News

POST TYPE

TRAVEL LOG

ရန်ကုန်မှ ထားဝယ်သို့

ရန်ကုန်မှာ ခဏတာ

ဒီတစ်ခေါက်ခရီးစဉ်က ဘတ်ဂျက်ခရီးဆိုတော့ ဟိုတယ်ကိုရှောင်ပြီး အသိအိမ်တွေမှာ လိုက်တည်းရမှာ။ အင်းလျားကန်နဲ့ သိပ်မဝေးတဲ့အရပ်က မိတ်ဆွေတစ်ဦးရဲ့အိမ်ကိုရောက်တော့ ည ၁၁ နာရီလောက် ရှိနေပြီ။ လေယာဉ်ကွင်းမှာ တယ်လီဖုန်းကတ် အသစ်ဝယ်ထည့်တာ လုပ်ရင်းနဲ့ မြန်မာငွေလဲဖို့ သတိမရလိုက်။ တည်းတဲ့အိမ်နားက လက်ဖက်ရည်ဆိုင်မှာ (ဒီက လက်ဖက်ရည်ဆိုင်တွေမှာ ထမင်းလည်း ရပါတယ်) ညစာစားပြီး ငွေရှင်းတော့မှ မြန်မာငွေက မရှိ။

ခရက်ဒစ်ကတ်နဲ့လည်း ပေးလို့မရ၊ ဒေါ်လာလည်း ပေးလို့မဖြစ်ဆိုတော့ မိတ်ဆွေအိမ်မှာ အခမဲ့တည်းတဲ့အပြင် ငွေပါ ထပ်ချေးရဦးမှာပေါ့။ ဒီနေရာက မြို့ပြင်ဘက် နည်းနည်းကျတော့ ငွေလဲကောင်တာလည်းမရှိ၊ ATM စက်တွေလည်း မတွေ့မိပါ။ ၂၄ နာရီဖွင့်တယ်ဆိုတဲ့ ABC, g & g ဆိုင်တွေမှာများ ATM စက်ရှိမလားလို့ ဝင်ရှာပေမယ့် မရှိပါဘူး။ နိုင်ငံတကာမှာ ဖွင့်ထားတဲ့ ဆဲဗင်းအဲလဗင်းဆိုင်တွေနဲ့ အတော်ဆင်ပေမယ့် စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး စသဖြင့် သစ်သီးတွေလည်း ဒီဆိုင်မှာမတွေ့ပါ။ ကိုယ်က အစာစားပြီးရင် သစ်သီးစားတာ အကျင့်ပါနေတော့ ဒုက္ခ။ လက်ဖက်ရည်ဆိုင်မှာကလည်း ကွမ်းသီး (ကွမ်းယာ)ပဲရှိပါတယ်။ အသီးချင်း တူပေမယ့် လိမ္မော်သီးနဲ့ ကွမ်းသီး အာနိသင်ချင်း ဘယ်တူပါ့မလဲ။

ကိုယ်က အဲဒီလို တွေးနေပေမယ့် ရန်ကုန်မှာရှိတဲ့ ဘော်ဘော်တွေ အားလုံးက တစ်ချိန်လုံး ကွမ်းသီး (ကွမ်းယာ) ပဲ ဝါးနေတာပါ။ ဆေးလိပ်သောက်နှုန်းလည်း ပိုမြင့်လာနေတယ်လို့ ထင်မိပါတယ်။ ဒီနှစ်ခုကို လျှော့ချသင့်ကြောင်း စာရေးသူ မကြာခဏ ရေးလေ့ရှိပေမယ့် ကွမ်းယာထုတ်တဲ့ တိုင်းပြည်နဲ့ ဆေးလိပ်ထုတ်တဲ့တိုင်း ပြည်ကြားမှာ ဒီနိုင်ငံကရှိတာ နေတာဆိုတော့ သိပ် မလွယ်လှပါဘူး။ ကျန်းမာရေး ဗဟုသုတ နည်းတယ် ပြောဖို့ကလည်း အခက်။ ပညာတတ်တွေ၊ လွှတ်တော် အမတ်တွေ အပါအဝင် အားလုံးက ကွမ်းစားနေကြတယ် မဟုတ်ပါလား။

