News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (နိုင်ငံရေး ဆူပူမှု)
ပြီးခဲ့သည့် မေလအတွင်းက စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားတစ်ဦး ဆန္ဒပြ၍ ထောင်ဒဏ်ချမှတ်ခံရသဖြင့် ကျောင်းအုပ်ကြီးက ကျောင်းထုတ်လိုက်သည်။ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ စည်းကမ်းချက်များအရ နိုင်ငံရေးဆူပူမှုဆိုင်ရာ လုပ်ဆောင်ချက်ကြောင့်ဟု တာဝန်ရှိသူများက ပြောဆိုသည်။ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်၏ အပိုင်း (ဃ) တွင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များကို ဖော်ပြသည်။ (၁) နိုင်ငံရေး ဆူပူမှုဆိုင်ရာ ပြစ်မှုများ၊ (၂) အကျင့်စာရိတ္တ ပျက်ပြားမှုဆိုင်ရာ ပြစ်မှုများ၊ (၃) ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများ အပိုင်း ၃ ပိုင်းကို တွေ့ရသည်။ နိုင်ငံရေး ဆူပူမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ အခန်းပါ ပြစ်မှုဟု သတ်မှတ်ချက်များကိုမူ ဒီမိုကရေစီ ဖော်ဆောင်နေသည့် အစိုးရလက်ထက်တွင် ပြန်သုံးသပ်သင့်သည်ဟု ကျောင်းဆရာ၊ ကျောင်းသား၊ ပညာရေး လေ့လာသူအချို့က ထောက်ပြလာကြသည်။ ယင်းသို့သော သဘောထားများကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်အရ ကျွန်တော်တို့က သူ့ကို ထုတ်ပယ်လိုက်တာ ဖြစ်တယ်”
ဒေါက်တာသိန်းဝင်း (အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်)

ပထမဆုံးအနေနဲ့ နိုင်ငံရေးရယ်တို့၊ ဘာရယ်တို့ ကျွန်တော်မသိဘူး။ သူ ဆန္ဒပြတယ်။ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ကျွန်တော်သိတာက ဆန္ဒပြတော့မယ်ဆိုရင် ကြိုတင်ခွင့်ပြုချက် ယူရမယ်။ အဲဒီခွင့်ပြုချက် မယူတဲ့အတွက် သက်ဆိုင်ရာ ဒီရဲစခန်းက ထိန်းသိမ်းလိုက်တာပေါ့လေ။ ထိန်းသိမ်းပြီး သူ့ကို ထောင်ချလိုက်တယ်။ ထောင်ချလိုက်တယ်ဆိုတော့ ကျောင်းစည်းမျဉ်းစည်းကမ်းအရ တက္ကသိုလ်ဝဝ်ခွင့် လမ်းညွှန အရ ကျွန်တော်တို့က သူ့ကို ထုတ်ပယ်လိုက်တာ ဖြစ်တယ်။ ဟိုဘက်က အကျိုးအပြစ်ကြောင့် ကျွန်တော်တို့က ဆက်လုပ်ရတာ။ တကယ်လို့ သူ့ကို ထောင်မချဘူး၊ ဘာညာဆိုရင် ကျွန်တော်တို့က သူ့ကို ဘာမှမလုပ်တော့ဘူး။ အဲတော့ ထောင်ချလိုက်ပြီဆိုတဲ့ အတွက် ကျွန်တော်တို့က တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မှာပါတဲ့ စည်းကမ်းချက်တွေအရ အရေးယူရတာပါ။ မှန်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တွေ၊ စီတန်းလှည့်လည်ခွင့်၊ စုဝေးခွင့်တွေ ပါတယ်။ အခုဆန္ဒပြကြတာတွေ ကျွန်တော် တွေ့ပါတယ်။ သူက တရားဝင်ခွင့်ပြုချက် ယူရတယ်လေ။ ယူပြီးလို့ သူတို့ဘက်က အဆင်ပြေမှုရှိရင် ကျွန်တော်တို့ ဘာမှမလုပ်ဘူးနော်။                                                               

