News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (အတန်းကူးပြောင်းမှု)
27-Apr-2017 tagged as ပညာရေး

မကြာသေးမီက သူငယ်တန်း (KG) မှ နဝမတန်းအထိ အတန်းကူးပြောင်းခွင့်ရသူများ စာရင်းကို ထုတ်ပြန်ခဲ့သည်။ စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ်မေးခွန်းများဖြင့် စစ်ဆေးခဲ့သော်လည်း ယခုနှစ်တွင် ယင်းအမှတ်ဖြင့်သာ အတန်းကူးပြောင်းခွင့်ကို မဆုံးဖြတ်။ လပတ်၊ နှစ်ဝက်၊ နှစ်ဆုံး၊ ဘက်စုံအရည်အချင်း အကဲဖြတ်မှတ်တမ်းချုပ် ရလဒ်များဖြင့် ဆုံးဖြတ်ခဲ့သည်။ ရာနှုန်းပြည့်နီးပါး အတန်းကူးပြောင်းခွင့်ရသည်။ အခြားကျောင်းတွင်းစစ် အတန်းများလည်း ထိုနည်းတူ။ ယင်းသို့ ဆုံးဖြတ်ခြင်းမှာ ကျောင်းထွက်နှုန်းများ မလာစေရန်၊ ကျောင်းသားမိဘများ ကုန်ကျစရိတ် သက်သာစေရန်ဟု ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုသည်။ သို့သော် ယင်းအကြောင်းပြချက်သည် ပညာရေး၏ အနှစ်သာရ၊ အဓိပ္ပာယ်နှင့် ကိုက်ညီမှန်ကန်ရဲ့လား ဆန်းစစ်ဖို့ လိုပါသည်။ ပညာရေး၏ အနှစ်သာရနှင့် မကိုက်ညီ၊ မဆီလျော်က ပညာရေး ပြုပြင်ပြောင်းလဲမှု လမ်းလွဲသွားပါလိမ့်မည်။ အမှန်တကယ် အရည်အချင်းမရှိဘဲ အတန်းတင်ပေးရသောကြောင့် ဆရာများလည်း စိတ်ဓာတ်ကျကြသည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ ဆရာများ၏ ယူဆချက်၊ သဘောထားအမြင်များကို ယခုတစ်ပတ် ‘ဆရာများ၏ ရင်ဖွင့်သံ’ ကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“ဆရာ၊ ဆရာမတွေ စိတ်ထဲမှာ ခံစားရတယ်”
ဦးသန်းထိုက်အောင် (ကထိက၊ သမိုင်းဌာန၊ ပုသိမ်တက္ကသိုလ်)

အဓိကက စာမေးပွဲကို စစ်ဆေးနည်းမှာ နှစ်မျိုး ရှိတယ်ပေါ့နော်။ သင်ယူနေစဉ် အတောအတွင်းမှာကို တကယ်သိရဲ့လား၊ တတ်ရဲ့လားဆိုတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်ပြီး သင်တာပေါ့။ အဲဒီတော့ သင်နေစဉ် အတောအတွင်းမှာကိုပဲ ဒီကလေး တတ်သလား၊ မတတ်သလားကို ဆုံးဖြတ်လို့လည်း ရတယ်။ ကလေးကို သင်ယူချင်တဲ့ စိတ်ကိုလည်း ပြန်လည်ဖြစ်ပေါ်စေတယ်။ ရှင်းရှင်းပြောမယ်ဆိုရင် ကလေးက စာကိုမကြောက်တော့ဘူးပေါ့။ နောက်ဆုံး စာရယ်လို့လည်း မဟုတ်တော့ဘဲနဲ့ သင်ကြားတဲ့ နည်းစနစ်တွေကအစ သိသွားစေတယ်။ ဥပမာ- ဆရာက တီထွင်ပြီး သင်ကြားပေးတဲ့ နည်းစနစ်တွေလည်း ရှိတာပေါ့နော်။ အဲဒီလိုကျတော့ သင်ကြားနေစဉ် အတွင်းမှာပဲ ကလေးက နားလည်စာတတ်သွားတယ်။ ထပ်ပြီးတော့လည်း စာသင်ကြားချင်စိတ်ကို ပေါ်ပေါက်စေတယ်။ အဲဒါက တစ်ခုပေါ့။

