ်ကို တစ်ဦးချင်းဖြတ်ရမယ်”လို့ စပယ်ယာက ပြောပါတယ်။ တော်သေးတယ်၊ တစ်ညလုံး ရွာနေတဲ့မိုးက ဒီနားရောက်မှ စဲသွားလို့။ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် နယ်စပ် စစ်တောင်းတံတားမှာတုန်းကလို ရဲတွေ၊ လဝကတွေက ကားပေါ် တက်စစ်လို့ မရဘူးလား။ 

ဘာကြောင့် အားလုံးဆင်းပြီး တစ်ဦးချင်း လမ်းလျှောက် အစစ်ခံဖို့ လိုအပ်တာလဲ။ တခြားနယ်စပ်တွေမှာ မစစ်ဘဲ မွန်-တနင်္သာရီ နယ်စပ်မှာကျမှ အထူးစစ်နေတာက တနင်္သာရီတိုင်းသားတွေကို တမင် ဒုက္ခပေးနေတာတော့ မဟုတ်ဘူးထင်ပါရဲ့။ (အရင်နှစ်တွေက သွားဖူးခဲ့တဲ့ ရန်ကုန်-တောင်ကြီး၊ ရန်ကုန်-လွိုင်ကော်၊ ရန်ကုန်- ပုဂံ စသဖြင့် ရန်ကုန်ကနေ အထက်ဘက်တက်တဲ့ ကားမှန်သမျှ ဘယ်ဂိတ်မှ ဒီလို အစစ်မခံရဖူးပါ)။

ပုလောမြို့ဆီသို့

မနက် ၈ နာရီခွဲလောက်မှာတော့ VIP အထူးကားဟာ ထားဝယ် ကားဝင်းထဲ ဆိုက်ပါတယ်။ လကမ္ဘာ ကြမ်းပြင်လို ချိုင့်ခွက်တွေ အများကြီး ထနေတယ်ဆိုတဲ့ ထားဝယ်ကားဝင်း ဒီတစ်ကြိမ်မှာတော့ ကွန်ကရစ်ခင်းတွေ ဘာတွေနဲ့ အသေအချာ ပြင်ထားတာ တွေ့ရပါတယ်။ စားသောက်ဆိုင်တွေ၊ အိမ်သာတွေလည်း နည်းနည်းလေး တိုးတက်လာတယ်ပေါ့။ ပြည်တော်ပြန်ခရီးစဉ် ငါးခေါက်တောင် ရှိနေပြီဆိုတော့ ဘယ်သူ့ကိုမှ တကူးတက လာကြိုမခိုင်းတော့ပါ။ နီးရာ ဆိုင်ကယ်တက္ကစီကိုငှားပြီး သဟာရ လက်ဖက်ရည်ဆိုင်ကို မောင်း။ အဲဒီဆိုင်ဟာ ဒီနေ့အတွက် ကျွန်တော့်ရုံးခန်းပါပဲ။

ဘော်ဘော်တွေ၊ ရဲဘော်ဟောင်းတွေနဲ့တွေ့။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြောင်း၊ တစ်ဆိုင်ပြီးတစ်ဆိုင်ပြောင်းနဲ့ ည ၇ နာရီကျော်မှ ရွာက မိဘအိမ်ဆီ ရောက်တယ်ဆိုပါတော့။ စောစောအိပ်မှဖြစ်မယ်။ မနက်ဖြန်မနက် ပုလောမြို့ဆီသွားဖို့ သူငယ်ချင်း တစ်ယောက်နဲ့ချိန်းထားတယ် မဟုတ်ပါလား။ ပုလောဆိုတာ ထားဝယ်နဲ့ မိုင် ၁၀ဝ (၁၅၆ ကီလို) သာဝေးပေမယ့် အသက် ၅၀ ကျော်တဲ့အထိ တစ်ခါမှ မရောက်ဖူးသေးပါ။ 

