News

POST TYPE

TEACHER'S VOICE

ပထမတန်း သင်ရိုးသစ်
19-Jan-2017 tagged as ဆရာ

အခြေခံပညာစနစ်ကို ၁၂ တန်းစနစ် (KG+12) ပြောင်းလဲရာတွင် သင်ရိုးများကို တစ်တန်းချင်း၊ တစ်နှစ်ချင်း ပြောင်းလဲသွားမည်။ ထို့ကြောင့် ယခုပညာသင်နှစ်တွင် သူငယ်တန်း (KG) ကို သင်ရိုးသစ်ဖြင့် သင်ကြားပြီး လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်း (Grade 1) ကို သင်ရိုးအသစ်ဖြင့် ပြောင်းလဲသင်ကြားမည် ဖြစ်သည်။ ထိုသို့ သင်ကြားရာတွင် ဆရာများ ကျွမ်းကျင်နားလည်ရန် ပထမတန်း သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းများကို ဧပြီလ ၂၄ ရက်မှ မေလ ၉ ရက်အထိ ၁၄ ရက်ကြာ သင်တန်းပေးမည် ဖြစ်သည်။ ယင်းကြောင့် သင်တန်းပို့ချရေး အစီအစဉ်များ၊ ပထမတန်း သင်ရိုးသစ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို သင်တန်းပို့ချရေး ဦးစီးဌာနများ ပူးပေါင်းဆောင်ရွက်ရာတွင် ပါဝင်သူ ဒေါက်တာအောင်အောင်မင်းနှင့် အခြေခံပညာ ဦးစီးဌာန ဦးစီးအရာရှိ ဦးငွေတိုးကို The Voice က ဆက်သွယ်မေးမြန်း ဖော်ပြအပ်ပါသည်။

“ထပ်ဆောင်းဘာသာရပ်တွေကိုတော့ စာမေးပွဲတော့ စစ်ချင်မှ စစ်မယ်” 
ဒေါက်တာအောင်အောင်မင်းနှင့် တွေ့ဆုံခြင်း

Voice : လာမယ့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ပထမတန်း (Grade 1) သင်ရိုးသစ် စတင်သင်ကြားဖို့နဲ့ ပတ်သက်ပြီး လေ့ကျင့်သင်တန်းပေးဖို့ ပညာရေး ဝန်ကြီးဌာန အနေနဲ့ ထောက်ကြန့်မှာ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ဆရာ။ ဘာတွေဆွေးနွေးတယ်၊ ဘယ်လိုလေ့ကျင့် သင်တန်းပေးမယ် ဆိုတာ သိပါရစေ။

Dr.AAM : အခုဟာ ဘယ်သူတွေ သင်တန်းပေးမယ်၊ ဘာတွေသင်တန်းပေးမယ် ဆိုတာ ကျွန်တော်တို့က ဆွေးနွေးမှုပဲ လုပ်နေသေးတာပါ။ အခုဟာက သူငယ်တန်း (KG) လို မဟုတ်ပါဘူး။ သူငယ်တန်း (KG) ကျတော့ တစ်ဘာသာတည်းကိုပဲ၊ တစ်ဘာသာတည်း ဆိုတာ သူငယ်တန်း ဆရာမတစ်ယောက် ဆိုရင်ကို တစ်နေကုန် အတန်းပိုင်အနေနဲ့ သူနေမှာ။ အဲဒီဆရာမ တစ်ယောက်ကိုပဲ လေ့ကျင့်သင်တန်းပေးလိုက်မှာ။ အခု ပထမတန်းမှာကျတော့ မြန်မာစာချိန်မှာ မြန်မာစာဆရာ လာမယ်။ အင်္ဂလိပ်စာချိန်မှာ အင်္ဂလိပ်စာဆရာ လာမယ်ဆိုတော့ ကျွန်တော်တို့က သင်သမျှ ဘာသာရပ်တွေ အကုန်လုံးကို လေ့ကျင့်သင်တန်းပေးရမှာပါ။ အဲဒီတော့ အရေအတွက်တွေက အများကြီး ဖြစ်လိမ့်မယ် ခင်ဗျ။ ကျွန်တော်တို့ ခန့်မှန်းထားတာက မနှစ်က သူငယ်တန်း (KG) တောင် ကိုးသောင်းကျော်ကျော်လောက် လေ့ကျင့်သင်တန်းပေးပေမယ့် အခုပထမတန်း (Grade 1) ကို ဆရာ၊ ဆရာမ နှစ်သိန်း၊ နှစ်သိန်းခွဲလောက် သင်တန်းပေးဖို့ မှန်းထားတယ်။ အခု အဲဒါလုပ်ဖို့အတွက် ဆွေးနွေးပွဲပါ။ ဘယ်လိုလုပ်မလဲ၊ ဘယ်ဘာသာကို ဘယ်နှယောက်ခေါ်မလဲ၊ တစ်ကျောင်းကို ဘယ်နှယောက်ခေါ်မလဲ အဲဒါတွေအတွက် သူတို့ကြိုတင် ညှိနှိုင်းဆွေးနွေးမှု စတာပါ။ 

