POST TYPE

TEACHER'S VOICE

ပထမတန်း သင်ရိုးသစ် (သင်္ချာ၊ သိပံ္ပ)
02-Feb-2017 tagged as ဆရာ

အခြေခံပညာရေးကို ၁၂ တန်း ပညာရေးစနစ် (KG+12) သို့ ဦးတည်ပြောင်းလဲနေသည်။ ထိုသို့ ပြောင်းလဲရာတွင် သင်ရိုးညွှန်းတမ်းများကို တစ်နှစ်ချင်း၊ တစ်တန်းချင်း ပြောင်းလဲသွားမည် ဖြစ်သည်။ ယခုပညာသင်နှစ်တွင် သူငယ်တန်း (KG) ကို သင်ရိုးအသစ်ဖြင့် စတင်ခဲ့သည်။ လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်းကို သင်ရိုးအသစ်ဖြင့် သင်ကြားမည် ဖြစ်သည်။ လာမည့်နှစ် ပထမတန်း သင်ရိုးသစ် သင်္ချာဘာသာရပ်နှင့် သိပ္ပံဘာသာရပ် မည်သို့ ပြုပြင်၊ ပြောင်းလဲ ပြဋ္ဌာန်းထားသည်ကို Create Project (သင်ရိုးရေးဆွဲ ပြုစုရေးအဖွဲ့) အဖွဲ့ဝင်များကို The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

“ဒီသင်ရိုးသစ်စနစ် သင်္ချာဆိုရင် ပြဿနာ ဖြေရှင်းခြင်းကို ဦးတည်ထားတယ်”
ဒေါ်စုသန္တာအောင် (မူလတန်း သင်ရိုးသစ်၊ သင်္ချာဘာသာရပ် သင်ရိုးပြုစု ရေးဆွဲရေးအဖွဲ့ အဖွဲ့ဝင်)

Voice : ပထမတန်း သင်္ချာသင်ရိုးအသစ်နဲ့ အဟောင်း ဘာတွေ ကွာခြားပါသလဲ။ 

DSTDA : အဟောင်းနဲ့အသစ် ကွာဟမှုကတော့ တော်တော်ကြီးတယ်။ သင်္ချာမှာ Trend လေးခု ရှိတယ်။ ကိန်းများ၊ တိုင်းတာမှုများ၊ ဂျီသြမေတြီ၊ သင်္ချာဆိုင်ရာ ဆက်သွယ်ချက်များတို့ ဖြစ်တယ်။ ဒါပေမဲ့ သင်ကြားနည်း စနစ်ပိုင်း၊ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းပိုင်းက ဒီအသစ်မှာ လုံးဝကွာခြားသွားပါမယ်။ ဥပမာ- တစ်ဆယ်ကျော်ကိန်းတွေ ပေါင်းတယ်ဆိုပါစို့။ အရင်တုန်းက ၉ နဲ့ ၃ နဲ့ ပေါင်းတယ်။ ၉ ကို စိတ်ထဲမှာမှတ် လက်သုံးချောင်းထောင် ၉ ပြီးတော့ ၁၀၊ ၁၁၊ ၁၂ ဆိုပြီး လက်ချိုးရေ ပေါင်းကြတာပေါ့။ အခု ဒီသင်ရိုးအသစ်မှာ ဆိုရင် ၉ နဲ့ ၃ နဲ့ ပေါင်းရာမှာ အရင်ဆုံး တစ်ဆယ်ပြည့်အောင် လုပ်မယ်။ ၁၀ ပြည့်အောင် အရင်လုပ်တယ်။ ပြီးတော့ ၃ ကို အရင်ခွဲတယ်။ ၃ ကို ဘယ်လိုခွဲသလဲ။ ၁ နဲ့ ၂ နဲ့ ခွဲမယ်။ ၂ နဲ့ ၁ နဲ့ ခွဲမယ်။ ပြီးတော့မှ ဒီဘက်က ၉ ကို ၁၀ ဖြစ် အောင် လုပ်မယ်။ အဲဒီတော့ ဒီဘက်က ၁ နဲ့ ပေါင်းလိုက်တော့ ၁၀။ ပြီးတော့မှ ၂။ အားလုံးပေါင်း ၁၂။ အဲလိုဆို တော့ ကလေးရဲ့ အတွေးအခေါ်ကလည်း ကောင်းလာလိမ့်မယ်။ 

