POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ပုဂ္ဂလိကကျောင်း)
မြန်မာနိုင်ငံတွင် နိုင်ငံတကာ သင်ရိုးသင်ကျောင်းများ၊ အဆင့်မြင့်ပညာရပ်သင် သင်တန်းကျောင်းများ၊ ကောလိပ်များများစွာ ရှိသည်။ ဥပဒေအရ အမှန်တကယ် ခိုင်မာမှုရှိ၊ မရှိ၊ ကျောင်းသားမိဘများ ယုံကြည်ထိုက်မှု ရှိ၊ မရှိကိုမူ အစိုးရက တစ်စုံတစ်ရာ ထုတ်ပြောခြင်း မရှိ။ ယင်းကိစ္စများနှင့် ပတ်သက်၍ ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်အချို့၏ အမြင်ကို ဆရာများ ရင်ဖွင့်သံကဏ္ဍတွင် ဖော်ပြလိုက်ပါသည်။ 

“ဘယ်လိုမူဝါဒနဲ့ ဆောင်ရွက်မယ်ဆိုတာ အမျိုးသားမူဝါဒ ကော်မရှင်ကပဲ ချမှတ်ပေးရမှာ”
ဒေါက်တာခိုင်မြဲ  (ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ)

ကျွန်တော်တို့က ဥပဒေနဲ့မညီရင် မညီတဲ့ကျောင်း ဆောင်ရွက်ရမှာပေါ့။ ဥပဒေနဲ့ညီရင် ညီတယ်ပေါ့။ ဘယ်သင်တန်း၊ ဘယ်ဟာဆိုတာတော့ မဟုတ်ပါဘူး။ ဥပဒေနဲ့ မညီတာ မှန်သမျှ ဆောင်ရွက်ရမယ်ဆိုတဲ့ အနေအထားပါပဲ။ ဘယ်ဥပဒေအရလဲဆိုရင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေအရပါ။ တခြားသော အဆင့်မြင့်ပညာရပ်သင်တဲ့ ကောလိပ်တွေ၊ သင်တန်းတွေ၊ ဒီပလိုမာ သင်တန်းကျောင်းတွေအပေါ် ကျောင်းသားမိဘတွေ ယုံကြည်အားကိုးထိုက်မှုအတွက် စစ်ဆေးဖို့ဆိုတာ အဲဒါက အမျိုးသားပညာရေး ဥပဒေထဲမှာ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲ အဲဒါပါ ပါတယ်။ ကိုယ်ပိုင်ကျောင်းတွေ ဖွင့်ခြင်းနဲ့ဆိုင်တဲ့ မူဝါဒတွေ ပါတယ်ဆိုတော့ အမျိုးသားမူဝါဒကော်မရှင်ရဲ့ သဘောထားမှတ်ချက်အပေါ် ဆောင်ရွက်ရမယ့် သဘောပေါ့။ အဲဒါတွေကို ဘယ်လိုမူဝါဒနဲ့ ဆောင်ရွက်မယ်ဆိုတာ အမျိုးသားမူဝါဒ ကော်မရှင်ကပဲ ချမှတ်ပေးရမှာပေါ့နော်။ ကျွန်တော်တို့က သူတို့ဆီကပဲ တောင်းခံရမှာပေါ့။ တကယ်လို့ အသေးစိတ်ဆိုရင် အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို တိုက်ရိုက်မေးရင် ကောင်းပါတယ် ခင်ဗျ။         

“တကယ်ကို တိတိကျကျ ဆောင်ရွက်သင့်တာပေါ့”
ဒေါက်တာညိုညိုသင်း (ဥပဒေပညာရှင်)