နယ်က လူအများစုဟာ ရန်ကုန် (အခုတော့ နေပြည်တော် ဖြစ်မလားမသိပါ) မြို့တော်ဆီ ရာက်ဖူးသည်ရှိအောင် သွားလေ့ရှိပေမယ့် အနီးအနား ဝန်းကျင်က မြို့ရွာတွေဆီ သိပ်မရောက်ဖြစ်ပါ။ ဒါ ၁၉၈၈ မတိုင်မီ လမ်းပန်းဆက်သွယ်ရေး မကောင်းခင်က အခြေအနေကို ပြောတာပါ။ အခုတော့ လမ်းတွေ ကောင်းနေပြီဆိုတော့ ထားဝယ်-ပုလော-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း မီနီဘတ်စ်တွေကို ကြိုက်တဲ့အချိန် ထစီးလို့ရနေပါပြီ။

မိုင် ၁၀ဝ အတွက် ကားခက ၇၀ဝ၀။ ခုံအပြည့်ဆိုရင် ခရီးသည် ၁၂ ဦးပေါ့။ မပြည့်သေးရင်လည်း လမ်းမှာ တားစီးသူတွေကို ထပ်တင်ပါတယ်။ တယ်လီဖုန်း ဆက်သွယ်ရေးက အရမ်း ကောင်းနေတော့ ဘယ်သူ ဘယ်နား စောင့်စီးမယ် ဆိုတာကို ကားလိုင်းဆီ ဖုန်းတစ်ချက် ဆက်လိုက်ရုံမျှသာ။ ထားဝယ်ကနေ ၁၈ မိုင်အကွာ သရက်ချောင်းမြို့အထိသာ ရောက်ဖူးတဲ့ စာရေးသူအတွက် သရက်ချောင်း အလွန်ကစပြီး တွေ့ရသမျှ တောတောင်တွေ၊ ပင်လယ်ကမ်းခြေတွေ၊ ချောင်းလက်တက်တွေဟာ တကယ့် အသစ်အဆန်းတွေပါပဲ။

ဒီဘက်လမ်းက မော်လမြိုင်-ထားဝယ်လမ်းလို ပင်လယ်ကမ်းနဲ့ အဝေးကြီးမဟုတ်။ ကမ်းနားတစ်လျှောက်လည်း မဟုတ်ဘဲ ကမ်းနားဘက် ရောက်လိုက်၊ တောင်ပေါ် တက်လိုက်နဲ့ အတော် လှပနေပါတယ်။ သရက်ချောင်းအလွန် ပြင်းဖြူသားနဲ့ စုံစင်ကြားတောင် တန်းတွေ၊ ပြီးတော့ မင်းဒပ်ချောင်း။ ဒီရေအတက် အကျရှိတဲ့ ဒီဘက်ချောင်းတွေက ကျယ်ပြီး ရေစီးလည်း သန်ပုံရပါတယ်။ လမ်းတွေ အတော်ကောင်းနေပြီ ဆိုပေမယ့် မင်းဒပ်တံတားကတော့ ဒုတိယကမ္ဘာစစ် လက်ကျန်ကို ပြန်လည် မွမ်းမံထားတဲ့ သံကိုင်းတံတား ဘောင်တွေနဲ့ ရှိနေတုန်းပါ။

မင်းဒပ်ဟာ ပုလော-မြိတ်ဘက်သွားတဲ့ ကား အားလုံးရပ်ပြီး နေ့လယ်စာ စားတဲ့နေရာ။ မင်းဒပ်ပြီးတော့ ရငဲ။ ဒီရွာအလွန်လမ်းခွဲကနေ ပင်လယ်ဘက် ထွက်သွားရင် လှပတဲ့ကမ်းခြေနဲ့ နာမည်ကြီး တံငါရွာ ကနက်သီရိကို ရောက်တယ်ဆိုပါတယ်။ အခုတော့ အဲဒီဘက် မသွားနိုင်သေး။ ကားလမ်းမအတိုင်း ဆက်လာတော့ အစ်အစ်ရွာ၊ ပြီးတော့ ဘုတ်တောင်။ ထားဝယ်- မြိတ် ကားလမ်းက ဘုတ်တောင်ဆိုတာ မော်လမြိုင်-ထားဝယ် လမ်းပေါ်က မလွဲတောင်လိုပါပဲ။ အရင်ခေတ်က ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားတဲ့နေရာပေါ့။