“သိပ်ပြီးတော့ မလျော်ညီတော့တဲ့ စည်းကမ်းချက်လို ပုံစံမျိုး ဖြစ်နေတယ်”
ဒေါက်တာစိုင်းခိုင်မျိုးထွန်း (ကထိက၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ ရန်ကုန်တက္ကသိုလ်)

ကျောင်းသားကတော့ သူမကြိုက်တဲ့ စည်းမျဉ်း စည်းကမ်းအတွက် ဆန္ဒထုတ်ဖော်တယ်။ ဒါကတော့ မမှားဘူးလို့ပဲ ကျွန်တော် ယူဆပါတယ်။ နောက်ပြီး အခုလို ကျောင်းထုတ်လိုက်တာကတော့ နည်းနည်း ကြီးလေးလွန်းတယ်လို့ ယူဆတယ်။ နိုင်ငံတစ်ခုရဲ့ ဥပဒေမှာ ဖွဲ့စည်းပုံဥပဒေကတော့ အဓိကကျတာပေါ့။ ဆန္ဒပြတာနဲ့ ပတ်သက်ရင် ဆန္ဒထုတ်ဖော်မှုဆိုင်ရာ ဥပဒေ ရှိတယ်။ အဲဒီတော့ သူလုပ်တဲ့ ဆန္ဒထုတ်ဖော်မှုက အဲဒီဥပဒေရဲ့ အာဏာစက်ဝန်းအောက် ရောက်မရောက် ဆိုတာကိုတော့ သုံးသပ်ဖို့တော့ လိုပါတယ်။ သို့သော် စောစောကပြောသလို ကျောင်းမှာ သူ မနှစ်ခြိုက်တဲ့ အရာရှိလို့ ဆန္ဒထုတ်ဖော်တယ် ဆိုတာကို ကျောင်းထုတ်တယ် ဆိုတာတော့ ပြင်းထန်လွန်းပါတယ်။ ပြောရရင် ဆန္ဒပြပြီး ဆူပူမှုဖြစ်အောင် လုပ်တယ်ဆိုတဲ့ နေရာမှာ စာသင်ကြားရေးတို့၊ သင်ယူရေးတို့အပေါ်မှာ အနှောင့်အယှက် ဖြစ်စေတယ် ဆိုရင်တော့ ဒါကို အရေးယူရမယ့် အပိုင်းတော့ ရှိတယ်။ သို့သော် အဲဒီလိုမျိုးပုံစံ မဟုတ်ဘဲ သူ့ဟာသူ တစ်ယောက်တည်း ဆန္ဒပြတယ်၊ အော်တယ်ဆိုရင်တော့ အခုလို အရေးယူမှုက ပြင်းလွန်းတယ်။ ပြောချင်တာ ပြင်မယ်ဆိုရင်တော့ ပြင်ရမယ့် စည်းကမ်းတွေ ရှိတာပေါ့။ ဥပမာ- လက်ကမ်းစာစောင် ဝေတာမျိုးက ကျောင်းထဲမှာ ဒီလိုမျိုးကိစ္စက ခေတ်အဆက်ဆက် ရှိနေပြီးသားပဲလေ။ ခေတ်အဆက်ဆက်မှာ အာဏာရှင်အစိုးရ လက်ထက်တွေဆိုရင် ဖမ်းဆီးတာတွေလည်း ကြားခဲ့ကြုံခဲ့ပြီးသားပဲ။ ဒီခေတ်ဒီအခါမှာတော့ သိပ်ပြီးတော့ မလျော်ညီတော့တဲ့ စည်းကမ်းချက်လို ပုံစံမျိုး ဖြစ်နေတယ်။ စာအုပ်ထဲက ပြစ်ဒဏ်တွေ စည်းကမ်းတွေတော့ အတိအကျတော့ ကျွန်တော် မသိဘူးပေါ့။ ဒါပေမဲ့ ကြားရတာတော့ စည်းကမ်းတွေ တင်းကျပ်တာ ရှိတယ်။ သူက ကျောင်းသားတစ်ပိုင်း၊ ဝန်ထမ်း တစ်ပိုင်းပုံစံမျိုး စည်းကမ်းတွေ သတ်မှတ်တယ်လို့ သိရတယ်။                                                                      

