News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (သိပ္ပံလက်တွေ့ပစ္စည်း မလုံလောက်မှု )
20-Apr-2017 tagged as ပညာရေး

အထက်တန်းကျောင်း အများစုတွင် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များအတွက် သိပ္ပံလက်တွေ့ပစ္စည်း မရှိ။ ရှိလျှင်လည်း လုံလုံလောက်လောက် မဟုတ်။ သင်ကြား၊ သင်ယူမှုဖြစ်စဉ်က စာရွက်ပေါ်မှာသာ။ ယင်းလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်နေသည်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ မည်သို့ဆောင်ရွက်မည်ကိုမူ ပြောဆိုခြင်းမရှိ။ ပြီးခဲ့သည့်နှစ်တွင် အထက်တန်းကျောင်း ၄၅ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၁၉ ကျောင်း ထပ်တိုးဖွင့်ခဲ့သည်။ ထို့ကြောင့် အထက်တန်းကျောင်းများတွင် သိပ္ပံလက်တွေ့ပစ္စည်း လိုအပ်ချက် ပိုများလာသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ လက်တွေ့အခြေအနေ၊ အကြံပြုချက်များကို ယခုတစ်ပတ် ‘ဆရာများ၏ ရင်ဖွင့်သံ’ ကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“တစ်ခါလောက်တော့ လုပ်ဖြစ်တယ်”
ဦးအောင်ကျော်သူ (အထက်တန်းပြ၊ အင်္ဂလိပ်စာ၊ ကဝမြို့နယ်)

အခုဟာ သိပ္ပံခန်းတွေကတော့ ပင်မကျောင်းတွေမှာပဲ ရှိတာများတယ်။ ဟိုးတုန်းကတည်းက ချထားပေးခဲ့တာတွေပေါ့။ ဒါပေမဲ့ ခုနောက်ပိုင်း ထပ်တိုးချထားပေးတာ သိပ်မရှိတော့ပါဘူး။ အဲဒီတော့ သိပ္ပံခန်းနဲ့အတူ သိပ္ပံလက်တွေ့ပစ္စည်း ဆိုတာလည်း ချပေးတာလည်း အရင်တုန်းက ချပေးတာလောက်ပဲ ရှိတယ်။ နောက်ပိုင်းက ချပေးတာ မရှိတော့ဘူး။ ကျွန်တော်တို့ ကျောင်းတွေဆို နောက်ပိုင်း ရတာမရှိတော့ဘူး။ သိပ္ပံလက်တွေ့ပစ္စည်း အနေနဲ့ကတော့ အရင်ရှိပြီးသား ပစ္စည်းတွေကိုပဲ ထပ်ပြီးသုံးနေရတဲ့ အနေအထားမျိုးပါ။ 

အခု အခြေခံပညာအဆင့်မှာ အထက်တန်းကျောင်းခွဲတွေ များလာတယ်။ အရင်ကထက်နဲ့စာရင် အများကြီး များလာတယ်။ ပင်မကျောင်းတစ်ကျောင်းမှာကို အထက်တန်းကျောင်းခွဲက သုံးကျောင်း၊ လေးကျောင်းတွေအထိ ဖြစ်လာတယ်။ ဆိုတော့ အထက်တန်းကျောင်းခွဲတွေမှာကျတော့ သိပ္ပံခန်းက မရှိပါဘူး။ အထက်က ညွှန်ကြားချက်ကတော့ ပင်မကျောင်းတွေကနေ ငှားယူ၊ သုံးစွဲပေါ့ ခင်ဗျာ။ ဒါပေမဲ့ ပင်မကျောင်းမှာကိုက တချို့ပစ္စည်းတွေ ဥပမာ- ဆာလဖျူရစ်အက်စစ်ကအစ မရှိတော့ လက်တွေ့ပြဖို့ ခက်ခဲတယ်။ သိပ္ပံလက်တွေ့လည်း မလုပ်ဖြစ်တာ များတယ်။ ဆယ်တန်းလို အတန်းမျိုးမှာ လက်တွေ့လုပ်ဖို့က တော်တော်နည်းသွားပြီ။ ကိုးတန်းလောက်အထိ လုပ်ဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းမှာဆိုလည်း တစ်ခါလောက်တော့ လုပ်ဖြစ်တယ်။ တွင်တွင်ကျယ်ကျယ်တော့ မလုပ်ဖြစ်ဘူး။ 