အစိုးရက အမှန်တော့ ပုဂ္ဂလိကကျောင်းတွေအတွက် ဆိုရင် ဥပဒေ (ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ) က ပြဋ္ဌာန်းထားပြီးသား ရှိတယ်။ အစိုးရအနေနဲ့ ဒီလိုပုဂ္ဂလိကကျောင်းတွေ အပေါ်မှာ ဥပဒေနဲ့အညီ ဖြစ်ရဲ့လား၊ မဖြစ်ရဲ့လား ဆိုတာကို ဆန်းစစ်တာ ရှိ၊ မရှိ တော့ အန်တီတို့ ခုထက်ထိ ထူးထူးဆန်းဆန်းတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ တချို့ပုဂ္ဂလိကကျောင်းတွေ ကလည်းပဲ တကယ်ကို အစိုးရကျောင်းတွေထက်ကို အရည်အသွေးပိုင်း၊ အရည်အချင်းပိုင်းမှာ သာတာတွေ ကျွန်မတို့ တွေ့နေရပါတယ်။ အမှန်က အစိုးရအနေနဲ့ ဖြစ်သင့်တာက ဒီစံချိန်စံညွှန်း သတ်မှတ်ရေး ကော်မတီတစ်ခုကို ပညာရှင်တွေနဲ့ ဖွဲ့စည်းရမှာ။ ပညာရှင်ဆိုတဲ့ နေရာမှာ နိုင်ငံတကာမှာ အတွေ့အကြုံရှိတဲ့၊ လွတ်လပ်တဲ့ ပညာရေးဆိုင်ရာ ပညာရှင်တွေနဲ့ အဖွဲ့အစည်းကိုဖွဲ့။ ကျောင်းတွေရဲ့ စံချိန်စံညွှန်းဆိုင်ရာ အဖွဲ့အစည်းကို ဖွဲ့ပြီးတော့ စံချိန်စံညွှန်းကို သတ်မှတ်ပေးဖို့ လိုအပ်တယ်။

ဒါမှသာ မိဘတွေက သူတို့သား၊ သမီးအပ်မယ့် ကျောင်းဟာ စံချိန်စံညွှန်း ဘယ်လောက်ရှိတယ် ဆိုတာသိမှ သူတို့သုံးမယ့် ပိုက်ဆံကို စဉ်းစဉ်းစားစားနဲ့ ချင့်ချိန်သုံးနိုင်မှာ။ အစိုးရအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်သင့်တယ်။ ကိုင်တွယ်ဆောင်ရွက်ရမှာဆိုလို့ ဖမ်းခိုင်းတာ မဟုတ်ဘူးနော်။ လိုင်စင်တွေကို ပိတ်ပစ်ရမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီလို ကျောင်းတွေထဲမှာလည်း တကယ်အရည်အသွေးရှိတဲ့ ကျောင်းတွေလည်း ရှိနေတယ်။ အဲဒါကြောင့် စံချိန်စံညွှန်းဆိုင်ရာ ကော်မတီတစ်ရပ်ကို ပညာရေးဆိုင်ရာ ပညာရှင်တွေနဲ့ ဖွဲ့စည်းပြီး တကယ်ကို တိတိကျကျ ဆောင်ရွက်သင့်တာပေါ့။

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေလည်း ရှိတယ်။ အစိုးရ လုပ်ရမယ့် ကိစ္စက အမျိုးသားပညာရေး ဥပဒေမှာလည်း ပါပြီးသား။ အမျိုးသားပညာရေး ဥပဒေမှာ Quality Assurance သေချာစေတဲ့အဖွဲ့ပေါ့။ ဘယ်ကျောင်းတွေက အဆင့်ဘယ်လောက်ရှိတယ် ဆိုတာ သူတို့က သတ်မှတ်ပေးတာပေါ့။ အဲဒီကော်မတီက အစိုးရနဲ့ ကင်းလွတ်နေဖို့ လိုတယ်။ တကယ်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီမျိုး ဖြစ်သင့်တယ်။ အစိုးရက ဦးဆောင်ခန့်ထားပေးပြီးတော့ အစိုးရက ဝန်ထမ်းတွေနဲ့ လုပ်နေတဲ့ ပညာရှင်တွေကိုပဲ ဒီအဖွဲ့မှာ ပြန်ခန့်တာမျိုး ဆိုရင်တော့ ဒီလိုကော်မတီတွေ၊ ကော်မရှင်တွေက များသောအားဖြင့် သူတို့ရဲ့  Mentality ပ က ဝန်ထမ်း Mentality ပဲ ဖြစ်နေတဲ့အတွက် သူတို့မှာ သူတို့ရဲ့ အတွေးအခေါ် အများစုဟာ Innovative မဖြစ်ဘူးလေ။ မဖြစ်တဲ့အခါ ဆုံးဖြတ်ချက်ချတဲ့အခါ ခေတ်မီတဲ့ ဆုံးဖြတ်ချက်ချဖို့အတွက် အင်မတန် ခဲယဉ်းတာပေါ့။ သူတို့ဆုံးဖြတ်ချက်က ကြိုးနီစနစ်ကို အခြေခံတဲ့ ဘောင်ကျဉ်းကျဉ်းနဲ့ ဆုံးဖြတ်တာမျိုး ဖြစ်နေတတ်တာပေါ့။

