News

POST TYPE

TRAVEL LOG

အမြန်လမ်းတွင် လိုက်ထရပ်ယာဉ်များ ကီလို ၆၀ ကျော်ပါက ဖမ်းမည်
18-Jul-2017 tagged as အမြန်လမ်း

တောင်ငူ၊ ဇူလိုင် ၁၇

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မောင်းနှင်မည့် ကုန်တင်ယာဉ်ငယ်အဖြစ် သတ်မှတ်ထားသည့် လိုက်ထရပ် (Light Truck) မော်တော်ယာဉ်များကို စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ကီလို ၆၀ အထက် ကျော်လွန်ပါက အမြန်လမ်း ဥပဒေအတိုင်း ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။ 

အဆိုပါ ဖမ်းဆီးမှု မစတင်မီ သြဂုတ်လ တစ်လလုံးကို ပညာပေးကာလအဖြစ် သတ်မှတ်ကာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သော လိုက်ထရပ်ယာဉ်များကို သတိပေးမည် ဖြစ်ကြောင်း၊ ပညာပေးကာလ ကုန်ဆုံးပါက ဥပဒေအတိုင်း ဖမ်းဆီးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

အမြန်လမ်းတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုများတွင် သတ်မှတ်မိုင်နှုန်းကို ကျော်လွန်မောင်းနှင်မှု၊ လိုက်ထရပ်ယာဉ်များ အဖြစ်များမှုတို့ကြောင့် သေဆုံးမှု များပြားလာသောကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရှိမှုနှင့် သေဆုံးမှုများ လျော့နည်းကျဆင်းစေရန် လိုက်ထရပ်နှင့် ခွေးဘီးလူးကဲ့သို့သော် မော်တော်ယာဉ်များကို ကီလို ၆၀ အထက် မောင်းနှင်ခွင့် ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အမြန်လမ်းတစ်လျှောက် ဖြတ်သန်းမောင်းနှင်သော ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်များကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ကာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့သော မော်တော်ယာဉ်များကို ဖမ်းဆီးနေကြောင်း၊ ယင်းနောက် ဇွန်လ ၁ ရက်မှ စတင်ကာ ထိုင်ခုံခါးပတ်မပတ်သော ယာဉ်မောင်းများကို ဖမ်းဆီးအရေးယူနေလျက်ရှိရာ ယခင်နှစ် စက်တင်ဘာလမှ ၂၀၁၇ ဇူလိုင်လ ၁၇ ရက်အထိ ယာဉ်အစီးရေ ၁၃,၈၇၁ စီးကို တရားရုံး တင်ပို့နိုင်ခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။ 

“သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်နှင်တဲ့ ယာဉ်တွေထဲမှာ ကိုယ်ပိုင်ယာဉ်က ၈၀ ရာခိုင်နှုန်းလောက် ရှိသလို၊ လိုက်ထရပ်ယာဉ်က ၂၀ ရာခိုင်နှုန်းနီးပါး ရှိတယ်” ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်တစ်ဦးက ပြောကြားသည်။ 

သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ပါက သက်ဆိုင်ရာ နယ်မြေတရားရုံးများတွင် ဒဏ်ကြေးငါးသောင်း ပေးဆောင်စေခဲ့ကြောင်း၊ ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်း မပြုသူများကို မော်တော်ယာဉ် အက်ဥပဒေ ပုဒ်မ ၆၂ အရ သတ်မှတ် ဒဏ်ကြေး ကျပ်သုံးသောင်း ပေးဆောင်နေရကြောင်း မော်တော်ယာဉ်မောင်းများထံမှ သိရသည်။ 

“ဟိုက်ဂျက်လို ယာဉ်ကိုတော့ အရင်ကတည်းက ကီလို ၈၀ ထင် ပိုပေးမမောင်းခိုင်းပါဘူး၊ ခုသတ်မှတ်လိုက်တဲ့ ကီလို ၈၀ အောက်ကျတော့လည်း ခရီးမတွင်နိုင်တော့ဘူး။ ကီလို ၈၀ က အဖြစ်သင့်ဆုံးလို့ ယူဆတယ်” ဟု တောင်ငူမြို့ခံ မော်တော်ယာဉ်မောင်းတစ်ဦးက သုံးသပ်သည်။