News

POST TYPE

TEACHER'S VOICE

အခြေခံပညာရေး ဥပဒေ
02-Mar-2017 tagged as ပညာရေး

အခြေခံပညာရေး ဥပဒေမူကြမ်းသည် လွှတ်တော်က အစိုးရ ပြန်ပို့၊ အစိုးရက လွှတ်တော်ပို့ စသည့် အခြေအနေများဖြင့် အစိုးရ နှစ်ဆက်အကြား ဗျာများခဲ့သည်။ ယခုအခါ ဒုတိယအကြိမ်လွှတ်တော်တွင် ထပ်မံဆွေးနွေး အတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူများ ဇန်နဝါရီလကုန်ပိုင်းက တွေ့ဆုံခဲ့သည်။ ယခုနှစ် မတ်လအကုန်တွင် အပြီးသတ် ပြန်သုံးသပ်၍ လွှတ်တော်တင်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်နှင့် အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူများ နှစ်စုခွဲ၍ ပြန်သုံးသပ်ခဲ့ကြသည်။ သို့သော် ယခုအခါ ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် လွှတ်တော်သို့ ပြန်ပို့လိုက်သည်ဟု ဝန်ကြီးဌာနထံမှ သိရှိရသည်။ သို့သော် မည်သည့်အချက်များ ဖြည့်စွက်ပြင်ဆင်သည်ကိုမူ မသိရှိရပေ။ ဝန်ကြီးရုံးသို့ ဆက်သွယ်သော်လည်း ပြောရေးဆိုခွင့် ရှိသူကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားသည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ ပညာရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ရှိ အခြေခံပညာရေး ဥပဒေ မူကြမ်းပါ အချက်အလက်များနှင့် ပတ်သက်၍ လည်းကောင်း ဆရာများ၏ ရင်ဖွင့်သံများကို ယခုတစ်ပတ် ‘ဆရာများ၏ ရင်ဖွင့်သံ’ ကဏ္ဍမှတစ်ဆင့် The Voice က စုစည်းတင်ပြလိုက်ပါသည်။

“အခွင့်အရေးကိုလည်း  ဖြည့်စွက်ထည့်ပေးစေချင်တယ်”
ဦးငွေတိုး (ဦးစီးအရာရှိ၊ အခြေခံပညာ ဦးစီးဌာန)

အခြေခံပညာရေး ဥပဒေမူကြမ်း ပြန်သုံးသပ်တဲ့ အခြေအနေ မသိရဘူး။ အရင်တစ်ပတ် သိရသလောက်က အခြေခံပညာရေး ဥပဒေမူကြမ်း ပြန်သုံးသပ်တာကို မတ်လ ၂၂၊ ၂၃ အပြီးပြန်သုံးသပ်ပြီး ဆွဲမယ်ပြောတာကိုး။ အဲဒီလောက်ပဲ သိလိုက်တာ။ လတ်တလော ပညာရေး ဝန်ကြီးဌာနမှာ တင်ထားတဲ့ အခြေခံပညာရေး ဥပဒေမူကြမ်းအရ ဆိုရင်တော့ အဓိက ပြောချင်တာ ဗဟိုချုပ်ကိုင်မှု များတယ်။ အမျိုးသားဥပဒေအရ ဆိုရင်တော့ ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့စနစ် ကျင့်သုံးဖို့ ဆိုတာ ရေးထားတယ်။ မူဝါဒမှာ အခြေခံပညာရေးစနစ်ကို ဗဟိုချုပ်ကိုင်မှု လျှော့ချမယ်လို့ ရေးထားတယ်။ ဒါပေမဲ့ လုပ်ငန်းဆောင်ရွက်ဖို့က ဘယ်သူတွေ ရှိနေသလဲဆိုတော့ ညွှန်ချုပ်တွေနဲ့ အပေါ်အဆင့် တာဝန်ရှိသူတွေပဲ။ နောက်ပြီး ပညာရေးလုပ်ငန်းကို ပညာရေးဌာနကပဲ ဦးဆောင်ရမှာ။ စီမံခန့်ခွဲရမယ်။ ကျန်တဲ့ဌာန အသီးသီးက ပညာရေးဌာနရဲ့ လိုအပ်ချက်ကို ကူညီပံ့ပိုးပေးတာပဲ ဖြစ်ရမယ်။ ပြီးတဲ့အခါ တိုင်းရင်းသား ဘာသာစကားနဲ့ ပတ်သက်တာ တိုင်းရင်းသား ဘာသာစကားကို သက်ဆိုင်ရာ ဒေသအလိုက် ရွေးချယ်ရမယ်။ ပညာရေးဌာန အနေနဲ့ စာသင်ချိန် သတ်မှတ်ပေးတာနဲ့ တာဝန်ခံပေ ရမယ်။ အဲဒီမှာ ဆရာတွေရဲ့ တာဝန်နဲ့ အခွင့်အရေးမှာလည်း တာဝန်တွေပဲ များနေတယ်။ အခွင့်အရေးကိုလည်း  ဖြည့်စွက်ထည့်ပေးစေချင်တယ်။ ပံ့ပိုးပေးစေချင်တယ်။