မလုပ်ဖြစ်ပေမယ့် အခုနောက်ပိုင်း ဘာကိုသုံးသလဲဆိုတော့ လက်တွေ့ခန်းဝင်တဲ့ စာအုပ်တွေ ရှိတယ်။ ဒီစာအုပ်နဲ့ ဆရာ၊ ဆရာမက အခန်းထဲမှာ သိပ္ပံလက်တွေ့ ပစ္စည်းတွေ ယူလာတယ်။ အတန်းထဲမှာ ရှင်းပြတယ်။ ကျောင်းသားတွေကို ဖြေခိုင်းတယ်။ ဒီလောက်တော့ လုပ်ကြပါတယ်။ ကျောင်းသားကတော့ လက်တွေ့ပိုင်းမှာ မြင်ဖူး၊ တွေ့ဖူးတာကို တော်တော်နည်းသွားပါပြီ။   

“ကျွန်တော်တို့က ပြစရာ လက်နက်ကို မရှိတာ”
 ဦးကျော်ဇေယျာမျိုး (အထက်တန်းပြ၊ ရူပဗေဒဘာသာရပ်၊ ကလေးမြို့နယ်)

လက်တွေ့မှာ ကျောင်းတွေကို အဆင့်တိုးမြှင့်ပေးထားတာတော့ ရှိတယ်။ နယ်ကျောင်းတွေမှာကတော့ သိပ္ပံပစ္စည်း (လက်တွေ့) ဆိုရင် ကျောင်းတွေမှာ ကျောင်းသူ၊ ကျောင်းသားမပြောနဲ့ တချို့ဆရာ၊ ဆရာမတောင် မမြင်ဖူးကြပါဘူး။ ကျွန်တော့်အနေနဲ့ ဖြစ်စေချင်တာက ကျွန်တော်တို့ကျောင်းမှာ အမျိုးသားဆရာတွေ ရုံးပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ကျောင်းအုပ်ကြီးတွေကို ကူညီပေးရတယ်။ တကယ်တမ်းကျတော့ အထက်တန်းကျောင်း သိပ္ပံလက်တွေ့ ပစ္စည်းတွေနဲ့ ပတ်သက်ရင် တိုင်းပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးက ကျောင်းစစ်ဆေးရေးတွေ လာပါတယ်။ ဒါတွေ စစ်ဆေးဖို့ ရောက်လာတဲ့အခါ ဒီကိစ္စတွေကို သူတို့သိရမယ်။ သိတယ်။ မြင်တယ်။ သူတို့ကနေ ဆောင်ရွက်ပြီး ဒီလုပ်ငန်းနဲ့ ပတ်သက်တာ သိပ္ပံအဆောက်အအုံ တောင်းမယ်၊ ပစ္စည်းတောင်းမယ်၊ ဒါဆိုရင် ကျောင်းမှာရှိတဲ့လူတွေ အနေနဲ့ လုပ်စရာ မလိုဘူးပေါ့ဗျာ။ သိပ္ပံလက်တွေ့ပစ္စည်းတွေ မရှိတဲ့အခါ လက်ရှိက ကျောက်သင်ပုန်းနဲ့ မြေဖြူနဲ့သင်တာပေါ့ ခင်ဗျာ။ ဒီလိုနဲ့ အဆင်ပြေအောင် ဖြေရှင်းရတာပါ။  

ဆိုတော့ ဒီလိုနဲ့ စာရွက်ပေါ်မှာ သင်ယူလေ့လာရတာ နှစ်ကြာတဲ့အခါ အကျိုးဆက်က ဘာဖြစ်သလဲဆို တက္ကသိုလ်ရောက်တဲ့အခါ မမြင်ဖူးဘူးပေါ့ဗျာ။ ကျွန်တော်တို့က အခြေခံအဆင့် အထက်တန်း ဆိုတာက ဒီကလေးတွေကို ဒီပစ္စည်းက ဒီလိုသုံးရတယ်။ သူတို့ကို လက်နက်တစ်ခု အနေနဲ့ တပ်ဆင်ပေးလိုက်တာ။ ဒါပေမဲ့ ကျွန်တော်တို့အဆင့်မှာ တကယ်ပစ်ဖို့ မလိုသေးဘူး။ သူတို့က အဆင့်မြင့်မှာ ပစ်လိမ့်မယ်။ ကျွန်တော်တို့က ပြစရာလက်နက်ကို မရှိတာ။ မမြင်ဖူးတော့ အခုအခြေအနေက တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းရင် လိုင်းကောင်းရမယ်။ ဒါပါပဲ။ အမှားတွေက ကြာလာတဲ့အခါ ကလေးတွေကလည်း တက္ကသိုလ်မှာ သိပ္ပံလက်တွေ့ လုပ်တဲ့အခါ စိတ်ဝင်စားတာတော့ မှန်တယ်။ မမြင်ဖူးရင်လည်း တက္ကသိုလ်ဝင်တန်းကို ငါတို့ဟာ ငါတို့ကျက်ပြီး ဖြေမယ်။ အမှတ်ကောင်းရင် လိုင်းကောင်းရမယ်။ ဒီလိုပဲ တွေးနေကြတာပါ။ 