“ဒီနိုင်ငံရေးအရ ဆူပူတယ် ဆိုတာက အဓိပ္ပာယ်တွေက အများကြီးဖွင့်လို့ ရတယ်”
ဦးသုတ (ကထိက၊ အင်္ဂလိပ်စာဌာန၊ မန္တလေး ရတနာပုံတက္ကသိုလ်)

ကျောင်းစည်းကမ်း ဆိုတာကတော့ ဥပမာ- အများလက်မခံနိုင်တဲ့ စည်းကမ်းဆိုရင်တော့ ပြင်သင့်တာပေါ့နော်။ အကုန်လုံးက လေးစားလိုက်နာနေတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေ ဆိုရင်တော့ ကျွန်တော်တို့ လေးစားရမှာ။ ဒါ ကျောင်းသားတိုင်းရဲ့ တာဝန်ပါ။ ဒါကလည်း ဥပမာ- ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်တွေမှာဆို ကျောင်းဆောင်စည်းကမ်းတွေ ရှိတယ်ပေါ့။  လောင်းကစား လုပ်ခြင်းတို့၊ ဘာတို့ပေါ့။ အဲဒီမှာ ပြင်းထန်စွာ သတိပေးခြင်း၊ ကျောင်းကထုတ်ပယ်ခြင်း စသဖြင့် အဆင့်ဆင့် ရှိတယ်။ အဲဒီတော့ အခုဖြစ်ရပ်ကတော့ ကျောင်းသားတွေ အနေနဲ့ ဥပဒေကိုလည်း လိုက်နာမှု အားနည်းတဲ့ အပိုင်းတွေ ဖြစ်နေတာ တွေ့ရတယ်ပေါ့နော်။ အဲဒီအခါကျတော့ ဒီဥပဒေကို မလိုက်နာနိုင်ဘူးဆိုပြီး ဆန္ဒပြကြတယ်ပေါ့။ အဲဒီပုံစံမျိုးတွေ ဖြစ်လာတာကျတော့ ကျွန်တော်တို့က သိပ်လက်မခံချင်ဘူး။ ဥပမာ- စာသင်ခန်းထဲမှာ ဖုန်းသုံးနေရင် သူ့ဟာသူ ကိုင်နေပေမယ့် အခြားကျောင်းသားတစ်ယောက်ယောက် အတွက် အာရုံအနှောင့်အယှက် ဖြစ်တယ်လေ။ ဒါမျိုးဆိုရင် မလုပ်သင့်တာလေးတွေပေါ့။ ဖုန်းနဲ့ ပတ်သက်ပြီး ဥပဒေတော့ မပြဋ္ဌာန်းသေးပါဘူး။ ဒါပေမဲ့ ကျောင်းသားတစ်ယောက်ရဲ့ ကျင့်ဝတ်အရ ကိုယ့်ဘာသာ ဆင်ခြင်ရမှာပေါ့။ ဒါမျိုးလေးတွေ ရှိသင့်တယ်။ 