နောက်တစ်ခုကကျတော့ အခန်းဆုံးရင် စစ်မယ်၊ လပတ်စစ်မယ်ဆိုတဲ့ဟာက ကလေးဘယ်လောက်သိလဲ ဆိုတာကို အဆုံးသတ်ကို စစ်တာပေါ့။ အဆုံးသတ် စစ်ဆေးမှုကိုပဲ အားကိုးလိုက်တဲ့အခါမှာ ကလေးက စာတတ်သလား၊ မတတ်သလားဆိုတာနဲ့ ကျောင်းပျော်သလား ဆိုတာတွေ မသိနိုင်တော့ဘူး။ ရှင်းရှင်းပြောရရင် ကလေးကလည်း ကျောင်းကို မပျော်တော့ဘူး။ စာတွေပဲ လုပ်နေရတယ်ဆိုရင် ကလေးက မပျော်တော့ဘဲနဲ့ ကျောင်းကနေပြီးတော့ ထွက်သွားတော့တာပေါ့။ ကလေးပျော်ရွှင်အောင် သင်ကြားတဲ့ဖြစ်စဉ် ဖြစ်မလားဘူး။ နောက်ဆုံးပြောရမယ် ဆိုရင် စာဆိုရင်ကြည့်ကို မကြည့်ချင်လောက်အောင် စိတ်ကုန်သွားတာမျိုး ဖြစ်သွားတတ်တယ်။

တကယ်တမ်းက ဆရာ ဆရာမကိုလည်း အရည်အသွေး ပြည့်ဝအောင် လုပ်ပေးရတဲ့အပြင် သင်ထောက်ကူပစ္စည်းတွေ နောက်တစ်ခါ ဆရာ၊ ဆရာမနဲ့ ကျောင်းသူကျောင်းသားနဲ့ အချိုးကိုရောပေါ့။ ဒါတွေကို အနောက်ကနေ ပြန်ပြီးတော့ ဖြည့်ဆည်းပေးရတယ်။ အဲဒီလို မဖြည့်ဆည်းပေးရင် ရေရှည်မအောင်မြင်နိုင်ဘူး။ ဆရာ ဆရာမကလည်း လူအများကြီးဆိုတော့ အဆုံးသတ် စစ်ဆေးနည်းနဲ့ မေးခွန်းတွေ ပေးပြီးတော့ စစ်တော့ ဒီလိုပုံစံမျိုးတွေ ဖြစ်လာတာပေါ့။ အဲဒီမှာ ကျောင်းသူ ကျောင်းသားဟာ အဲဒီလိုတွေ ဖြစ်ကုန်ရတာပေါ့။ သူတို့ကတော့ သင်ကြား၊ သင်ယူမှုဖြစ်စဉ်မှာ အတန်းကို ပုံမှန်အတိုင်း တင်ပေးလိုက်တာမျိုးတွေ လုပ်တဲ့အခါမှာ ကျောင်းသားက တကယ်လည်း မတတ်ဘဲနဲ့ အပေါ်ကို တင်သွားတယ်ဆိုတာမျိုး ဆရာ ဆရာမတွေ စိတ်ထဲမှာ ခံစားရတယ်။ အဓိကက ဘာကြောင့်လဲဆိုရင် ဆရာ ဆရာမကိုလည်း လုံလောက်တဲ့ သင်ထောက်ကူပစ္စည်း မပေးထားဘူး၊ ဆရာ ဆရာမကိုလည်း စွမ်းရည်လည်း မဖြည့်ပေးဘဲနဲ့ သူတို့လိုချင်တဲ့ ပုံစံမျိုးကို ရအောင် ခိုင်းလိုက်တဲ့အခါမှာ ဒီလိုပုံစံမျိုးတွေ ဖြစ်ကုန်တာပဲ။ 

သူတို့ပြောတဲ့ မိဘတွေ စရိတ်သက်သာအောင် ဆိုတာကလည်း လမ်းလွဲနေတယ်။ ကလေးတွေရဲ့ နစ်နာမှုကတော့ တကယ်တမ်း ပြောရမယ်ဆိုရင် ကလေးကို ပျော်အောင်ထားပြီးတော့ သင်ကြားမှု သင်ယူမှုဖြစ်စဉ် အတောအတွင်းမှာပဲ ကလေးက တတ်သိနားလည်အောင်လုပ်ပြီး တစ်နှစ်တစ်တန်း မှန်မှန်အောင်နေရမှာ။ ကလေးလည်း သူဟာသူ စာရနေမှာပဲလေ။ အခုက အဲဒီလိုပုံစံမျိုး မဟုတ်ဘဲနဲ့ ဆရာက ကျောင်းသားဦးရေ များတဲ့အခါမှာ ကျောင်းသားကို မနိုင်တော့ဘူး။ မနိုင်တော့တဲ့ အခါမျိုးမှာ အဲဒီစစ်ဆေးနည်းကို သူတို့  မသုံးနိုင်တော့ဘူးပေါ့။ သူတို့မသုံးနိုင်တော့ ကလေးမှာ သွားပြီး ဒုက္ခရောက်တာပေါ့။ ဘာကြောင့် ဒီလိုတွေဖြစ်လဲဆိုတော့ ဆရာ ဆရာမကို လွတ်လပ်ခွင့် မပေးတာရယ်၊ ဗဟိုချုပ်ကိုင်မှုဖြစ်တဲ့ ဆရာတွေကို ဒီလိုလုပ် ဟိုလိုလုပ်ဆိုပြီး လုပ်ထားတာရယ်၊ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းနဲ့ ဆရာ ဆရာမနဲ့ ကျောင်းသူ ကျောင်းသား အချိုးကို ရအောင်ဖန်တီးမပေးနိုင်လို့ပဲ။ ဒီလိုပြဿနာတွေ ဖြစ်ရတာပေါ့။ အကြောင်းကတော့ အမျိုးစုံ ဖြစ်နေတာပဲ။ အဲဒီပြဿနာတွေ ဖြေရှင်းဖို့အတွက်ကတော့ အစိုးရမှာ တာဝန်ရှိတယ်။