အဲဒီတောင်ပေါ်ကဆင်း၊ ဆီအုန်းခြံတွေကိုဖြတ် ပြီးတဲ့နောက် ပလရွာ (ပလမြို့နယ်ခွဲ) ကို ရောက်ပါတယ်။ ရွာအဝင်မှာတော့ ခုနက မင်းဒပ်လိုပဲ ရေစီးသန်တဲ့ ဒီရေချောင်းလက်တက်တစ်ခုရှိပြီး တံတားကတော့ ကွန်ကရစ် တံတားသစ် ဖြစ်နေပါပြီ။ ရေး-ထားဝယ် ကားလမ်းဘေးနဲ့စာရင် ဒီဘက်မှာ ရော်ဘာတော သိပ်မရှိသေးဘဲ သဘာဝ တောတောင်တွေ အတော် ကျန်ပါသေးတယ်။ တောတောင်တွေကို ငေးရင်းနဲ့ တစ်ချိန်က တောခိုကျောင်းသားတွေရဲ့ ရှေ့တန်းစခန်း ထောက်ဖြစ်ခဲ့ဖူးတဲ့ ပြည်ခြားရွာဆီ ရောက်လာပါတယ်။

ဒီရွာတန်းတွေဆီ ကျွန်တော် နောက်ဆုံးရောက်ခဲ့ဖူးတာ ၁၉၉၆ ဆိုတော့ ၂၁ နှစ်တောင် ကြာခဲ့ပြီပေါ့။ ရွာထိပ်မှာ ဆိုင်းဘုတ်သာ ထောင်မထားရင် ဘယ်လိုမှ မှတ်မိဖို့ မလွယ်အောင်ကို ပြောင်းလဲကုန်ပါပြီ။ အဲဒီ ခေတ်က ဒုတိယကမ္ဘာစစ်လက်ကျန် သစ်သားဘော်ဒီ ကားကြီးတစ်စီးသာ တစ်နေ့တစ်ခေါက် ပုလောနဲ့ ထားဝယ်ကြား (အဲဒီခေတ်က ပုလောတံတား၊ ပလောက် တံတားတွေ မရှိသေးပါ) ပြေးနေပါတယ်။ အဲဒီကားကို ပြည်ခြားမှာ ခဏတားပြီး သူပုန်ကျောင်းသားတွေ နိုင်ငံရေးတရား ဟောခဲ့ဖူးတယ်။ မြိတ်နဲ့ သရက်ချောင်းကြား ကားလမ်းတစ်လျှောက်ကို သူပုန်ကျောင်းသားတွေနဲ့ KNU တပ်တွေက နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ဖူးတာကို ပြန်တွေးနေမိပါတယ်။

အခုတော့ ငြိမ်းချမ်းရေးခေတ် ဖြစ်သွားပြီ။ လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းကို တိုးတက်နေပါပြီ။ အရင်က မြေနီလမ်းကြမ်းကနေ အခု ကတ္တရာလမ်းဖြစ်နေပါပြီ။ အရင်က တစ်နေ့မှ ကားတစ်စီးသာ ရှိရာကနေ အခု ကားပေါင်း ရာနဲ့ချီ၊ ဆိုင်ကယ်ပေါင်း ထောင်နဲ့ချီပြီး ဒီလမ်းပေါ် နေ့ရော ညပါ ပြေးနေကြပါပြီ။ လမ်းပန်းဆက်သွယ်မှုနဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေက လူနေမှုဘဝ ပုံစံတွေကို အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲစေသလား။ အဲဒီလိုတွေးလို့ကောင်းတုန်း ကားက ပုလောမြို့ထဲ ဝင်လာပါတယ်။

