News

POST TYPE

TRAVEL LOG

အော်စလို - ဒူဘိုင်း - ဘန်ကောက် - ရန်ကုန်
20-Aug-2017 tagged as


အော်စလိုမှ ဒူဘိုင်းသို့

ဥရောပရဲ့ နွေရာသီဟောလီးဒေးကာလ ဇွန်လနှောင်းပိုင်းကနေ သြဂုတ်လ အစောပိုင်းအထိ ကျောင်းတွေပိတ်၊ အလုပ် (တချို့) တွေ နားလေ့ရှိတာကြောင့် ဒီကာလအတွင်း ဘယ်မှမသွားဘဲ အိမ်မှာထိုင်နေမယ်ဆို ပျင်းစရာကြီး။ တစ်ဆောင်းလုံး ရေခဲအမှတ်အောက်မှာ ကွေးနေရတဲ့ ဒီနိုင်ငံကလူတွေကလည်း ဟောလီးဒေး ရာသီရောက်ပြီဆိုတာနဲ့ ထွက်လာကြတဲ့ခရီး။ အော် စလိုမြို့ထဲမှာ လူတွေ၊ ကားတွေ၊ ဘတ်စ်တွေ၊ မြေအောက် ရထားတွေတောင် ခြောက်ကပ်ကပ် ဖြစ်သွားလေရဲ့။

နော်ဝေနိုင်ငံရဲ့ အလှပဆုံး နေရာတွေကိုသွားမလား။ ဥရောပတိုက်ရဲ့ မြေထဲ ပင်လယ်ဘက်ခြမ်းက ကမ်းခြေတွေဆီ သွားမလား။ ဘယ်သွားသွား ခရီးစရိတ်နဲ့ ဟိုတယ်စရိတ် ပေါင်းလိုက်ရင် မြန်မာနိုင်ငံခရီးစဉ် တစ်ခေါက်စာ ရှိတာမို့ သွားမယ့်သွား မြန်မာပြည်သွားတာက ပိုကောင်းပါတယ်။ ခရီးသွား အတွေ့အကြုံအပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်က နောက်ဆုံး ဖြစ်ထွန်းတိုးတက်မှုတွေကို ကိုယ်တိုင် လေ့လာခွင့်ရနိုင်တယ် မဟုတ်ပါလား။

ဒီလိုနဲ့ လေယာဉ်လက်မှတ် လိုက်ရှာတော့ ကြီးလိုက်တဲ့ဈေးတွေ။ ဒေါ်လာတစ်ထောင်အောက် ရှာမတွေ့တော့ပါ။ မတွေ့ဆို ဒီကလူတွေ အားလုံးက ဒီနှစ်ဇွန်မှာ ခရီးသွားမယ့်ကိစ္စကို မနှစ်ဇွန်လောက်ကတည်းက ကြိုတင်လက်မှတ် ဝယ်ထားကြတာ။ အဲလိုကြိုဝယ်ထားနိုင်ရင် ဒေါ်လာ တစ်ထောင်တန်ကို ငါးရာနဲ့ရတာပေါ့။ ကိုယ်က အခုမှ စိတ်ကူးပေါက်ပြီး ချက်ချင်းထဝယ်တော့ နှစ်ဆပေးရမှာပေါ့။

ဒါပေမဲ့ ကံကောင်း ထောက်မစွာနဲ့ ဒေါ်လာ တစ်ထောင်အောက် လက်မှတ်တစ်စောင် ရလိုက်ပါတယ်။ မြန်မာတွေ သိပ်ကြိုက်တဲ့ Thai Airway တော့ ဘယ်ဟုတ်ပါ့မလဲ။ ပြီးတော့ အော်စလို-ဘန်ကောက်-ရန်ကုန် ဒါရိုက်လည်း မဟုတ်ပါ။ ကီလို ၃၀ လည်း မရပါပေါ့။ (မြန်မာတွေက အပြန်မှာ မြန်မာ့ရိုးရာ စားစရာတွေ နင်းကန်ဝယ်လာလေ့ ရှိတဲ့အတွက် ကီလို ၃၀ မှ တော်ကာကျပါတယ်။ အခြားလိုင်းတွေက ကီလို ၂၀ ပဲ ခွင့်ပြုပါတယ်)။ အော်စလို-ဒူဘိုင်း-ဘန်ကောက်တဲ့။