ပညာရေးမှာ ဖြစ်နေတာ အဲဒါပါပဲ။ ပညာရေးကို အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချနေတဲ့ ပညာရှင်ဆိုတဲ့သူတွေက နံပါတ်တစ် မလွတ်လပ်ကြဘူး။ အစိုးရခန့် ဖြစ်နေကြတယ်။ ဘာဆုံးဖြတ်ချက်ချချ လွတ်လွတ်လပ်လပ် မချနိုင်ဘဲနဲ့ လူကြီးမျက်နှာကြည့်ပြီး ဆုံးဖြတ်နေကြတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံ ပညာရေးစနစ်က အစိုးရ မောင်းနှင်တဲ့ ပညာရေးစနစ်ဖြစ်ပြီး ပညာရှင် မောင်းနှင်တဲ့ ပညာရေးစနစ်ကို ဒီနေ့ထိ မရသေးဘူး။                                                      

“နောက်ဆုံး ကျောင်းသားမိဘက နစ်နာမှုဖြစ်တယ်”
ဦးအောင်စံမြင့် (နိုင်ငံတကာကျောင်းသင် ကျောင်းဆရာ)

အစိုးရအနေနဲ့ အကောင်းဆုံး ဖြစ်သင့်တာက ပညာရေး ဝန်ကြီးဌာနအောက်မှာ အစိုးရဌာနတစ်ခု ရှိရမယ်။ အာဆီယံ နိုင်ငံတွေမှာလည်း ရှိပါတယ်။ နိုင်ငံတကာ တက္ကသိုလ်တွေပဲ လာဖွင့်ဖွင့်၊ အခြေခံ Secondary School တွေပဲ လာဖွင့်ဖွင့်၊ ဒီပလိုမာ၊ အသိအမှတ်ပြု လက်မှတ်ပေးတဲ့ ကျောင်းတွေပဲဖြစ်ဖြစ် အဲဒီလာဖွင့်တာတွေ အကုန်လုံးနဲ့ ပတ်သက်ပြီး လုပ်မယ့်ကိုင်မယ့် ထိန်းညှိပေးမယ့် အစိုးရဌာနတစ်ခု ရှိရတယ်။ ဥပမာ - မလေးရှားက ကျောင်းလာဖွင့်မယ်။ ကျောင်းနာမည်က ဘာ၊ ဆရာဦးရေ ဘယ်လောက်၊ ဘယ်အတန်းကနေ ဘယ်အတန်းအထိကို ဘယ်သင်ရိုးနဲ့သင်မယ် စသည်ဖြင့်။ အဲဒီလိုမျိုး ဌာနတစ်ခုအောက်မှာ အကုန် မှတ်ပုံတင် (Registration) လုပ်ရမယ်။ သင်ကြားမှုကို ဝင်စွက်ဖက်ဖို့ ပြောတာ မဟုတ်ပါဘူး။  မှတ်ပုံတင်တာနဲ့ ဒီကျောင်းတွေသည် ခိုင်မာမှု ရှိ၊ မရှိ၊ ယုံကြည်အားကိုးထိုက်မှု ဖြစ်၊ မဖြစ် ဆိုတာ တစ်ခါတည်း ဖြေပြီးသား ဖြစ်သွားမယ်။

