POST TYPE

TEACHER'S VOICE

ပထမတန်း သင်ရိုးသစ် (ကာယပညာ၊ အနုပညာပန်းချီ)
16-Feb-2017 tagged as ပညာရေး

အခြေခံပညာရေးကို ၁၂ တန်း ပညာရေးစနစ် (KG+12) သို့ ဦးတည်ပြောင်းလဲနေသည်။ ထိုသို့ ပြောင်းလဲရာတွင် သင်ရိုးညွှန်းတမ်းများကို တစ်နှစ်ချင်း၊ တစ်တန်းချင်း ပြောင်းလဲသွားမည် ဖြစ်သည်။ ယခု ပညာသင်နှစ်တွင် သူငယ်တန်း (KG) ကို သင်ရိုးအသစ်ဖြင့် စတင်ခဲ့သည်။ လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်းကို သင်ရိုးအသစ်ဖြင့် သင်ကြားမည်ဖြစ်သည်။ လာမည့်နှစ် ပထမတန်း သင်ရိုးသစ် ကာယပညာ ဘာသာရပ်နှင့် အနုပညာ (ပန်းချီ) ဘာသာရပ် မည်သို့ ပြဋ္ဌာန်းထားသည်ကို Create Project (သင်ရိုးရေးဆွဲပြုစုရေးအဖွဲ့) ပါဝင်သူများနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

“ကလေးရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုကို အခြေခံပြီး ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်”
ဒေါ်နီနီလွင် (မူလတန်းသင်ရိုး၊ ကာယပညာ ဘာသာရပ် ရေးဆွဲရေး အဖွဲ့ဝင်)

Voice : ကာယပညာ ဘာသာရပ်က အခုစနစ်သစ်မှ စပြီး ပြဋ္ဌာန်းတာလား။ 

DNNL : အရင်ကတည်းက ရှိပါတယ်။ သူငယ်တန်း နေပြီးတော့ ဆယ်တန်းအထိ ရှိပါတယ်။ ဒါပေမဲ့ ကျောင်းသားကိုင်စာအုပ် မရှိဘူး။ ဆရာလက်စွဲ စာအုပ်တစ်ခုပဲ ရှိတယ်။ ဆရာလက်စွဲက မူလတန်းအောက်ဆင့် (သူငယ်တန်းမှ ဒုတိယတန်းအထိ) တစ်အုပ်ထွက်တယ်။ မူလတန်းအထက်ဆင့် (တတိယတန်းမှ စတုတ္ထတန်းအထိ) အရင်သင်ရိုးအဟောင်းမှာ ရှိပါတယ်။ ကျန်တာကတော့ ဆယ်တန်းအထိ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်း၊ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းအထိ ဆိုပြီး တစ်အုပ်စီ ရှိပါတယ်။ 

Voice : လာမယ့်စနစ်သစ်မှာ ဘာတွေထူးခြားမလဲ။ 

DNNL : အခုစနစ်သစ်ကတော့ ကျောင်းသားကိုင်ရော၊ ဆရာကိုင်ရော ပြုစုထားပါတယ်။ ထူးခြားချက်က အရင်ဆရာကိုင်စာအုပ်မှာ ဆရာတွေကိုပေးတဲ့ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေက စာသားနဲ့ပဲ အကုန်လုပ်ထားတာ။ အခုသင်ရိုးအသစ်မှာကျတော့ ကျောင်းသားကိုင်မှာလည်း ရောင်စုံရုပ်ပုံတွေနဲ့ ကလေးတွေ ပိုပြီးစိတ်ဝင်စားအောင်၊ ဆရာတွေ သင်ရတာ ပိုလွယ်ကူအောင် ရုပ်ပုံတွေနဲ့ ဖော်ပြထားတယ်။ ဆရာကိုင်မှာလည်း သင်ရတဲ့ ဆရာတွေ ပိုလွယ်အောင် အသေးစိတ် သင်ကြား၊ သင်ယူမှု လုပ်ငန်းစဉ်၊ သင်ထောက်ကူ၊ အကုန်လုံး ထည့်ပေးထားပါတယ်။ သေချာစီစဉ် ဆောင်ရွက်ထားပါတယ်။ 

