News

POST TYPE

TRAVEL LOG

ဘန်ကောက်မှ ရန်ကုန်သို့

ဘန်ကောက်ဝန်းကျင်မှာ လည်ပတ်စရာ

ဟိုတယ်ကောင်တာမှာ Passport ပြပြီး အခန်း သော့ယူတော့ “အစ်ကိုတို့က မြန်မာတွေလား”တဲ့။ ကောင်တာထိုင် လူငယ်တစ်ဦးက မြန်မာဘာသာနဲ့ မေးပါတယ်။ အိန္ဒိယနွယ်ဖွားဖြစ်ပုံရတဲ့ ဒီလူငယ်ဟာ ထိုင်းစကားရော၊ အင်္ဂလိပ်စကားပါ အတော်ကောင်းပါတယ်။ မြန်မာအချင်းချင်း တွေ့ပြီဆိုတော့ ထုံးစံအတိုင်း အခန်းခ Disscount မရဘူးလားဆိုပြီး ဈေးစစ်ကြည့်တာပေါ့။ 

“မနက်ဖြန်ကျရင် လိုကယ်နှုန်းနဲ့ ပေးမယ်လေ။ အစ်ကိုက အင်တာနက်ကနေ ဝယ်ထားတာဆိုတော့ ကျွန်တော်တို့က လျှော့ပေးလို့မရဘူး ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။ တကယ်ဆို သူပြောတာနဲ့ ကျွန်တော် နားလည်ထားတာနဲ့က ပြောင်းပြန်။ ဥရောပမှာဆို အင်တာနက်ကနေ ဝယ်မှ ဈေးသက်သာတာ။ ဒီမှာတော့ လူကိုယ်တိုင် လာဝယ်မှ ဈေးသက်သာသတဲ့။ ဟိုမှာက အင်တာနက်ကနေ ဝယ်ရင် ဝန်ထမ်းအင်အား သုံးစရာ မလိုတဲ့အတွက် ဈေးပေါတာဖြစ်ပြီး ဒီမှာကျတော့ အင်တာနက် Booking တွေအတွက် ကော်မရှင်ပေးရလို့ ဈေးတက်သွားတယ် ဆိုပါတယ်။

ဟိုတယ်အခန်းထဲ ပစ္စည်းချ၊ ရေမိုးချိုးပြီးတာနဲ့ တစ်ရေး အိပ်လိုက်တာ ညနေ ၆ နာရီကျော်မှ နိုးလာပါတယ်။ BTS မိုးပျံရထားစီးပြီး MBK မာဘိုခလောင်း ကုန်တိုက်ဆီသွားတော့ ၇ နာရီကျော်နေပြီ။ ရထားခက ၂၈ ဘတ်တဲ့။ တစ်ဒေါ်လာတောင် မပြည့်ဘူး။ မြန်မာ ငွေ ၁၀ဝ၀ ကျပ်ပဲ ထားပါစို့။ ဒါပေမဲ့ ဒီက ငွေစက္ကူတွေက မြန်မာလောက် မစုတ်ပြတ်။ ထူးတာက အခုထိ အကြွေစေ့တွေ သုံးနေတုန်း။ တစ်ဘတ်စေ့၊ ငါးဘတ် စေ့၊ ၁၀ ဘတ်စေ့ စသဖြင့် တွင်ကျယ်စွာ သုံးနေဆဲပါ။ အထူးသဖြင့် ဒီလိုရထားလက်မှတ်ဝယ်တဲ့အခါ အကြွေစေ့ မဖြစ်မနေ သုံးခွင့်ရအောင် အစိုးရက စီစဉ်ပေးထား ပုံရပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြွေစေ့ မရှိတော့ပါ။ အနိမ့်ဆုံး ငွေစက္ကူက ၅၀ ကျပ်တန် ဖြစ်နေပြီမဟုတ်လား။ ဒါပေမဲ့ ကျောင်းစာအုပ်ထဲက ငွေကြေးစနစ်ထဲမှာတော့ ငါးပြားစေ့၊ ဆယ်ပြားစေ့၊ တစ်မတ်စေ့၊ ငါးမူးစေ့၊ တစ်ကျပ်စေ့ စသဖြင့် ပြား ၁၀ဝ ကို တစ်ကျပ်ဟု ခေါ်သည့်စနစ်နဲ့ သွားနေတုန်း။ ကလေးတွေက အကြွေ ဆိုတာ ဘာမှန်းမသိတော့လို့ အကြွေစေ့ကို ပုံဆွဲပြပြီး စာသင်နေရတယ်လို့ ဆရာတစ်ဦးက ပြောဖူးတာကို အမှတ်ရမိပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတဲ့ငွေကြေးစနစ်တွေကြားမှာ အားလုံး ခရက်ဒစ်ကတ် သုံးလိုက်ရင် ကိစ္စပြတ်သွားလေမလား။ 

