News

POST TYPE

TEACHER'S VOICE

အခြေခံပညာရေး သင်ရိုးသစ်
26-Jan-2017 tagged as ဆရာ

အခြေခံပညာရေးကို ၁၂ တန်း ပညာရေးစနစ် (KG+12) သို့ ဦးတည်ပြောင်းလဲနေသည်။ ထိုသို့ ပြောင်းလဲရာတွင် သင်ရိုးညွှန်းတမ်းများကို တစ်နှစ်ချင်း၊ တစ်တန်းချင်း ပြောင်းလဲသွားမည် ဖြစ်သည်။ ယခု ပညာသင်နှစ်တွင် သူငယ်တန်း (KG) ကို သင်ရိုးအသစ်ဖြင့် စတင်ခဲ့သည်။ လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်းကို သင်ရိုးအသစ်ဖြင့် သင်ကြားမည် ဖြစ်သည်။ လာမည့်နှစ် ပထမတန်း သင်ရိုးသစ် မြန်မာစာနှင့် အနုပညာ (ဂီတ) ဘာသာရပ်မည်သို့ ပြုပြင်၊ ပြောင်းလဲပြဋ္ဌာန်းထားသည်ကို Create Project (သင်ရိုးရေးဆွဲ ပြုစုရေးအဖွဲ့) ဘာသာရပ်အလိုက် သင်ရိုးရေးဆွဲရေးအဖွဲ့ ခေါင်းဆောင်များကို The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

“ကျောင်းသားတင် မဟုတ်၊ မိဘအတွက်ပါ ရည်ရွယ်တာ” 
ဦးကျော်မြင့် (အနုပညာ (ဂီတ) ဘာသာရပ် သင်ရိုးရေးဆွဲရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်)

Voice : အနုပညာ (ဂီတ) ဘာသာရပ် ရည်ရွယ်ချက်က ဘာလဲ။ ထူးခြားချက်က ဘာလဲ။ 

UKM : ရည်ရွယ်ချက်က ကျောင်းသားတွေ ကျောင်းမှာပျော်ရွှင်လာမယ်။ စိတ်ချမ်းသာမယ်။ ရသကို ခံစားတတ်လာမယ်။ စုပေါင်းပြီး လုပ်တတ်လာမယ်။ ရိုးရာအမွေအနှစ်ကိုလည်း ထိန်းသိမ်းတတ်လာမယ်။ ရိုးရာအမွေအနှစ်ပါပဲ။ မြန်မာ မပါပါဘူး။ ကချင်မှာလည်း ကချင်ရိုးရာ အမွေအနှစ် ရှိမယ်။ ရှမ်းဆိုရင်လည်း ရှမ်းရိုးရာအမွေအနှစ် ရှိမယ်။ ထိန်းသိမ်းတတ်လာမယ်။ အဲဒါကတော့ ခြုံငုံတဲ့ ရည်ရွယ်ချက်ပါ။ အဲဒါအပြင် ၂၁ ရာစု ကျွမ်းကျင်မှုက နိုင်ငံတကာနဲ့ ယှဉ်တဲ့အခါ ကျွန်တော်တို့ ကလေးတွေက ဘာအားနည်းသလဲဆို ဂီတမှာ အကြားအာရုံ ကောင်းတယ်။ ပြန်ဆိုနိုင်တယ်။ ဒါက မြန်မာရဲ့ ဗီဇက ရှိပြီးသား။ ငယ်ငယ်ကတည်းက သီချင်းတွေနဲ့ ပျော်လာတဲ့ ကလေးတွေ။ ဒါပေမဲ့ ကျွန်တော်တို့မှာက ဂီတသင်္ကေတပိုင်း၊ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ ဂီတသင်္ကေတပိုင်းကို သုံးကြတယ်။ အခု အာဆီယံနိုင်ငံလို တွေ့ဆုံမှုမျိုးမှာ ကျွန်တော်တို့ ကလေးတွေက Notes တွေ မဖတ်တတ်ဘူး။ မမြင်ဖူးဘူး။ ဒါတွေကို တခြားနိုင်ငံကလေးတွေက ဖတ်နိုင်တယ်။ ဘာကြောင့်လဲ။ အဲဒါကို ကျွန်တော်တို့က လေ့လာတယ်။ သူတို့တတ်ကျွမ်းအောင်၊ မီသွားအောင် ဒီသင်ရိုးထဲ ထည့်ဆွဲတာ...။ ရတဲ့စာသင်ချိန်က တစ်နှစ်မှ ၃၆ ချိန်ပဲ ရှိတယ်။ အဲဒီဟာကျတော့ အဲဒီအချိန်နဲ့ ကန့်သတ်ပြီး ကလေးရဲ့ လိုက်နိုင်မှုနဲ့အပေါ် မူတည်ပြီးတော့ ဧရိယာသုံးခု အဆို၊ အက၊ အတီးပေါ့။ နယ်ပယ်သုံးရပ်နဲ့ ဒီစာအုပ်ကို ဖွဲ့စည်းထားတယ်။ 