အတွေးအခေါ်ပိုင်းတတ်ဖို့ရာ ကိုယ်စားပြုပစ္စည်းတွေ သုံးတယ်။ ကလေးကိုယ်တိုင် လုပ်တယ်။ ဆရာက ကျောက်သင်ပုန်းမှာ မြင်သာအောင် အတုံးလေးတွေကို ရွှေ့ပြတယ်။ ပေါင်းတယ်။ ကလေးကလည်း အောက်မှာ စားပွဲပေါ်မှာ ပစ္စည်းတွေကို ၁၀ ပြည့်အောင် အရင်လုပ်လိုက်တယ်။ ၉ နဲ့ ၁ နဲ့ ပေါင်းတော့ ၁၀။ ကျန်တဲ့ ၂ နဲ့ အားလုံးပေါင်း ၁၂။ တစ်ခါတည်းလည်း ရတယ်။ အရင်အဟောင်း သင်ကြားတဲ့ပုံစံက များသောအားဖြင့် ဆရာတွေက ကျောက်သင်ပုန်းနဲ့ သွားတာများတယ်။ အခု ပထမတန်း သင်ရိုးသစ် သင်ခန်းစာ အားလုံးသည် လက်တွေ့လုပ်ဆောင် ချဉ်းကပ်မှုနဲ့ သွားတာများတယ်။ ကလေးက သူကိုယ်တိုင် လက်တွေ့လုပ်ဆောင်ရင်းနဲ့မှ အမှားကို တွေ့မယ်။ သူကိုယ်တိုင် အမှန်ကို ရှာတွေ့လာလိမ့်မယ်။ အဲဒီအခါ ဆရာက လမ်းကြောင်းပေးသူပဲ။ ဒီလိုမျိုးဆိုရင် ဆရာကိုယ်တိုင်က မှားတယ်၊ မှန်တယ်ဆိုတာ မပြောသေးဘဲ ကလေးကိုယ်တိုင် ရှာတွေ့လာလိမ့်မယ်။ ကလေးရဲ့ ဦးနှောက်က မီးလေးလင်းသလို လင်းသွားလာလိမ့်မယ်။ သင်္ချာမှာ စိတ်တွက်တွေ ကောင်းလာလိမ့်မယ်။ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ရတဲ့အတွက် ပျော်ရွှင်လာမယ်။ သင်္ချာအယူအဆတွေ ပိုသိလာလိမ့်မယ်။ 

Voice : အဲဒါ သုတေသန လုပ်ထားတာ ရှိပါသလား။ 

DSTDA : ကျွန်မတို့ကိုယ်တိုင် ဖတ်စာအုပ် ထွက်လာဖို့ အကြိမ်များစွာ ရေးတယ်။ ရေးပြီး ကျောင်းတွေမှာ အစမ်းသင်ရတယ်။ ကျောင်းတော်တော်များများမှာ အစမ်းသင်တယ်။ ကလေးတွေ တကယ်ရလားဆိုတာ ကျွန်မတို့မှာ မှတ်တမ်းမှတ်ရာ ရှိတယ်။ အဲဒီအခါ သူတို့ရလာတဲ့ဟာ မူတည်ပြီး ပြင်သင်တဲ့ အရာတွေပြင်၊ ဖတ်စာအုပ်ကို အဲဒီလို ပြန်သုံးသပ်ပြီးမှ အချောထွက်လာတာပါ။ ပိုပြီး ကောင်းသထက် ကောင်းအောင်၊ ချောသထက်ချောအောင် ဒီနေရာလေးဆိုရင် ဒီမေးခွန်းမမေးဘဲ ဘယ်လိုမေးခွန်းလေးမေးရင် ကောင်းမလဲ အဲဒီလိုပါ။ 