အားနည်းချက်က ထိုင်းလေကြောင်းလို ဇိမ်မရှိ။ ဇိမ်မရှိဆိုတာ ဒူဘိုင်း-ဘန်ကောက်အပိုင်းကို ပြောတာပါ။ အော်စလို-ဒူဘိုင်းပြေးတဲ့ Emirates က ထိုင်းလေကြောင်းလို ၁၀ ခုံပါ လေယာဉ်ကြီးဖြစ်ပြီး အကျွေးအမွေးကလည်း ထိုင်းနီးနီးကောင်းပါတယ်။ ထိုင်းထက်သာတာက (အခု ထိုင်းအဲဝေးမှာလည်း ရနေပြီလား မပြောတတ်ပါ) လေယာဉ်ပေါ်မှာ on board wifi တစ်နာရီလောက် အခမဲ့ သုံးခွင့်ရခြင်းပါပဲ။ စာရေးသူ အတွက်တော့ ဒါဟာ ပထမဆုံး လေယာဉ်ပေါ်မှာ အင်တာနက် သုံးခွင့်ရခြင်းပါ။

အရင်ကဆိုရင် လေယာဉ် မတက်ခင်ကတည်းက ပိတ်ထားလိုက်ရတဲ့ တယ်လီဖုန်းတွေ၊ ကွန်ပျူတာတွေကို လေယာဉ်ပေါ်မှာ တစ်ခါမှပြန်မဖွင့်ဖြစ်။ အခုတော့ ပေ ၃၀၀၀၀ (သုံးသောင်း) လောက်အမြင့် လေယာဉ်ပေါ်ကနေ မြေပြင်ရှိ ကမ္ဘာတစ်လွှားက မိတ်ဆွေတွေကို ဖေ့စ်ဘွတ်ခ်ကနေ လှမ်းစကားပြောလို့ရနေပြီ။ တိုးတက်လိုက်တဲ့ နည်းပညာ။ သိပ်မကြာခင်မှာ လေယာဉ်တိုင်းလိုလို ဒီလိုနည်းစနစ်တွေ ထည့်သွင်းလာလိမ့်မယ်လို့ ယူဆရပါတယ်။ နို့မို့ဆို ၁၀ နာရီလောက် ဘာမှလုပ်စရာ မရှိဘဲ အတင်းကြိုးစားအိပ်နေရတာ ပျင်းစရာကြီး မဟုတ်ပါလား။
ဒါက အော်စလိုနဲ့ ဒူဘိုင်းကြား ၆ နာရီကြာစီး ရတဲ့ Emirates အခြေအနေ။ ဒါပေမဲ့ ဒူဘိုင်း-ဘန်ကောက် ပြေးတဲ့ Fly Dubai ကျတော့ Emirates နဲ့ပြောင်းပြန်။ ၆ ခုံပဲပါပြီး ဘာမှမကျွေးပါ။ စောင်တွေ၊ ခေါင်းအုံးတွေလည်း မပေးပါ။ မပေးဆို ကိုယ်က အဲဒါကိုသိရဲ့နဲ့ ဈေးပေါတဲ့လိုင်းကို ရွေးဝယ်လာတာလေ။ ပထမ အခေါက် ခရီးစဉ်တုန်းက စီးဖူးတဲ့ နော်ဝေအဲလိုင်းနဲ့ လုံးဝ တူပါတယ်။ ရေတောင် ဝယ်သောက်ရပါတယ်။