ဆေးလိပ်မီးခိုးအူနေပြီး ကွမ်းသွေးတွေပေနေတဲ့ လက်ဖက်ရည်ဆိုင်ထဲကနေ ပြန်ထွက်လာတော့ သန်းခေါင်ကျော် စပြုနေပြီ။ စောစောအိပ်မှ။ မနက်ဖြန် မနက် ရွှေတိဂုံဘုရား တက်ဖူးရဦးမယ် မဟုတ်ပါလား။ ကံက ဆိုးချင်တော့ မနက် ၉ နာရီအထိ မိုးက မစဲသေး။ ဒီမနက် ဘုရားဖူးမယ်ဆိုပြီး အစီအစဉ် ဆွဲထားတော့ မိုးရွာထဲမှာပဲ တက္ကစီငှားပြီး ဘုရားဆီ ထွက်လာခဲ့ပါတယ်။ အနောက်ဘက်မုခ်နားက စားသောက်ဆိုင်တစ်ခုမှာ မနက်စာ စားပြီးတဲ့အထိ မိုးကသည်းနေတုန်း။ မတတ်နိုင်။ မိုးရွာထဲမှာပဲ စွန့်ထွက်လာတော့ ရေက ခြေချင်းဝတ်ကျော်နေပြီး ရှူးဖိနပ်တွေအကုန် ရေစို။

ဖိနပ်ချွတ်၊ ဘုရားပေါ် တက်မယ်ပြင်တော့ ဒီတန်ဆောင်းမှာ စက်လှေကား အသစ်ကြီးတွေနဲ့။ “ဖိနပ် မပါဘဲ စက်လှေကား မစီးရ”ဆိုတဲ့ ကုန်တိုက်တစ်ခုက သတိပေးစာကို ပြေးမြင်မိပါတယ်။ ဒါပေမဲ့ အခုက ကုန်တိုက်မဟုတ်။ ဖိနပ်စီးခွင့် မရှိတဲ့ ဘာသာရေး အဆောက်အအုံ။ ဖြစ်ပါ့မလား။ ခြေဖဝါးညပ်မိမှာထက် ရေစိုပြီး ဓာတ်လိုက်မှာကို စိတ်ထဲ ပိုစိုးရိမ်နေမိပါတယ်။ ဒါပေမဲ့ လုံခြုံရေးရဲတောင် ဖိနပ်မပါပဲ စက်လှေကားစီးပြီး ကိုယ့်ရှေ့မှာ တက်သွားတော့ ကိုယ်က ကြောက်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ 

ဘာသာရေးအမြင်နဲ့ ကျန်းမာရေးအမြင်ကြားမှာ ကိုယ်ဟာ ကြားညှပ်ရင်း သည်းခံခဲ့ရပြန်ပေါ့။ တော်သေးတယ်။ စက်လှေကား နှစ်ဆင့်စလုံး ဘာပြဿနာမှ မတက်ခဲ့လို့။ ဘုရားပေါ် ရောက်တဲ့အထိ မိုးကသည်းတုန်း။ လူရေစိုတာ ပြဿနာမရှိ၊ ကျောပိုးအိတ်ထဲက ကင်မရာနဲ့ ကွန်ပျူတာ ရေစိုသွားရင် ဘဝပျက်ပြီ။ ဒီတော့ တန်ဆောင်းတစ်ခုမှာ မိုးခိုပြီး ပလတ်စတစ်တွေ၊ မိုးကာတွေနဲ့ ဒီနှစ်ခုကို အသေအချာ ထုပ်ပိုးရပါတယ်။ ဘုရားကို တစ်ပတ်ပတ်ပြီး ပြန်ဆင်းလာတော့ မိုးစဲစပြုပြီ။ ဒါပေမဲ့ ဖိနပ်၊ ခြေအိတ်၊ ဘောင်းဘီအောက်ပိုင်း အားလုံး စိုနေပြီဖြစ်လို့ လူက မအီမလည်ကြီး။ ဖိနပ်မပါဘဲ သွားနေလို့ကလည်း မဖြစ်။ ဒီတော့ ရေစိုနေတဲ့ ခြေအိတ်နဲ့ ဖိနပ်ကိုပဲ မလွဲမသာ ပြန်စီးလိုက်ရပြန်ပေါ့။