Voice : နောက်တစ်ခုက ပထမတန်း သင်ရိုးသစ်မှာ ဘာသာရပ် ဆယ်ခုပါပါတယ်။ အရင်တုန်းကတည်းက ရှိတဲ့ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ ဒါတွေသင်တာတော့ ရှိပါတယ်။ ဆိုတော့ ဒီသင်ရိုးသစ်နဲ့ စနစ်သစ်မှာ ဒီဘာသာရပ်တွေကို ကျောင်းစာသင်ချိန်အတွင်း နေ့တိုင်းသင်မှာပါလား ခင်ဗျ။ 

Dr.AAM : အဲဒီဟာတွေ အတွက်လည်း ကျွန်တော်တို့ ဆွေးနွေးနေတာပါ။ အဓိကတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ နောက် စာရိတ္တနှင့် ပြည်သူ့နီတိပေါ့။ အဲဒီဘာသာရပ်တွေကတော့ အဓိကကျမယ် ထင်တယ်။ ကျန်တာတွေကတော့ မူလတန်းမှာက ထပ်ဆောင်းသင် ဘာသာရပ်တွေလို့ ခေါ်တာပေါ့။ စာမေးပွဲတွေလည်း စစ်မှာမဟုတ်ဘူး ခင်ဗျ။ ဒါပေမဲ့ ကျောင်းသားက Physical Education လည်း သိရမယ်။ ပန်းချီလည်း ဆွဲတတ်ရမယ်။ ဂီတလည်း လုပ်တတ်ရမယ်။ ဒါပေမဲ့ အဲဒါ (ထပ်ဆောင်းဘာသာရပ်) တွေကိုတော့ စာမေးပွဲတော့ စစ်ချင်မှ စစ်မယ်။ ဒါတွေကိုလည်း ကလေးတွေက မသိလို့မှ မရတာ။ ကလေးတွေက စာရေးချင်စိတ် ရှိသလို  ပန်းချီဆွဲချင်စိတ် ကလေးလည်း ရှိမှာပဲ။ ဂီတလုပ်ချင်တဲ့ ကလေးလည်း ရှိမှာဆိုတော့ အဲဒီဟာတွေကို သူ အားသန်ရာ အားသန်ရာကို လုပ်ပေးဖို့အတွက် အဲဒီဘာသာရပ်တွေကို ကျွန်တော်တို့က ထည့်ထားပေးတာပါ။ ဆွဲထားပေးတာပါ။ နောက်တစ်ခါ တက္ကသိုလ်ကြီးတွေလို ကျောပိုးအိတ်ထဲ လွယ်လာပြီး ကျောင်းမှာ သင်တဲ့ပုံစံမျိုးလည်း ဖြစ်ချင်မှဖြစ်မယ်။ တခြားပုံစံမျိုးလည်း ဖြစ်နိုင်မယ်။ အဲဒါတွေအတွက် ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းနေတာပါ ခင်ဗျ။ 

Voice : မြို့နယ်အဆင့် သင်တန်းတွေက ဧပြီလကုန်ပိုင်းကနေ မေလအထဲ ၁၄ ရက် လုပ်မယ်လို့ သိထားရပါတယ်။ 

