News

POST TYPE

TRAVEL LOG

သီတင်းကျွတ်ပိတ်ရက် တစ်ရက်တာ ခရီးစဉ်များ
03-Oct-2017 tagged as

သီတင်းကျွတ်ပိတ်ရက် ရှည်သော်လည်း မအားလပ်၍ အချိန်အများကြီးပေးပြီး ခရီးသွားရန် အခက်အခဲရှိသူများ အနေနှင့်လည်း ရန်ကုန်မြို့မှ နေ့ချင်းပြန် ခရီးစဉ်များကို စဉ်းစားသင့်သည်။ ယင်းကြောင့် ရန်ကုန်မြို့မှ ညဘက်ထွက်ပြီး တစ်ရက်လုံး လည်ပတ်ကာ ညဘက်ရန်ကုန်သို့ ပြန်လာနိုင်သည့် ခရီးစဉ်များကို ဖော်ပြလိုက်ပါသည်။

ကဗျာဝကမ်းခြေ -  ဝဲကလီ သဘာဝရေပူစမ်း ခရီးစဉ်

ပိတ်ရက်အတွင်း တန်ခိုးကြီးဘုရားများကို ဖူးမြော်ရင်း ကမ်းခြေတွင် အနားယူ အပန်းဖြေနိုင်သည့် ခရီးစဉ်မှာ မွန်ပြည်နယ် ရေးမြို့ရှိ ကဗျာဝကမ်းခြေ ခရီးစဉ် ဖြစ်သည်။

ပင်လယ်ဝဟုခေါ်သော ကဗျာဝကမ်းခြေတွင် ရေကစား အနားယူနိုင်မည်ဖြစ်ပြီး ဒေသထွက် ပင်လယ်စာများကို စားသုံးနိုင်မည် ဖြစ်သည်။

အပြန်တွင်  ရေးမြို့လယ်ရှိ ရွှေဆံတော်စေတီတော်ကို ဖူးမြော်နိုင်မည်ဖြစ်ပြီး ရှေးဟောင်းကျုံးတော်ကြီးနှင့် ရေလယ်ဘုရားကိုလည်း ထပ်မံဖူးမြော်နိုင်မည် ဖြစ်သည်။

ရေးမြို့အပြန် သံဖြူဇရပ်တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး လေးမျက်နှာထိုင်တော်မူ ဘုရားကြီးကို ဖူးမြော်နိုင်မည်ဖြစ်သည်။ 

ထို့ပြင် ထင်ရှားသည့် သေမင်းတမံ ရထားလမ်းပြတိုက်သို့ ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပြီး ယင်းအနီးအနားရှိ ဝဲကလီ သဘာဝရေပူစမ်းတွင် ဝင်ရောက်အပန်းဖြေနိုင်မည် ဖြစ်သည်။ အဆိုပါ ရေပူစမ်းတွင် ဝင်ကြေးနှင့် အသုံးပြုခအတွက် လေးထောင်ခန့် ကုန်ကျမည် ဖြစ်သည်။

ခရီးသွားအေဂျင်စီများနှင့် သွားမည်ဆိုပါက တစ်ဦးလျှင် စရိတ်ငြိမ်း သုံးသောင်းကိုးထောင် ကုန်ကျနိုင်မည့် နေ့ချင်းပြန် ခရီးစဉ်တစ်ခု ဖြစ်ပြီး ယင်းအတွက် ဝင်ကြေးများ ပါဝင်ကြောင်း A.M Star Travel & Tour ထံမှ သိရသည်။

ကျိုက်ထီးရိုး-ဆောင်နိုင်ကြီး ရေတံခွန်-စိမ်းလဲ့တင် အပန်းဖြေစခန်း ခရီးစဉ်

ကျိုက်ထီးရိုး-ဆောင်နိုင်ကြီး ရေတံခွန်-စိမ်းလဲ့တင် အပန်းဖြေစခန်း ခရီးစဉ်သည် ခရီးသွားအေဂျင်စီများနှင့်သွားမည် ဆိုပါက တစ်ဦးလျှင် သုံးသောင်းခွဲခန့် ကုန်ကျနိုင်မည့် နေ့ချင်းပြန် ခရီးစဉ်တစ်ခု ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွက် Aircon လေအိတ်ကားခ၊ မနက်စာ၊ နေ့လယ်စာ၊ တောင်တက်ကားခ၊ စိမ်းလဲ့တင် အပန်းဖြေစခန်းဝင်ကြေး၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ တာဝါနှင့် ရေသန့်ဘူး စသည့် ဝန်ဆောင်မှုများနှင့် လမ်းခရီးတွင် ဂိမ်းအစီအစဉ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်မှု ပါဝင်ကြောင်း A.M Star Travel & Tour ထံမှ သိရသည်။