Voice : ဆရာတွေအနေနဲ့ ဘာတွေ သတိထား သင်ကြားရပါမလဲ။ 

DSTDA : ဆရာမတွေ သတိထား သင်ရမယ့်အပိုင်းက ဒီသင်ခန်းစာကို သင်တော့မယ်ဆိုရင် သင်ခန်းစာရဲ့ အတိမ်အနက်ကို အရင်ဦးဆုံး သိအောင်လုပ်ရမယ်။ ကြိုတင်ပြင်ဆင်မှု လုပ်ရမယ်။ ကိုယ်က အဖွင့်မေးခွန်း (Open Question) ဖွင့်ထုတ်လိုက်ပြီ ဖြစ်တဲ့အတွက် ကလေးတွေက မျိုးစုံဖြေလာတော့မှာ။ အဲဒီအပေါ်မှာ ဆရာတွေ လုပ်နိုင်ဖို့က သူကိုယ်တိုင် စာဖတ်မှရမယ်။ ပုံမှန်စာသင်ခန်းရှေ့ရောက်မှ စာအုပ်လှန် လုပ်ကြည့်လို့ မရတော့ဘူး။ ဆရာရဲ့ ကြိုတင်ပြင်ဆင်မှုအား အရမ်းကောင်းရမယ်။ ဆရာသည် ကလေးကို ပိုပေးနိုင်ဖို့ ကိုယ်တိုင် စာများများဖတ်ပြီး သင်ထောက်ကူတွေကအစ ကြိုတင်ပြင်ဆင်ထားရမယ်။ 

Voice : တတ်မြောက်မှုကိုရော ဘယ်လိုစစ်ဆေး တိုင်းတာမှာပါလဲ။ 

DSTDA : လက်တွေ့လုပ်ဆောင်မှု ဖြစ်တဲ့အတွက် သင်နေတဲ့အချိန်မှာ သင်နေတဲ့ ဆရာသည် အခရာပဲ။ ကလေးနားလည်လား ဆိုတာ ကလေးမျက်လုံး ကြည့်တာနဲ့ သိတယ်။ သင်နေတုန်းကတည်းက စစ်လို့ရတယ်။ အခု ကျွန်မတို့ စီစဉ်ထားတဲ့ပုံစံက အရင်ဆုံး တစ်ယောက်တည်း ဖြေတာ၊ ပြီးရင် အချင်းချင်း တိုင်ပင်နှီးနှောဖြေတာ၊ ပြီးတော့ အုပ်စုလိုက်၊ ပြီးတော့မှ တစ်တန်းလုံး အဲဒီလို စစ်ဆေးမှုပုံစံတွေ ပါတယ်။ ဒီသင်ရိုးသစ်စနစ် သင်္ချာဆိုရင် ပြဿနာ ဖြေရှင်းခြင်းကို ဦးတည်ထားတယ်။ ပြဿနာ ဖြေရှင်းတတ်မှသာလျှင် ကျွန်မတို့ လက်တွေ့ဘဝမှာ တကယ်အခက်အခဲတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ စနစ်တကျ ဖြေရှင်းတတ်မှာ။ ဒါကြောင့် ဒီအရွယ်ကတည်းက ထည့်သွင်းထားပေးတာ။ 