Dr.AAM : ကျွန်တော်တို့ ဇွန်လတစ်ရက် ကျောင်းဖွင့်မှာ ဆိုတော့ ကလေးတွေအတွက် ကျောင်းမဖွင့်ခင် ပြီးအောင် လုပ်ထားရမှာပါ။ ၁၄ ရက်နဲ့ သင်တန်းက လုံလောက်ပါ့မလား၊ ရသွားပါ့မလား ဆိုတော့ ရနိုင်ပါတယ်။ ဆရာ၊ ဆရာမတွေက အစိမ်းတွေမှ မဟုတ်တာ။ ကျွန်တော်တို့ အထဲထဲက ဆရာ၊ ဆရာမတွေပဲလေ။ သင်္ချာဆိုရင် ရှင်းတယ်ခင်ဗျာ။ မူလတန်းအဆင့် ဆိုရင် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားပဲပေါ့။ အဲဒါကို ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်းအထိ ပေါင်းတာ၊ နုတ်တာ စသဖြင့်ပါ။ အရင်သင်ရိုးမှာလည်း သင်္ချာရဲ့ အခြေခံသဘောတရားကို သိထားပြီးသားပါ။ အဲဒါတွေ သင်ထားပြီးသား ဆိုတော့ ကျွန်တော်တို့ သင်တန်းကာလ သီတင်းနှစ်ပတ် ဆိုတာ လုံလောက်ပါတယ်။ စာအသစ်တို့၊ Course အသစ်တို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ချဉ်းကပ်တဲ့ နည်းတွေ၊ ပုံနှိပ်စာအုပ်ကတော့ အသစ်ဖြစ်သွားပြီပေါ့။ ဒါပေမဲ့ ဥပမာ- သင်္ချာဆို သင်္ချာရဲ့ အခြေခံသဘောတရားတွေပါပဲ။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေက ပြဿနာ မရှိပါဘူး။ အဲဒီအချိန်နဲ့ လုံလောက်ပါတယ်။ 

Voice : ပုံနှိပ်စာအုပ်အသစ် ဆိုတာ ဘာကိုဆိုလိုတာပါလဲ ခင်ဗျ။ 

Dr.AAM : ပုံနှိပ်စာအုပ်ကြီးအတိုင်း သွားရင် ကလေးဆိုတာ ပျင်းစရာ ကောင်းနေမယ်။ အရုပ်လေးတွေနဲ့၊ အရောင်လေးတွေနဲ့ ဓာတ်ပုံလေးတွေနဲ့ ခြယ်ထားရင် ကလေးကို ဆွဲဆောင်မှု၊ စိတ်ဝင်စားမှု ပိုရှိစေတာပေါ့ ခင်ဗျာ။ စာတွေချည်းပဲ တစ်နေ့လုံး သင်နေရင် ကလေးက ဘယ်ဆွဲဆောင်မှု ရှိတော့မလဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ စာတွေဆိုရင် သိပ်ဖတ်ချင်တာ မဟုတ်ဘူးလေ။ အရုပ်ကလေးနဲ့ အောက်ကစာလေးနဲ့ တွဲထားရင် ဖတ်ချင်သေးတယ်။ အဲဒီတော့ ဆိုလိုတာက ကလေးက သူ့စာအုပ်ကိုသူ ဖတ်ချင်စိတ် ပိုဖြစ်လာအောင် အဆင်အပြင်လေးတွေကအစ အဲဒီလို ပြောင်းလဲထားပါတယ်။ 

Voice : ဒီလိုဆိုရင် အခုသူငယ်တန်း (KG) သင်ရို မပြောင်းခင်က သူငယ်တန်းမှာ ပြဋ္ဌာန်းတဲ့သင်ရိုးက  အခုပထမတန်း (Grade 1) သင်ရိုးအဖြစ် ပြဋ္ဌာန်းတာလား ခင်ဗျ။

