News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (မအောင်မရှိ)
30-Mar-2017 tagged as ပညာရေး

‘မအောင်မရှိ’ အသုံးအနှုန်းကို ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး နှစ်တိုင်းပြောနေမြဲ၊ ကြားနေရမြဲ ဖြစ်သည်။ ယခုနှစ်တွင်လည်း ပထမတန်းမှ နဝမတန်းအထိ (စတုတ္ထတန်းနှင့် အဋ္ဌမတန်းမပါ) ကျောင်းသားများကို မအောင်မရှိ အတန်းတင်ပေးရန် ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူ အဆင့်ဆင့်က ပြောကြားထားကြောင်း အခြေခံဆရာ အသိုင်းအဝိုင်းကြား ပြောဆိုနေကြသည်။ ယင်းစနစ်သည် နိုင်ငံအချို့တွင် ကျင့်သုံးနေသည့် Continuous Assessment Program ကို ကျင့်သုံးခြင်း ဖြစ်သည်ဟု ဆရာအချို့က ဆိုကြသည်။ သို့သော် ယင်းစနစ်မှာ ကျောင်းသားအနည်းငယ်ကို ဆရာကိုယ်တိုင် အနီးကပ် ကြီးကြပ်သင်ကြားပြီး တစ်ဦးချင်း ဆွေးနွေးစေခြင်း၊ အုပ်စုလိုက် ဆွေးနွေးစေခြင်း၊ ကိုယ်တိုင်လုပ်ဆောင်စေခြင်း အပါအဝင် ကျောင်းသားများ၏ လစဉ်အကဲဖြတ်မှတ်တမ်း၊ ဘက်စုံအရည်အချင်း အကဲဖြတ် မှတ်တမ်းများကို အခြေခံ၍ အတန်းတင်ပေးခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ယင်းစနစ် အောင်အောင်မြင်မြင် မလုပ်ဆောင်နိုင်သေးချိန် မအောင်မရှိ အတန်းတင်ပေးရာတွင် ထိုစနစ် အသုံးပြုသည်ဟု ဆရာအချို့က ဆိုသည်။ အမှန်တကယ်ပင် မြန်မာ့ပညာရေး ဦးမော့လာစေနိုင်မည်လား ဆိုသည်ကို ဆရာများ၏ သဘောထား၊ အကြံပြုချက်များ စုစည်း၍ ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က ဖော်ပြလိုက်ပါသည်။ 

“ဖြေနိုင်နိုင်၊ မဖြေနိုင်နိုင် နောက်တစ်တန်း တက်ရမယ်ဆိုတာ ကလေးတွေကလည်း သိပြီးသား”
ဦးမြတ်သီဟထွန်း (မူလတန်းပြ၊ အမက ရွာသစ်စု (လေးအိမ်စု)၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး)

ဒီနှစ်မှာလည်း တစ်တန်းကနေ ကိုးတန်းအထိ မအောင်မရှိ အတန်းတင်ပေးရမယ် ဆိုတာမျိုး ညွှန်ကြားတာ ရှိပါတယ်။ အဲဒါလည်း အခုမှ မဟုတ်ဘဲ တော်တော်ကြာပါပြီ။ ဒီနှစ်မှာလည်း ဆက်ပြီးရှိနေသေးတာပါ။ လေးတန်းနဲ့ ရှစ်တန်းတော့ မပါသေးဘူးပေါ့။ နောက်ထပ် ကျွန်တော်တို့ ကြားတာက Confirm တော့ မဖြစ်သေးဘူး။ အခု လေးတန်းကလေးတွေကိုတောင်မှ ရာနှုန်းပြည့် အောင်ချက်ပေးရမယ် ပြောနေတာ။ ဘယ်သူက ပြောသလဲမေးရင် ပညာရေးဌာနမှာ ဘယ်သူက ပြောသလဲ မေးမရဘူး။ အထက်က ပြောတယ်လို့ ပြောကြတာပဲ ခင်ဗျာ။ ဌာနတွင်းမှာတော့ လေးတန်းကလေးတွေကို ရာနှုန်းပြည့် အအောင်ပေးရမယ်လို့ ကြားနေပါတယ်။ အဲဒါအမှန်ဆိုရင်တော့ မဟုတ်သေးဘူးလို့ပဲ ပြောရပါလိမ့်မယ်။ 