Voice : သေချာစီစဉ် ဆောင်ရွက်ထားတယ် ဆိုတာ ဘယ်လိုများပါလဲ။ 

DNNL : သင်ကြား၊ သင်ယူမှု လုပ်ငန်းစဉ်ကအစ သင်ယူမှု ဦးတည်ချက်၊ သင်ထောက်ကူပစ္စည်း၊ အဲဒီမှာပါတဲ့ ရုပ်ပုံတစ်ခုချင်းစီရဲ့ ရှင်းလင်းဖော်ပြချက် စတာတွေကို ထည့်သွင်းထားပါတယ်။ ဘယ်လိုစစ်ဆေး အကဲဖြတ်ရမလဲ။ နောက်ပြီးတော့ ကလေးတွေရဲ့ သင်ယူမှုကို စေ့ဆော်ပေးနိုင်အောင် ဘယ်လိုအားပေး တုံ့ပြန်ချက်တွေ ပေးရမယ် ဆိုတာပါ နမူနာတွေ ထည့်သွင်းဖော်ပြထားပါတယ်။ ဆရာရဲ့ လက်ထဲကိုတော့ ကျောင်းသားကိုင် တစ်အုပ်နဲ့ ဆရာလမ်းညွှန်နဲ့ ထည့်ပေးပါမယ်။ ကျောင်းသားအားလုံးကိုတော့ မဝေတာ။ ထုတ်တော့ ထုတ်မှာပါ။ 

Voice : လက်ရှိစနစ်မှာ အခြေခံကျောင်းတွေမှာ ကာယပညာ ဘာသာရပ်က ပါတယ်။ ဆရာ မရှိတာ၊ သင်ကြားချိန် မသင်ကြားတာမျိုး ရှိတယ်။ ဆိုတော့ ဒီသင်ရိုးမှာ ထည့်ထားတယ်။ တကယ်ရော လက်တွေ့မှာ စနစ်တကျ သင်နိုင်ပါ့မလား။ 

DNNL : သင်နိုင်အောင်လို့တော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အကြီးအကဲတွေလည်း လမ်းညွှန်မှုပေးပြီး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဆရာ၊ ဆရာမတွေလည်း တကယ်သင်ယူ ဆောင်ရွက်နိုင်အောင် ကျွန်မတို့က အစီအစဉ် ဆောင်ရွက်နေပါတယ်။ မူလတန်းအဆင့်မှာ ကာယဆရာ၊ ဆရာမ ဆိုတာ မရှိပါဘူး။ မူလတန်းဆရာ၊ ဆရာမသည် ဘာသာရပ်အားလုံး သင်နိုင်အောင်လို့ ပညာရေးကောလိပ်မှာ လေ့ကျင့်သင်ကြား ကတည်းက ကာယပညာကို သေချာသင်နိုင်အောင် စနစ်တကျ လေ့ကျင့်ပေးထားပါတယ်။ ဒါကိုမှ အခုတစ်ခါ ဒီမှာ သင်ယူခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုသင်ရမယ်၊ ဘယ်လိုတွေ လုပ်ရမယ်ဆိုတာ အခုသင်တန်းမှာ အသေးစိတ် ပို့ချပါတယ်။ သင်ကြားချိန်က တစ်နှစ်လုံးမှာ ၇၂ ချိန် ရှိပါတယ်။ တစ်ပတ်ကို နှစ်ချိန်။ ကျန်တဲ့ဘာသာတွေမှာတော့ အရံစာသင်ချိန် ထည့်ထားတယ်။ ကျွန်မတို့မှာတော့ ၇၂ ချိန်ကို အပြည့်ရေးဆွဲထားပါတယ်။ ကလေးတွေအတွက် လုံလောက်ပါတယ်။ 