“ဆရာကိုယ်စားလှယ်တွေကို ဖိတ်ပြီးဆွေးနွေးပါမယ်လို့ ပြောထားတဲ့ ကတိစကားတော့ ရှိပါတယ်”
ဦးမြတ်သီဟထွန်း (မူလတန်းပြ၊ အမက ရွာသစ်စု (လေးအိမ်စု)၊ မအူပင်မြို့နယ်)

ဥပဒေရေးရာ အချက်အလက်တွေကိုတော့  ကျွန်တော် အရမ်းကြီး အကြံမပြုချင်ပါဘူး။ ဒါပေမဲ့ အကြံပြုနိုင်တာက ဆွေးနွေးနေတဲ့ အချက်အလက်တွေ မြန်မာပြည်မှာ ရှိနေတဲ့ စာသင်ကျောင်းတွေမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေပေါ်မှာ အခြေခံပြီး ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ပညာရေးရှေ့တန်း စာမျက်နှာမှာ ရောက်နေကြတဲ့ ဆရာ၊ ဆရာမတွေရဲ့ အသံ လိုပါလိမ့်မယ်ဗျ။ အခုဆွေးနွေးတာက လက်ရှိ မြေပြင်အခြေအနေနဲ့ ဟပ်စပ်မှု မရှိဘဲ အပေါ်မှာ ဆွေးနွေးနေတယ်ဆိုရင် အကျိုးသက်ရောက်မှု အတော်လေး အားနည်းပါလိမ့်မယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ နေပြည်တော်မှာ လုပ်ခဲ့တဲ့ အခြေခံပညာရေး နှီးနှောဖလှယ်ပွဲတွေမှာ ကျွန်တော် တက်ခဲ့တုန်းက လက်ရှိ မြေပြင်အခြေအနေတွေနဲ့ ပတ်သက်လို့ အကြံဉာဏ်တွေ ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုထိ အကောင်အထည် ပေါ်မလာပါဘူး။ ကျွန်တော်တို့ကို သူတို့ဘာပြောထားသလဲ ဆိုတော့ အကယ်၍ အခြေခံပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေ ပြန်လုပ်မယ် ဆိုတာမျိုး ဖြစ်လာရင် ဆရာတွေ၊ မြေပြင်မှာရှိနေတဲ့ ဆရာကိုယ်စားလှယ်တွေကို ဖိတ်ပြီး ဆွေးနွေးပါမယ်လို့ ပြောထားတဲ့ ကတိစကားတော့ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိဘဲနဲ့ သူတို့စားပွဲပေါ်မှာပဲ အပေါ်ပိုင်း၊ ထိပ်ပိုင်းလူတွေ ဆွေးနွေးနေကြတဲ့ပုံစံ ရှိပါတယ်။ အခြေအနေက အဲဒီလိုပါ။ ‘ဟ’ နေပါတယ်။ အပေါ်နဲ့အောက် ချိတ်ဆက်မှု အားနည်းနေပါတယ်။                                           

“ဘေးနားမှာ အချက်အလက်အသေးစိတ် မရှိသေးတော့ မသိဘူးပေါ့”
ဒေါက်တာခိုင်မြဲ (ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၊ အခြေခံပညာဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်)

အသေးစိတ်ကျတော့ ဘာတွေပြောင်းတယ်ဆိုတာ ကျွန်တော် မသိဘူးခင်ဗျ။ တော်တော်များများတော့ ပြုပြင်ပြောင်းလဲတာ တွေ့တာပေါ့နော်။ ဘေးနားမှာ အချက်အလက် အသေးစိတ် မရှိသေးတော့ မသိဘူးပေါ့။ အဲဒါပြောင်းလဲပြီးတော့ လွှတ်တော်ကိုတောင် ပို့လိုက်ပြီ ထင်ပါတယ်။
ဘယ်ရက်လောက်က ပို့တယ်ဆိုတာ ကျွန်တော်လည်း ပြန်မေးရဦးမှာ ခင်ဗျ။ အဲဒါကိုကျတော့ ပညာရေးဝန်ကြီးရုံးက ကိုင်တွယ်တာပါ။          



“သင်ကြားသင်ယူမှုမှာ အဓိက လိုအပ်တာတွေ ဖြည့်ဆည်းပေးမှ ဥပဒေနဲ့အညီ လုပ်ဆောင်နိုင်မယ်”
ဒေါ်နီလာဝင်း (သူငယ်တန်းပြ၊ အ.ထ.က ၃၅၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့)

အခြေခံပညာရေး ဥပဒေမူကြမ်းကို ကျွန်မတို့ ဆရာ၊ ဆရာမ အများစုတွေက သိပ်စိတ်မဝင်စားကြပါဘူး။ အရင့်အရင်က ဥပဒေဆိုတာ နှိပ်ကွပ်ဖို့ ဆိုပြီးလောက်သာ မြင်ခဲ့ကြတဲ့ အမြင်ကြောင့် လေ့လာမှု အားနည်းခဲ့ကြပါတယ်။ ကျွန်မ နားလည်သလောက် ပညာရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ မူကြမ်းအရဆိုရင် မူဝါဒနဲ့ ရည်ရွယ်ချက်တွေ ကောင်းမွန်တယ်လို့ ထင်ပါတယ်။ အခြားလုပ်နည်း လုပ်ဟန်တွေကတော့ ညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ဆောင်ရတာကို ကျွန်မတို့ အသားကျပြီးနေကြတာမို့ အဆင်ပြေနိုင်ပါတယ်။