သိပ်စိတ်ကူးယဉ်နေလို့ မဖြစ်သေး။ လောလောဆယ် ကိုယ့်လူတွေမှာ ATM ငွေထုတ်ကတ်တောင် ရှိသေးတာမဟုတ်။ ဘူတာနဲ့ MBK ကုန်တိုက်အကြား ပြင်ဆင်ထားလိုက်ပုံတွေက လွန်ခဲ့တဲ့ ၄ နှစ်နဲ့ တခြားစီ။ ဘန်ကောက်ဟာ တစ်နှစ်ထက်တစ်နှစ် အလွန် တိုးတက်နေပါလား။ မူလ အစီအစဉ်တိုင်းဆိုရင် ဝတ်ကောင်းစားလှတွေအကြောင်း မြန်မာဧည့်သည်တွေကို ကုန်တိုက်ပတ်ပြီး လိုက်ပြမလို့။ ဒါပေမဲ့ အားလုံး ဗိုက်ဆာနေတာနဲ့ ၆ ထပ်က Food Center ဆီ အရင်ဆုံး သွားမိကြပါတယ်။

ရန်ကုန်မှာ ကျပ်သုံးထောင်လောက် ပေးနေရတဲ့ ကြက်ဆီထမင်း၊ ဝက်ခြေထောက်ထမင်း၊ ဖတ်ကပေါင်၊ ဖတ်ထိုင်း၊ ကွိတီယို၊ သင်္ဘောသီးထောင်း စသဖြင့် တစ်ခွက်မှ ၃၅ ဘတ်တည်းရယ်။ တစ်ဘတ်ကို ၄၀ ကျပ် နဲ့ တွက်ရင်တောင် ၁၅၀ဝ ကျပ် မပြည့်ဘူး။ မူလအရသာကို ဈေးနှုန်း ချိုသာစွာနဲ့ စားရတဲ့အပြင် ဆိုင်အပြင်အဆင်နဲ့ သပ်ရပ်မှုက ရန်ကုန်ထက် အများကြီးသာပါတယ်။ ထိုင်းစားစရာတွေကို မြန်မာလိုမပြန်ဘဲ ထိုင်းအသံထွက်အတိုင်း ရေးလိုက်လို့ အပြစ်ပြောချင်နေတာလား။ တက္ကသိုလ်ထဲက ဆိုင်တန်းတွေ အပါအဝင် မြန်မာနိုင်ငံ ဒေသအသီးသီးက စားသောက်ဆိုင်တွေမှာ ထိုင်းအသံထွက်တိုင်း ရေးထားတဲ့ Menu တွေ များမှများ။

စားရင်း ပွားရင်းနဲ့ ည ၉ နာရီ ထိုးသွားပါတယ်။ ဒီအချိန် ဘယ်သွားလည်ရင် ကောင်းမလဲ။ ဘန်ကောက် တစ်မြို့လုံးကို အပေါ်စီးကနေလှမ်းမြင်နိုင်တဲ့ ၉၉၇ ပေ မြင့်ပြီး ၈၇ ထပ်အထိရှိတဲ့ ငြေပသုန တာဝါပေါ့။ လွန်ခဲ့တဲ့ ၄ နှစ်က ဝင်ကြေး ၂၀ဝ ဘတ်သာပေးရပေမယ့် အခု ၄၀ဝ ဖြစ်သွားပြီ။ ဒါပေမဲ့ ဒီတာဝါဆီ လာလည်တဲ့ ကမ္ဘာလှည့် ခရီးသည်ကတော့ အရင်နှစ်တွေထက်တောင် ပိုများလာနေပါတယ်။ ၃၆၀ ဒီဂရီမြင်ခွင့်ရအောင် လည်ပတ်နေတဲ့ တာဝါထိပ်က ရှုခင်းသာပေါ်ကနေ ဘန်ကောက်တစ်မြို့လုံးကို လှမ်းကြည့်ရတာ အရသာက သိပ်ထူး။ တကယ်တော့ အပေါ်စီးကနေ ကိုယ့်ထက် နိမ့်တဲ့နေရာဆီ လှမ်းကြည့်ခွင့်ရတာကို နှစ်သက်ကြတာ လူ့သဘာဝတစ်ခုပါပဲလေ။