Voice : ကျောင်းသားမိဘတွေဘက်ကလည်း ဘာသာရပ်တွေ များမနေဘူးလား ဆိုတာမျိုး ပြောတာမျိုး ကျွန်တော်ပြန်ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောဖို့ ရှိပါမလဲ။ 

UKM : ကျွန်တော်တို့ ရေးကြတော့မယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၂နှစ်ကျော်ကတည်းက ဆယ်ဘာသာဆိုရင် မိဘတွေဆီကနေ လာလိမ့်မယ်။ ‘ကျောင်းသားက ကျောပိုးအိတ်ကြီး ထမ်းပြန်ရမှာလား။ ကျောပိုးအိတ် ပိတာနဲ့ ခါးကုန်းလေးတွေ ဖြစ်တော့မယ်’ ဒါမျိုးလာတယ်။ ဆယ်ဘာသာ ဆိုပေမယ့် ပြန်ကြည့်တဲ့အခါ အကုန်လုံးက ကျောင်းသားရဲ့ ဖွံ့ဖြိုးမှု လိုအပ်ချက်အတွက် ထည့်ထားတာ။ မိဘတွေက ဘာစိုးရိမ်လဲဆို သူတို့ကလေးတွေ အဲဒီစာတွေကျက်၊ ကလေးမှာ စာတွေ ပိနေမှာပါ။ ကျွန်တော်တို့ ဘာသာတွေမှာ အဲဒီဟာတွေ ပိနေမှာ မဟုတ်ဘူး။ ဘာသာအရသာ ကွဲနေတာ။ အနုပညာ (ပန်းချီ) နဲ့ အနုပညာ (ဂီတ) မှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ တီထွင်မှုလေးတွေ၊ စိတ်ပျော်ရွှင်မှုတွေ ဖြစ်မယ်။ ဒီအပိုင်းမှာ ကလေးတွေက စိတ်အကျဉ်းအကျပ် လုံးဝမဖြစ်ဘဲနဲ့ ပျော်ရွှင်စရာ အချိန်လေးတွေပဲ ဖြစ်မယ်။ နောက် သူတို့ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ နူးညံ့ညင်သာတဲ့ ပြောဆိုမှု၊ အနုပညာကို ခံစားတတ်တဲ့ စိတ်ရှိအောင် ဒီဟာကို ထည့်ကိုထည့်ပေးတာ။ နိုင်ငံတကာမှာလည်း ဒီတိုင်းရှိနေတာပဲ။ တကယ်လို့ ဒီဟာတွေက မလိုအပ်ဘဲ များနေတယ်ဆိုရင် ပညာရေးစနစ် တိုးတက်နေတဲ့ နိုင်ငံတွေက ဒီဘာသာတွေ ထည့်မှာမဟုတ်ဘူး ကျွန်တော် ပြောရဲတယ်။ သူတို့ အောင်မြင်နေတာပဲ သူတို့သိတာပေါ့။ သူတို့လုပ်နေတာကြာပြီ။ ကျွန်တော်တို့ လုပ်နေတာ အခုမှလုပ်တာ။ ဒီဟာတွေဟာ ကလေးအတွက် အပန်းတကြီး မဖြစ်စေဘူး။ ကလေးတွေအတွက် ဒုက္ခမရောက်စေဘူး။ စာမေးပွဲဆိုလည်း မပါဘူးပေါ့လေ။ အတန်းထဲမှာတော့ သူတို့ရဲ့ ပါဝင်လုပ်ဆောင်မှုကို အကဲဖြတ် ဖြတ်မှာပေါ့။ ဂီတနဲ့ ပတ်သက်ပြီး သူရဲ့လုပ်ဆောင်မှု ဘယ်လောက်လုပ်တယ်ဆိုတဲ့ မှတ်တမ်းကတော့ ဆရာမက လုပ်ထားမယ်။ အောင်၊ ရှုံးတာတွေနဲ့ မသက်ဆိုင်တဲ့အတွက် ကလေးအတွက် ပြဿနာ မရှိဘူး။ ကလေးကျောင်းနေပျော်လာတာပဲ ရှိမယ်။ ကလေး စိတ်နှလုံး နူးညံ့လာမယ်။ နိုင်ငံတကာအဆင့်မီတဲ့ ဂီတအကြောင်း သိလာမယ်။ 