အဲဒါကို ကျွန်တော်တို့ အစောကြီးကတည်းက ပြောပါတယ်။ ဒီအနီးအနား အာဆီယံ နိုင်ငံတိုင်းမှာ ရှိတယ်။ ဥပမာ- ထိုင်းနိုင်ငံမှာဆိုရင် ထိုင်းဘာသာစကားကိုပါ သင်ရမယ်လို့ ပြဋ္ဌာန်းထားတာ။ အဲဒီအခါကျတော့ အခုလည်း မြန်မာနိုင်ငံမှာ အပြင်ကနေ ကျောင်းတွေလာဖွင့်မယ်။ IGCSE သင်မယ်။ AB Applied Baccalaureate (AB) Degree အမေရိကန်စနစ် သင်မယ်။ International Baccalaureate (IB) သင်မယ်။ ဒါပေမဲ့ ဘယ်အတန်းကနေ ဘယ်အတန်းအထိ မြန်မာစ သင်ရမယ်၊ မသင်မနေရ ပြဋ္ဌာန်းထားတယ်။ အိုကေ သင်ပါမယ်။ ဒါဆိုရင်ဖွင့်ပေါ့။ အဲဒီလိုမျိုး ဖြစ်သင့်တာ။ အဲဒါမျိုး မရှိသရွေ့ ဒီပြဿနာတွေ အမြဲထော်လော်ကန့်လန့် ဖြစ်နေမှာပဲ။

ကျွန်တော်သိသလောက်ဆိုရင် တချို့နိုင်ငံတကာကျောင်း (International School) တွေက စီးပွား/ ကူးသန်းအောက်မှာ ပညာရေးနှင့် ပတ်သက်သော  ဝန်ဆောင်မှု ကုမ္ပဏီ ဆိုတာမျိုး ကျောင်းဖွင့်ထားတာ မျိုး ရှိတယ်။ ကျောင်းအနေနဲ့ သီးသီးသန့်သန့် မှတ်ပုံတင်ဖို့ အစိုးရအနေနဲ့က မရှိဘူး။ အခုနောက်ဆုံးအခြေအနေအရ အစိုးရ ဘယ်လိုရှိတယ် ဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ လောလောဆယ်ကတော့ အဲဒီကျောင်းတွေက ပညာရေး ဝန်ဆောင်မှုဆိုတဲ့အောက်မှာ ဖြစ်နေတာ။ ကျွန်တော်သိသလောက်ပါ။ ဒီကျောင်းတွေအပေါ် ကျွန်တော်တို့ ဘယ်လောက်ယုံကြည်ရသလဲ ဆိုတာကတော့ အစိုးရက ဒီကျောင်းတွေကို ဘယ်လိုထိန်းညှိပေးသလဲ စနစ်က အရေးကြီးဆုံးပါပဲ။

ဒီစနစ်မရှိသရွေ့ မှတ်ပုံတင်မရှိလို့၊ ရှိလို့၊ ဘာဖြစ်လို့ ဆိုတာတွေ ပြဿနာ တက်နေမှာ။ အလားတူတက်တယ်။ ကျောင်းစရိတ်တက်တယ်။ တကယ့်တကယ်တော့ မိဘတွေအနေနဲ့ ဘာမှ Compliant တက်လို့ မရဘူး။ အော်ချင်သလောက်အော် ပေးလိုက်ရတာပဲ။ ဒါတွေကို ထိန်းဖို့ ပုဂ္ဂလိက ပညာရေး ဥပဒေ ပြုစုနေတာလည်း ပြုစုပေါ့။  လက်ရှိအခြေအနေရ နိုင်ငံတကာကျောင်းတွေ၊ သင်တန်းကျောင်းတွေက ယုံကြည်အားကိုးနိုင်ခြင်း မရှိဘူးဆိုရင် ဘယ်သူက တာဝန်ယူမလဲ။ နောက်ဆုံး ကျောင်းသားမိဘက နစ်နာမှုဖြစ်တယ်။ ကျောင်းသားမိဘဆိုတာ ကျွန်တော်တို့ ပြည်သူ။ နောက်ဆုံး ‘ငါး တကာချီး(ချေး) ပုစွန်ဆိတ်စု’ ဆိုသလို ဖြစ်နေတယ်။ 

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)