ပုလောမြို့မှာ လည်ပတ်စရာ

ပုလောဟာ ထားဝယ်နဲ့ မြိတ်ကြားက မြို့ငယ်လေးဆိုတော့ ဟိုတယ် ကောင်းကောင်း မရှိသေးပါ။ ဧည့်သည်အများစုက ပုလောမှာ မတည်းဘဲ မြိတ် သို့မဟုတ် ထားဝယ်မြို့ဆီ ရောက်အောင်သွားပြီး ည အိပ်လေ့ရှိတာကြောင့် ပုလောမှာ ဟိုတယ်ဆောက်ရင် မကိုက်လောက်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တည်းခိုခန်းငယ် တစ်ခုနှစ်ခုရှိတယ်ဆိုပေမယ့် ဘိုထိုင် အိမ်သာ မရှိဘူးလို့ ဆိုပါတယ်။

ဘိုထိုင်အိမ်သာပါတဲ့ မြို့နယ်အသင်း ရိပ်သာမှာ ပစ္စည်းတွေ နေရာချပြီးတဲ့နောက် သူငယ်ချင်းရဲ့ အမျိုးတွေအိမ်ဆီ လျှောက်လည်။ ညနေစာအတွက် မြို့ပြင်နားရှိ စားသောက်ဆိုင်ဆီရောက်တော့ ထိုင်းစားသောက်ဆိုင်တစ်ခုကို ရောက်သွားသလိုပါပဲ။ စားဖိုမှူးက ထိုင်း-မလေးပြန်လို့ဆိုပါတယ်။ ဒေသထွက် ပင်လယ်စာတွေကို စားဖိုမှူး လက်စွမ်းပြထားလေရဲ့။ တကယ်တော့ ထိုင်းအစားအစာတွေ လွှမ်းမိုးနေတာ ပုလောတစ်ခုတည်းတော့ မဟုတ်ပါဘူး။ မွန်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ် ဒေသအစုံပါပဲ။ ရန်ကုန်က ကုန်တိုက်ကြီးတွေမှာတောင် ထိုင်းစားစရာတွေက ထိပ်တန်းရောက်နေတယ် မဟုတ်ပါလား။ 

ပုလောမှာ ပိုထူးတာက ဒူးရင်း၊ မင်းကွတ်၊ စုံပတတ် (ပိန္နဲသီးတစ်မျိုး) သီးတွေ ဖောဖောသီသီ စားရခြင်းပါ။ ထားဝယ်မှာလည်း ဒီအသီးတွေ ရှိပေမယ့် တစ်ခါမှ အသေအချာ အရသာခံပြီး မစားဖြစ်။ အခုတော့ နှစ်ပေါင်း များစွာ ကွဲကွာနေတဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးက သူ့အိမ်မှာ အလှူလုပ်သလို ကျွေးနေတာနဲ့ အပီဆွဲခဲ့တယ်ဆိုပါတော့။ ဒီလူက ထူးထူးခြားခြား သူကိုယ်တိုင် အရက်မသောက်ဘဲနဲ့ အရက်ပုလင်း အရွယ်အစား မျိုးစုံကို ဧည့်ခန်းမှာ အလှပြထားတာ တွေ့မိပါတယ်။ “အဲဒါ အရက်မဟုတ်ဘူး။ ကမ်းဇော်ဆီတွေလေ”ဆိုမှ အခုတစ်လော တနင်္သာရီတိုင်းမှာ နာမည်ကြီးနေတဲ့၊ ကင်ဆာရောဂါကိုတောင် ပျောက်စေနိုင်စွမ်း ရှိတယ်ဆိုတဲ့ ကမ်းဇော်ဆီဆိုတာကို စမြင်ဖူးတယ်ဆိုပါတော့။

