News

POST TYPE

TRAVEL LOG

အပန်းဖြေ ဘယ်ကမ်းခြေအကောင်းဆုံး
03-Oct-2017 tagged as

ပွင့်လင်းရာသီနှင့်အတူ အောက်တိုဘာလသည် ပြည်တွင်းနှင့်ပြည်ပ ခရီးသည်များ လာရောက်လည်ပတ်သော အချိန်အခါတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ ခရီးသွားရာသီအဖွင့်က အေးချမ်းလှသော ဆောင်းကာလနှင့်အတူ စတင်လိုက်ခြင်းဖြစ်ပြီး ဝါလကင်းလွတ် သီတင်းကျွတ်ရာသီကလည်း မြန်မာ့လူမျိုးတို့အတွက် လွတ်လပ်သော စိတ်တံခါးကို ဖွင့်ပေးပြီး ဖြစ်သည်။ ထိုကာလအတွက် ပြည်တွင်းခရီးသွားဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများက ခရီးသည်များကို စောင့်ကြိုလျက် ရှိသည်။

ငပလီကမ်းခြေ ခရီးစဉ်

ပြည်တွင်း၊ ပြည်ပ ခရီးသည်များ ရွေးချယ်စရာ မလိုဘဲ ထုတ်နုတ်ပြရမည့် ခရီးစဉ်တစ်ခု အနေနှင့် မြန်မာနိုင်ငံ၏ အကောင်းဆုံးကမ်းခြေဟု ထင်ရှားသည့် ငပလီကမ်းခြေပင် ဖြစ်သည်။

သစ်လွင်တောက်ပသော ငပလီကမ်းခြေကို ဟာဝိုင်ယီကျွန်းနှင့်ထပ်တူ တင်စားခံရသည်မှာ ခြွင်းချက် မရှိလှပေ။ 

ပြည်တွင်းနှင့်ပြည်ပ ခရီးသွားတွေ အများဆုံး သွားရောက်အပန်းဖြေသင့်တဲ့ နေရာလေးတစ်ခု ဖြစ်သည်။ 

မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းအုပ်စုလိုက်ဖြစ်စေ စုဖွဲ့သွားရောက်နိုင်ပြီး ပင်လယ်လှိုင်းစီးခြင်း၊ ပုလဲကျွန်းဆွယ်အနီး ကမ်းခြေတစ်ဝိုက်၌ ရေငုပ်ဧရိယာ အစုံအလင်ဖြင့် ပင်လယ်ရေအောက် ကြမ်းပြင်တွင် ရေငုပ်လေ့လာခြင်း စသည်ဖြင့် ပျော်ရွှင်ဖွယ်ရာ အပန်းဖြေမှုကို ရရှိနိုင်မည် ဖြစ်သည်။

ငပလီကမ်းခြေသို့ အပန်းဖြေ ခရီးစဉ် သွားရာတွင် လေကြောင်းခရီးစဉ်အတွက် ညွှန်းဆိုပေးရန် မလိုသလောက်ရှိပြီး စစ်တွေနှင့် သံတွဲတို့ကို ရန်ကုန်မြိုက တိုက်ရိုက်ပျံသန်းပေးသော လေကြောင်းများရှိပြီး ဖြစ်သည်။ လေယာဉ်လက်မှတ်နှုန်းထား အနေနှင့် ခုနစ်သောင်း စွန်းစွန်းထက် မပိုပေ။

အဓိက ညွှန်းဆိုလိုသည်က ကုန်းလမ်းသွားရောက်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးလာသဖြင့် ပိုမိုလွယ်ကူလာကာ ရန်ကုန်မြို့မှ ဧရာဝတီတိုင်း၊ ပုသိမ်လမ်းခွဲက ရခိုင်ပြည်နယ်၊ ဂွမြို့ကိုဖြတ်၍ ရခိုင်ရိုးမလမ်းအတိုင်း မိုင်နှစ်ရာဝန်းကျင် ကားမောင်းနှင်ရုံဖြင့် ငပလီကမ်းခြေနှင့် အနီးဆုံး သံတွဲမြို့သို့ ဆိုက်ရောက်ဖြစ်သည်။