မီးရောင်စုံတွေနဲ့ လှပနေတဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ဘန်ကောက်မြို့ကိုကြည့်ပြီး မီးမကြာခဏ ပြတ်လေ့ရှိတဲ့ ရန်ကုန်နဲ့ ထားဝယ်ကိုတောင် လွမ်းသလိုလို။ ဒါပေမဲ့ ဒီမီးတွေက ကျွန်တော်တို့ ထားဝယ်ဘက်ကထွက်တဲ့ ရတနာဓာတ်ငွေ့ပိုက်လိုင်းကနေ လာတာဖြစ်နိုင်တယ်ဆိုပြီး မိတ်ဆွေတစ်ယောက်က ပြောတော့ စိတ်ထဲမှာ တစ်မျိုးကြီးရယ်။ လောလောဆယ်တော့ ဘာမှမတတ်နိုင်။ ၄၀ဝ ဘတ်ထဲမှာ ပါပြီးသားဖြစ်တဲ့ ဘီယာ သို့မဟုတ် အချိုရည် တစ်ခွက်စာကို သောက်နိုင်ဖို့ Sky Bar ရှိ တဲ့ ၈၅ ထပ်ဆီ ပြန်ဆင်းပြီး စိတ်ညစ်စရာတွေကို ဘီယာနဲ့မျှောချခဲ့ရပေါ့။

ဆာဖရီ၊ ရေပေါ်ဈေးနဲ့ မြဘုရား

မနက်အစောပိုင်းမှာ ဆေးရုံ ဆေးခန်းကိစ္စတွေ ပြောဆိုပြီးတဲ့နောက် ဘယ်နားသွားလည်ရင် ကောင်းမလဲ ဆွေးနွေးကြပြန်ပါတယ်။ ဆေးခန်းဆိုလို့ ထိုင်းဆေးရုံတွေက ရန်ကုန်ထက် ဈေးနည်းနည်းလေးများတယ်ဆိုပေမယ့် စက်ပစ္စည်းစုံတာမို့ ရောဂါအကြောင်း အတိအကျ သိရတယ်။ ကုထုံးအကြောင်းလည်း အသေးစိတ် သိရတယ်။ မြန်မာစကားပြန်တွေလည်း ကောင်းကောင်းရှိတယ်။ ဒါကြောင့်မို့ ဒီမှာလာကုရတာ စိတ်ချမ်းသာတယ်။ မြန်မာဆရာဝန်တွေက လူနာသက်သာဖို့ထက် အသပြာရရေးဘက်ကို ဦးစားပေးနေတယ် ဆိုပြီး ကျွန်တော့်မိတ်ဆွေက စွပ်စွဲပါတယ်။

သတင်းသမားဖြစ်သူ ကျွန်တော့်အတွက် ဒီလို ညည်းသံကြားရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါ။ ဒါပေမဲ့ မြန်မာဆရာဝန်တွေမှာ ဘာတွေ အခက်အခဲရှိနေသလဲ ကျွန်တော်တစ်ခါမှ အသေအချာ မမေးဖြစ်သေးပါ။ ကိုယ့်မိတ်ဆွေ ဆရာဝန်တွေ၊ ဆေးကျောင်းသားဟောင်းတွေကလည်း ဆေးမကုဘဲ နိုင်ငံရေးသမားလိုလို စာရေးဆရာလိုလို လုပ်နေကြတော့ မေးရတာ ခက်သား။ တကယ်တော့ ဆရာဝန်ဆိုတာ ကျွန်တော်တို့ သတင်းသမားတွေလိုပါပဲ။ ဘယ်နိုင်ငံမှာပဲ ဆေးဝါး ကုသသည်ဖြစ်စေ ဆရာဝန်ကျင့်ဝတ်ဆိုတာ တစ်ကမ္ဘာလုံး အတူတူပဲ မဟုတ်ပါလား။ 