ဆရာတွေရဲ့ တာဝန်နဲ့ အခွင့်အရေး အခန်းမှာပါတဲ့ ဆရာ၊ ကျောင်းသား သင်ကြားရေးတွင် ဆရာများဟာ ပညာသင်ကြားရာမှာ ကျောင်းသားတို့၏ ကောင်းကျိုးကို လိုလားသော အပြုသဘောဆောင်တဲ့ ဆုံးမမှုများ ဦးတည်ပြီး ဆရာ၊ ကျောင်းသားကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ရမယ် ဆိုတာမှာ အပြုသဘောဆောင်တယ် ဆိုရာမှာလည်း ခန္ဓာကိုယ်ရော စိတ်မှာပါ ထိခိုက်မှု မရှိအောင် ဒေါသအလျောက် ရိုက်နှက်မှု၊ ကြမ်းတမ်းစွာ ပြောဆိုမှု၊ စိမ်းကားစွာ နှိမ့်ချပြောဆိုမှု အားနည်းချက်ကို ထောက်ပြပြောဆိုမှုများ မရှိဘဲ သင်ကြားရမည် ဖြစ်တယ်လို့ နားလည်ပါတယ်။

ဆရာများသည် ကျောင်းသားများ အမှန်တကယ် တတ်မြောက်စေရန် စာသင်ချိန်အတွင်း သတ်မှတ်ထားသောသင်ရိုး ပြီးဆုံးသည်အထိ သင်ကြားရမည့်အပြင် အသိပညာ၊ အတတ်ပညာများနှင့် ကျွမ်းကျင်မှုများ ရရှိစေရန်အတွက်လည်း သင်ကြားပေးရန် တာဝန်ရှိသည် ဆိုရာမှာ သင်ရိုးနှင့် သင်ကြားရေးနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်စေခြင်းနှင့်  စာရင်းဇယားများ လုပ်စေခြင်း အပေါ်မှာ မူတည်ပါတယ်။ ပတ်ဝန်းကျင် အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးမှာ ဉာဏ်ရည်အမျိုးမျိုးရှိတဲ့ ကလေးမျိုးစုံကို သင်ကြားရတဲ့အတွက် အတိအကျ သတ်မှတ်လို့ မရနိုင်ပါဘူး။ သင်ခန်းစာ အခြေအနေအလိုက် လိုတိုးပိုလျှော့ လုပ်သွားရမယ်လို့ မြင်ပါတယ်။ သတ်မှတ်တဲ့အတိုင်း သင်နိုင်ခဲ့သည်ရှိသော် သင်ရိုးရည်ရွယ်ချက် အမှန်တကယ် ပေါက်မြောက်အောင် သင်နိုင်မည်ဟု မထင်ပါဘူး။ မူဝါဒနဲ့ ရည်ရွယ်ချက်တွေက ကောင်းမွန်သလို အမှန်တကယ် လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ တိကျတဲ့ လျာထားချက်တွေ ထားပြီးမှ အောင်မြင်ပေါက်မြောက်မယ်လို့ မြင်ပါတယ်ရှင်။ ဆရာ၊ ဆရာမတွေရဲ့ တာဝန်ကတော့ သင်ကြားသင်ယူမှုမှာ အဓိက လိုအပ်တာတွေ ဖြည့်ဆည်းပေးမှ ဥပဒေနဲ့အညီ လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။

ဆရာ၊ ဆရာမတွေအတွက် လူမှုဘဝ လုံခြုံမှု ရှိစေမယ့် ဥပဒေ အချက်အလက်တွေ ဖြည့်စွက်ပေးရင် ကောင်းမယ် ဆိုတာပါ ပြောချင်တယ်။ ခုတစ်လော ဆရာ၊ ဆရာမတွေ တာဝန်ချိန်မှာ ထိခိုက်နစ်နာစေတာတွေ အတွက်နဲ့ ပြီးတော့ စာမေးပွဲဆီကို တစ်မြို့တစ်ရွာ သွားဖြေရတဲ့ ကျောင်းသားတွေ၊ တာဝန်ထမ်းဆောင်ရတဲ့ ဆရာ၊ ဆရာမတွေရဲ့ ထိခိုက်နစ်နာမှု တစ်စုံတစ်ခု ဖြစ်ခဲ့ရင် ဒီလိုနဲ့ တာဝန်ယူသူမရှိ ပြီးသွားရတာရော အတွက် အကာအကွယ်ပေးမယ့် တာဝန်ခံမှု ရှိရမယ့် ဥပဒေတစ်ရပ် ရှိရင် ကောင်းမှာပါပဲ။                         

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)