ဒါဟာ ရောဂါကို စတင်ဖိတ်လိုက်မိမှန်း ချက်ချင်း သတိမထားလိုက်မိပါ။ ရေစိုဖိနပ်နဲ့ တစ်နေကုန် မြို့ထဲ လမ်းသလားနေပြီး ညနေပိုင်းမှာ ဘော်ဘော်တွေနဲ့  မြန်မာပလာဇာမှာတွေ့။ အဲဒီကနေတစ်ဆင့် ဘီယာဘားတွေ၊ အကင်ဆိုင်တွေဆီသွား။ နောက်တစ်ဆိုင် ထပ်ပြောင်းနဲ့ အိမ်ပြန်ရောက်တော့ မနက် ၁ နာရီ။ အအေးမိ နှာရည်ယိုပြီး နှပ်ချီးထွက်လာတာကြောင့် နော်ဝေကပါလာတဲ့ အလဂျီဆေးကိုသောက်။ ဒါပေမဲ့ ဒီအအေးက နော်ဝေမှာမိသလို ပုံမှန်အအေး ဟုတ်ပုံမရ။ ဒီဆေးနဲ့တားနိုင်မယ့်ပုံ မပေါ်တော့ပါ။

H1N1 မဟုတ်လို့ တော်သေးတယ်

ထင်ထားတဲ့အတိုင်းပါပဲ။ နှာရည်ယိုခြင်းက ပုံမှန်အဆင့်ကိုကျော်ပြီး ကိုယ်အပူချိန်ကလည်း တက်လာတဲ့အတွက် တစ်ညလုံး ကောင်းကောင်း မအိပ်လိုက်ရပါ။ လမ်းထိပ်ထွက်ပြီး ပါရာစီတမော သွားဝယ်တော့ ကွမ်းယာဆိုင်မှာ ရောင်းတဲ့ဆေးက နော်ဝေကဆေးနဲ့လည်း မတူဘူးရယ်။ စိတ်ထဲ နည်းနည်း စိုးရိမ်လာတာနဲ့ ဆရာဝန်မိတ်ဆွေ၊ ဆေးကျောင်းထွက် ဘော်ဘော်တွေဆီ သတင်းပို့ပြီး ဘယ်ဆေးခန်းသွားပြရင် ကောင်းမလဲ အကြံတောင်းရပါတယ်။ 

“H1N1 ဖြစ်နေချိန်ဆိုတော့ ပေါ့လို့မဖြစ်ဘူး။ ပြီးတော့ ခင်ဗျားတို့က သိပ်သန့်ပြန့်တဲ့ တိုင်းပြည်က လာတဲ့လူတွေ၊ ဒီကလူတွေလို ခံနိုင်ရည်ရှိတာ မဟုတ်ဘူး၊ ဖြစ်ချင်းဖြစ် ခင်ဗျားတို့ အရင်ဆုံးဖြစ်မှာ”ဆိုပြီး မိတ်ဆွေတစ်ဦးက ပြောတော့ ပိုတောင်လန့်သွားပါတယ်။ နော်ဝေကနေ ထွက်လာတုန်းက ကာကွယ်ဆေး ထိုးမလာမိတာ မှားများ မှားပြီလား။ (နော်ဝေကနေ မြန်မာနိုင်ငံဆီ လာလည်သူ အားလုံးနီးပါး ကာကွယ်ဆေး ထိုးလာလေ့ ရှိပေမယ့် စာရေးသူက တစ်ခါမှ ထိုးဖို့သတိ မရခဲ့ပါ)။ ဆေးမထိုးပေမယ့် ခရီးသွား ကျန်းမာရေး အာမခံတော့ လုပ်လာပါတယ်။ တစ်ခုခုဖြစ်ရင် အဲဒီဌာနဆီ သတင်းပို့ရမှာပေါ့။