Dr.AAM : သင်ကြားနည်းပုံစံကိုတော့ အရင်နဲ့ မတူအောင်၊ အခုဒီဟာကတော့ သင်ကြားနည်း၊ သင်ယူနည်း၊ လေ့လာအကဲဖြတ်နည်း အဲဒါတွေကတော့ ကွဲသွားမယ် ခင်ဗျ။ ကျွန်တော်တို့က ခုမှစမယ်ဆိုတော့ ကျောင်းသားမိဘတွေဘက်က သဘောထားကိုလည်း နားထောင်ရဦးမှာပါ။ ကျောင်းသား၊ ကျောင်းသူရဲ့ အနေအထားကိုလည်း ကြည့်ရမှာပါ။ ကျွန်တော်တို့ ပြဋ္ဌာန်းစာအုပ် စရေးတုန်းကလည်း သင်ထားပါတယ်။ နောက် မိဘက ပိုသိပါမယ်။ ကိုယ့်ကလေးက သင်္ချာတွက်တတ်သလား၊ မြန်မာစာ ဖတ်တတ်သလား မိဘရဲ့သဘောထား လာမှာပါ။ ဒီနည်းကို ကြိုက်တယ်၊ ဒီနည်းကို မကြိုက်ဘူး မိဘကတော့ သူ့အိမ်က ကလေးအကြောင်း သိမှာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီး မိဘတွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း နားထောင်သွားမှာပါ။ မိဘမှ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး ဘယ်သူဖြစ်ဖြစ်ပါ။ စာအုပ်နဲ့ပတ်သက်လို့ ဖြစ်ဖြစ်၊ သင်ကြားနည်းနဲ့ ပတ်သက်လို့ဖြစ်ဖြစ် ဝေဖန်ထောက်ပြတာ၊ အကြံပေးတာကို နားထောင်သွားမှာပါ။ 

Voice : ဒါကို  ရှေ့ပြေး (Pilot Project) အနေနဲ့ စမ်းသင်တာမျိုး သုတေသန လုပ်ထားတာ ရှိပါသေးသလား။ 

Dr.AAM : အစတုန်းကတော့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်က တောက်လျှောက်ထွက်တာ။ ကျွန်တော်သိသလောက်ဆိုရင် မန္တလေးတက္ကသိုလ်က မတ္တရာ၊ ပုသိမ်ကြီး၊ မေမြို့၊ အမရပူရတို့မှာ ထွက်ခဲ့ (စမ်းသင်ခဲ့) သေးတယ်။ ရန်ကုန်ကလည်း တစ်တိုင်းလုံး တော်တော်စုံအောင် ထွက်ပါတယ်။ ပထမတန်း သင်ရိုးသစ်ကိုပဲ ကလေးတွေကို စမ်းသင်ပေးတာပါ။  ဆရာမကို ဒီသင်ရိုးပေးလိုက်ပြီးတော့ ဒီသင်ရိုးကို သင်ပြပေးပါ။ ဥပမာ-သင်္ချာ ဒီသင်ခန်းစာ သင်ပေးပါ။ အင်္ဂလိပ်စာ ဒီသင်ခန်းစာ သင်ပေးပါ။ သင်ပြပြီးတော့ ဆရာမရဲ့ သင်ပြရတဲ့ အခက်အခဲ၊ အတွေ့အကြုံ၊ ကျောင်းသားရဲ့ လိုက်နိုင်မှု၊ မလိုက်နိုင်မှု အဲဒီစမ်းသပ်မှုတွေ ပြီးခဲ့တဲ့ သုံးလ၊ လေးလ၊ ငါးလ ပတ်ဝန်းကျင်လောက်က ကျွန်တော်တို့ တောက်လျှောက်လုပ်ခဲ့ပြီ။ ဘာသာရပ်ပေါင်းစုံ အကုန်လုပ်ထားတယ် ခင်ဗျ။                           

“ကလေးတွေ မနိုင်ဝန်ထမ်းရတဲ့ အဖြစ်မျိုး မရောက်စေချင်ဘူး”
 ဦးငွေတိုးနှင့် တွေ့ဆုံခြင်း

Voice : ပထမတန်း သင်ရိုးသစ်ကို ဖတ်ရပြီလား၊ ဖတ်ပြီးပြီလား။ ဘာတွေပါတယ်ဆိုတာ သိရသလောက် ရှင်းပြပေးစေချင်ပါတယ်။ 