ဒါက အားနည်းချက်တွေပေါ့။ ဒါဖြင့် အားသာချက်ကော ရှိသေးလို့လားလို့ မေးစရာ ရှိပါတယ်။ ရှိပါတယ်။ အဲဒါက အစားအသောက် ကိစ္စနဲ့ မဆိုင်ပါ။ အော်စလို-ဘန်ကောက် တန်းပြီး ၁၂ နာရီ စီးရမယ့်အစား ဒူဘိုင်းမှာ တစ်ဆင့်ခံတာကြောင့် ၁၂ နာရီစလုံး ဖင်ညောင်းအောင် ထိုင်စရာ မလိုဘဲ ၆ နာရီတစ်ခါနားပြီး စီးခွင့်ရတယ် ဆိုပါတော့။ အရင် မြန်မာပြည် ခရီးစဉ် ၄ ခေါက်ရော၊ ဒီအရင် (မြန်မာနိုင်ငံ ပြန်ခွင့် မရခင်က) ထိုင်းကို သွားခဲ့ဖူးတဲ့ ခရီးစဉ်တွေမှာပါ ဒူဘိုင်းလမ်းကိုတစ်ခါမှ မစီးဖူးသေးပါ။ ဒါဟာ စာရေးသူအတွက် ပထမဆုံး ဒူဘိုင်းခရီးစဉ်ပါပဲ။

ဒူဘိုင်းဆိုတာ သဲကန္တာရထဲက အိုအေစစ်မြို့တော်ကြီး။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတွေ၊ မိုးမျှော်တိုက်တွေ၊ ပင်လယ်ကမ်းခြေတွေနဲ့ ငွေကြေး ချမ်းသာသူတွေ အနားယူ အပန်းဖြေတဲ့နေရာ၊ မြန်မာ အပါအဝင် တောင်အာရှသားတွေ အများအပြား အလုပ်လုပ်နေတဲ့နေရာ။ တွမ်ခရုရဲ့ Misson impossible ရုပ်ရှင်ထဲကလို သိပ်လှပနေတဲ့ မြို့ကြီးတစ်ခုပေါ့။ ဒါပေမဲ့ ကိုယ်က အဲဒီမြို့မှာ သွားရောက် အပန်းဖြေမှာ မဟုတ်။ Transit အနေနဲ့ လေယာဉ်ကွင်းကို ဖြတ်သွားရုံလေးမျှသာ။

ဒူဘိုင်းမှ ဘန်ကောက်သို့

ကံကဆိုးချင်တော့ ဒူဘိုင်းကို လေယာဉ်ဆိုက်တဲ့အချိန်က ည ၁၁ နာရီခွဲ။ လေယာဉ်ကွင်းက မြို့ပြင်မှာဆိုတော့ မြို့ကို ကောင်းကောင်း မြင်ခွင့်မရလိုက်ပါ။ အကြမ်းအားဖြင့်ကတော့ ဘန်ကောက်လိုပဲ မီးရောင်စုံတွေ လင်းနေတာကို လေယာဉ်ပေါ်ကနေ လှမ်းမြင်ရပါတယ်။ နောက်ထပ် ကံထပ်ဆိုးချင်တော့ လေယာဉ်က ပြွန်ချောင်းနဲ့ဆက်ထားတဲ့ လေယာဉ်ဆိုက်ရောက်ဆောင်ဆီ တန်းသွားနိုင်တဲ့နေရာမှာ ရပ်တာမဟုတ်။ ဒီတိုင်းရပ်ပြီး ဘတ်စ်ကားနဲ့တစ်ဆင့် သွားရပါတယ်။