ကျွန်တော် ပြောလိုတာ မအောင်မရှိစနစ်က မှားနေတယ်လို့ ပြောချင်ပါတယ်။ စနစ်အမှားကြီးလို့ ပြောချင်ပါတယ်။ မြန်မာ့ပညာရေး နိမ့်ကျသွားရတဲ့ အကြောင်းအရင်းသည် အဲဒီမအောင်၊ မရှိစနစ်ကြောင့် အဓိကလို့ ပြောလို့ရပါမယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းတက်ခဲ့ကြတယ်။ မဖြေနိုင်တဲ့လူ၊ အရည်အချင်းမမီတဲ့လူ ကျကြတာ ထုံးစံပါပဲ။ ရာနှုန်းပြည့် အောင်မြင်မှု ဆိုတာက နှစ်တိုင်းမရှိနိုင်ဘူး ခင်ဗျ။ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကလည်း ဉာဏ်ရည်မတူဘူး။ နောက်ခံအခြေအနေတွေကလည်း မတူကြဘူး။ ရာနှုန်းပြည့်အောင်ချက် ရရမယ်၊ အအောင်ပေးခိုင်းတဲ့ ကိစ္စက အဲဒါကြောင့် မြန်မာ့ပညာရေး ပျက်တယ်လို့ ပြောလို့ရပါလိမ့်မယ်။ အဓိက ကလေးအများစုကလည်း ဘယ်လိုအသိဝင်သွားလဲဆို သူတို့ဘယ်လိုပဲဖြစ်ဖြစ် လာမယ့်နှစ်မှာ နောက်တစ်တန်း တက်ရမှာပဲ။ ဒီကျောင်းစာကို သိပ်စိတ်မဝင်စားဘူး။ စာမေးပွဲ လာဖြေလိုက်တာနဲ့ ဖြေနိုင်နိုင်၊ မဖြေနိုင်နိုင် နောက်တစ်တန်း တက်ရမယ်ဆိုတာ ကလေးတွေကလည်း သိပြီးသား။ 

နောက်တစ်ချက်က မိဘတွေ အနေနဲ့ကလည်း သာမန်မိဘပေါ့။ တကယ်ပညာတတ်တယ်၊ ဆင်ခြင်တုံတရား ရှိတယ်၊ နားလည်တဲ့ မိဘက ဒီစနစ်ကို သဘောမကျဘူး။ တချို့မိဘကျတော့ တစ်နှစ်တစ်တန်း အောင်တယ်ဆိုရင် အဆင်ပြေတယ်ပေါ့ဗျာ။ ပညာရေး အားပေးရကောင်းမှန်း မသိတော့ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်တစ်တန်း အောင်နေမှာဆိုတော့ သိတော့ ပညာရေးကို ကောင်းသထက် ကောင်းအောင် အားပေးဖို့ စိတ်ဝင်စားမှု နည်းသွားတာပေါ့။ 

အဲဒါတွေက ပညာရေးဌာနက လူကြီးတွေ ပြောနေတဲ့ CAP System (Continuous Assessment Program) ပေါ့။ အတန်းစဉ်အလိုက် အတန်းတင်ပေးတဲ့ စနစ်ပေါ့။ အဲဒီစနစ်က နိုင်ငံခြားမှာ ကျင့်သုံးတဲ့အခါ ကျောင်းသားနှစ်ဆယ်ကို ဆရာတစ်ဦး။ အဲဒီကျောင်းသားနှစ်ဆယ်ကိုမှ ဆရာက အနီးကပ် စိတ်ကြိုက်သင်တယ်။ သင်ပြီးတော့မှ ဒီကလေးတွေရဲ့ အရည်အချင်း မှတ်တမ်းပေါင်းချုပ် ရေးရတယ်။ ပြီးတော့ လစဉ်အကဲဖြတ်မှတ်တမ်း ရှိတယ်။ ကျောင်းလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းရှိတယ်။ ကလေးတွေရဲ့ ကိုယ်တိုင်အမြင်တွေ ရေးတာကို ဆရာက ပြန်စစ်။ ကလေးတွေရဲ့ အရေးအသား၊ သဘောထားအမြင် စတဲ့ အရည်အသွေးကို ပြန်စစ်ဆေးရတာပေါ့။ အဲဒီလိုစနစ်တကျ လုပ်ပြီးတော့မှ အတန်းတင်ပေးတဲ့စနစ်ပေါ့။ မြန်မာပြည်မှာ အဲဒီစနစ်ကို အဲဒီအတိုင်း မကျင့်သုံးဘဲနဲ့ ပီပီပြင်ပြင် မဖြစ်ဘဲနဲ့ စာမေးပွဲနဲ့ ဖြတ်ချပြီးတော့မှ CAP System ဆိုပြီး တင်ပေးခိုင်းတာပါ။ ဒီစနစ်က အဲဒီလိုဆိုရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။ လိုအပ်တာလည်း မဖြည့်ပေးနိုင်ဘဲနဲ့ ဆက်ပြီးလုပ်နေတဲ့အခါ ဆိုးကျိုးက ကလေးတွေရော၊ ကျောင်းသားမိဘတွေရော ရင်ထဲမှာ တစ်နှစ်တစ်တန်း ကျိန်းသေအောင်ပြီးသားဆိုတဲ့ အသိဝင်သွားပြီး ပညာရေး အားပေးတာ၊ အလေးထားတာ တော်တော်ကို အားနည်းသွားလိမ့်မယ်။                                                                        