အရင်က ဒီအမည်ကို ကျွန်တော်မကြားဖူးပါ။ သစ်စေ့ကိုကြိတ်ပြီး ထုတ်ထားတဲ့ဆီမှန်းလည်း မသိပါ။ အိမ်ရှင်က ဆေးညွန်းတွေ၊ ကမ်းဇော်ပင်ပုံတွေပါ ထုတ်ပြတော့မှ ဒီအပင်တွေဟာ မြိတ်-ဘုတ်ပြင်းဘက်မှာသာ ပေါက်ပြီး ၃ နှစ်မှတစ်ခါ အသီးသီးတယ်လို့ သိရပါတယ်။ ဈေးကလည်း အရက် အကောင်းစားတွေထက်တောင် ကြီးနေပါတယ်။ Grand Royal ပုလင်းတွေနဲ့ထည့်ထားတဲ့ အကြီးဆုံးပုလင်းက ငါးသောင်းတဲ့။ ဒါတောင် ပုလောမှာမို့လို့။ ရန်ကုန်၊ မန္တလေးမှာ ဆိုရင် ဒီထက် ဈေးပိုမြင့်ပါတယ်။

ဝါတွင်း ကာလမို့လားမသိ။ နောက်တစ်နေ့ မနက်စောစော ဒေသခံတွေ ဦးစားပေးလိုက်ပို့တဲ့ နေရာတွေက ဘုန်းကြီးကျောင်းနဲ့ တရားစခန်းတွေချည်း ဖြစ်နေပါတယ်။ သီလရှင်ဦးစီးတဲ့ တရားစခန်း တစ်ခုကိုလည်း ထူးခြားစွာ တွေ့ခဲ့ရပါတယ်။ မြို့နဲ့ ခပ်ဝေးဝေးရှိ တောင်ပေါ်က ဘေးမဲ့တောလို နေရာမျိုးက တရားစခန်းဆိုရင် အတော်ဆိတ်ငြိမ်ပါတယ်။ တရား ထိုင်နေတဲ့သူတွေကလည်း အများကြီး။ ကိုယ်တွေက ဘုန်းကြီးကျောင်းတောင် မရောက်ဖြစ်တာကြာလှဆိုတော့ အချိန်ရရင် တရားထိုင်တာလေးတော့ စမ်းကြည့်ဦးမှ။

တရားစခန်းတွေကနေအပြန် တက်ခွင့်ရလိုက်တဲ့ မော်သာယာတောင်က အတော်လှပါတယ်။ အရင်ကဆို လမ်းလျှောက်ပြီး တစ်နာရီလောက် တက်ရတယ်ဆိုတဲ့တောင်ဟာ အခုတော့ (ကျိုက်ထီးရိုးနဲ့ တခြား တောင်ပေါ် စေတီတွေလိုပဲ) တောင်ထိပ်အထိ ကားလမ်း ပေါက်နေပါပြီ။ ဒီတောင်ပေါ်ကနေ ပုလောတစ်မြို့လုံးကို လှမ်းမြင်ရတဲ့မြင်ကွင်းက ရှုမောဖွယ်။ မိုးရွာပြီးခါစမို့ ဟိုး ခပ်ဝေးဝေးက တောင်တန်းတွေမှာ မြူခိုးတွေ ဆိုင်းနေခြင်းက တစ်ချိန်က အဲဒီတောင်တန်းတွေမှာ တိုက်ပွဲတွေဖြစ်ပြီး ကျဆုံးခဲ့ရတဲ့ ပုလောမြိုနယ်က ရဲဘော်တွေကိုတောင် ပြန်သတိရမိစေပါတယ်။