လေယာဉ်ကွင်းကတော့ ဘန်ကောက် သုဝဏ္ဏ ဘုမိကွင်းနဲ့ အတော် ဆင်ပါတယ်။ ဒါပေမဲ့ လေယာဉ်ကွင်း တိုးချဲ့နေတာလား။ ဘာတွေ ပြင်နေလဲ မသိဘူး။ (ဘာကြောင့် အခုလိုဖြစ်ရတယ် ဆိုတာကို လေယာဉ်လိုင်းက ရှင်းပြခြင်းမရှိပါ။ ဒါဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ကွာခြားချက်ပါပဲ) လမ်းကြောင်းတွေက ပုံမှန် မဟုတ်ပါ။ လေယာဉ်ပေါ်က ဆင်းတာနဲ့ ခရီးသည်တွေကို နှစ်အုပ်ခွဲလိုက်ပြီး ဘန်ကောက်သွားမယ့်လူတွေဘက် ကျွန်တော်တို့ လိုက်သွားရပါတယ်။ ဒါပေမဲ့ ခရီးသည်ထဲမှာ ဘန်ကောက်ချည်းမဟုတ်။ ကဘူးသွားမယ့် လူရော၊ ကာရာချိသွားမယ့် နော်ဝေ-အာရပ်တွေလည်း ပါလာပါတယ်။ တစ်နေရာမှာ ကားဆိုက်ပြီး ၁၅ မိနစ် စောင့်ပြီးမှ နောက်တစ်နေရာ ထပ်သွားရမယ်တဲ့။ တော်သေးတယ်။ Transit အချိန်က ၂ နာရီနီးပါး ရလို့။ မိနစ် ၃၀ လောက်ပဲ ရတဲ့အခေါက်မျိုးဆို သွားပြီ။ နောက် တစ်နေရာဆီ ရောက်ပြီး နောက်ထပ် ၁၅ မိနစ်လောက် ထပ်စောင့်ပြီးမှ ကိုယ်စီးရမယ့် အမှတ် ၂ အဆောင်ဆီ ပို့ပေးပါတယ်။ 

အဲဒီမှာ Check in တစ်ခါ ထပ်ဖြတ်ရပြန်ပါတယ်။ တန်းစီနေတဲ့ လူတန်းကြီးက နည်းတာမဟုတ်။ ဆော်ဒီကို ဘုရားဖူးသွားမယ့်လူတွေ ထင်ပါရဲ့။ ဝတ်ရုံဖြူ ဝတ်ထားတဲ့ အမျိုးသားတွေချည်း တစ်ရာလောက် ကိုယ့်ရှေ့မှာ တန်းစီတိုးနေပါတယ်။ အာရပ်တွေတန်းစီတာက ဥရောပသားတွေနဲ့မတူ။ အာရှနဲ့တူတယ် ပြောရမလားပါပဲ။ စီချင်သလိုစီပြီး တိုးချင်သလို တိုးနေကြတာ။ သူတို့ ဖြတ်ကျော်တိုးတာကို ခွင့်ပေးလိုက်ရင် ကိုယ်တွေက လေယာဉ် နောက်ကျတော့မယ်။ ဒီတော့ လုံခြုံရေးကို အကျိုးအကြောင်း ပြောပြီး ကောင်တာဆီ အမြန်ရောက်ရေး ကြိုးစားရပါတယ်။ အနှစ်ချုပ်ရရင်တော့ ဒူဘိုင်းဟာ ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေထဲမှာ သိပ်လှပ။ အားကျစရာ ကောင်းသလောက် လေယာဉ်ကွင်းရဲ့ ဝန်ဆောင်မှုကတော့ (စာရေးသူစီးမိတဲ့နေ့မှာ) သိပ်အားရစရာ မရှိသေးပါ။

ဒူဘိုင်းကနေ ဘန်ကောက်ကို လေယာဉ်ထွက်တော့ မနက် ၂ နာရီကျော်နေပြီ။ သတ်မှတ်ချိန်ထက် နာရီဝက်ကျော် နောက်ကျပါတယ်။ ဂိတ်တွေ ခဏခဏ ပြောင်းနေရတာနဲ့ ရေတွေ၊ အစာတွေ ဝယ်ဖို့တောင် သတိမရလိုက်။ ဒီတော့ အစာကိုလျှော့ပြီး ရေတစ်လုံးတော့ ဖြစ်အောင်ဝယ်လိုက်ရပါတယ်။ ၂ ဒေါ်လာတည်းဆိုတော့ အော်စလိုထက် သက်သာပါသေးတယ်လို့ပဲ သဘောထားရမှာပေါ့။ ဒီလို ဘတ်ဂျက်အဲလိုင်းတွေဟာ ခရီးတို ၂ နာရီလောက်အတွက် ပြဿနာမရှိပေမယ့် အခုလို ၆ နာရီ ညအိပ်ခရီးမှာကျတော့ အကျွေးအမွေးလေးနဲ့ဧည့်ခံမှ ပိုအဆင်ပြေမယ်လို့ ထင်မိတာပါပဲ။