ဖြေရှင်းလို့ရတဲ့ နည်းလမ်းကတော့ တိုင်းစစ်ဆေးရေးတွေ၊ ခရိုင်စစ်ဆေးရေးတွေ လာတယ်ဆိုရင် အဲဒီက ဆရာကြီး၊ ဆရာမကြီးတွေက ဒီကျောင်းမှာ ကျောင်းသားအင်အား ဘယ်လောက်ရှိတယ်၊ တကယ် သိပ္ပံလက်တွေ့ပစ္စည်း ဘယ်လိုလိုအပ်တယ်၊ လိုအပ်တာကို တိုင်းရုံးတွေကနေ တစ်ဆင့် ပစ္စည်းရဖို့ ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတာ သူတို့က ဦးဆောင်ဆောင်ရွက်ပေးရင် ပိုအဆင်ပြေပါတယ် ခင်ဗျ။ 

“လက်တွေ့မပါတဲ့ စာမေးပွဲတွေ ဖြစ်နေတာ”
 ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ ဇီဝဗေဒ ဘာသာရပ်၊ ကလေးမြို့)

သိပ္ပံလက်တွေ့ သင်ထောက်ကူပစ္စည်း ရှိမှုကတော့ အရင်အတိုင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ထူးပြီး ပိုပြီး ရှိလာတာမျိုးလည်း မရှိဘူး။ မြန်မာတစ်ပြည်လုံး အတိုင်းအတာမှာရှိတဲ့ ကျောင်းပေါင်းအတိုင်းအတာအရဆိုရင် အများကြီး လိုအပ်ချက် ရှိတာပါ။ အထူးသဖြင့် ရန်ကုန်မြို့ပေါ်ကျောင်းတွေ၊ မန္တလေးမြို့ပေါ်ကျောင်းတွေ၊ နေပြည်တော် မြို့ပေါ်ကျောင်းတွေ၊ တချို့မြို့ပေါ် ကျောင်းတွေ ရှိသလောက် ရှိကြပါတယ်။ ဒါပေမဲ့ မြို့ပေါ်ကျောင်းတိုင်းတောင်မှ ကျောင်းတိုင်းရှိကြတာတော့  မဟုတ်ပါဘူး။ ကျွန်တော်တို့ကလေးမှာ အထက်တန်းကျောင်း ခုနစ်ကျောင်း ရှိတယ်။ ကျွန်တော်တို့ကျောင်းမှာဆိုရင် အထက်တန်းကျောင်းအဖြစ် အဆင့်တိုးထားတာ မကြာသေးဘူး။ သိပ္ပံလက်တွေ့ပစ္စည်းတွေက လုံးဝကို မရှိဘူး။ ကလေးမြို့ပေါ် ကျွန်တော်တို့ကျောင်းတောင် မရှိသေးဘူး ဆိုမှတော့ ရွာဘက်က ပိုဆိုးတာပေါ့။ ကလေးတွေဆိုရင် မြင်တောင်မမြင်ဖူးတဲ့ အခြေအနေမျိုးတွေ အများကြီး ရှိတာပေါ့။  
အဲဒီတော့ ကလေးတွေက ရှစ်တန်းမှာ သူတို့ သင်ယူခဲ့တဲ့ ဘာသာတွေက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံ သင်ယူခဲ့ပြီးတော့မှ ကိုးတန်း ရောက်တဲ့အချိန်ကျတော့ အနည်းဆုံး ရူပဗေဒ ဘာသာရပ်နဲ့ ဓာတုဗေဒ ဘာသာရပ်ကတော့ သင်ရတယ်လေ။ အဲဒီသိပ္ပံဘာသာတွေ စသင်ရတဲ့အချိန် သူတို့ အခုမှ ထိတွေ့ရတဲ့၊ မသိတဲ့ အဓိပ္ပာယ်တွေ၊ အခေါ်အဝေါ်တွေ ဆိုရင် ပစ္စည်းနဲ့ပြပြီး သင်ပေးနိုင်ရင် သူတို့အတွက် ခေါင်းထဲမှာ ပိုစွဲနိုင်တယ်ပေါ့။ အဲလိုပစ္စည်း မရှိတဲ့အခါ ကြက်တူရွေးနှုတ်တိုက် ကျက်သွားရတာ များတယ်။ ထားပါတော့ အောက်ခြေပြားဖန်ဘူး၊ အောက်ခြေလုံးဖန်ဘူး၊ ဓာတ်စု ကျည်တောက် ဒီလိုစကားလုံးတွေဆိုရင် သူတို့မျက်လုံးထဲမှာ မမြင်နိုင်ရင် ဘာမှန်းမသိဘူး။ ကျက်တာ ကျက်ရတာ မမြင်ဖူးဘူး ဖြစ်နေတယ်။ 