မတူတာက နိုင်ငံအလိုက် ကွဲပြားနေတဲ့ အုပ်ချုပ်ရေးစနစ်။ အဲဒီစနစ်တွေက ဆရာဝန်တွေ အပါအဝင် လူသားအားလုံးရဲ့ မူလကျင့်ဝတ်တွေကိုပါ ကျိုးပျက်စေတတ်သလား။ အုပ်ချုပ်ရေးစနစ် ပျက်လို့ ကျင့်ဝတ်ပျက်တာလား၊ ကျင့်ဝတ်ပျက်လို့ အုပ်ချုပ်ရေးစနစ် ပျက်တာလား၊ ဘယ်ဟာက အရင်ပျက်မှန်း မသိပေမယ့် မြန်မာနိုင်ငံမှာ အဲဒီနှစ်ခုစလုံး ပျက်နေတယ်လို့ စာရေးသူက မြင်ပါတယ်။

ပြန်မပြင်နိုင်သေးတဲ့ ပျက်စီးမှုတွေအကြောင်း စဉ်းစားပြီး စိတ်ညစ်နေလို့ မဖြစ်သေး။ အချိန်ရတုန်း လျှောက်လည်ဦးမှ။ တစ်ရက်တာ နေ့ချင်းပြန်ခရီးတိုတွေအကြောင်း ဟိုတယ်ကောင်တာမှ မေးကြည့်တော့ ဆာဖရီ (သဘာဝဘေးမဲ့တောလိုနေရာမျိုး)၊ ပတ္တရား (ကမ်းခြေ)၊ ကန်ချနပူရီ (ဒုတိယကမ္ဘာစစ်လက်ကျန် သေမင်းတမန် ရထားလမ်း)၊ အယုဒ္ဓယ (မြန်မာတွေ တိုက်လို့ ပျက်ခဲ့တယ်ဆိုတဲ့မြို့) ရေပေါ်ဈေး စသဖြင့် ဘယ်သွားသွား တစ်ယောက် ၂၀ဝ၀ ဘတ်။ နေ့လည်စာ ကျွေးမယ်၊ ပြပွဲတွေကို အခမဲ့ ကြည့်ခွင့်ရမယ်။ ဟိုတယ်က အားလုံး စီစဉ်ပေးတယ်ဆိုပါတယ်။

၂၀ဝ၀ ဆို များတာပေါ့။ ဆာဖရီဝင်ကြေးက ၂၀ဝ ဘတ်ပဲ ပေးရတယ်ဆိုပြီး ကိုယ့်ဘာသာ လမ်းဘေးတက္ကစီကို ငှားထွက်လာခဲ့ပါတယ်။ တက္ကစီခက ၇၀ဝ ဆိုတော့ မဆိုးလှ။ တစ်ယောက်မှ ၁၀ဝ စီပဲ ကျတယ်ပေါ့။ ဒါပေမဲ့ ဝင်ကြေးက တစ်ယောက် ၁၀ဝ၀ စီတဲ့။ ကိုယ်သိထားတဲ့ ၂၀ဝ ဆိုတာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က နှုန်းမှန်း အခုမှ သတိရတယ်။

ဒါပေမဲ့ အမှတ်က မရှိသေး။ နောက်တစ်နေ့မနက် ရေပေါ်ဈေး သွားမယ်ပြင်တော့ ဟိုတယ်ဘေးနားရှိ တက္ကစီသမားတစ်ဦးက ရေပေါ်ဈေးလည်း ပို့ပေးမယ်။ အပြန်မှာ မြဘုရားဆီလည်း ဝင်ပို့ပေးမယ်။ အားလုံးမှ ကားခ ၅၀ဝ ဘတ်ပဲ ပေးပါတဲ့။ အင်း ... ၅၀ဝ ဆိုတော့ ၂၀ဝ၀ ထက် အများကြီး သက်သာတာပေါ့။ ဒါပေမဲ့ ဟိုရောက်တော့ ခုနက ဆာဖရီလိုပဲ ဝင်ကြေး ၁၀ဝ၀ ထိ ပြန်ပေါ့။ လှေစီးခက ၁၀ဝ၀။ ဆင်စီးမလား၊ ငှက် ကြည့်မလား၊ မျောက်ကြည့်မလား၊ မြွေကြည့်မလား၊ မိကျောင်းကြည့်မလား၊ ခရီးကြမ်း လေးဘီးယက်ကား ငယ်လေးတွေ စီးမလား၊ တစ်မျိုးစီတိုင်းအတွက် နောက်ထပ် ၁၀ဝ၀ စီ ပေးရမယ်တဲ့။ ကဲ ... မိတ်ဆွေသွားမယ် ဆိုရင် ကျွန်တော့်လို စိတ်ကူးတည့်ရာ လျှောက်မလုပ်နဲ့။ ဟိုတယ်က အစီအစဉ်နဲ့ လိုက်သွားတာကမှ ဈေး သက်သာဦးမယ် မဟုတ်ပါလား။