ဒါပေမဲ့ အကျွေးအမွေးတွေ၊ စောင်တွေ ခေါင်းအုံးတွေ ထည့်လိုက်ရင် ဈေးက တက်သွားမှာပေါ့။ ဈေးတက်သွားရင် စီးသူနည်းသွားမယ်။ ပြီးတော့ အစားအသောက်ဆိုတာက လူတိုင်း ကြိုက်တာမဟုတ်။ တချို့က နည်းနည်းလေးပဲ စားပြီး လွှင့်ပစ်လိုက်တော့ အစာ ရေစာ ငတ်မွတ်နေသူတွေကို ငဲ့ရာမရောက်ဘူးပေါ့။ တစ်နည်းအားဖြင့် ဘတ်ဂျက် အဲလိုင်းတွေဟာ ငွေကို Save လုပ်ပေးတဲ့အပြင် ကမ္ဘာကြီးကိုပါ Save လုပ်ပေးနေတယ်ပေါ့။

ပထမပိုင်း ခရီးစဉ်တုန်းက ဥရောပ-အရှေ့ အလယ်ပိုင်းဆိုတော့ နေ့တစ်ဝက်-ညတစ်ဝက် ခရီးမို့ ဥရောပရဲ့ နွေလယ်အလှကို လေယာဉ်ပေါ်ကနေ ငေးခွင့် ရခဲ့ပါသေးတယ်။ အခုက အရှေ့အလယ်ပိုင်းကနေ အရှေ့တောင်အာရှဆိုတော့ ညတစ်ဝက်-နေ့တစ်ဝက်။ အရှေ့အလယ်ပိုင်းကနေ ပါကစ္စတန်၊ အိန္ဒိယနယ်စပ်အထိက ညဘက်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်နား ရောက်မှ မနက်ခင်းဖြစ်မယ့်သဘော။ ဒါပေမဲ့ အာရှမှာက မိုးရာသီဆိုတော့ တိမ်တွေဖုံးနေလို့ ဘာကိုမှမြင်ခွင့်မရ။ ပထမ ၆ နာရီအတွင်း အိပ်ဖို့အချိန်မရလိုက်တဲ့ ကျွန်တော် အခု ၆ နာရီမှာ သူ့အလိုလို အိပ်ပျော်သွားခဲ့ပါတယ်။

မနက် ၉  နာရီလောက် နိုးလာတော့ လေယာဉ်က အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ မြန်မာနိုင်ငံထဲ ဝင်ခါနီးနေပြီ။ မြန်မာနိုင်ငံမှာသာ နိုင်ငံတကာ လေယာဉ်ကွင်းရှိရင် (ဘန်ကောက် သုဝဏ္ဏဘုမိလို၊ စင်ကာပူ ရှန်ဂီလို) ဘန်ကောက်အထိ သွားစရာမလိုဘဲ ဒီမှာပဲ ဆင်းလိုက်လို့ဖြစ်တယ် မဟုတ်ပါလား။ အခုတော့ ရန်ကုန်ကို ကျော်သွားပြီးမှ နောက်လေယာဉ်ငယ် တစ်စီးနဲ့ ဘန်ကောက်-ရန်ကုန် တစ်ခါပြန်လာရဦးမယ်။