“ပညာရေးဆိုတာ ငွေကြေးကို သက်သာအောင် လုပ်နေတာ မဟုတ်ဘူး”
ဦးအောင်ငြိမ်းချမ်း (လက်ထောက်ကထိက၊ သင်္ချာဌာန၊ မြစ်ကြီးနား တက္ကသိုလ်)

အဲဒါကျတော့ ကျွန်တော်တို့ တက္ကသိုလ်ပိုင်းနဲ့တော့ မဆိုင်ဘူးပေါ့နော်။ ဦးစီးဌာနကလည်း မတူဘူး ဆိုတော့လေ။ ဒါပေမဲ့ ကျသင့်ရင် ကျရမယ်၊ အောင်သင့်ရင် အောင်ရမယ်ပေါ့နော်။ အားလုံးကို အအောင်ပေးနေတာကြီးကတော့ ဘယ်လိုမှ ကောင်းလာနိုင်စရာ အကြောင်းတော့ မရှိဘူးပေါ့။ ကျွန်တော်တို့က ဆရာတစ်ယောက် အနေနဲ့ ကြည့်လို့ရှိရင် ဘယ်အတန်းမှာပဲဖြစ်ဖြစ် ကျသင့်တဲ့ကလေးက ကျပေါ့၊ အောင်သင်တဲ့ကလေးက အောင်ပေါ့။ အဲဒီလိုမျိုးနဲ့ ဆွဲခေါ်လာခဲ့ပြီးပြီ ဆိုလို့ရှိရင် တဖြည်းဖြည်းနဲ့ ကလေးတွေလည်း ကြိုးစားချင်တဲ့စိတ်တွေ နည်းသွားမှာ။ အခြေခံဘက်မှာလည်း ကျွန်တော်ပေါင်းတဲ့ သူငယ်ချင်းတွေ ရှိတယ်။ သူတို့က ပထမဦးဆုံး ၄ တန်းတွေ၊ ၈ တန်းတွေ အစိုးရစစ် လုပ်လိုက်တဲ့အခါမှာ ကျတာတွေ ရှိတယ်လို့ ပြောတယ်။ တစ်ခါတည်း ကျတယ်ဆိုရင် ချပစ်လိုက်ပေါ့။ အဲဒီလို မဟုတ်ဘဲ ကုစားဆိုတဲ့ဟာကြီး ရောက်လာတော့ ဆရာ၊ ဆရာမတွေမှာလည်း ပင်ပန်းတယ်လေ။ ဒီကလေးတွေကို စာတွေပြန်သင်ပေးရ ဘာညာရှုပ်တာပေါ့။ အမှန်တကယ် ကျောင်းပိတ်တယ် ဆိုပေမယ့် မနားရဘူးလေ။ အဲဒီလိုမျိုးတွေ ဖြစ်တော့ စိတ်ဒုက္ခရောက်တာပေါ့။ ၁ တန်းကို ကျရမယ့် ကလေးက မကျဘဲနဲ့ ၂ တန်းကို ပါလာရင် ဒီကလေးသည် ၁ တန်းစာ မတတ်ဘဲနဲ့ ၂ တန်းစာကို သင်ပေးဖို့ကျတော့ မလွယ်ဘူးလေနော်။ 