သင်္ချာသမားက ကြောင်းကျိုးဆက်စပ်ပြီး မဖြေရှင်းတတ်ဘူးဆိုရင် သူရဲ့ အရည်အချင်း မဟုတ်တော့ ဘူး။ သင်္ချာရဲ့ အဓိက ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းက ဒီထဲမှာ ပါပါတယ်။ ပြီးတော့ ပုစ္ဆာတစ်ပုဒ်ကို စတယ်ဆိုရင် အဓိက အနှစ်သာရသည် ဘာလဲဆိုတာ မေးခွန်းတစ်ခု မေးထားတယ်။ ကြားထဲမှာ ဒီဟာကို အဖြေရဖို့ ဦးတည်တာ မဟုတ်ဘူး။ ဘယ်လိုလမ်းကြောင်းနဲ့ သွားရမလဲ။ ခုနတုန်းကလို ၉ နဲ့ ၃ နဲ့ ပေါင်းရင် ၁၂ ရတယ်။ ဘယ်လိုသွားရမလဲ၊ အဲဒီလမ်းမှာဖြစ်တဲ့ အခက်အခဲတွေသည် ပြဿနာ ဖြေရှင်းနည်းပဲ။ တစ်ဆင့်ပြီးတစ်ဆင့် ရှင်းရှင်းသွားရင်း သူ့ဉာဏ် တဖြည်းဖြည်း လင်းလင်းသွားမယ်။ အဲလိုဦးတည်တဲ့အခါမှာ တစ်ယောက်ချင်းစီကို ဖြေခိုင်းမယ် ဆိုပါစို့။ သူရတဲ့အဖြေ ရှိမယ်။ နောက်တစ်ယောက် ရတဲ့အဖြေ ရှိမယ်။ အချင်းချင်း နှစ်ယောက်ပေါင်းပြီးတော့ အုပ်စုနဲ့ လုပ်တဲ့အခါ သူ့အဖြေကတော့ ဒီလို၊ ငါ့ အဖြေကတော့ ဒီလိုပါလားဆိုတာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပေါ့။ အခုဒီမှာကျတော့ အုပ်စုအလိုက် အဖွဲ့အချင်းချင်း တိုင်ပင်တယ်။ ပြီးသွားတော့ အဖြေကို တင်ပြတတ်မယ်။ များသောအားဖြင့် ဒီမှာ တင်ပြမှုစွမ်းရည် ပါထားပြီးသား။ တစ်ယောက်က အဖွဲ့ကို ကိုယ်စားပြုပြီး ပြောလိုက်မယ်ဆိုရင် ကျန်တဲ့တစ်ယောက်ကလည်း သူများပြောတဲ့အရာကို လက်ခံတတ်ဖို့ ။ အခု ဒီသင်ရိုးသစ်မှာ ဒီစွမ်းရည်တွေ ပါသွားအောင် ငယ်စဉ်တောင်ကျေးကတည်းက ထည့်ပေးလိုက်တာပါပဲ။ သူများပြောတာကို နားထောင်တတ်ဖို့၊ မှားတယ်ဆိုလည်း အပြုသဘောနဲ့ ဝေဖန်တတ်ဖို့ ဒီလိုစွမ်းရည်တွေကို ပေးနိုင်ဖို့ ထည့်ထားပါတယ်။                          

“သူတို့ လုံးဝပြန်ကျက်စရာ မလိုဘူး”
ဒေါက်တာကေသီမော် (မူလတန်း သင်ရိုးသစ်၊ သိပ္ပံဘာသာရပ် သင်ရိုးပြုစု ရေးဆွဲရေးအဖွဲ့ အဖွဲ့ဝင်)

Voice : ပထမတန်း သင်ရိုးသစ် သိပ္ပံဘာသာရပ်က အဟောင်းနဲ့ ဘာကွာခြားပါသလဲ။ 

Dr.KTM : ကွာခြားတာက အချုပ်ပြောရင် အရင်တုန်းက သိပ္ပံဘာသာရပ်ကို ကလေးတွေကို သင်တဲ့အခါ ဆရာက ကျောက်သင်ပုန်းမှာ ရေးတယ်။ ဒါတွေကို ကလေးက ကျက်မယ်။ ကျက်ပြီးပြန်ဖြေမယ်။ ကျွန်မတို့နိုင်ငံမှာ သိပ္ပံရဲ့ သဘောတရားကို သိပ္ပံအတိုင်းသင်ဖို့ လိုအပ်နေတယ်။ အဲဒါကြောင့် အသစ်ပြင်ရေးတဲ့ သိပ္ပံသင်ရိုးက သိပ္ပံကို သိပ္ပံနည်းကျသင်မှာ ဖြစ်ပါတယ်။ သိပ္ပံကို သိပ္ပံလိုသင်တဲ့ အခါမှာလည်း နှစ်မျိုးရှိတယ်။ သီအိုရီကနေ လက်တွေ့သွားတာ ရှိသလို၊ လက်တွေ့ကနေ သီအိုရီသွားတာ ရှိတယ်။ အခု နိုင်ငံတော်တော်များများ ကျင့်သုံးတာက လက်တွေ့ကို ကလေးတွေကိုယ်တိုင် လုပ်ကြည့်ပြီးတဲ့အခါ သူတို့ဘာသာ သူတို့ ပြန်သုံးသပ်တဲ့ သီအိုရီ အယူအဆကိုရမှာ ဖြစ်ပါတယ်။ အရင်တုန်းက ကလေးတွေကို သိပ္ပံအသိသညာ အယူအဆ၊ သဘောထားပဲ ပေးတာပါ။ အခုကတော့ အတန်းစဉ်အလိုက်မှာ သိပ္ပံအယူအဆ၊ သဘောထားတစ်ခုတည်း မဟုတ်ဘဲနဲ့ သိပ္ပံအယူအဆ (Cocept) ရယ်၊ သိပ္ပံလုပ်ငန်း ကျွမ်းကျင်မှုကို အတန်းစဉ်အလိုက် ပေးသွားမှာ ဖြစ်ပါတယ်။ ပထမတန်းမှာဆိုရင် စူးစမ်းလေ့လာခြင်း ကျွမ်းကျင်မှုကို ပေးတာဖြစ်ပြီး အဲဒီအတိုင်း တစ်တန်းချင်း ကျွမ်းကျင်မှုက တတ်သွားမှာ ဖြစ်ပါတယ်။ 