Voice : ဆရာ၊ ဆရာမတွေကို ပုလွေတစ်ယောက် တစ်ချောင်းနဲ့ သင်တယ်။ ဂီတနဲ့ ပတ်သက်လို့ သင်ထောက်ကူ တူရိယာပစ္စည်းကျတော့ ကျောင်းသားတစ်ယောက်ချင်းစီအလိုက် အသုံးပြုခွင့်ရမှာမို့လား ခင်ဗျ။ 

UKM : တစ်ယောက်တစ်ချောင်းကိုင်ရင် ကောင်းပါတယ်။ ကျွန်တော်တို့ကို ပညာရေးဘတ်ဂျက် အကြောင်း ညွှန်ချုပ်တွေက ပြောပြတယ်။ ဒီစာအုပ်က ပညာရေးစနစ်အရ အခမဲ့ ပေးရတာ ဆိုတော့ တစ်နိုင်ငံလုံး ပြန်ခြုံလိုက်တဲ့အခါ အတန်းတွေ များလာတယ်။ ကျောင်းတွေကလည်း ထပ်ဆောက်ရဦးမယ်။ ပညာရေးဘတ်ဂျက်တွေ တိုးတာ ဒီလောက်ကို မထုတ်နိုင်ဘူးလား မေးခွန်းထုတ်ကြပါလိမ့်မယ်။ ညွှန်ချုပ်တွေ ရှင်းပြတာ ငွေက ရှိတယ်။ အဲဒါထုတ်ပြီး အဲဒါသုံးလိုက်မယ့်အစား သူ့ထက်ပိုအကျိုးရှိတဲ့နေရာ သုံးရမှာဖြစ်လို့ ပုံနှိပ်စာအုပ်ကို ထားပြီးတော့ ဗီနိုင်းတွေနဲ့ သင်မယ်။ ဒါပေမဲ့ လိုအပ်တဲ့ ကိရိယာတွေကို နိုင်ငံတော်က ပံ့ပိုးမယ်လို့ ပြောတယ်။ ပန်းချီဆိုရင်လည်း ပန်းချီ၊ ဂီတဆိုရင်လည်း ပလွေ၊ စည်း၊ ဝါး စသဖြင့်ပေါ့။ ပုံနှိပ်စာအုပ်ကိုတော့ ကျောင်းသားကိုင်ဆိုပြီး ကျောင်းသားလက်ထဲကို မပေးလိုက်နိုင်ဘူး။ ကျောင်းသားတစ်ယောက်ကို တစ်အုပ်သွားမှာ။ ဒါက ဟိုတုန်းက ပုံနှိပ်စာအုပ်လို မဟုတ်ဘူး။ အရောင်တွေနဲ့ ဖြစ်သွားပြီ။ တန်ကြေးကလည်း တက်သွားတယ်။ တစ်နှစ်တစ်ခါ ပေးလိုက်ရမှာ မလွယ်ဘူးဆိုပြီး လူကြီးတွေက ပြောပြပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ရေးတာ ထုတ်ချင်တာပေါ့။ ကလေးလက်ထဲ ရောက်အောင် ကျွန်တော်တို့ တအားကြိုးစားရေးခဲ့တာ။ အဲဒီတော့ ကလေးလက်ထဲ ဒီဟာရောက်သွားရင် မိဘလည်း တွေ့သွားမယ်။ ဒီလိုသင်တာလားဆိုပြီး မိဘတွေလည်း စိတ်ဝင်စားလာမယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရည်ရွယ်ချက်က ကျောင်းသားတင်မဟုတ်၊ မိဘအတွက်ပါ ရည်ရွယ်တာ။ အခုတော့ မိဘက မတွေ့နိုင်တော့ဘူး။ ဆရာနဲ့ ကလေးပဲ သိနိုင်တော့မှာ။ အမှန်ဆို လူထုဆီပါ ရောက်သွားတော့ ပိုကျယ်ပြန့်တာပေါ့။ 