အဆိုပါ ခရီးစဉ်သည် ရန်ကုန်မြို့မှ နေ့ချင်းပြန် သွားရောက်နိုင်သည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ယင်းခရီးစဉ်တွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်နိုင်မည်ဖြစ်ပြီး ကျိုက်ထီးရိုးစေတီတော် ကင်ပွန်းစခန်းမှတစ်ဆင့် တောလမ်းအတိုင်း မိနစ်၂၀ ခန့် မောင်းနှင်ပါက ဆောင်နိုင်ကြီး ရေတံခွန်တွင် လည်ပတ်နိုင်မည် ဖြစ်ပြီး တောတောင်သဘာဝအလှများကို ခံစားရင်း ရေကစားကာ စိတ်အပန်းဖြေနိုင်မည် ဖြစ်သည်။

ယင်းမှအပြန် စိမ်းလဲ့တင် အပန်းဖြေစခန်းတွင် စွန့်စားခံစားနိုင်မည့် ကစားနည်းများဖြစ်သော Zip Line  စီးခြင်း၊ ပျော်ရွှင်ဖွယ်ကောင်းသည့် အမြင့်ပေ ၇၀ မှ အလွတ်ခုန်ခြင်း ကစားနည်း၊ သဘာဝပန်းခြံနှင့် တိရစ္ဆာန်လေးများရဲ့ နေထိုင်ပုံ အလေ့အထများကို လေ့လာနိုင်မည် ဖြစ်သည်။

သံတောင်ကြီး-မှော်ယောကြီး ဆင်စခန်း ခရီးစဉ်

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၈၀၀ ကျော်ခန့် အမြင့်ရှိသည့် သံတောင်ကြီစခန်းသည် တောတောင်သဘာဝရှုခင်းများ ခံစားနိုင်မည့်နေရာ ဖြစ်ပြီး မြို့တစ်ခုလုံး၏ ရှုခင်းကို တိမ်တိုက်များအကြားမှ မြင်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။

တောင်တက်ကားခအအဖြစ် ၁၅၀၀ ခန့် ပေးရမည်ဖြစ်ပြီး ကားပေါ်မှ ဆင်းပါက လှေကားထစ်ပေါင်း ၃၇၄ ထစ် တက်သွားရမည့် ကရင်လူမျိုးများ၏ ရာဇဝင် မင်းသမီးလေး နော်ဘူဘော၏ နေရာကို လေ့လာကြည့်ရှုရင်း မြို့ရှုခင်းများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

ထို့ပြင် သံတောင်မြို့ကို ဖြတ်၍စီးဆင်းနေသော ပသီချောင်းတွင် ရေကစား အပန်းဖြေ အနားယူနိုင်မည်ဖြစ်ပြီး တောင်ငူမြို့ ကျက်သရေဆောင် ရွှေဆံတော်ဘုရားနှင့် မြတ်စောညီနောင် ဘုရားကိုလည်း ဖူးမြော်နိုင်မည် ဖြစ်သည်။

အပြန်ခရီးစဉ်တွင် အမြန်လမ်း ၁၀၅ မိုင်ရှိ မှော်ယောကြီးဆင်စခန်းတွင် ဝင်ရောက်အပန်းဖြေနိုင်မည် ဖြစ်သည်။

အဆိုပါဆင်စခန်းတွင် မနက်ကိုးနာရီနှင့် ညနေ သုံးနာရီတို့တွင် ဆင်လိမ္မာများ ကပြဖျော်ဖြေမှုများကို ကြည့်ရှုနိုင်ပြီး မိသားစုလိုက် အပန်းဖြေနိုင်သည့် နေရာတစ်ခု ဖြစ်သည်။

အေဂျင်စီများနှင့် သွားရောက်ပါက တစ်ဦးလျှင် စရိတ်ငြိမ်း သုံးသောင်းခုနစ်ထောင်ခန့် ကုန်ကျနိုင်မည် ဖြစ်သည်။

ပြည်ရွှေဆံတော်-အကောက်တောင်-သရေခေတ္တရာမြို့ဟောင်း ခရီးစဉ်

ပြည်ရွှေဆံတော်၊ အကောက်တောင်သရေ ခေတ္တရာမြို့ဟောင်း ခရီးစဉ်သည် ရန်ကုန်မြို့နှင့် မိုင်နှစ်ရာခန့်သာ ဝေးသောကြောင့် မိမိကိုယ်ပိုင်ကားများဖြင့် သွားရောက်ပါက နေ့ချင်းပြန် သွားရောက်ရန် အဆင်ပြေသည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ပြည်ထမင်းသုပ်လက်ရာကိုလည်း မြည်းစမ်းနိုင်မည်ဖြစ်သည်။ 

ခရီးသွားအေဂျင်စီများနှင့် သွားရောက်ပါက တစ်ဦးလျှင် ကျပ်သုံးသောင်းဝန်းကျင်ခန့် ကုန်ကျနိုင်မည်ဖြစ်ပြီး ယင်းတို့တွင် နံနက်စာ/နေ့လယ်စာ၊ စားစရိတ်ငြိမ်း ပါဝင်သည်။