နေပြည်တော် အပါအဝင် နေရာတချို့မှာ နိုင်ငံတကာ လေယာဉ်ကွင်းတွေ ဆောက်နေတယ်လို့တော့ သတင်းစာထဲ ဖတ်နေရတာပါပဲ။ အခုထိတော့ လေယာဉ်ငယ်တွေ ဆင်းလိုရတဲ့ကွင်းမှအပ ကွန်မာရှယ် လေယာဉ်ကြီးတွေ ဆင်းနိုင်တဲ့အဆင့် မတွေ့ရသေး။ မြန်မာနိုင်ငံသာ စစ်အုပ်ချုပ်ရေးအောက် လွတ်သွားရင် ထိုင်းနဲ့ စင်ကာပူကိုကျော်ပြီး အာရှဒေသရဲ့ အဓိက စီးပွားရေး Hub ဖြစ်လာနိုင်တယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ၊ ဘောဂဗေဒပညာရှင်တွေ မှန်းထားတာ လွဲများ လွဲကုန်ပြီလား။ ဒါမှမဟုတ် အခုချိန်ထိ စစ်အုပ်ချုပ်ရေးအောက်က မလွတ်မြောက်သေးလို့ ဒီလိုဖြစ်နေတာလို့ပဲ ယူဆရတော့မလား။

ဘန်ကောက်မှာ ခဏတာ

မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးအောက်က လွတ်မြောက်ခြင်း ရှိ မရှိ မသေမချာဖြစ်နေတဲ့ ကျွန်တော်ဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ ထိုင်းနိုင်ငံလေဆိပ်ထဲ တည့်တည့်ကြီး ရောက်လာပါတယ်။ ဘန်ကောက် လေယာဉ်ကွင်းက အရင်ခေါက်တွေကလိုပါပဲ ဘာမှမပြောင်းလဲ။ ဆိုလိုတာက စစ်တပ်က အာဏာသိမ်းထားတဲ့နိုင်ငံဆိုတဲ့ အရိပ်လက္ခာ ဘာမှမတွေ့ရပါ။ ဒါပေမဲ့ Passport ကွန်ထရိုးမှာ တန်းစီသူ ပိုများလာသလိုတော့ ခံစားမိပါတယ်။ လေယာဉ်တွေကပဲ တစ်ပြိုင်တည်း ဆိုက်တာလား။ အမြဲတမ်း ဒီလိုလူတိုးနေတာလားတော့ မသိပါ။ ဒါပေမဲ့ ၂၀၁၆ အတွင်း ကမ္ဘာလှည့် ခရီးသည် ၃၃ သန်းလာတယ်ဆိုတော့ သုံးထောင်လောက် တန်းစီတိုးနေရတာကို များတယ်လို့ မဆိုသာဘူးပေါ့လေ။

ထိုင်းနိုင်ငံက အေးဆေး။ မြန်မာနိုင်ငံလို ဗီဇာ ယူစရာမလို။ ဥရောပသားတွေ၊ ဖွံ့ဖြိုးပြီးနိုင်ငံက နိုင်ငံသားတွေ အားလုံး သူ့နိုင်ငံထဲ ဝင်လာတာနဲ့ လေးပတ်ရတယ်။ ပြီးရင် လေးပတ်ထပ်တိုးလို့ ရသေးတယ်။ အခု နောက်ပိုင်း မြန်မာနဲ့ ထိုင်းကြားမှာ ဗီဇာမပါဘဲ ၁၄ ရက် သွားလို့ရပြီဆိုပေမယ့် အနောက်နိုင်ငံသား အားလုံးကိုတော့ မြန်မာက ဗီဇာကင်းလွတ်ခွင့် မပေးသေးပါ။ ဒါလည်း စစ်အုပ်ချုပ်ရေးအောက် မလွတ်မြောက်သေးလို့ပဲလား။ ဗီဇာလျှောက်ရင် နိုင်ငံခြားရေးဌာနနဲ့တင် မပြီးဘဲ စစ်တပ်အောက်ရှိ ပြည်ထဲရေးဌာနကိုပါ တင်ပြနေရဆဲမို့လို့လား။

ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်ဟာ ဘန်ကောက်ကိုဝင်စရာ သီးခြားကိစ္စမရှိပါ။ ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ ရန်ကုန်က မိတ်ဆွေတစ်ဦး ဘန်ကောက်က ဆေးရုံမှာ လူနာလာပြတာကို လိုက်ကူရင်း၊ မရောက်တာ သုံးနှစ်လောက် ကြာနေပြီဖြစ်တဲ့ စစ်အုပ်ချုပ်ရေးအောက်က ဘန်ကောက် အခြေအနေကို လေ့လာရင်းနဲ့ ဝင်ဖြစ်ခဲ့တယ် ဆိုပါတော့။ 

“ငွေဈေးက အရမ်းကျနေလား မသိဘူး။ မြန်မာငွေ သိန်း ၄၀ ကို ဘတ်တစ်သိန်းပဲရတယ်”ဆိုပြီး တွေ့တွေ့ချင်း မိတ်ဆွေက ပြောပါတယ်။ ငွေတွေ အများကြီး ဘာလို့ ဒီလိုယူလာတာလဲ။ ဒီရောက်မှ ကတ်နဲ့ထုတ်လို့ရတယ်မို့လားဆိုပြီး ပြောတော့ မြန်မာနိုင်ငံမှာ ကတ်သုံးသူ သိပ်နည်းနေသေးတယ်။ သူ့မှာ ကတ်လုပ်ထားတာ အဆင်သင့်မရှိဘူး။ ခရီးထွက်ခါနီးမှလုပ်တော့ အချိန်မမီလိုက်ဘူးလို့ ပြောပါတယ်။

ကိုယ်နဲ့စာရင် သူက သူဌေး။ ကိုယ်က လက်ထဲမှာ ငွေပိုငွေလျှံ တစ်ပြားမှရှိတာမဟုတ်။ ခရက်ဒစ် ကတ်နဲ့သုံးနေပြီး အဲဒီအကြွေးကို တစ်နှစ်လုံး တဖြည်းဖြည်း ပြန်ဆပ်ရမှာ။ ဒီတော့ သူ့ငွေထုပ်ကြီး ခါးပိုက်နှိုက် ခံရရင်တော့ ဒုက္ခပဲဆိုတဲ့ အတွေးက တစ်ချိန်လုံးဝင်နေလေရဲ့။ သူ့အတွက် စိတ်ပူပြီး စီးနေကြ Airport Link ရထားကိုမစီးဘဲ တက္ကစီကို ငှားစီးရပါတယ်။ လူက အားလုံး ခြောက်ယောက်။ တက္ကစီက လေးယောက်ပဲ ဆံ့တယ် မဟုတ်လား။ ဒါပေမဲ့ ဘန်ကောက်မှာ ခြောက်ယောက်စီးနိုင်တဲ့ နောက်ခုံပါတဲ့ တက္ကစီတွေပေါ်နေပြီ။ တက္ကစီတွေကို အတော် အဆင့်မြှင့်ထားပုံပဲ။ အော်စလိုနီးနီး တက္ကစီတွေ အဆင့်မြင့်နေတာကို တွေ့ရပါတယ်။

ခါးပတ်လား။ ဘန်ကောက်က လူတွေလည်း ရန်ကုန်လိုပဲ ခါးပတ် မပတ်သူက များပါတယ်။ နောက် ခုံမှာဆို ခါးပတ်တောင် မပါဘူးထင်ပါရဲ့။ အော်စလိုမှာတော့ နောက်ခုံမှာ ခါးပတ် မပတ်ရင်တောင် ဒဏ်ကြေး ၁၅၀၀ ခရိုနာ (ဒေါ်လာ ၂၀၀ ဝန်းကျင်) ဆိုတော့ ဘယ်သူမှ ခါးပတ်မပတ်ဘဲ မနေရဲ။ ကားပေါ်တက်တာနဲ့ သူ့အလိုလို ပတ်ပြီးသား။ မပတ်သေးရင် ကားက အလိုလို သတိပေးနေတယ် မဟုတ်ပါလား။