လောလောဆယ်တော့ ဆေးခန်းသွားပြမှဖြစ်မယ်။ နာမည်ကြီး ပုဂ္ဂလိကဆေးရုံ အာရှတော်ဝင်ဆီ သွားပါဆိုပြီး မိတ်ဆွေတွေက အကြံပေးတာကြောင့် လှိုင်မြို့နယ်ထဲကနေ စမ်းချောင်းအထိ တက္ကစီနဲ့ ထပ်သွားရပြန်ပါတယ်။ ဆေးရုံရောက်တော့ ပြင်ပလူနာဌာန မတွေ့ပါဘူး။ လူအများတိုးပြီး ငွေပေးနေတဲ့နေရာက စာရေးမကိုမေးတော့ “ဘယ်ဆရာဝန်နဲ့ တွေ့ချင်တာလဲ”တဲ့။ နောက်ဆုံးတော့ အဲဒီငွေလက်ခံဌာနဘေးက အပြာရောင်ခန်းဆီးစတွေနဲ့ကာထားတဲ့ ခုတင်တွေရှိတဲ့နေရာဟာ လူနာလက်ခံတဲ့နေရာပါပဲ။

ကိုယ်က မြန်မာနိုင်ငံမှာ ဆေးခန်းမပြဖူးတာ ၁၉၈၈ ကတည်းကဆိုတော့ နှစ် ၃၀ နီးနေပြီ။ နော်ဝေမှာတော့ ပုဂ္ဂလိကဆေးခန်းကို တစ်ခါမှ မသွားဖူးပါ။ လူတိုင်းမှာ မိသားစုဆရာဝန်ဆိုပြီး ရပ်ကွက်အလိုက် ချပေးထားတဲ့ ဆေးခန်းတွေမှာ ဆရာဝန်တွေ ရှိပါတယ်။ ဒါက ပုံမှန် အနေအထားအတွက် ဆေးခန်းပေါ့။ အရေးပေါ် အခြေအနေဆိုရင်တော့ ၂၄ နာရီဖွင့်တဲ့ အရေးပေါ် ဆေးရုံဆီ ပြေးရပါတယ်။ အားလုံး အခမဲ့ဆိုတော့ ပုဂ္ဂလိက ဆေးခန်းဆိုတာကို တစ်ခါမှ မတွေ့ဖူးသေးပါ။ ရန်ကုန်မှာတော့ အစိုးရဆေးရုံကို ဘယ်သူမှ အလေးမထား။ အားလုံး ပုဂ္ဂလိက ဆေးရုံကိုချည်း တက်နေကြတယ် မဟုတ်ပါလား။

ဆေးဖိုးဝါးခ ပိုသက်သာလို့ များလား။ အဲဒီလို တွေးနေတုန်း သူနာပြုဆရာမ နှစ်ဦးက သွေးပေါင်ချိန်တိုင်း၊ ပါးစပ်ထဲ ပြဒါးတိုင်ထည့် စသဖြင့် လုပ်ပါတယ်။ ဒါပေမဲ့ သွေးဖောက်စစ်တာ မလုပ်ပါဘူး။ နော်ဝေမှာ ဆိုရင်တော့ သွေးဖောက်စစ်တာကိုပဲလုပ်ပြီး သွေးပေါင်ချိန်တိုင်းတာ မတွေ့မိပါ။ အဲဒီလို စစ်နေရင်းနဲ့ အမည်၊ အသက်၊ နေရပ်မေးပါတယ်။ ပါးစပ်ထဲမှာ ပြဒါးတိုင်ရှိနေလို့ ကိုယ်ရေး အချက်အလက် အကုန်ပါတဲ့ ဘဏ်ကတ်ကို ထုတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူတို့က ၁၁ လုံးနံပါတ်ပါတဲ့ အဲဒီကတ်ကို စိတ်မဝင်စားပါဘူး။ မွေးနေ့ အတိအကျကိုလည်း မမေးပါဘူး။ နေရပ် လိပ်စာကိုလည်း သဘောလောက်ပဲ ယူတယ်ထင်ပါတယ်။