“မဖြေတဲ့သူက လွဲရင် အကုန်အောင်တယ်”
ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ အထက(၇) ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး)

ဒီလိုမအောင်မရှိ အတန်းတင်ပေးရမယ် ဆိုတာမျိုးက ကျွန်တော်တို့ဘက်မှာလည်း ဟုတ်ပါတယ်။ ကိုးတန်းလည်း တစ်ယောက်မှ အကျမရှိ၊ အအောင်ပေးရမယ် ဆိုတာ ဟုတ်ပါတယ်။ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရတော့ အရင်ဆုံးက အောင်တဲ့သူတွေကို ဆွဲထုတ်တယ်။ ပြီးတော့ တစ်ဘာသာကျတဲ့ သူတွေကို ဆွဲထုတ်တယ်။ နောက်ဆုံး ဆယ်မှတ်ရရင်တောင် အအောင်ပေးရတာမျိုး ဖြစ်သွားတယ်။ ပြီးတော့ လုံးဝကို ဘာသာစုံကျနေတဲ့ ကျောင်းသားဆိုရင် ဘာလုပ်ရလဲဆိုရင် ပထမနှစ်ဝက်နဲ့ ဒုတိယနှစ်ဝက်ကို ပေါင်းတယ်။ ပျမ်းမျှရှာတယ်။ အဲဒါကို နှစ်နဲ့ပြန်စားတယ်။ စားပြီးတော့ ရလာတာကို ဘက်စုံအရည်အချင်း အကဲဖြတ်မှတ်တမ်း၊ လစဉ်အကဲဖြတ်မှတ်တမ်းက ဟာတွေနဲ့ ပြန်ညှိတယ်။ နောက်ဆုံးပြောရရင် ကလေးတွေ အကုန်လုံး အောင်စေချင်လို့ကို ဒါတွေပြန်ညှိခိုင်းတာပေါ့ ခင်ဗျာ။ ဒါတွေပြန်ညှိတော့ ကလေးတွေက ဒီအမှတ်တွေနဲ့ပဲ အကုန်အောင်သွားကြတာပေါ့။ မအောင်တဲ့သူကို မရှိဘူး။ မဖြေတဲ့သူက လွဲရင် အကုန်အောင်တယ်။ 