ဂီတသင်တာက ထိုင်းမှာရှိတယ်။ စင်ကာပူ ရှိတယ်။ ဘူတန်ရှိတယ်။ အမေရိကန်၊ ဗြိတိန်၊ ဂျပန်ကို မပြောဘူး။ သူတို့ဆီမှာ အဲဒီစာအုပ်တွေ ရှိတယ်။ အဲဒီစာအုပ်တွေ လေ့လာတယ်။ သူတို့ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံအစ လေ့လာတယ်။ သူတို့နိုင်ငံကလေးက ဒီအတန်းမှာ ဂီတစာအုပ်ကို လိုက်သင်ရပြီ။ လှလှပပလေးနဲ့ စိတ်ဝင်စားမှုရှိတယ်။ ကျွန်တော်တို့ ဒါကိုကြည့်ပြီး လုပ်ခဲ့ကြတာ။ ‘ကိုယ့်နိုင်ငံမှာတော့ လုပ်နိုင်ပြီ’ ဆိုပြီး အပြောင်းအလဲ ဆိုရင်တော့ ‘အိုကေပဲကွာ’။ ‘ဒီအပြောင်းအလဲမှာ အကောင်းဆုံးဖြစ်အောင်’ ဆိုပြီး ချလိုက်တာပဲ။ နောက်ဆုံးတော့ ဘတ်ဂျက်ပေါ့။ လူကြီးတွေ ပြောသလို ဒီထက်အကျိုးရှိတဲ့ေ နရာတွေ သုံးရဦးမှာ ဆိုတော့လည်း ကျွန်တော်တို့ဟာ မထုတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အစိုးရက လိုအပ်တဲ့ ကိရိယာပစ္စည်းကိုတော့ ပံ့ပိုးပေးမယ်။ ပုံနှိပ်စာအုပ်ကတော့ ဘတ်ဂျက်အနေအထား အရပေါ့။ ညွှန်ချုပ်ကြီး ပြောပြတာက မပေးနိုင်ဘူး မဟုတ်ဘူး။ ပေးနိုင်တယ်။ ဒီငွေတွေ ကုန်သွားမယ်။ ဒီထက်အရေးကြီးတာတွေ အဆောက်အအုံတွေ ရှိသေးတယ်။ ၁၂ နှစ်အထိ တဖြည်းဖြည်းတိုးတာ ဆိုတော့ သုံးစရာတွေလည်း ရှိသေးတော့ တဖြည်းဖြည်း လုပ်ယူမယ်။                         

“ကလေးတွေ ပျော်ရွှင်မယ်လို့ ကျွန်မ အနေနဲ့ မျှော်လင့်တယ်”
 ဒေါ်သောင်းသင်းအေး (မြန်မာစာသင်ရိုး ရေးဆွဲရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်)

Voice : ပထမတန်း မြန်မာစာသင်ရိုးအသစ်က အဟောင်းနဲ့ ဘာကွာပါသလဲ။ ဘာကွာသလဲဆိုတာ အသွင်အပြင်ကအစ အထဲက အကြောင်းအရာကိုရော ဆိုလိုချင်တာပါ။ 