ခဏကြာတော့ ဆရာဝန်လာပြီး ရောဂါဘယ်လို ဖြစ်တာလဲ မေးပါတယ်။ ဖြစ်ကြောင်းစုံလင်ကို ရှင်းပြလိုက်တော့ “ဘာမှစိုးရိမ်စရာမရှိဘူး။ သောက်တာ များသွားလို့၊ ရာသီဥတု အပြောင်းအလဲ ဖြစ်လို့ပါ”တဲ့။ ပြီးတော့ ဆေးစာရွက်တစ်ခု သူနာပြုတွေဆီ ရေးပေးထားခဲ့ပါတယ်။ ကွန်ပျူတာခေတ်မှာ ဆရာဝန်လက်ရေးဆိုတာကို အခုမှ ပြန်တွေ့ရပါတယ်။ အနှစ်ချုပ်လိုက်တော့ ဆရာဝန်စစ်ခက ၆၅၀ဝ။ ဆေးဖိုးက ၁၇၀ဝ၀ တဲ့။ ပေးလိုက်တဲ့ဆေးတွေက နည်းတာမဟုတ်။ တောခို ကျောင်းသားဘဝတုန်းက KNU ဆေးခန်းတွေက ပေးလေ့ရှိတဲ့ ဆေးညွှန်းနဲ့ခပ်ဆင်ဆင်။ 

တက္ကစီပေါ်ရောက်မှ လူနာမှတ်ပုံတင် စာရွက်ကို အသေအချာ ဖတ်မိပါတယ်။ အမည် သတ်ပုံမှားတဲ့အပြင် လိပ်စာကလည်း လှိုင်မြို့နယ်အစား လှိုင်သာယာလို့ ရေးထားပါတယ်။ မြို့နယ်ပဲပါပြီး အိမ်နံပါတ်၊ လမ်းနံပါတ်၊ ရပ်ကွက်အမည် ဘာမှမပါဘူး။ အသက်ကလည်း မွေးတဲ့နှစ်ပဲပါပြီး လနဲ့ နေ့က မပါပြန်ဘူးဆိုတော့ ဒီလူနာကို ဒီဆေးရုံက (ကျန်းမာရေးဌာနက) ဘယ်လိုများ စာရင်း ပြန်ရှာလေမလဲ။ နောက်တစ်ခါလာရင် စာရင်းအသစ်တစ်ခုရေး၊ မှတ်တမ်းအသစ်တစ်ခု ပြန်တင်လုပ်ရဦးမှာလား။ မြန်မာနိုင်ငံမှာ e-Government စနစ်နဲ့ သွားနေပြီဆိုပြီး ပြောနေပေမယ့် လက်တွေ့မှာတော့ ဒီလိုဆေးရုံကြီးတွေမှာတောင် ကွန်ပျူတာနဲ့ မှတ်တမ်းတင်တဲ့စနစ် မရှိသေးပါ။ မြန်မာနိုင်ငံ ကျန်းမာရေးဌာန e-Government ဖြစ်အောင် သူတို့ဌာနက ကူပေးနေပါတယ်ဆိုပြီး ဦးသိန်းစိန်ခေတ်ကတည်းက ပြောခဲ့ဖူးတဲ့ နော်ဝေပညာရှင်အဖွဲ့နဲ့တွေ့ရင် ပြန်မေးခွန်း ထုတ်ရမယ့်ပုံပါပဲ။