Voice : သိပ္ပံကို သိပ္ပံလိုသင်မယ်ဆိုတဲ့အခါ လက်တွေ့ပစ္စည်းတွေရော တစ်နိုင်ငံလုံး အစိုးရက ပြည့်စုံအောင် ပေးနိုင်မှာလား။ 

Dr.KTM : ကျွန်မတို့ မူလတန်း သိပ္ပံသင်ရိုးက ပထမတန်း၊ ဒုတိယတန်းမှာ ကလေးကို ပတ်ဝန်းကျင်နဲ့ မိတ်ဆက်ပေးတာပါ။ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်းမှာ သိပ္ပံရဲ့ အခြေခံသဘောတွေကို စပေးမယ်။ အလယ်တန်း၊ အထက်တန်းဆင့် ရောက်သွားတဲ့အခါ အထောက်အကူပြုဖို့အတွက် ပြင်ဆင်ပေးလိုက်မှာ ဖြစ်တယ်။ အားလုံးကို ခြုံပြောရင် မူလတန်းသိပ္ပံ ဆိုတာ ကလေးတွေကို သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ ထိစပ်၊ မိတ်ဆက်ပေးခြင်း ဖြစ်တယ်။ အဲဒီတော့ ပတ်ဝန်းကျင်နဲ့ ထိစပ်ပေးမှာ ဖြစ်တဲ့အတွက် သင်ထောက်ကူဆိုတာ  ကြီးကြီးမားမား ပံ့ပိုးပေးဖို့ မလိုပါဘူး။ သူ့အနီးအနားမှာ ရှိတာပဲ သူတို့က လုပ်သွားရမှာ ဖြစ်ပါတယ်။ ဥပမာ- အပင်အကြောင်း သင်မယ်ဆို စာသင်ခန်းအပြင် ထွက်မယ်။ အပင်တွေကြည့်မယ်။ အရွက်ကြည့်မယ်။ ပင်စည်ကြည့်မယ်။ ဒီလိုလုပ်မှာ ဖြစ်ပါတယ်။ အဲဒါက သူ့ပတ်ဝန်းကျင်မှာ ရပြီးသားပါ။ အကောင်အကြောင်း သင်မယ်ဆိုရင်လည်း လက်တွေ့အနေနဲ့ ကလေးအန္တရာယ် မဖြစ်နိုင်တဲ့ အကောင်လေးတွေ သုံးလို့ရရင် သုံးမယ်။ ပစ္စည်းသုံးမယ်။ မရဘူးဆိုရင် ရော်ဘာရုပ်လေးတွေနဲ့သုံးမယ်။ မရဘူးဆိုရင် ပုံတွေနဲ့သုံးမယ်။ အဲဒီလို ဖတ်စာအုပ်ထဲမှာ ပုံတွေ ဝေဝေဆာဆာ ထည့်ထားတဲ့အတွက် သင်ထောက်ကူဆိုတာ သီးသန့်ပံ့ပိုးပေးဖို့ မလိုတဲ့အတွက် သူတို့ ပတ်ဝန်းကျင်မှာ ရှိတာ သုံးသွားမှာ ဖြစ်တဲ့အတွက် သူတို့သည် သင်ထောက်ကူကလည်း အလွယ်တကူ ရှိပြီးသား၊ ရပြီးသား ဖြစ်တဲ့အတွက် မူလတန်းသိပ္ပံ သင်ဖို့အတွက် အစစအရာရာ အဆင်ပြေပြီးသားပါ။ အသုံးချတတ်ဖို့ လမ်းညွှန်ထားပါတယ်။ 