သံတွဲမြို့တွင်လည်း မြို့၏ကျက်သရေဆောင်ပြယုဂ် ဖြစ်သည့် ဆံတော်၊ အံတော်၊ နာမ်တော် တန်ခိုးကြီးဘုရား သုံးဆူကို ဝင်ရောက်ဦးတိုက်ဖူးမြော်ကာ ကုသိုလ်တရား ပွားများပြီးနောက် ကမ္ဘာကျော် ငပလီကမ်းခြေသို့ အငှားဆိုင်ကယ်ဖြင့် နာရီဝက်ခန့် ခရီးဆက်လိုက်ပါက လွတ်လပ်ကျယ်ပြန့်၍ အပြောကျယ်လှသော ငပလီကမ်းခြေ၏ အလှတရားကို နဖူးတွေ့ ဒူးတွေ့ မြင်ကွင်းတစ်ဆုံး ကြည့်ရှုခံစားလိုက်နိုင်မည့် အခွင့်အရေးက စောင့်ကြိုနေပြီးဖြစ်သည်။ 

ပြည်တွင်းခရီးသွား အနေနှင့် လည်ပတ်မှု အများဆုံး အချိန်ကာလ ဖြစ်ခြင်းကြောင့် တည်းခိုနေထိုင်ရန် ကြိုတင်၍ အခန်းမငှားဖြစ်ခဲ့လျှင် ကမ်းခြေနှင့် အနီးဆုံး ကျေးရွာလေးများတွင် လုံးချင်းအိမ်လေးများ ရှိနေသဖြင့် တစ်ညအိပ်ဖြစ်စေ၊ နှစ်ညအိပ်ဖြစ်စေ ဈေးနှုန်းညှိနှိုင်းကာ ငှားရမ်းတည်းခိုနိုင်သည်။

အထက်ပါ လုံးချင်းအိမ်လေးများသည် မိသားစုလိုက် စုပေါင်းငှားရမ်းပါက ပိုတန်ခြင်းကြောင့် တစ်ညလျှင် ကျပ်တစ်သိန်းခွဲခန့် ကုန်ကျနိုင်ကြောင်း၊ ဟိုတယ်များမှာ ကျယ်ဝန်းမှုနှင့် လူဦးရေဆံ့မှုအလိုက် နှစ်ယောက်ခန်းများသည် ကျပ်တစ်သိန်းခွဲခန့် ကုန်ကျနိုင်ကြောင်း ငပလီကမ်းခြေရှိ ဟိုတယ်တစ်ခုတွင် လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ငပလီကမ်းခြေတစ်လျှောက် သဲဖြူဖြူများတွင် လမ်းလျှောက်နိုင်ပြီး အလှအပမျိုးစုံဖြင့် ယှက်သန်းနေသော ပင်လယ်ခရုလေးများကို အမှတ်တရ ကောက်ယူသိမ်းဆည်းနိုင်သည်။ 

သို့သော် ကမ်းခြေအလှ ပျက်စီးမှုကို အထူးထိခိုက်စေမည့် ကမ်းခြေတစ်ဝိုက် စက်ဘီးစီးနင်း လည်ပတ်မှုကို ပိတ်ပင်တားမြစ်ထားသည်။

ငပလီကမ်းခြေထက် ပိုမိုစိတ်ဝင်စားဖွယ်များ ပြည့်နှက်နေသည့် နေရာတစ်ခုက အသွားအပြန် တစ်နာရီလောက် မော်တော်ဘုတ်စီးသွားရုံဖြင့် ရောက်ရှိနိုင်မည့် ပုလဲကျွန်းဆွယ် ဖြစ်သည်။ 