ရန်ကုန်မှ ထားဝယ်သို့

မြန်မာဆေးတွေက အရေအတွက် များများ သောက်ရလို့ စိတ်ညစ်ရပေမယ့် အာနိသင်တော့ ရှိသား။ ၂ ရက်အတွင်း တုပ်ကွေး လုံးဝ ပျောက်သွားပါတယ်။ မူလ အစီအစဉ်ထက် ၃ ရက် နောက်ကျသွားတဲ့ ထားဝယ် ခရီးစဉ်ကို အခုမှ စတင်ရတော့မှာပေါ့။ ရန်ကုန်ကနေ နယ်သွားပြီဆို စိတ်ညစ်ရတာက မြို့ထဲကနေ အောင်မင်္ဂလာကားဂိတ်ဆီ တစ်နာရီလောက် တက္ကစီစီးရတဲ့ ဒုက္ခ။ ကားခကလည်း ကြည့်ဦး။ မြို့ထဲကနေ အဝေးပြေးဆီ တက္ကစီခက ၈၀ဝ၀ ကျပ်။ ကားဂိတ်ကနေ နေပြည်တော်အထိ အဝေးပြေးဘတ်စ်ခက ၆၀ဝ၀ ကျပ်တဲ့။ ပထမ အခေါက်တုန်းက ကြုံခဲ့ဖူးတာ။

အခုက မြို့ပြင်နားတည်းတာဆိုတော့ တက္ကစီခက အဲလောက်မများ။ ဒါပေမဲ့ ထားဝယ်သွားမယ့်ကားဂိတ်ကို ဘာကြောင့်များ မြောက်ဥက္ကလာမှာ သွားထားလဲ မတွေးတတ်။ ထောက်ကြန့်ဘက်ထားရင် ပိုမကောင်းပေဖူးလား။ မေးကြည့်မိသလောက်တော့ ဧရာဝတီတိုင်းဘက်သွားတဲ့ ကားဂိတ်ကလွဲရင် တစ်နိုင်ငံလုံး ရှိသမျှကား အောင်မင်္ဂလာကပဲ သွားနေရသတဲ့။

လောလောဆယ်တော့ ဘာမှမတတ်နိုင်။ ကားထွက်ချိန်က ညနေ ၅ နာရီဆိုပေမယ့် ကားကျပ်ပြီး နောက်ကျမှာစိုးလို့ စောပြီးထွက်လာတာ ၄ နာရီက တည်းက အဲဒီကြပ်ညပ် ပိတ်လှောင် ကားဂိတ်ဆီ ရောက်သွားပါတယ်။ ထိုင်းမှာဆို တောင်ပိုင်းသွားတဲ့ ကားဂိတ်မှာ အခုလို စောရောက်နေသူတွေ အချိန်ဖြုန်းနိုင်ဖို့ ကုန်တိုက်ပါ ဖွင့်ပေးထားပါတယ်။ ဒီမှာတော့ ကားရပ်တဲ့ ပလက်ဖောင်းတွေ အသေအချာ မရှိသေးတဲ့အပြင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကလည်း သိပ်သန့်သန့်ပြန်ပြန့် မရှိသေးပါ။

ဒါပေမဲ့ ကိုယ်စီးမယ့်ကားက VIP။ ဈေးနှုန်းက ၂ သောင်းကျော်ဆိုတော့ လေယာဉ်ခထက် တစ်ဝက်လောက်ပဲ သက်သာပါတယ်။ ဒါက ရန်ကုန်မှာနေတဲ့ လူတွေကို ပြောတာပါ။ ကိုယ်က နိုင်ငံခြားသားစာအုပ် ကိုင်ထားသူဆိုတော့ ၂ ဆ။ ပုံမှန် ၅ သောင်းဆို ကိုယ်က တစ်သိန်းပေးရမှာပေါ့။ တော်သေးတယ်၊ ကားခပါ နှစ်ဆမယူလို့။ ဒါပေမဲ့ ကားစီးတဲ့ နိုင်ငံခြားသား အတော်နည်းပါတယ်။ ထားဝယ်ဘက်ကို ပြောတာပါ။ အရင်နှစ်တွေက သွားခဲ့ဖူးတဲ့ ပုဂံနဲ့ အင်းလေးဘက် ကားတွေမှာတော့ နိုင်ငံခြားသားက အများစုပါ။