Voice : အခုလောလောဆယ် ကျောင်းတွေမှာ ဘာကြောင့် သိပ်မသင်ကြတာပါလဲ။ 

DNNL : ဘာကြောင့်လဲဆိုတော့ တချို့ကျတော့ နေရာအခက်အခဲ ရှိတယ်။ သင်ရိုးအသစ်မှာကျတော့ အဆင်ပြေပြေ သင်နိုင်အောင် စီစဉ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သင်ယူနိုင်မယ့် လေ့ကျင့် ခန်းတွေ လုပ်ဆောင်မှုတွေကို ထည့်ထားပါတယ်။ အတန်းထဲမှာလည်း သင်နိုင်အောင် ဥပမာ- ခုံတွေဖယ်ပြီး သင်တာ၊ မိုးမရွာဘူးဆိုရင် ကျောင်းအပြင်မှာ နေရာအနည်းငယ် ရှိရင် အဲဒီနေရာအနည်းငယ်မှာ ဘယ်လိုသင်နိုင်မယ် ဆိုတာ စီစဉ်ဆောင်ရွက်ထားပါတယ်။ ဆရာလမ်းညွှန်ချက်ထဲမှာ လမ်းညွှန်ချက်တွေ ရေးပေးထားပါတယ်။ တချို့ကျတော့လည်း စာမေးပွဲကိုပဲ အဓိကထားတဲ့အခါ ဆရာ၊ ဆရာမတွေကလည်း သင်ကြားတာကိုပဲပေါ့။ 
အရင်တုန်းကဆိုရင် ကာယပညာ ဘာသာရပ်က မူလတန်းအဆင့်မှာ ၁၄၄ ချိန် ရှိပါတယ်။ တစ်ပတ်ကို လေးချိန်ပါ။ အချိန်ကတော့ ၃၀ မိနစ်ပဲ။ အခုသင်ရိုးသစ်မှာက ၇၂ ချိန် ဆိုပေမယ့် တစ်ချိန်ကို မိနစ် ၄၀ ရှိပါတယ်။ အဲဒါလေးတော့ ကွာဟပါတယ်။ 

Voice : ဘယ်နှမျိုးလောက် ထပ်တိုးတာ ရှိသေးလဲ။ 

DNNL : အခု ပထမတန်းကနေ တတိယတန်း အထိကတော့ သင်ယူမှုနယ်ပယ် လေးခုပေါ့။ သီဆိုလှုပ်ရှား ကစားခြင်း၊ ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ စုပေါင်းကစားနည်းများ၊ ယှဉ်ပြိုင်ကစားနည်းများဆိုပြီး ထည့်ထားပါတယ်။ ထည့်ထားပြီးတော့ တတိယတန်းအထိ သီဆိုလှုပ်ရှားကို ထည့်ထားတယ်။ ဘာလို့လဲဆို ကလေးက ငယ်သေးတော့ ကာယအချိန်မှာ သူတို့ကို ဆွဲဆောင်တာပေါ့။ သူတို့က ဒါကိုနှစ်သက်တယ်။ လေးတန်း၊ ငါးတန်းကျတော့ နယ်ပယ်သုံးခုပဲ ဖြစ်သွားပါမယ်။ ကျန်းမာကြံ့ခိုင် လေ့ကျင့်ခန်း၊ စုပေါင်းကစားနည်း၊ ယှဉ်ပြိုင်ကစားနည်း နယ်ပယ်သုံးခုပါ။ ဒီအရွယ်က ကျန်းမာကြံ့ခိုင်ဖို့ ပိုလိုအပ်တာကြောင့် Fitness Exercise တွေ ပိုပြီး ထည့်သွင်းထားပါတယ်။ 