ယင်းကျွန်းဆွယ်ရှိ စားသောက်ဆိုင်များက ပုံမှန်ထက် ဈေးကြီးခြင်းကြောင့် လိုအပ်သည့် စားသောက်စရာများကို သံတွဲဈေးမှ တစ်ခါတည်း ဝယ်ယူသွားပါက ကုန်ကျစရိတ် ပိုသက်သာနိုင်သည်။ ကျွန်းလေးတွင် တစ်ရက်တာလုံး အချိန်ပေးအပန်းဖြေနိုင်ပြီး ရေငုပ်ကိရိယာတပ်ဆင်၍ ရေငုပ်ခြင်း ပြုလုပ်သေးသည်။

ရေငုပ်လေ့လာရာတွင် ကမ်းခြေရေများမှာ ကြည်လင်သန့်စင်သဖြင့် မြင်ကွင်းရှင်းပြီး ရေနေသတ္တဝါများ၏ သဘာဝအတိုင်း သွားလာလှုပ်ရှားမှုကို ခံစားကြည့်ရှုနိုင်ပြီး ငါးမျှားဝါသနာကြီးသူများအတွက် အေးအေးလူလူ ငါးမျှားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။

“ပုလဲကျွန်းလေးက ငပလီကမ်းခြေကို အပန်းဖြေလာရင် မဖြစ်မနေ သွားသင့်တဲ့ နေရာတစ်ခုပါ။ ပင်လယ်ပြင်ရဲ့ သဘာဝနဲ့ ထပ်တူနီးပါး ကြည့်ရှုခံစားလို့ရတယ်။ တိတ်ဆိတ်ပြီးတော့ အေးအေးချမ်းချမ်းလည်း ရှိတယ်” ဟု ငပလီကမ်းခြေရှိ ဟိုတယ်တစ်ခုမှ မန်နေဂျာတစ်ဦးက ဆိုသည်။

ငပလီကမ်းခြေတွင် မဖြစ်မနေ လည်ပတ်သင့်သည့်အထဲတွင် ပင်လယ်ငါးများကို ပိုက်ဖြင့် ရှာဖွေဖမ်းဆီး၍ အသက်မွေးဝမ်းကျောင်းပြုသော ချိတ်တော တံငါရွာလေးလည်း ချန်လှပ်၍ မရပေ။

မနက်ခင်း နေပူပူအောက်တွင် မျက်စိတစ်ဆုံး တိုင်ထောင်ကာ ချိတ်လှမ်းထားသော ငါးခြောက်စင် လေးများသည် အမှတ်တရဓာတ်ပုံရိုက်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။

ထို့အပြင် တံငါသည်တို့၏ ငါးဖမ်းထွက်ချိန် ငါးဖမ်းပြန်လာချိန်များကို သဘာဝအတိုင်း လေ့လာမှတ်သားနိုင်ပြီး ဈေးနှုန်းသက်သာသော ပင်လယ်ဒေသထွက် ငါးခြောက်မျိုးစုံကို လက်ဆောင်ဝယ်ယူနိုင်သည်။

ငွေဆောင်ကမ်းခြေ

ဧရာဝတီတိုင်းရှိ ငွေဆောင်ကမ်းခြေသည် မြန်မာနိုင်ငံ၏ ငပလီကမ်းခြေ ပြီးပါက အသာယာဆုံး ကမ်းခြေတစ်ခုအဖြစ် ထင်ရှားသည်။ 

ရန်ကုန်မှ ကားလမ်းအနေနှင့် မိုင် ၂၂၀ ကွာဝေးပြီး  ကားနှင့်သွားလျှင် ၇ နာရီခန့် အချိန်ပေး မောင်းနှင်ရမည် ဖြစ်သည်။

ပုသိမ်မြို့မှ ၄၈ ကီလိုမီတာ ကွာဝေးသော အဆိုပါ ကမ်းခြေကို ၂၀၀၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ အလှပဆုံး စာရင်းဝင် ကမ်းခြေများထဲတွင် ပါဝင်ပြီး ကြယ်ငါးပွင်အဆင့် ဟိုတယ်ကြီးများ တည်ရှိသောကြောင့် ကမ္ဘာလှည့် ခရီးသည်များ ကြိုက်နှစ်သက်သော ကမ်းခြေနေရာတစ်ခု ဖြစ်သည်။