ဒါတွေကို သင်ကြားခဲ့တဲ့ဆရာ၊ ဆရာမတွေက ပိုပြီးတော့ နားလည်မှာပေါ့။ ဒါပေမဲ့ ဘယ်အတန်းမှာပဲ ဖြစ်နေဖြစ်နေ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသလိုပေါ့။ ကျသင့်ရင် ချပစ်တာ ကောင်းပါတယ်။ ဘာမှရာခိုင်နှုန်းတွေ ဘာတွေ ကြည့်နေစရာမလိုဘူး ထင်တယ်။ အဓိက က ကျွန်တော်တို့ အရည်အချင်းကိုပဲ လိုချင်တာလေ။ အရေအတွက်က အရေးမကြီးဘူးလေ။ အရေအတွက်တွေ များနေပြီးတော့ သုံးစားလို့မရရင်လည်း ဘာလုပ်မှာလဲ။ အဲဒါကြောင့် ဘွဲ့ရပညာမတတ်တွေ အများကြီး ထွက်လာတာကိုး။ ကျောင်းထွက်နှုန်းများမှာစိုးလို့ ဆိုတာကတော့ ကျွန်တော် တစ်ယောက်တည်း အမြင်နဲ့ ပြောရရင် ကလေးသည် စာမတတ်ဘဲနဲ့ ၁၀ တန်းရောက် သွားတယ်။ ၁၀ တန်းမှာ တစ်နေတယ်။ ၁၀ တန်းကျတယ်။ ဒီလိုနဲ့ဆိုရင် သူ့ရဲ့ အချိန်တွေ၊ ငွေတွေကလည်း နှမြောဖို့ ကောင်းတယ်လေနော့။ အတန်းပညာမှာ ပါရမီ မပါဘူး၊ မကြိုးစားဘူး၊ စာကိုစိတ်မဝင်စားတဲ့ ကလေးတွေက စောစောစီးစီး ဥပမာ- ၄ တန်း၊ ၅တန်းလောက်နဲ့ ထွက်သွားပြီး အတန်းပညာ မဟုတ်တဲ့ အပြင်အသက်မွေးပညာတွေ လုပ်တယ်ဆိုလို့ရှိရင် သူ့အတွက် ပိုပြီးတော့ အလားအလာ ကောင်းမယ်လို့ ထင်ပါတယ်။

အဲဒါကြောင့်လည်း  ဟိုတုန်းကဆို ၄ တန်းအောင်တွေ ဖြစ်ပေမယ့်လည်း မျက်နှာမငယ်ရဘူးလေ။ ကျွန်တော်တို့က အချိန်တွေ ဘာတွေ ဘာလို့ အကုန်ခံနေမှာလဲ။ ကျောင်းထွက်တယ် ဆိုတာလည်း ၁၀ တန်းဖြေ၊ ဘွဲ့ရတယ်ဆိုပြီး ဘာမှလည်း လုပ်လို့မရတဲ့ အသုံးမကျတဲ့ ဘွဲ့လက်မှတ်တစ်ခုကို ကိုင်ထားပြီး ယောင်တောင်တောင်နဲ့ပဲ ပြီးတော့မှာပေါ့။ အဲဒီတော့ လက်တွေ့ကျတဲ့ အလုပ်တစ်ခုကို လုပ်တာ ပိုပြီးတော့ အဆင်ပြေတယ်လို့ ထင်တယ်။ ကျောင်းထွက်တယ် ဆိုတာကတော့ ပါရမီ မပါလို့ပဲဖြစ်ဖြစ်၊ ကလေးက မကြိုးစားချင်လို့ပဲဖြစ်ဖြစ် အပြင်လုပ်ငန်းမှာ လက်တွေ့ကျကျ လုပ်တာက ပိုပြီးတော့ကောင်းမယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ ကျောင်းသားမိဘတွေ စရိတ်သက်သာမယ် ဆိုတာကလည်း ကျွန်တော်တို့ အခုက အခမဲ့ ပညာရေးကို ဖော်ဆောင်နေတာလေ။ နိုင်ငံတော်က လုပ်ပေးထားတာ ကောင်းပါတယ်။ ဘယ်မှာများ ကျောင်းသားမိဘတွေ ပိုကုန်နေလို့လဲ။ ကျူရှင်ကိစ္စမှာ ကုန်မှာလေ။ တစ်နှစ်ကျသွားတယ်ဆိုရင် စရိတ်စကတွေ ပိုလာတာတော့ ရှိတာပေါ့။ အဲဒီအပေါ်မှာ မစာနာတာ မဟုတ်ဘူး။ ကျွန်တော်တို့က ကျသင့်ကျထိုက်ရင် ကျပါစေ။ အဲဒီကုန်ကျစရိတ်ကို ထည့်တွက်စရာ မလိုဘူးလို့ ထင်တယ်။ ပညာရေးဆိုတာ ငွေကြေးကို သက်သာအောင် လုပ်နေတာ မဟုတ်ဘူး။ အရည်အချင်းပြည့်ဝဖို့ကိုပဲ ဖော်ဆောင်နေတာပဲ။

ရွှေဖူးခင်