ဘန်ကောက်မှ ရန်ကုန်သို့

ဘန်ကောက်-ရန်ကုန် လေယာဉ်လက်မှတ်ဝယ်ဖို့ ဟိုတယ်ဘေးနားက Tour ဆိုင်တစ်ခုမှာ မေးကြည့်တော့ Thai Lion Air က ဈေးသက်သာတယ်။ အသွားအပြန်မှ ဘတ် ၄၀ဝ၀ တည်းတဲ့။ ဒေါ်လာ ၁၂၀ သို့မဟုတ် မြန်မာငွေ တစ်သိန်းခွဲ ဝန်းကျင်ဆိုတော့ တန်တာပေါ့။ ရန်ကုန်-ထားဝယ် ခရီးစဉ်တောင် တစ်ခြမ်းကို ခုနစ်သောင်း ဝန်းကျင်ဆိုတော့ အသွား အပြန် တစ်သိန်းခွဲ။ နိုင်ငံခြားသား စာအုပ်ကိုင်ထားသူက နှစ်ဆ ပေးရတဲ့အတွက် သုံးသိန်း ပေးခဲ့ရဖူးတာကို စိတ်နာလို့ မဆုံး။

ဒီမှာတော့ ဘာစာအုပ် ကိုင်ထားထား လေယာဉ်ခ၊ ဟိုတယ်ခ နှစ်ဆပေးစရာ မလိုပါ။ လူကို လူလိုဆက်ဆံပြီး နိုင်ငံတွေ၊ အသားအရောင်တွေပေါ် ခွဲခြားဆက်ဆံခြင်း မရှိပါ။ ဒါပေမဲ့ လေယာဉ်ကွင်းကတော့ နိုင်ငံတကာ အဆင့်မီ သုဝဏ္ဏဘုမိ မဟုတ်ဘဲ ကွင်းဟောင်း ဒေါင်း မောင်းကနေ ထွက်ခွာရမှာတဲ့။ ပိုတောင်ကောင်းသေး။ စာအုပ်အတုကိုင်ပြီး နော်ဝေကို ထွက်ခါစနှစ်တွေက မကြာခဏ အရစ်ခံရဖူးတာကိုတောင် ပြန်လွမ်းမိပါရဲ့။ ၂၀ဝ၀ ပြည့်နှစ် ဝန်းကျင်ကာလတွေက ရန်ကုန်ပြန်ပို့ခံမှာကို သေမလောက် ကြောက်ခဲ့တဲ့ကျွန်တော် အခုတော့ ရန်ကုန်ပြန်ခွင့်ရဖို့အရေး အသည်းအသန် ကြိုးစားနေရပြန်။

ဘဝဆိုတာ ဒီလိုပါပဲ။ အမြဲတမ်း တစ်သမတ်တည်း ရှိမနေဘူးလို့ ဆိုကြတယ် မဟုတ်ပါလား။ လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးက တက္ကသိုလ် စာသင်ခန်းကိုစွန့်ပြီး လက်နက်ကိုင် တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ခဲ့ဖူးတဲ့ လူငယ်တစ်ဦး၊ တိုက်ပွဲတွေ၊ ငှက်ဖျားတွေကြား မသေမပျောက် ကျန်ခဲ့သူတစ်ဦးရဲ့ ၂၉ နှစ်ကြာ အိမ်အပြန်လမ်းဟာ ဒေါင်း မောင်းလေဆိပ်မှာ ဒီလို ပြန်ကြုံရလိမ့်မယ်လို့ ဘယ်သူကများ ကြိုတင်မှန်းဆထားပါ့မလဲ။ 