ပုသိမ်မြို့မှ ငွေဆောင်ကမ်းခြေသို့ ကားနှင့်သွားရန် အချိန်၂ နာရီခန့် ကြာမြင့်ပြီး ဆိုင်ကယ်နှင့်သွားမည် ဆိုပါက ၁ နာရီခွဲအတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။

ယခင်က လမ်းပန်းဆက်သွယ်ရေး ဆိုးခဲ့သောကြောင့် ငွေဆောင်ကမ်းခြေသို့ အပန်းဖြေရန် သွားရောက်လျှင် အချိန်ပေးရသော်လည်း ယခုအခြေအနေအရ နေ့ချင်းပြန် ခရီးနှင်နိုင်သည့်အထိ ကားလမ်းမများ ကောင်းမွန်နေပြီ ဖြစ်သည်။

ငွေဆောင်ကမ်းခြေကို ဖွင့်လှစ်မှုသည် ယခုနှစ်တွင် ၁၇ နှစ်ပြည့်ပြီဖြစ်သော်လည်း ကမ်းခြေ၏ အလှအပက စီမံအုပ်ချုပ်မှု ကောင်းမွန်သဖြင့် သန့်ရှင်းသပ်ရပ်နေဆဲ ဖြစ်သည်။

ငွေဆောင်ကမ်းခြေ၏ အားသာချက်အနေနှင့် ကမ်းခြေမှာ ကျယ်ပြန့်ခြင်း၊ လှိုင်းစီးနင်းရာတွင်လည်း လှိုင်းလုံးကြီးထွားသဖြင့် ရေကူးအပန်းဖြေရန် အကောင်းဆုံးနေရာဖြစ်ပြီး ဟိုတယ်နှင့် တည်းခိုခနှုန်းထားများ အနေဖြင့် ဟိုတယ်အဆင့်၌ နှစ်ယောက်ခန်းလျှင် ကျပ်နှစ်သိန်းခွဲမှ ကျပ် ၄ သိန်းကြား ကုန်ကျနိုင်ပြီး တည်းခိုခန်းဈေးနှုန်းသည်ပင် အနိမ့်ဆုံး တစ်သိန်းခွဲခန့် ကုန်ကျနိုင်ကြောင်း ငွေဆောင်ကမ်းခြေရှိ ဟိုတယ်ဝန်ထမ်းတစ်ဦးက ဆိုသည်။

ငွေဆောင်ကမ်းခြေတွင် နွားလှည်းစီးခြင်း ပြုလုပ်နိုင်သော်လည်း လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ ကမ်းခြေအလှပျက်မည်စိုး၍ ကမ်းခြေစီမံအုပ်ချုပ်ရေးအဖွဲ့က ယင်းအစီအစဉ် ကန့်သတ်ခဲ့သည်။ သို့သော် ကမ်းခြေသောင်ပြင်တစ်လျှောက်တွင် ပင်လယ်လေကို ရှူရှိုက်၍ မြင်းစီးအပန်းဖြေမှုကို ဆောင်ရွက်နိုင်သည်။

ငွေဆောင်ကမ်းခြေသို့ သွားရောက်မည်ဆိုပါက မဖြစ်မနေ လည်ပတ်ရမည့် အထူးခြားဆုံး နေရာတစ်ခု ရှိနေသေးသည်။ ထိုနေရာကား ငွေဆောင်ကမ်းခြေမှ မော်တော်ဘုတ်၊ စက်လှေများဖြင့် တစ်ဆင့်သွားရမည့် ချစ်သူများကျွန်းပင် ဖြစ်သည်။

ချစ်သူများကျွန်းတွင် ရေကူးအပန်းဖြေခြင်း၊ ဆိတ်ငြိမ်သောကမ်းခြေအနီးတွင် အနားယူ၍ စာဖတ်ခြင်းများ ပြုလုပ်နိုင်ပြီး ထိုကျွန်းသို့ သွားရောက်ရာတွင် စားသောက်စရာများကို ကိုယ်တိုင်စီစဉ်သွားရန် လိုအပ်သည်။