ပြည်မြို့၏ အထူးထင်ရှားသည့် လေးဆူဓာတ် ပျော်ရာ ရွှေဆံတော်စေတီသာမက မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ ဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်က တည်ထောင်ခဲ့သည့် ပျူလူမျိုးတို့၏ မြို့တော် သရေခေတ္တရာ မြို့ဟောင်းကိုလည်း လေ့လာကြည့်ရှုနိုင်သည့် ခရီးစဉ်တစ်ခု ဖြစ်သည်။

ရန်ကုန်-ပြည် အဝေးပြေးလမ်းတစ်လျှောက်ရှိ ထင်ရှားသည့် ရွှေမျက်မှန်ဘုရား၊ ရွှေဘုံသာမုနိ ဆယ်ထပ်ကြီးဘုရား စသည်တို့ကို ဖူးမြော်ကြည်ညိုနိုင်မည် ဖြစ်သည်။

ထို့ပြင် ဧရာဝတီမြစ်တစ်လျှောက်ရှိ ကျောက် နံရံများတွင် ထုလုပ်ထားသည့် ဗုဒ္ဓဆင်းတုတော်များ၏  လက်ရာများရှိရာ ပြည်အကောက်တောင်တို့ကို လည်ပတ်နိုင်သည့် ခရီးစဉ်တစ်ခု ဖြစ်သည်။

ပြည်အကောက်တောင်တွင်ရှိသော ဆင်းတုတော်အားလုံးသည် ကျောက်သားနံရံပေါ်တွင် ထွင်းထုထားသော ကျောက်ဆစ်လက်ရာများဖြစ်သည်။ ဆင်းတုတော်များတွင် ထိုင်တော်မူဆင်းတု ၂၄၆ ဆူ၊ ရပ်တော်မူဆင်းတု ၁၀၉ ဆူနှင့် လျောင်းတော်မူဆင်းတု ၁၅ ဆူခန့်ကို တွေ့ရှိရမည် ဖြစ်ပြီး ကျောက်ဆစ်လက်ရာများကို လေ့လာနိုင်သည်။

ဘားအံ-ဆဒ္ဒန်ဂူ-လွန်းညရေပြာအိုင် ခရီးစဉ်

ကရင်ပြည်နယ်မြို့တော် ဘားအံသည် ရန်ကုန်မြို့နှင့် အနီးဆုံးနှင့် အချိန်အတိုဆုံး ခရီးစဉ်တစ်ခုဖြစ်သည်။ မိုင် ၁၈၀ ကျော်ခန့် ဝေးကွာသည့်ခရီးစဉ်တစ်ခု ဖြစ်ပြီး အဆိုပါ ခရီးစဉ်တွင် လိုဏ်ဂူများကို လေ့လာ၍ တန်ခိုးကြီးဘုရား ဆင်းတုတော်များကို ကြည်ညိုဖူးမြော်နိုင်ရုံသာမက သဘာဝအတိုင်း လှပနေသည့် လွန်းညရေပြာအိုင်တွင် အပန်းဖြေ အနားယူနိုင်သည့် ခရီးစဉ် တစ်ခုဖြစ်သည်။
 
ခရီးသွားကုမ္ပဏီများနှင့် သွားပါက တစ်ဦးလျှင်  စရိတ်ငြိမ်း သုံးသောင်းခွဲခန့် ကုန်ကျမည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် သမိုင်းနောက်ခံအကြောင်းအရာများနှင့် ပြည့်နှက်နေသော ဘားအံမြို့ ကျက်သရေဆောင် နဂါးဘုရား၊ ဖားဘုရား (ခေါ်) ရွှေရင်မျှော် ဘုရားတို့ကို ဖူးမြော်နိုင်မည်ဖြစ်သည်။

ကရင်ပြည်နယ်ရဲ့ အကြီးမားဆုံး လိုဏ်ဂူကြီးတစ်ခု သာမက ဆဒ္ဒန်ဆင်မင်းဘဝက နေထိုင်ခဲ့သည့် ဆဒ္ဒန်လိုဏ်ဂူ၏ ကျောက်တောင်ကြီးများကို လှေစီး၍ လေ့လာရင်း ဗဟုသုတရရှိနိုင်မည့် ခရီးစဉ်တစ်ခု ဖြစ်သည်။

ထို့ပြင် သာမညဆရာတော်ဘုရားကြီး အဓိဋ္ဌာန် အောင်ဆုတောင်းပြည့် ကျောက်ကလပ်စေတီတော်ကိုလည်း ဖူးမြော်နိုင်မည်ဖြစ်ပြီး သဘာဝတိုင်း ပြာလဲ့လှပနေသော လွန်းညရေပြာအိုင်တွင် အပန်းဖြေ အနားယူနိုင်မည်ဖြစ်သည်။

ကရင်ပြည်နယ်တွင် ဒေသထွက်အသီးအနှံများ ပေါများသည့်အတွက် သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ် သစ်သီးများရောင်းချရာ သစ်သီးတန်းနှင့် ကရင်ရိုးရာအထည်ဆိုင်များကိုလည်း အမှတ်တရပစ္စည်းအဖြစ် ဝယ်ယူနိုင်မည် ဖြစ်သည်။

ဇေယျာဟိန်း

  • TAGS