ဆိုးတာက ကားဂိတ်ရှိ TV စခရင်မှာ ကားအဝင်၊ အထွက်ဇယားတွေ၊ ထားဝယ်မှာဖြစ်နေတဲ့ H1N1 တွေအကြောင်းမပြဘဲ ရုပ်ရှင်ပြနေပါတယ်။ ဒုက္ခပါပဲ။ ကိုယ်တိုင် တုပ်ကွေးကောင်းကာစ၊ ထားဝယ်မှာကလည်း တုပ်ကွေးပျံ့နေလို့ စာသင်ကျောင်းတွေပါ ပိတ်နေတယ်ဆိုတော့ ဒီခရီးစဉ် ဆက်သွားသင့် မသင့်တောင် ကိုယ်က သိပ်မသေချာလှ။ ဒါပေမဲ့ ဒီကားဂိတ်မှာထိုင်ပြီး ထားဝယ်-ပုလော-မြိတ်-ကော့သောင်းသွားဖို့ စောင့်နေတဲ့ ခရီးသည်အားလုံးကတော့ အေးဆေးပါပဲ။ အားလုံး ရုပ်ရှင်ပဲ ထိုင်ကြည့်နေကြပါတယ်။

မဖြစ်သေးပါဘူး။ လက်ဖက်ရည်ဆိုင် သွားထိုင်မှဆိုပြီး ထွက်လာတော့ ဘောလုံးပွဲနဲ့ တိုးနေပြန်ပါတယ်။ သတင်းကို ဘယ်သူမှ မကြည့်ကြတော့ပါလား။ ဒါမှမဟုတ် ဒီနေ့ မြန်မာနိုင်ငံမှာ ရေးပန်းအစားဆုံး ဆိုရှယ်မီဒီယာ Facebook ကနေများ ဒီလူတွေ သတင်းကို ရထားပြီးသားလား။ ဘေးနားက လူငယ်တွေသုံးနေတဲ့ စမတ်ဖုန်းတွေကို မသိမသာ ချောင်းကြည့်တော့ အားလုံး မက်ဆင်ဂျာဖွင့်ပြီး ပွားနေလေရဲ့။ အင်း ... လူငယ်တွေ အတော်များများ ဆိုရှယ်မီဒီယာကို အတော် စွဲလမ်းနေကြပါလား။

ဟော ... ကားထွက်တော့မယ်။ VIP ဆိုတော့ ၃ ခုံတန်းပေါ့။ ဒါပေမဲ့ ခေါင်းမိုးပေါ်က ကျောပိုးအိတ်တင်ရတဲ့ နေရာလေးက အတော်ကျဉ်းတော့ ကွန်ပျူတာအိတ်ကို မနည်းထိုးသွင်းခဲ့ရပါတယ်။ အပေါ့သွားချင်လို့ အိမ်သာရှာတော့ VIP မှာလည်း အိမ်သာမရှိပါ။ ထိုင်းကကားတွေလို ကိတ်မုန့်၊ ကော်ဖီကျွေးတာမျိုးလည်း မရှိပါ။ တော်သေးတယ် ရေသန့်တစ်လုံး ပေးထားလို့။ အဲလိုမှန်းသိရင် ကိတ်မုန့်လေး၊ သစ်သီးလေး ဝယ်လာပါတယ်။

အခုတော့ ညနေစာက မစားရသေး။ ကျိုက်ထို ရောက်မှ ညစာ စားရမှာဆိုတော့ သေပြီဆရာပဲ။ ကံကောင်းချင်တော့ ကားက လမ်းမှာ ခဏခဏရပ်ပြီး ပစ္စည်းတင်၊ လူတင်လုပ်နေပါတယ်။ VIP ကားတွေ ဒီလိုရပ်ခွင့်၊ တင်ခွင့်ရှိ မရှိ မသိပါ။ ကိုယ့်အတွက်တော့ အဲဒီလိုကား ရပ်ထားတုန်း အပေါ့သွားတာ၊ လမ်းဘေးဆိုင်တွေကနေ ဖီးကြမ်းသီးနဲ့ ပေါင်မုန့်ခြောက် တချို့ ဝယ်စားရတာ အမြတ်ပါပဲ။ အခုမှ နည်းနည်းနေသာ ထိုင်သာ ရှိသွားပါတယ်။ အန် ... ပစ္စည်းတွေက နည်း တာမဟုတ်ဘူး။ အောက်ကပစ္စည်းထားတဲ့နေရာမှာ မဆံ့တော့လို့ ခလယ်က လူထွက်ပေါက် (အရေးပေါ် ထွက်ပေါက်လို့လည်း ခေါ်နိုင်) မှာ လာတင်ထားတာ တံခါးတောင်ဖွင့်လို့ မရနိုင်တော့ပါ။