တစ်နေ့ပတ်လုံး အနားယူနိုင်သောကြောင့် ပင်လယ်ကမ်းစပ်၌ ထိုးထိုးထောင်ထောင် ထွက်ပေါ်နေသည့် ကျောက်ဆောင်ကြီးများတွင် တက်ရောက်နိုင်ပြီး အလှဓာတ်ပုံရိုက်ကူးခြင်းနှင့် ကမ်းခြေတစ်ဝိုက်သို့ ဖြာဆင်းကျလာသော နေဝင်ချိန်အလှကို ရှုမောဖွယ် စောင့်ကြည့်နိုင်သော အခွင့်အရေးလည်း ရှိသည်။

ချောင်းသာကမ်းခြေ

ဧရာဝတီတိုင်းတွင် နောက်ထပ် လူသွားလူလာများသည့် ကမ်းခြေတစ်ခုက နာမည်ကျော်လှသော ချောင်းသာကမ်းခြေ ဖြစ်သည်။ 

ရန်ကုန်မှ ပုသိမ်သို့ ကားလမ်း ၁၁၅ မိုင် ဝေးကွာပြီး ပုသိမ်မြို့ အနောက်ဘက်စူးစူးသို့ ၃၈ မိုင်အကွာတွင် ချောင်းသာကမ်းခြေ တည်ရှိပြီး ရန်ကုန်မှ ချောင်းသာကမ်းခြေအရောက် တိုက်ရိုက်သွားပါက ၁၅၃ မိုင် ခရီးဖြစ်သည်။

ချောင်းသာကမ်းခြေသည် ပင်လယ်ကမ်းခြေကို မျက်နှာပြုထားသည့် ဟိုတယ်နှင့် ဘန်ဂလိုပေါင်း များစွာရှိပြီး ကမ်းခြေမရောက်မီ အတွင်းဘက်ကျသော  ရွာထဲတွင်လည်း တည်းခိုခန်း၊ စားသောက်ဆိုင်၊ ဈေးဆိုင်များ အစီအရီ ရှိသောကြောင့် ကိုယ်တိုင် ချက်ပြုတ်စားသောက်ရန် လွယ်ကူပြီး ဈေးနှုန်းသက်သာစွာဖြင့် လုံးချင်းအိမ်များကို ငှားရမ်းတည်းခိုရန် အဆင်ပြေလှသည်။

ချောင်းသာကမ်းခြေသည် လူတန်းစားအစုံ သွားလာကြသည့် ကမ်းခြေတစ်ခုဖြစ်ပြီး ဟိုတယ် ၂၅ လုံး၊ လိုင်စင်ရ တည်းခိုခန်း ၅၀ ကျော်၊ ဒေသခံနေအိမ်နှင့် ကျောင်းများတွင်လည်း ဝင်ရောက်တည်းခိုနိုင်သောကြောင့် စရိတ်သက်သာ၍ လူတိုင်းလက်လှမ်းမီသော အပန်းဖြေနေရာ ဖြစ်သည်။

ယခုနှစ် ကိုးလနီးပါးအတွင်းပင် ပြည်တွင်း၊ ပြည်ပခရီးသည် ၄ သိန်းကျော် ဝင်ရောက်လည်ပတ်သည့်အထိ လူသွားများလှသောကမ်းခြေ ဖြစ်ပြီး ဟိုတယ်အခန်းပေါင်း ၁၈၀၀ ကျော်ရှိကာ နှစ်ယောက်ခန်း တစ်ခန်းလျှင် အနိမ့်ဆုံး ကျပ်တစ်သိန်းမှ တစ်သိန်းခွဲနီးပါး ဈေးနှုန်းရှိကြောင်း ချောင်းသာကမ်းခြေ ဟိုတယ်ဇုန်ထံမှ သိရသည်။