အရင်အစိုးရသက်တမ်း တစ်လျှောက်မှာ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဆန္ဒပြခဲ့ကြတာပဲ။ ဒါပေမဲ့ ကျွန်တော်စောစောက ပြောသလိုပေါ့။ သူတို့ရဲ့ ဆန္ဒပြတဲ့ ဥပဒေအတိုင်း ကျွန်တော်တို့ လျှောက်လွှာတင်တယ်။ ပြီးတော့ ရဲစခန်းကိုလည်း ဒီကျောင်းထဲမှာ ဒီအချိန်မှာ ဆန္ဒပြမယ်ဆိုတဲ့အကြောင်း အကြောင်းကြားတယ်။ သက်ဆိုင်ရာကို အဆင့်ဆင့် တင်ပြတယ်လေ။ ဒီလိုတော့ ပြလို့ရတာပေါ့။ စောနကပြောတဲ့ နိုင်ငံရေးအရ ဆူပူအုံကြွတယ်ဆိုတဲ့ စကားလုံးကိုတော့ အရင်တုန်းက သုံးထားတဲ့ စကားလုံးဖြစ်တဲ့ အတွက် အဲဒါတော့ ဝိရောဓိ ဖြစ်စရာ ရှိတာပေါ့။ ဒါပေမဲ့ သူတို့ပြောသလို ဒီနိုင်ငံရေးအရ ဆူပူတယ် ဆိုတာက အဓိပ္ပာယ်တွေက အများကြီးဖွင့်လို့ ရတယ်။ အရင်တုန်းကတော့ အာဏာရှင်က သူ့အကြိုက် ရေးခဲ့တာကိုး။ ဒါတွေကိုလည်း ကျွန်တော်တို့ ဘယ်လိုမျိုး စကားရပ်နဲ့ အစားထိုးမလဲပေါ့။ ဒါမျိုးလေးတွေ လိုပါတယ်။  ကျောင်းသားတစ်ယောက်က ကျောင်းစည်းကမ်းကို မလိုက်နာချင်လို့ ဒီဥပဒေကို ပြင်ပေးရမယ် ဆိုတာတော့ မဟုတ်ဘူး။ ဒီဥပဒေကိုကျတော့ အခုက လွှတ်တော်ရှိတယ်။ အစိုးရရဲ့ မဏ္ဍိုင်သုံးရပ်ဟာ အပြန်အလှန် ထိန်းကျောင်းနေရတဲ့အတွက် ကျွန်တော်တို့က ဒါတွေကို လွှတ်တော်ကနေ သွားလည်း ရတာပဲပေါ့။ တစ်ခါတလေမှာ နိုင်ငံရေးအရ အမြင်မတူလို့ ဆန္ဒပြတာမျိုးတွေလည်း ဒီနေ့ဒီအချိန်မှာ ရှိနေကြတာပါပဲ။ ဒါကိုတော့ အထူးတလည် ပြောနေစရာ မလိုပါဘူး။ အဲဒီတော့ သူ့ကို ဆန္ဒပြလို့ ဖမ်းတယ်။ ဆန္ဒပြတဲ့လူ အရေအတွက်ကလည်း ၄ ယောက်ပဲ ရှိတယ်။ စစ်ကိုင်းပညာရေးကောလိပ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားက ထောင်ကျော်ရှိတယ်ပေါ့နော်။ အဲ့တော့ ကျောင်းသားထောင်ဂဏန်းမှာ တစ်ယောက်နှစ်ယောက် ဆန္ဒပြလာရင် ကျွန်တော်တို့အနေနဲ့ ဒါကို အားလုံးကို ကိုယ်စားပြုတယ်လို့တော့ မပြောနိုင်ဘူးပေါ့နော်။ အဲဒီလို ပြောလို့ရတာပေါ့။ ဘာလို့လဲဆိုရင် ဥပမာ- သူနာပြုတက္ကသိုလ်တွေတုန်းကလို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို သူတို့လက်မခံလို့ တစ်နိုင်ငံလုံးက သူနာပြုတွေအားလုံး ဆန္ဒထုတ်ဖော်ကြတယ်။ ထုတ်ဖော်တာကိုလည်း ဥပဒေနဲ့အညီ လုပ်သွားတဲ့အတွက် ကျွန်တော်တို့တွေ ကြည်ဖြူတယ်၊ ထောက်ခံခဲ့တယ်ပေါ့နော်။ အခုလို ကျောင်းသားထောင်ကျော်မှာ ကျောင်းသားတစ်ယောက်လောက် ဆန္ဒပြတာကိုကျတော့ ဝိရောဓိပုံစံ ဖြစ်ကုန်တာပေါ့။ ဒီကိစ္စပြင်မယ် ဆိုရင်တော့ သက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာနက ဝန်ကြီးတွေ၊ ညွှန်ချုပ်တွေနဲ့ ကျွန်တော်တို့ အရင်ဆုံး ဆွေးနွေးရမှာပေါ့။ အဆင့်ဆင့် ဆွေးနွေးသွားဖို့တော့ လိုအပ်ပါတယ်။ ဒီလိုမျိုး လမ်းပေါ်ထွက်နေရုံ ဆိုရင်တော့ အချိန်တွေ ကြန့်ကြာနေမှာလေ။ အလုပ်မဖြစ်ဘူး။ အလုပ်ဖြစ်နိုင်တဲ့ လမ်းကြောင်းကို ချဉ်းကပ်ဖို့ လိုပါတယ်။       

ရွှေဖူးခင်