အကျိုးအပြစ် ပြောရမယ်ဆိုရင် အရင်ဆုံး အကျိုးကိုပြောရင် အစိုးရ လိုချင်နေတဲ့ ကလေးတွေ ကျောင်းထွက်တာ မရှိရေးကတော့ ရသွားတာပေါ့။  နိုင်ငံတော်အစိုးရ လိုချင်တဲ့ပုံစံက ဒီကလေးတစ်ယောက်က စာမေးပွဲကျလို့ ကျောင်းထွက်သွားရင် ပြင်ပက ကလေးလုပ်သွားတွေ ဖြစ်သွားလိမ့်မယ်။ ဒါဆိုတော့ ဒီကလေးကို အတန်းတင်ပေးလိုက်ရင် ကျောင်းမထွက်တော့ဘူး။ ဆယ်တန်းရောက်မှ ကျတယ်ဆိုရင်တောင်မှ ဒီကလေးက ဆယ်တန်းအထိ နေဖူးတယ်ဆိုတာ ဖြစ်သွားတာပေါ့။ နောက်ပြီးတော့ တစ်ဖက်က မိဘဘက်က ပြန်ကြည့်ရင်လည်း ကျွန်တော်တို့ ကျောင်းဆိုရင် ကလေးတွေက ချင်းတောင်ပေါ်ကနေ ဆင်းလာတဲ့ ကလေးတွေ များတယ်။ သူတို့အများစုက စီးပွားရေးလည်း အခြေအနေ မကောင်းကြဘူး။ တစ်နှစ်တစ်နှစ် ဘော်ဒါဆောင်မှာ အပြတ်လာနေကြတာ ဆိုတော့ သူတို့အတွက် ကုန်ကျစရိတ်ကလည်း မိဘတွေအတွက်က များတယ်။ ကျလို့ ပြန်နေရမယ်ဆိုရင် မိဘတွေကလည်း မထားနိုင်တော့ဘူး။ အဲဒီတော့ မိဘတွေကလည်း မကျစေချင်ဘူးပေါ့။ ကလေးတော့ အခြေခံမပါဘူး။ ဒါကတော့ အကျိုးအနေနဲ့ ကြည့်မယ်ဆိုရင် ကြည့်လိုရတာပေါ့။ 

ဒါပေမဲ့ ပညာရေးရဲ့ဖြစ်စဉ်အရ ပြန်စဉ်းစားရင် ဆိုးကျိုးက ပိုများတယ်။ ကလေးတွေက အရည်အချင်း မရှိဘူး။ အောင်လာတယ်။ နောက်နှစ်ဆိုရင် ပိုဆိုးမှာ။ အခုက ကိုးတန်းကို သောင်းပြောင်းရောထွေး အောင်လာပြီး ဆယ်တန်းရောက်တဲ့အချိန် ကလေးတွေကို ပြန်သင်ရတဲ့အခါ ခက်ပြီ။ ကျွန်တော်တို့ဘက်မှာ ဘယ်လိုရှိသလဲဆိုတော့ တော်တဲ့ကလေးအချို့က ကျောင်းမှာမနေကြတော့ဘူး။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ကျောင်းပတ်ဝန်းကျင်မှာ ဘော်ဒါကောင်းကောင်း မရှိဘူး။ မရှိတော့ ကောင်းတဲ့ဆီကို သွားတက်တယ်။ ဆိုတော့ ဘော်ဒါကောင်းတာကလည်း ကျွန်တော်တို့ဘက်မှာ သိပ်မရှိဘူး။ အဲဒီတော့ တော်တဲ့ကလေးအချို့က ထွက်သွားတယ်။ ညံ့တဲ့ကလေးအချို့၊ ပိုက်ဆံမတတ်နိုင်လို့ မပြောင်းနိုင်တဲ့ ကလေးအချို့ ကျန်ခဲ့တယ်။ ဆိုတော့ ဒီကလေးတွေ ပြန်သင်တဲ့အခါ ဆယ်တန်းအောင်ချက်ကျတော့ တော်တော်ဒုက္ခရောက်တယ်။ ‘is’ ဘာလဲဆိုတာ မသိတာက အစပါတယ်။ အဲဒါကို သင်ပေးတယ်။ ပြန် မေးတယ်။ မမှတ်ထားဘူး။ ပြန်သင်ပေးရပြန်တယ်။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ သင်ရတာ တော်တော်ဒုက္ခရောက်တယ်။ ဒီကလေးက ဆယ်တန်းအောင်ဖို့လည်း တော်တော်ခက်သွားပြီ။ 

တစ်နည်းအားဖြင့် ဆယ်တန်းမှာ စာရဲ့ဖိအားကို ခံနိုင်ဖို့ ဦးနှောက်က မမီတော့ဘူး။ အခြေခံမပါဘဲ တက်လာတယ်။ ပေါ့ပေါ့ပါးပါး တက်လာတယ်။ ဆယ်တန်းရောက်တဲ့အချိန် အကုန်ကျက်ရတာ ဆိုတော့ ခြောက်ဘာသာရဲ့ဖိအားကို မခံနိုင်တော့ဘူး။ ဆိုတော့ ကလေးက စိတ်ထွက်ပေါက်ရှာတယ်။ ရှာပြီး မှားကုန်တာမျိုး ဖြစ်သွားကြတယ်။ 
                                                             
နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)