ချောင်းသာကမ်းခြေတွင် အခြားလည်ပတ်စရာကောင်းသော ကျွန်းဆွယ်နေရာအချို့ရှိပြီး တိတ်ဆိတ်အေးချမ်းမှု ရှိသော သဲဖြူကျွန်းနှင့် ဖိုးကုလားကျွန်းသို့ စင်းလုံးငှားစက်လှေဖြင့် သွားရောက်နိုင်သည်။ 

ထို့အပြင် နာမည်ကျော် ကျောက်မောင်နှမ ရုပ်တုသို့ မော်တော်ဆိုင်ကယ်ဖြင့် ငှားရမ်းသွားရောက်နိုင်ကြောင်း ချောင်းသာကမ်းခြေအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

ချောင်းသာကမ်းခြေ၏ ထူးခြားချက်အနေနှင့် နံနက်ဝေလီဝေလင်း အချိန်မှစ၍  ညနေခင်း နေဝင်ချိန်အထိ ကမ်းခြေတစ်လျှောက်၌ မြင်းအလှစီး၍ ဓာတ်ပုံရိုက်ကူးနိုင်ပြီး သောင်ပြင်တစ်လျှောက်တွင် ဘောလုံးကန်ခြင်း၊ စက်ဘီးစီးခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ပင်လယ်ကမ်းခြေများအနက်တွင် ချောင်းသာကမ်းခြေသည် လူသွားလူလာ ထူထပ်ခြင်းကြောင့် စည်းကမ်းမဲ့ သဲထုတ်ယူခြင်း အပါအဝင် ကမ်းခြေအလှအပ အနည်းငယ် ထိခိုက်မှု ရှိလာသဖြင့် ဧရာဝတီတိုင်းအစိုးရက ချမ်းသာကမ်းခြေ သန့်ရှင်းသာယာရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် အစီအစဉ်များ ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိသည်။

မြိတ်ကျွန်းစု

မြန်မာနိုင်ငံတွင် အကောင်းဆုံး ပင်လယ်ကမ်းရိုးတန်းနှင့် ပင်လယ်ကျွန်းဆွယ်ပေါင်း ရှစ်ရာကျော် ပိုင်ဆိုင်ထားသော တနင်္သာရီကမ်းရိုးဒေသ၌ သဘာဝလက်ဆောင်များဟု ကင်ပွန်းတပ်ရမည့် ပင်လယ်သန္တာကျောက်တန်းနှင့် လှပသော ကျွန်းဆွယ်များကြောင့် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြားခရီးသွားများကို ယင်းဒေသသို့ လာရောက်လည်ပတ်ရန် ပြည်တွင်းကုမ္ပဏီများက  အပြိုင်ဆွဲဆောင်လာကြပြီ ဖြစ်သည်။

တနင်္သာရီကမ်းရိုးတစ်လျှောက်တွင် သဘာဝအလှတရာများ ပြည့်နှက်နေသော ကျွန်းဆွယ်ငယ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ထားသည့် မြိတ်ကျွန်းစုဒေသက နိုင်ငံခြားခရီးသွားနှင့် ပြည်တွင်းခရီးသွားများကို အဓိက ဆွဲဆောင်ထားသော နေရာဒေသအဖြစ် မှတ်တမ်းတင်ထားခံရခြင်း ဖြစ်သည်။

ရန်ကုန်မှ မြိတ်ဒေသသို့ လေယာဉ်လမ်းကြောင်းဖြင့် တိုက်ရိုက်ခရီးသွားပါက ခရီးစဉ်အတွက် ပိုမိုအဆင်ပြေနိုင်ပြီး မိုင်ပေါင်း ၂၀၀ ကျော် ဝေးကွာသော ကားလမ်းမှ အလည်အပတ် သွားရောက်မည်ဆိုလျှင် ခရီးပန်းမှုဒဏ်ကြောင့် သဘာဝအလှတရားများကို ကြည့်ရှုခံစားရန် အချိန်နှောင့်နှေးနိုင်မည် ဖြစ်သည်။