DTTA : အဓိက မြန်မာစာဟာ မူရင်းစာအုပ် (ယခင် သူငယ်တန်း မြန်မာစာအုပ်) ကိုပဲ အခြေခံထားပါတယ်။ မူရင်းစာအုပ်မှာလည်း ကိုက်ညီတဲ့ အချက်တွေ အများကြီးရှိတယ်။ ကျွန်မတို့ မြန်မာစာ တခြားဘာသာနဲ့ မတူဘူး။ ဗျည်း၊ သရတွေ ဘယ်လိုမှ ပြောင်းလဲလို့ မရဘူး။ ဒါကြောင့် မြန်မာစာမှာ မူရင်းစာအုပ်ကို အခြေခံပါတယ်။ အခြေခံတဲ့အခါ ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေက (၁) ပုံတွေ ဝေဝေဆာဆာ ထည့်တယ်။ (၂) သင်ရိုးသစ်မှာ ထပ်ထည့်တဲ့အချက်က အနာ၊ အကြား။ အနာ၊ အကြားပြောတဲ့အခါ ကျွန်မတို့က တစ်ခါမှ မထည့်ဖူးတဲ့ ပုံပြင်လေးတွေ ထည့်ထားတယ်။ ပုံပြင်က ငါးပုဒ် ပါပါတယ်။ ကလေးစိတ်ဝင်စားစရာ ကောင်းအောင်၊ စိတ်ဝင်စားမှုရအောင် ရုပ်ပုံနဲ့ ဝေဝေဆာဆာ ထည့်ပေးထားတယ်။ နောက်ထပ်က ဥပမာ- ‘က’ ဗျည်းရွတ်ဆိုတဲ့အခါ ‘က ကလေးငယ် ချစ်စဖွယ်’ ဆိုရင် သင်ရိုးသစ်မှာ အမည်၊ အသံ၊ ရေးဆွဲပုံ ရေးဆွဲနည်း၊ ရုပ်ပုံရော တစ်ခါတည်း ထည့်ထားပေးတယ်။ အရင်က ရုပ်ပုံပဲ ပါပါတယ်။ ဒါပေမဲ့ အသစ်မှာကျတော့ သူနဲ့သက်ဆိုင်တာကို ကလေးတွေ ပိုစိတ်ဝင်စားမှု ရှိအောင် လုပ်ပေးထားတယ်။ ဒါက အဟောင်းနဲ့အသစ် ထူးခြားချက်ပါ။ 

Voice : တတ်မြောက်မှု စစ်ဆေးခြင်းကို ဘယ်လိုပုံစံနဲ့ ထည့်ထားတာပါလဲ။ ဘယ်လိုစစ်ဆေးနည်းတွေ ရှိတာပါလဲ။ 

DTTA : တတ်မြောက်မှု စစ်ဆေးခြင်းကို ဥပမာ- ဆရာမတို့က ‘က’ ကနေ ‘င’ အထိ သင်ပြီးသွားပြီဆိုရင် လေ့ကျင့်ကြရအောင်ဆိုတဲ့ အပိုင်းလေးနဲ့ ဥပမာ- ဒီရုပ်ပုံ လေးကြည့်ပါ။ ဘာသံနဲ့စသလဲ။ ‘ခွေး’ ဆိုရင် ဒီထဲမှာ ခခွေးသံ ပါသွားပြီလေ။ ဒီလိုသင်ခန်းစာနဲ့ သက်ဆိုင်တဲ့ တတ်မြောက်မှု စစ်ဆေးခြင်းတွေက သင်ခန်းစာတစ်ခုပြီးတိုင်း ထည့်ထားတယ်။ နောက်တစ်ခု ထူးခြားချက်ကတော့ နောက်ဆုံးအနေနဲ့ ဝေါဟာရ အသုံးတွေ ထည့်ထားတာပါ။ ဒါက အရင်တုန်းက မထည့်ထားပါဘူး။ မူလတန်းအောက်ဆင့် ပထမတန်းသင်ပြီးလို့ ရှိရင် ဒီဝေါဟာရတွေက ဒီနှစ်ကျောင်းသား၊ ကျောင်းသူတွေ တတ်မြောက်သွားတဲ့ ဝေါဟာရများ၊ သုံးထားတဲ့ ဝေါဟာရများဆိုတဲ့အပိုင်း ထည့်ထားတာ ပါတာပါ။ 