ဒေါင်းမောင်းဟာ အိုစာပေါက်နေတယ်ဆိုပေမယ့် သိပ်အဆိုးကြီးတော့ မဟုတ်သေးပါ။ ရန်ကုန်လေယာဉ် ကွင်းထက်တော့ အများကြီးသာပါသေးတယ်။ ၂၀ဝ၇ ခုနှစ် မတ်လမှာတုန်းကတော့ ဒီလေယာဉ်ကွင်းတစ်ခု လုံးကိုပိတ်ပြီး သုဝဏ္ဏဘူမိဆီ အပြီးပြောင်းဖို့ ထိုင်း အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်အနည်းငယ် ကြာပြီးတဲ့အခါမှာတော့ ဒီကွင်းကို ဒီတိုင်းပစ်ထားမယ့်အစား ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီပြေးတဲ့ ဈေးပေါတဲ့လေယာဉ်လိုင်းတွေအတွက် ဖွင့်ပေးရင် ကောင်းမယ်ဆိုပြီး အခုလို တစ်ခါပြန်လည်ရှင်သန်လာတာ ဖြစ်ပါတယ်။

သုဝဏ္ဏဘူမိဆီသွားတဲ့ မိုးပျံရထားလမ်းလိုမျိုး မြို့ထဲနဲ့ ဒေါင်းမောင်းကြား ဖောက်နေတာ မကြာခင် ပြီးပါတော့မယ်။ ဒေါင်းမောင်းနဲ့ သုဝဏ္ဏဘူမိကြား (လေယာဉ်လက်မှတ် ပြနိုင်သူတွေအတွက်) အခမဲ့ ဘတ်စ်ကားတွေ ဆွဲပေးနေပါတယ်။ ဥရောပနဲ့ ခရီးဝေး ပြေးတဲ့ လေယာဉ်အားလုံး သုဝဏ္ဏဘူမိကထွက်ပြီး ပြည်တွင်းနဲ့ အရှေ့တောင်အာရှလေယာဉ် အတော်များများ ဒေါင်းမောင်းကနေ ထွက်တာမို့ ဒီလေယာဉ် ကွင်းနှစ်ခုကြား အချိတ်အဆက်မိအောင် ထိုင်းအစိုးရက အသေအချာ စီစဉ်ပေးထားပုံပါပဲ။

ဒေါင်းမောင်းမှာ ကောင်းတာက သုဝဏ္ဏဘူမိလို Pastport Control မှာ သိပ်အကြာကြီး တန်းစီစရာ မလိုပါ။ ဟိုမှာ လူ ၃၀ဝ၀ လောက် တန်းစီနေချိန် ဒီမှာ လူ ၃၀ဝ ကျော်လောက်ပဲ တန်းစီရပါတယ်။ အဲ ... ရန်ကုန်ကွင်းမှာတော့ လူ ၃၀ လောက်နဲ့တင် လဝကတွေက အတော် အလုပ်ရှုပ်နေပုံပါပဲ။ ဒါပေမဲ့ အစိုးရသစ် ပြောင်းသွားလို့လားမသိ။ လဝကတွေရဲ့ ဆက်ဆံရေးက နည်းနည်း အရပ်သားဆန်လာပါတယ်။ “ဒီစက်က တစ်ခါကော်ပီကူးပြီးရင် တစ်ခါရပ်သွားလို့ ပြန်ပြန်ဖွင့်နေရတယ်။ ဆောရီးနော် မောင်လေး”တဲ့။ လဝက အရာရှိ အမျိုးသမီးက ကျွန်တော့်စာအုပ်ပေါ် တုံးထုရင်း လှမ်းပြောပါတယ်။

ရပါတယ်ဆိုပြီး ပခုံးတွန့်ပြလိုက်တော့ ဘယ်လို သဘောပေါက်သွားမှန်းမသိ။ “ဆိုရှယ်ဗီဇာ မလျှောက်ဘဲ ဘာကြောင့် e-Visa နဲ့လာသလဲ။ ဟိုတယ်ခတွေ အများကြီး ကုန်နေမှာပေါ့”တဲ့။ သူက မေးခွန်းထုတ်နေပြန်ပါတယ်။ သံရုံးသွားပြီး ဖောင်ဖြည့်ရတာကို မကြိုက်လို့၊ အီးဗီဇာက ဘာမှပြောစရာမလိုဘဲ ချက်ချင်း ရလို့ပါဆိုပြီး ဖြေလိုက်ပါတယ်။