Voice : ကာယပညာ ဘာသာရပ် ဘာဖြစ်လို့ အရေးကြီးတာလဲ။ အကျဉ်းချုပ်ပြီး ပြောစေလိုပါတယ်။

DNNL : ကာယပညာဘာသာရပ် အရေးကြီးပါတယ်။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှ စိတ်ဓာတ်ကျန်းမာ ကြံ့ခိုင်ပါမယ်။ ဒါကြောင့်မို့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ ကာယပညာက အရေးကြီးပါတယ်။ နောက်ပြီးတော့ ကစားခြင်းဖြင့် သင်ယူခြင်းကလည်း ကလေးတွေအတွက် ပညာသင်ယူနိုင်မှု စွမ်းရည်ကို ပိုပြီးတော့ ထိရောက်အောင် အထောက်အပံ့ ပေးပါတယ်။ ဒါကြောင့် အရေးကြီးပါတယ်။ မိဘတွေကို အကြံပြုချင်တာက ကလေးတွေဟာ သူ့အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုမှာ လှုပ်ရှားဆောင်ရွက်မှု လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ဒီသင်ခန်းစာတွေ ပြင်ဆင်ရေးဆွဲတဲ့ အခါမှာလည်း သူ့ကလေးရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုကို အခြေခံပြီး ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။ လုပ်ဆောင်မှုတွေ ထည့်သွင်းတဲ့အခါမှာရော၊ ကစားနည်းတွေ ထည့်သွင်းတဲ့ အခါမှာရော ကလေးရဲ့ အသက်အရွယ်နဲ့ကိုက်ညီအောင် ကလေးရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု အထောက်အပံ့ ပေးနိုင်အောင် ထည့်သွင်းပေးထားပါတယ်။               

“အနုပညာမပါတဲ့ ပညာရေးဟာ ပြီးပြည့်စုံတဲ့ ပညာရေး မဟုတ်ဘူး”
ဦးရွှေမြသာ (မူလတန်းသင်ရိုး၊ အနုပညာ (ပန်းချီ) ဘာသာရပ် ရေးဆွဲရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်)

Voice : လက်ရှိမှာရော ပန်းချီသင်ကြားမှုက ရှိသလား ခင်ဗျ။ 

USMT : အခုအသစ်မထွက်ခင် နိုင်ငံတော်အစိုးရကနေ ကျောင်းသားကိုင်ဆိုတဲ့စာအုပ် ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရက ကျောင်းသားကိုင်နဲ့သင်ဖို့ ကြိုးစားခဲ့ပေမယ့် ပေးကားပေး၏ မရဘူးဆိုတဲ့ သဘောမျိုးပေါ့။ ကလေးဟာ တကယ်လက်တွေ့မှာကျတော့ ဆရာ၊ ဆရာမတွေက မသင်ပေးနိုင်တာ၊ မသင်တာ၊ တခြားဘာသာတွေကို ဖိပြီးသင်နေတာနဲ့ ဒီကျောင်းသားကိုင်ကိုလည်း မသင်ဘဲ ဖြစ်ခဲ့ရတယ်။ အခုစာအုပ်ကတော့ ကလေးတွေက စာအုပ်မြင်တာနဲ့ သင်ချင်စိတ် ဖြစ်အောင် နှိုးဆွထားတဲ့ စိတ်ပညာဆိုင်ရာ အချက်အလက်တွေ အများကြီးပါတယ်။ ကျောင်းသားကိုင်အဖြစ် ထုတ်ခွင့်မရလို့ ကျွန်တော် အင်မတန် စိတ်မကောင်း ဖြစ်ရတယ်။ သူများနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ ဖွံ့ဖြိုးပြီး နိုင်ငံတွေကြည့်လိုက်ရင် ပန်းချီ၊ ဂီတ၊ ကာယ ပညာဘာသာရပ်တွေဟာ မသင်မနေရ ဘာသာရပ်တွေ ဖြစ်တာကို ကျွန်တော် တွေ့ရှိရတယ်။ ကျွန်တော်တို့ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါ အဲဒီနိုင်ငံတွေက ကလေးတွေ ပျော်ရွှင်စွာ၊ ယုံကြည်ချက်အပြည့်နဲ့ သင်ကြားနေတာ မြင်ရတဲ့အခါ ကိုယ့်နိုင်ငံက ကလေးတွေလည်း သူများနိုင်ငံမှာ ပွင့်တဲ့ပန်းလို ဒီလိုအသီးအပွင့်တွေကို ခံစားချင်ပါတယ်။ 