Voice : အသစ်က ကျောင်းသားတွေအတွက် ဘာတွေကောင်းမှာလဲ။ 

DTTA : ကျွန်မတို့ အကောင်းဆုံးဖြစ်အောင် ခေတ်နဲ့လျော်ညီအောင်တော့ ပြုပြင်၊ ပြောင်းလဲပြီးတော့ အကြံပေးပညာရှင်၊ ပါမောက္ခတွေ အဆင့်ဆင့် သူတို့ရဲ့လမ်းညွှန်ချက်တွေနဲ့ ရေးထားတာပဲ။ ဒါပေမဲ့ ပုံနှိပ်စာအုပ်က ဘယ်လောက်ကောင်းကောင်း သင်တဲ့ဆရာ အပေါ်လည်း မူတည်ပါတယ်။ ကျွန်မတို့ကတော့ အကောင်းဆုံးဖြစ်အောင် ထည့်ထားပါတယ်။ 

Voice : အသစ်တွေ ထပ်ထည့်တာရှိတဲ့အခါ သင်ရိုးအသစ်က လက်တွေ့လုပ်ဆောင်မှု အခြေပြုတယ် ဆိုပေမယ့် အဟောင်းနဲ့စာရင် အကြောင်းအရာ ပိုများနေတယ် ခင်ဗျ။ ကလေးတွေအတွက် ဝန်ပိမလား။ 

DTTA : ကျွန်မ အစောနက ပြောခဲ့သလို အဓိက အခြေခံက မြန်မာစာသည် အဟောင်းကို အခြေခံထားတယ်။ ဒါပေမဲ့ စိတ်ဝင်စားမှု ရှိအောင် ဘာထည့်သလဲဆိုတော့ ပုံပြင်လေးတွေ ထည့်တယ်။ နောက် သူတို့ စူးစမ်းလိုစိတ်ဖြစ်အောင် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတဲ့အပိုင်း ထည့်တယ်။ ဒါက စာသင်ဖို့မဟုတ်ဘူး။ အပျော်ပေါ့။ စာသင်နေရင်း စာချည်းမဟုတ်ဘဲ ကလေးစိတ်ဝင်စားမှု ရှိအောင် ဥပမာ- အခုပြောနေကြတဲ့ အတွေးအခေါ် ရသွားအောင် အဲဒီလိုချဉ်းကပ်နည်းနဲ့ ထည့်ထားခြင်း ဖြစ်ပါတယ်။ ပါဝင်တဲ့ အကြောင်းအရာပိုင်းမှာ အရင်အဟောင်းက ၄၃ ခု ရှိပါတယ်။ ထပ်ဖြည့်တာနဲ့ အသစ်မှာက ၄၉၊ ၅၀ ရှိပါတယ်။ ကျွန်မတစ်ဦးတည်း အမြင်ဆိုရင် ကလေးတွေ ဝန်ပိမယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆို အရင်နှစ်က သူငယ်တန်း (KG) ဆိုတာ ခံခဲ့တာရှိတဲ့ အတွက်ကြောင့် မြန်မာစာက အထူးသဖြင့် တိုင်းရင်းသားအားလုံး အတွက်ကို ဆိုလိုချင်တာ။ သင်ကြားရမယ့် သင်နည်းစနစ်သည် ပေးထားတဲ့ သင်ခန်းစာနဲ့ သင်ပုံ၊ သင်နည်းကအစ အသေးစိတ် ကလေးပျော်ရွှင်အောင် ဘယ်လိုချဉ်းကပ်မလဲဆိုတဲ့ အပိုင်းနဲ့ ထည့်ထားတော့ ကလေးတွေအနေနဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘူးလို့ ထင်တယ်။ ပုံတွေကြည့်နေရင်းနဲ့လည်း ကလေးတွေ ပျော်ရွှင်မယ်လို့ ကျွန်မအနေနဲ့ မျှော်လင့်တယ်။ 
                                                                  
နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)