တကယ်တော့ ပုလောကိုလာတဲ့ ရည်ရွယ်ချက်ထဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို သတိရလို့၊ ပုလောဝန်းကျင်ရှိ ရဲဘော်ဟောင်းတွေနဲ့ တွေ့ဖို့လည်း ပါပါတယ်။ ဒီတော့ တောင်ပေါ်ကအဆင်း ပထမဦးစားပေး သွားမယ့်နေရာက ပုလောမြို့တစ်ဖက်ကမ်းရှိ ရှပ်ပုံရွာပါပဲ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာဦးဟန်လင်းဆိုတာ ဒီရွာကနေ မိသားစုအလိုက် မင်းသမီးစခန်းဆီ တောခိုလာသူပေါ့။ အရင် တံတားမရှိခင်က (ဒီကွန်ကရစ်တံတားက ၂၀၁၄ ကမှ ပြီးပါတယ်) ဒီရွာတွေနဲ့ ပုလောမြို့ကြား ဆက်သွယ်ရေးက အတော်ခက်ခဲပြီး လှေကိုသာ အားကိုးခဲ့ရတယ် ဆိုပါတယ်။ အခုတော့ ဆိုင်ကယ် တဝီဝီနဲ့။ လမ်းတွေကလည်း ကွန်ကရစ် ခင်းထားပါတယ်။

ရွာကနေ အထွက်မှာတော့ ဆရာဦးဟန်လင်း တည်ထားကိုးကွယ်ခဲ့တဲ့ မြဂမုန်းတောင်ပေါ်စေတီဆီ တက်ပါတယ်။ ဒီတောင်ပေါ် မြင်ကွင်းကလည်း အတော် လှနေပြန်ပါရော။ မိုးရွာထားလို့ လမ်းက အတော်ဆိုးနေပေမယ့်လည်း ဒေသခံတွေရဲ့ တိုက်တွန်းချက်အရ ဒီဒေသရဲ့ အလှပဆုံးနေရာ ဖိုးရှမ်းဘုရားနဲ့ကမ်းခြေအထိ ရောက်အောင် သွားခဲ့ကြပါတယ်။ ဖိုးရှမ်းဘုရားဟာ ရေလယ် စေတီလေးလို ဖြစ်နေတဲ့အတွက် ကျိုက်ခမီ ဘုရားနဲ့တူတယ် ပြောရမလား။ ရှုခင်းနဲ့ ကမ်းခြေကတော့ အတော့်ကို လှပနေပါတယ်။ တခြားလည်ပတ်စရာ ကမ်းခြေတွေကလည်း ပုလောမြို့နယ်အတွင်း မနည်းလှပါ။ ရေပူစမ်းတွေ၊ ရေတံခွန်တွေ၊ သဲဖြူကျွန်းတွေ ပြီးတော့ ဘုရားဖူးချင်သူတွေအတွက်တော့ ခြေတော်ရာတွေနဲ့ တရားစခန်းတွေက အများကြီး။ 

ပုလောကနေ မိုင် ၆၀ (၁၀၃ ကီလို) လောက် ဆက်ဆင်းသွားမယ်ဆိုရင်တော့ လှပတဲ့ကမ်းခြေတွေ၊ တောင်ပေါ်စေတီတွေ၊ ဒူးရင်း၊ ရော်ဘာခြံတွေ၊ ဆီ အုန်းစိုက်ခင်းတွေ ပြီးတော့ အခုတစ်လော နာမည်ကြီးနေတဲ့ ကမ်းဇော်ပင်တွေကို တွေ့ရနိုင်ပါတယ်။ ကျောက်ဖျာ-ကွဲကူးတံတားကျော်ရင်တော့ တနင်္သာရီတိုင်းရဲ့ အလှပဆုံး စီးပွားရေးမြို့တော် မြိတ်ကိုရောက်နိုင်ပါတယ်။ မြိတ်မြို့ဝန်းကျင်က ကျွန်းတွေဟာ နိုင်ငံခြား ခရီးသွားတွေကို အထူး ဆွဲဆောင်မှု ရှိနေပါတယ်။ စာရေးသူကတော့ အချိန်မရလို့ ပုလောကနေပဲ လှည့်ပြန်လာခဲ့ရပါတယ်။      ။

ထက်အောင်ကျော်