ကျွန်တော်တို့ တွေ့နေရတာ လက်တွေ့မရှိတဲ့ ပညာရေး ဖြစ်နေတာ။ ပြဋ္ဌာန်းစာအုပ်ထဲမှာပါတဲ့ ပုံကိုပဲ စနစ်ကျအောင်ဆွဲ၊ တူအောင်ဆွဲ။ အမှတ်ပေးတာကလည်း စာမေးပွဲစနစ်မှာ ဓာတ်စုကျည်တောက်တွေ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ စနစ်မျိုးက ထည့်မထားဘူးလေ။ ထားပါတော့။ ဓာတုဗေဒဆိုရင် စာပိုင်းက ၅၀ မှတ်ဖိုး ဖြေမယ်။ ကျန်တဲ့လက်တွေ့က ၅၀ မှတ်ဖိုးဖြေမယ်။ စာပိုင်းမနိုင်ရင်တော့ လက်တွေ့ ၅၀ ဖိုးနဲ့ ကလေးက အောင်နေရမှာ။ အဲလိုစနစ်မျိုး ဖြစ်စေချင်တာ။ အခုဟာက လက်တွေ့ရော၊ စာပိုင်းရောက စာပဲ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှတ်ပေးတဲ့ စနစ်ကလည်း ဒါတွေပဲ ဖြစ်နေလို့။ လက်တွေ့မပါတဲ့ စာမေးပွဲတွေ ဖြစ်နေတာပေါ့။  

အဲဒါကို ဘယ်လိုဖြေရှင်းရသလဲဆိုရင် ထုံးစံအတိုင်းပဲ စာရွက်ပေါ်ကနေ သင်ပေးရတာပါပဲ။ ရုံးကနေ တောင်းလာရင်လည်း လက်တွေ့လုပ်မယ့်စာရင်း ညနေပို့ပါ။ ဆိုတော့ လောလောလတ်လတ် စာသင်နေတယ်။ ဘာလက်တွေ့ပစ္စည်းမှ မရှိဘူး။ မရှိဘဲနဲ့ သင်တာသင်နေရတာ၊ တတ်နိုင်သလောက်တော့ ကြိုးစားပြီး ကိုယ်တိုင်လုပ်ပြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သင်ခန်းစာထဲမှာပါတဲ့ လက်တွေ့လုပ်ရမယ့် သင်ခန်းလိုအပ်တာမျိုးကျ မရှိတာပေါ့။ ညနေပို့ရမယ်၊ အခုလုပ်ပါဆိုတော့ စာရွက်ပေါ်မှာလုပ်ရတာ များနေတာပေါ့။ ဖြေရှင်းရတာတော့ စာရွက်ပေါ်မှာ ဖြေရှင်းနေရတာပေါ့။ ဖြစ်စေချင်တာကတော့ သိပ္ပံဘာသာရပ်တွေမှာ လက်တွေ့ပိုင်းက ၅၀ မှတ်ဖိုး၊ ၃၀ မှတ်ဖိုး သီးသန့်မေးပေးနိုင်မယ်ဆိုရင် ကလေးတွေအတွက်လည်း ပိုပြီးထိရောက်နိုင်တာပေါ့။ ထိရောက်တဲ့ သင်ကြား၊ သင်ယူမှု ဖြစ်သွားမှာပေါ့။                           

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)