“ဒါဆို မောင်လေးရဲ့ဖခင်အမည်လေး ပြောခဲ့ပါဦး”တဲ့။ ရုတ်တရက် ကြောင်သွားပါတယ်။ ဘယ် လေယာဉ်ကွင်းမှာမှ ဒီလို အမေးမခံရဘူးတော့ ဘာဖြေရမှန်းမသိ။ Passport ထဲမှာပါပြီးသား အချက်တွေ ထက်ပိုပြီး ဘာများ ထပ်သိချင်သေးလို့လဲ။ ထောက်လှမ်းရေးက မေးခိုင်းထားတာမျိုးလားလို့တောင် သံသယ ဝင်မိပါသေးတယ်။ နောက်မှ စဉ်းစားမိတာက မြန်မာမှာ မိသားစုအမည်မရှိလို့ သားအမည်နဲ့ ဖခင်အမည်ကို တွဲမသိကြ။ ဒါကြောင့်မေးတာဖြစ်မယ်။ မြန်မာ့နည်း မြန်မာ့ဟန် ဖြစ်မယ်လို့ပဲ သဘောထားလိုက်ပါတယ်။

နောက်ထပ် တိုးတက်ခြင်းတစ်ခုကတော့ ပစ္စည်းရွေးတဲ့နေရာမှာ စောင့်ပြီး ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာ တောင်းစားတဲ့လူတွေ ဒီတစ်ခေါက် မတွေ့ရတော့ပါ။ ပိုသေချာအောင် အကောက်ခွန်အရာရှိကို သွားမေးကြည့်မိပါသေးတယ်။ “ခေတ်ပြောင်းသွားပြီလေ အစ်ကို”တဲ့။ အထုပ်အပိုးတွေကိုတောင် သူက အခမဲ့ ကူသယ်ပေးလိုက်ပါသေးတယ်။ ရန်ကုန်မြို့ကြီး တယ် ဟုတ်နေပါလားပေါ့။

ဒါပေမဲ့ ဆိုးတာက နိုင်ငံတကာ လေယာဉ်ကွင်းတွေမှာလို ရန်ကုန်ကွင်းမှာ အင်တာနက် အခမဲ့ မရသေးပါ။ (အပြန်ခရီးစဉ်မှာတော့ ရခဲ့ပါတယ်။ အသွားတုန်းက ဘာတွေ လွဲခဲ့မှန်းမသိပါ)။ ဒီတော့ အပြင်မှာ လာကြိုဖို့ချိန်းထားသူနဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်လို့ မရပါ။ ကောင်းတာကတော့ နော်ဝေ တယ်လီဖုန်းလိုင်းတွေက ဒီတစ်ခေါက်မှာ ရန်ကုန်အထိ လိုင်းမိနေခြင်းပါ။ (အရင်ခေါက်တွေက လိုင်းမမိပါ) နော်ဝေပိုင် တယ်လီနော် ကုမ္ပဏီရဲ့ အကျိုးကျေးဇူးကြောင့်များလား။ နော်ဝေဖုန်းနဲ့ပဲ ရန်ကုန်နံပါတ်ကို ခေါ်လိုက်ရတယ်ဆိုပါတော့။    

တော်သေးတယ်။ အပြင်မှာ ကိုယ့်လူတွေ လာစောင့်နေလို့။ အချိန်က ည ၉ နာရီကျော်ပြီဆိုတော့ ခပ်လန့်လန့်ရယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ရှေ့နေကြီးဦးကိုနီ ဒီလေယာဉ်ကွင်းက အထွက်မှာ ပစ်သတ်ခံဖူးတယ် မဟုတ်ပါလား။ အခုချိန်ထိ တရားခံကို မမိသေး။ ဒီတော့ ရန်ကုန်လေယာဉ်ကွင်းမှာ ဘန်ကောက်ကွင်းလို ပေါ့ပေါ့ဆဆနေလို့မဖြစ်။ တက္ကစီတွေ၊ ကားဆရာတွေကလည်း ဘန်ကောက်လို စနစ်တကျ မှတ်ပုံတင်လုပ်ထားတာ မဟုတ်။ ကားအဆင့်အတန်းကလည်း တစ်ယောက် တစ်မျိုးစီ။ ဒီတော့ အသိဘော်ဘော်တွေဆီ မက်ဆင်ဂျာကနေ သတင်းပို့ပြီး အခုလို လာကြိုခိုင်းထားတာဟာ လောလောဆယ်အတွက် အကောင်းဆုံးနည်း မဟုတ်ပါလား။      ။

ထက်အောင်ကျော်