Voice : အနုပညာ (ပန်းချီ) ဘာသာရပ်မှာ ကလေးတွေ အနေနဲ့ ဘာတွေထူးထူးခြားခြား သင်ယူရမလဲ။ 

USMT : ထူးထူးခြားခြား ဆိုတာထက် ကလေးတွေက ကျောင်းမှာ ပျော်ရွှင်လာမယ်။ ပန်းချီအနုပညာရဲ့ သဘောတရားက အမြင်အာရုံတွေကို ခံစားရေးသားရတဲ့ အတတ်ပညာပါ။ သူတို့ တွေ့ကြုံခဲ့ရတာတွေကို စိတ်ခံစားမှုက တစ်ဆင့် သင်ကြားရတဲ့ အတတ်ပညာပါ။ ဆိုတော့ သူတို့ရဲ့ အတွေးအခေါ်၊ အမြော်အမြင်တွေနဲ့ ပေါင်းစပ်လုပ်ကိုင်ရတာဖြစ်လို့ သူတို့ရဲ့ ဖွဲ့ဆို၊ ပြောဆိုမှုတွေဟာ သူတို့ပြောချင်တာတွေ လွတ်လွတ်လပ်လပ် ပြောခွင့်ရတဲ့အတွက် ကျောင်းမှာ ပျော်လာမယ်။ စိတ်ချမ်းသာမယ်။ ရသခံစားတတ်လာမယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် စုပေါင်း လုပ်ဆောင်တတ်လာမယ်။ တန်ဖိုးထားတတ်လာမယ်။ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းတတ်လာမယ်။ ဒီလိုဖြစ်လာမှာပေါ့။ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းတာကတော့ အနှစ်ပါပဲဗျာ။ 

Voice : ဒီဘာသာရပ်မှာ အပိုင်းဘယ်နှပိုင်း ထည့်သွင်းရေးထားပါသလဲ။

USMT : အပိုင်းသုံးပိုင်း ရှိပါတယ်။ ပန်းချီအနုပညာ၊ လက်မှုအနုပညာ၊ ရသ ခံစားတန်ဖိုးထားတတ်မှု ဆိုတဲ့ အပိုင်းသုံးပိုင်း ပါပါတယ်။ အပိုင်းသုံးပိုင်းစလုံးက ကလေးတွေကို ဗဟိုပြုသင်ကြားမှာ ဖြစ်လို့ ကျောင်းသားနဲ့ ပတ်ဝန်းကျင်ကို ပေါင်းစပ်သင်ကြားတာလည်း ဖြစ်ပါတယ်။ ပန်းချီ၊ လက်မှု၊ ရသ ခံစားတန်ဖိုးထားတတ်မှုရောပေါ့။ စာအုပ်က နားလည်လွယ်တဲ့ ပုံစံတွေ၊ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ စိတ်လှုပ်ရှား ခံစားမှုကို စာအုပ်မှာ ပန်းချီနဲ့ ပုံတွေနဲ့ ပေါင်းစပ်သင်ကြားထားတဲ့အတွက် စိတ်ဝင်စားစရာ ပိုဖြစ်စေပါတယ်။ ကလေးရဲ့ စွမ်းဆောင်ရည်၊ ကျွမ်းကျင်မှု၊ ပါဝင်ဆောင်ရွက်မှု၊ စိတ်ဝင်စားမှုတွေနဲ့ ပေါင်းစပ်တဲ့အခါ ကလေးတွေရဲ့ အနုပညာအပေါ် အကြောင်းတရားတွေကို တဖြည်းဖြည်း စိမ့်ဝင်နားလည်လာမှာပါ။ သင်ကြားချိန်ကတော့ စုစုပေါင်း ၃၈ ချိန် ရှိတာပေါ့။ ဒါပေမဲ့ ကျောင်းပိတ်ရက်တွေနဲ့ တခြားကိစ္စတွေနဲ့ ဆိုတော့ ၂၈ ချိန်တော့ ကျွန်တော်တို့ အပြည့်ရထားတယ်။  