မြိတ်ကျွန်းစုထဲတွင် နာမည်ကြီး၍ လည်ပတ်ဖွယ် အကောင်းဆုံးကျွန်းများ စာရင်းတွင် မြိတ်မြို့နှင့် နီးစပ်သော လေးကျွန်းနှင့် သမီးလှကျွန်းတို့ကို အများဆုံး သွားရောက်လည်ပတ်လေ့ရှိပြီး နေ့ချင်းပြန် ဝန်ဆောင်မှု အစီအစဉ်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကာ လူတစ်ဦးလျှင် ပြည်တွင်း ခုနစ်သောင်းနှုန်းနှင့် ပြည်ပကို ဒေါ်လာ ၈၀ နှုန်း ကုန်ကျနိုင်မည် ဖြစ်ကြောင်း Blue Ocean Star Travel & Tour ကုမ္ပဏီထံမှ သိရသည်။

ထိုနေ့ချင်းပြန် ခရီးစဉ်တွင် Package နှစ်မျိုးဖြင့် ထည့်သွင်းရေးဆွဲထားပြီး နှစ်ဖက်လှကျွန်း၊ ဇွဲကတောင်ကျေးရွာ၊ ကျုံးရေတံခွန်တို့သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဘီလူးကျွန်း၊ သမီးလှကမ်းခြေနှင့် သမီးလှရေတံခွန်သို့ သွားရောက်နိုင်ရန် Speed Boat များ စီစဉ်ပေးထားသည်။

ထို့အပြင် နှစ်ညအိပ် သုံးရက်ခရီးစဉ် Package အမျိုးအစားမှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ပြီး တစ်ဦးလျှင် နှစ်သိန်းခုနစ်သောင်းကျော် ကုန်ကျမည်ဖြစ်ပြီး သမီးလှရေတံခွန်၊ လိပ်ဥတောင်၊ လေးကျွန်း၊ မြိတ်မြို့ ရွှေသာလျောင်းဘုရားနှင့် မလိခငှက်သိုက်ကျွန်းများသို့ ပို့ဆောင်ပေးကာ ညပိုင်းတွင် မီးပုံပွဲကို သီးခြားစီစဉ်ပေးကြောင်း Blue Ocean Star Travel & Tour ကုမ္ပဏီထံမှ သိရသည်။

“နေ့ချင်းပြန် ဝန်ဆောင်မှုပေးတဲ့ ခရီးစဉ်တွေကတော့ အစားအသောက်နဲ့ တည်းခိုစရိတ်တွေကို ကိုယ်တိုင်ကျခံပေးရမယ်။ Speed Boat နဲ့ အသွားအပြန် ပို့ပေးရုံပါပဲ။ ကျန်တဲ့ ညအိပ် Package တွေက လေယာဉ်ကွင်း ရောက်တာနဲ့ အားလုံးစရိတ်ငြိမ်း စီစဉ်ပေးနေပါတယ်” ဟု Blue Ocean Star Travel & Tour ကုမ္ပဏီမှ Package အရောင်းပိုင်း တာဝန်ယူထားသည့် မထက်ထက်က ဆိုသည်။

မြိတ်ကျွန်းစုဒေသက ကမ္ဘာလှည့်ခရီးသွားအပြင် ပြည်တွင်းခရီးသွားများကိုပါ ဆွဲဆောင်နိုင်သည့် ကျွန်းစုခရီးစဉ်တစ်ခုဖြစ်ပြီး လှည့်လည်၊ လည်ပတ်ရန် အကောင်းဆုံးကျွန်းစုနေရာများ တည်ရှိနေခြင်းကြောင့် အရှေ့တောင်အာရှဒေသ၏ နာမည်ကြီးသော ပင်လယ်ကမ်းခြေများ ဖြစ်သည့် ပိုလာဘာလီ၊ လန်ကာဝီနှင့် ဖူးခက်ကမ်းခြေတို့ထက် သာလွန်မှုရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

အောင်ဇော်ထူး

  • TAGS