Voice : အသစ်က ဘာတွေရမှာပါလဲ။ 

Dr.KTM : အားသာချက်အနေနဲ့ ပြောရင် အိမ်စာ မပါပါဘူး။ ကလေးတွေက သူ့တို့ဘာသာ သူတို့ အတန်းထဲမှာ ကြည့်မယ်။ လေ့လာမယ်။ သင်တန်းပေးတဲ့အခါ လေ့လာမှုကို ဘယ်လိုလုပ်ရမလဲ ဆိုတာလည်း ထဲထဲဝင်ဝင် ပြောပြီးသား ဖြစ်တဲ့အတွက် အဲဒီလို လုပ်သွားတဲ့အတွက် သူတို့ လုံးဝပြန်ကျက်စရာ မလိုဘူး။ ကျွန်မတို့ စမ်းသပ်သင်ကြားကြည့်တဲ့ အချိန်မှာလည်း ဒါတွေကို တွေ့ရပါတယ်။ ကလေးက ကျက်စရာမလိုဘဲ သူ့ဟာသူ လုပ်ကိုင်တဲ့အတွက် သူက ဒီအယူအဆကို သူ့ဟာသူ တစ်ခါတည်း ရသွားတာ။ သူက Learning by Doing နဲ့ ရသွားတာ။ အဲဒီအချိန်မှာ ဘာထပ်ပေးသလဲ ဆိုတော့ အတွေးအခေါ်လည်း လုပ်ခိုင်းတယ်။ အဲဒီအတွက်ကြောင့် ဘာထူးခြားသလဲဆိုရင် သင်ရိုးသစ်နဲ့ သင်ရိုးဟောင်း ကွာခြားချက်က ကလေးကို အတွေးအခေါ် လုပ်ဖို့ လုပ်ပေးတယ်။ ကလေးကို လက်တွေ့လုပ်ရင်း လေ့လာစေတာ။ 

Voice : ကောင်းလာတာ ရှိသလို အားနည်းချက်ကရော ဘာတွေရှိမလဲ။ 

Dr.KTM : အားနည်းချက်လို့တော့ ပြောမရဘူး။ ဘာရှိသလဲဆို ကျွန်မတို့ ဆရာမတွေက ဒီအသစ် ပြောင်းလဲသွားတာတွေကို အားလုံးက တက်ညီလက်ညီနဲ့ တည့်တည့်မှန်မှန်လေး လုပ်နိုင်ဖို့ ကျွန်မတို့လည်း ရင်ထဲမှာတော့ ပူပန်တယ်။ ဒါပေမဲ့ အများကြီး ပူပန်တာ မဟုတ်ဘူး။ သေးသေးပဲ။ 

Voice : အကြောင်းအရာ ပိုများလာတဲ့အခါ ကလေးတွေ ပိုဝန်ပိစေမလား။ 

Dr.KTM : မြင်လိုက်ရင်တော့ အကြောင်းအရာတွေ များလာတယ်။ လက်တွေ့လုပ်ရမှာတွေ များလာတယ်လို့ မြင်ရပေမယ့် ကလေးတွေ လုပ်ကြည့်တဲ့အချိန်မှာ ကလေးတွေက အရင်ထက် ပိုတောင်ပျော်တယ်။ သူတို့ ဒီလိုလေ့လာနေရတဲ့အတွက် တက်ကြွတယ်။ သူတို့အတွက် ပိုဝန်ပိမယ်လို့ မရှိဘူး။ သူတို့ လန်းဆန်းတက်ကြွ ပျော်ရွှင်စွာ သင်ယူရမှာ ဖြစ်ပါတယ်။

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)