Voice : စစ်ဆေးမှုပုံစံကရော ဘယ်လိုရှိမလဲ ခင်ဗျ။ 

USMT : ကလေးတွေအနေနဲ့ ဒီစာအုပ်နဲ့ သင်ယူခွင့် ရနေတဲ့ အချိန်မှာ သင်ယူနေစဉ် စစ်ဆေးတာမျိုး ရှိပါတယ်။ ဥပမာ- အကြောင်းအရာတစ်ခုခု သင်ယူတဲ့အခါ ကလေးက ဗဟုသုတအားဖြင့် ဘယ်လောက်ရသလဲ၊ ကျွမ်းကျင်မှု ဘယ်လောက်ရသလဲ ဆရာက မှတ်တမ်း စာအုပ်ထားမှာပါ ခင်ဗျ။ ပန်းချီနဲ့ ပတ်သက်လို့ စာမေးပွဲ စစ်ဆေးမှု မရှိတော့ ကလေးက ကျောင်းမှာပျော်နေဖို့ အနုပညာနဲ့ ပတ်သက်ပြီး ဆက်စပ်တွေးခေါ် ဖန်တီးတဲ့ဉာဏ် ရင့်သန်လာဖို့ပါ။ ဆရာမကတော့ ကလေးတစ်ယောက်ချင်းရဲ့ ကျွမ်းကျင်မှု အဆင့်အလိုက် A၊ B၊ C၊ D သတ်မှတ်ထားမယ်ပေါ့။ အနည်းဆုံး လုပ်ဆောင်နိုင်တဲ့ ကလေးတွေကိုလည်း ဆရာတွေက ပိုပြီး ပံ့ပိုးလုပ်ဆောင်ပေးသွားမှာပါ။ 

Voice : ဘာများထပ်ဖြည့်ပြောဖို့ ရှိမလဲ ခင်ဗျ။ 

USMT : ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်းခြောက်ဆယ်လောက် အနုပညာ သင်ယူခွင့်တွေ အတော်အတန် ဆုံးရှုံးနေခဲ့ရတယ်။ ဒီအချိန်အခါ ပြုပြင်ပြောင်းလဲဖို့ ရောက်လာတဲ့ ပညာရေးကဏ္ဍ အစီအစဉ်မှာ အနုပညာမပါတဲ့ ပညာရေးဟာ ပြီးပြည့်စုံတဲ့ ပညာရေး မဟုတ်ဘူး။ ဒါ  စာဆိုရှိပါတယ်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုထားပါတယ်။ မသင်ချင်တာကို သင်ချင်လာအောင် စားချင်စဖွယ် ပြင်ဆင်ကွယ်ဆိုသလို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင် ဘာသာရပ်တွေဟာ တကယ်လေးနက်တဲ့ ဘာသာရပ်တွေ ဖြစ်ပါတယ်။ အဲဒါကို သင်ချင်စိတ် ဖြစ်အောင် ရုပ်ပုံကားချပ်တွေနဲ့ ကျကျနနဖြစ်ဖို့ လိုအပ်သလို မသင်မနေရဆိုတဲ့ အနုပညာ (ပန်းချီ)၊ (ဂီတ)၊ ကာယ ပညာရပ်တွေကိုလည်း ကျွန်တော်တို့နိုင်ငံ ပြုပြင်ပြောင်းလဲတဲ့အခါ ကျောင်းသားမျိုးဆက်တွေကို အခုကစပြီး ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း အားလုံးအတူ ပါဝင်ပြီး သင်ယူနိုင်ဖို့ ကြိုးစားစေချင်ပါတယ်။          

နေဇာကျော်