ကားခက ခြောက်ယောက်မှ ၁၀၀၀ ဘတ်ဆို တော့ မဆိုးဘူး။ နှစ်စီးငှားရင် တစ်စီး ၅၀၀ ပေးရတဲ့အပြင် ဟိုက်ဝေးကြေးကလည်း ၁၀၀ ကျော်ထပ်ပေးရဦးမယ်။ မြန်မာတွေကြား လူသိများနေတဲ့ (ကျွန်တော့် မိတ်ဆွေကတော့ ကျော်သူတက်တဲ့ ဆေးရုံလို့ အသေ မှတ်ထားပါတယ်) ဆေးရုံရှိတဲ့နေရာကနေ ဆူခွန်ဗစ် ဆွိုင် ၁ နဲ့ ၃ ကြားမှာဆိုတော့ နီးနီးနားနား ဆွိုင် ၄ ထဲက ဈေးသိပ်မဆိုးတဲ့ ဟိုတယ်တစ်လုံးမှာ ဝင်တည်းကြပါတယ်။ ဆွိုင် ၄ ဆိုတာ နာနာနိုက်ကလပ်တွေနဲ့ နာမည်ကြီးနေရာပေါ့။ ၄ နာရီလောက်ပဲ ရှိသေးတယ်။ ကချေသည်တွေရော၊ ဘားမယ်တွေရော၊ တတိယ လိင်ဖျော်ဖြေရေးသမားတွေပါ လူဖြူ အဘိုးကြီးတွေနဲ့ လမ်းထိပ်မှာ တရုန်းရုန်းဖြစ်နေပြီ။

ရှေ့မှာပြောခဲ့တဲ့ ၃၃ သန်းသော ကမ္ဘာလှည့်ခရီးသည်တွေထဲမှာ ဒီကိစ္စအတွက်လာသူ ဘယ်လောက်ရှိနေမှန်းမသိ။ ဒါပေမဲ့ ထိုင်းမိတ်ဆွေ တစ်ဦးကတော့ ဒါကို သဘောမတူပါ။ဒီကိစ္စအတွက်လာသူ တဖြည်းဖြည်း နည်းလာနေပြီး ဘန်ကောက်အဝင်နဲ့ မပြန်ခင် ရက်လေးတွေမှာသာ ဒီလိုကဲနေကြတာ ဖြစ်တယ်။ ကျန်တဲ့အချိန်တွေမှာ ကမ်းခြေတွေ၊ တောတောင် ရေမြေ သဘာဝအလှတွေ၊ ယဉ်ကျေးမှုရှေးဟောင်းဌာနတွေ၊ ကျေးလက်တွေဆီ သွားလည်သူ အတော် များလာနေပြီလို့ ပြောပါတယ်။

သူပြောမှပဲ တစ်လောက မြန်မာ့အလင်း ဆောင်းပါးရှင် ဟိုတယ်/ခရီးဝန်ထမ်းတစ်ဦးရဲ့ အမြင်ကို သွားသတိရမိပါတယ်။ တစ်နေ့အတွက် ဟိုတယ် အခန်းခ သုံးဒေါ်လာပဲ သုံးနိုင်သူ တစ်သန်းလာတာကို မျှော်မယ့်အစား တစ်နေ့ ဒေါ်လာတစ်ထောင် အခန်းခ သုံးနိုင်သူ တစ်သိန်းလာဖို့ကိုသာ မျှော်ထားတယ်။ ကျောပိုးအိတ် ခရီးသည်တွေအစား Package Tour တွေကိုသာ လက်ခံသင့်တယ်။ ထိုင်းကို ၃၃ သန်းလာတာကို ဂရုမစိုက်ဘူး။ မြန်မာဆီ သုံးသန်းပဲလာလည်း ကျေနပ်တယ်ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောထားပါတယ်။ ဆိုတော့ စစ်တပ်က အုပ်ချုပ်ထားတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ စဉ်းစားပုံက ရှေ့ကိုပြေးနေပြီး ဒီမိုကရေစီရနေပါပြီဆိုတဲ့ မြန်မာတွေရဲ့စဉ်းစားပုံက ဘာကြောင့် နောက်ကျ ကျန်နေသလဲဆိုတာ စဉ်းစားစရာပါပဲ။       ။

ထက်အောင်ကျော်

  • TAGS