ဒါပေမဲ့ ဒါဟာ အထူးအဆန်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ခရီးစဉ်တွေအတွင်း စီးဖူးသမျှ ကားတွေအားလုံး ဒီလိုပဲ လူထွက်ပေါက်ကိုပိတ်ပြီး ပစ္စည်းတင်နေကြ။ တချို့ကားတွေဆို အရေးပေါ် ထွက်ပေါက်တောင် မပါဘူး။ ကားသမားဘေးက အပေါက်တစ်ခုပဲ ရှိပါတယ်။ အရေးပေါ် ထွက်စရာရှိရင် ဘယ်လိုလုပ်မလဲ။ တစ်လောက နေပြည်တော် အဝေးပြေးလမ်းမှာ ကားမှောက်တော့ မှန်ကိုမခွဲနိုင်လို့ အသက်ရှူကျပ်ပြီး လူတွေသေတယ်ဆိုတာ ဒါမျိုးလားမသိဘူး။ အရေးပေါ် ထွက်ပေါက်ကို ပိတ်မထားရဘူးဆိုတာ နိုင်ငံတကာ ဥပဒေပဲလေ။

ကိုယ်က နော်ဝေမှာ အနေကြာသွားလို့လား မသိဘူး။ ကားစီးရင်ဖြစ်စေ၊ ဟိုတယ်၊ တည်းခိုခန်းဖြစ်စေ၊ အထပ်မြင့်တဲ့ အသိအိမ်တွေဆီ သွားရင်ဖြစ်စေ၊ အဲ ... မြေအောက်ထပ်က KTV မှာဖြစ်စေပေါ့။ အရေးပေါ် ထွက်ပေါက်ကို အမြဲတမ်း သတိထားလေ့ရှိတဲ့ဒုက္ခက မသေးလှ။ ကိုယ်ကသာ အဲလို လျှောက်တွေးနေတာပါ။ ကျန်ခရီးသည် အားလုံးက အေးဆေးပါပဲ။ ကားရပ်ပြီး ပစ္စည်းတင်နေတဲ့အပေါ်၊ အရေးပေါ် ထွက်ပေါက် ပိတ်နေတဲ့အပေါ် ဘယ်သူကမှ ဘာမှ မပြောကြပါဘူး။ 

ခုံမှာဆင်ပေးထားတဲ့ စခရင် အသေးလေးပေါ်မှာ ရုပ်ရှင်ကို သဲကြီးမဲကြီး ကြည့်နေကြလေရဲ့။ အတော် ခန္တီပါရမီရှိတဲ့လူတွေ။ ဘုရားကြီးအလွန် စစ်တောင်း တံတားဘက် နီးလာချိန်မှာ အဲကွန်းက သိပ်အေးနေသလို ခံစားမိတဲ့အတွက် နော်ဝေ ရေခဲပြင်ကလာတဲ့လူတောင် စောင်ခြုံနေရပါတယ်။ ခေါင်းစွပ်ပါ စွပ်ထားရမယ့်ကိန်း။ စပယ်ယာကိုပြောပြီး အအေးဓာတ် နည်းနည်း လျှော့ခိုင်းတော့ “လျှော့လို့မရဘူး။ ထားဝယ်ဘက် သွားတဲ့လူတွေက အဲလိုအေးမှကြိုက်တယ် ဦးလေး”တဲ့။ သေပြီ ဆရာပဲ။ အအေးပတ်ပြီး တုပ်ကွေးပြန် ဖောက်လာရင် ဒုက္ခ။ မဖြစ်သေးပါဘူးဆိုပြီး စောင်ကို ခေါင်းပါခြုံလိုက်မှ နည်းနည်း အဆင်ပြေသွားပါတယ်။

ထက်အောင်ကျော်