UNT : မဖတ်ရသေးပါဘူး။ ကျွန်တော်သိရသလောက် ဆိုရင် ပထမတန်း မြန်မာစာသင်ရိုးနဲ့ ပတ်သက်ပြီး ဥပမာ- ‘ဈ’ ရေးရာမှာ သုံးချက်ဆွဲရမှာကို နှစ်ချက်ဆွဲဆိုပြီး ထည့်ထားတာ ရှိတယ်။ အခုတော့ ပြင်လိုက်တယ်လို့ ကြားရပါတယ်။ ပြီးတော့ သရအသံ ၅၀ ရှိတယ်။ အရင်တုန်းကတော့ သူငယ်တန်းမှာတော့ ၂၆ သံ၊ ပထမတန်းမှာ ၂၄ သံ ဆိုပြီး သွားလိုက်တာ။ အခုတော့ ပထမတန်းမှာတင် သရသံ ၅၀ လုံး ထည့်မယ်ဆိုတော့ ကျောင်းသားတွေ တတ်နိုင်ပါ့မလား ဆိုတာ အကြမ်းဖျင်း သိရသလောက် တွေးမိတယ်။ အခုဟာ ပထမတန်း ရောက်တဲ့အခါ အရင်က သရသံ ၅၀ လုံး အကုန်ထည့်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါက ကျွန်တော့်အနေနဲ့ စာအုပ်ကို သေချာမတွေ့ရသေးပါဘူး။ တစ်ဆင့်ပြောသံ ကြားတာပါ။ 

Voice : ဘယ်ကကြားရတာလဲ ခင်ဗျ။ 

UNT : ပြီးခဲ့တဲ့နှစ်တည်းက ကြားရတာပါ။ ‘ဈ’ ကတော့ အဲဒီအဖွဲ့ (ပထမတန်း သင်ရိုးအဖွဲ့) ဆရာမ တစ်ယောက်ဆီက ကြားတာပါ။ သရသံ ဆိုတာတော့ ကျွန်တော့်ဆရာကြီး တစ်ယောက်က ပြောပြတာပါ။ အဲဒီဆရာကြီးက အရင်က မြန်မာစာသင်ရိုးအဖွဲ့က ဆရာကြီးပါ။ တကယ်လို့ အဲဒီလိုထည့်ထားတာ မှန်တယ်ဆိုရင် ဒါကမဖြစ်သင့်ဘူး။ တစ်နှစ်တည်းနဲ့ သရသံ ၅၀ လုံး ရအောင် သင်ဖို့မဖြစ်နိုင်ဘူး။ သင်တန်းနည်းပြ သင်တန်းတွေ၊ ကြီးကြပ်သင်တန်းတွေ နှစ်ရက်ပေးမယ် ဆိုတာရော နှစ်ရက်နဲ့ ပြည့်စုံလုံလောက်ပါ့မလား။ ပြောမယ်ဆိုလည်း ပြောစရာတွေချည်းပဲပေါ့။ အဲဒီလိုပြောမှာစိုးလို့ အသိမပေးတာလားတော့ မသိပါဘူး။  

Voice : တကယ်လို့ ပထမတန်း တစ်နှစ်တည်းမှာပဲ သရသံ ၅၀ လုံး သင်ရမယ်ဆို မဖြစ်သင့်ဘူးလို့ ပြောတယ်။ ထည့်၊ မထည့် ဆိုတာတော့ သေသေချာချာ မသိရသေးဘူးပေါ့။ သို့သော် မဖြစ်သင့်ဘူး ဆိုတာရော ဘာကြောင့် မဖြစ်သင့်တာလဲ။ 

UNT : ကလေးတွေရဲ့ အသက်အရွယ် ရှိတယ်။ ဘာသာစကားရဲ့ တတ်ကျွမ်းမှု၊ လေ့လာမှုနယ်ပယ် ရှိတယ်။ ကလေးရဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာ ရှိတယ်။ ဘာသာစကားရဲ့ လေ့လာမှုနယ်ပယ်အရ ဘယ်လိုရှိသလဲဆိုတော့ အနာ၊ အကြား၊ အပြော၊ အဆို၊ အဖတ်၊ အရေး သွားရမှာကိုး။ အဲဒီမှာ သရသံ တစ်သံကို တစ်ပတ်နဲ့ မပြီးဘူး။ အဓိက ပညာရေး စိတ်ပညာ ရှိတယ်။ ပညာရေး သင်ကြားနည်း ရှိတယ်။ အဲဒီနည်းအရ ကလေးတွေရဲ့ အခြေအနေကို ကြည့်ပြီးတော့မှ ကျွန်တော်တို့က သုံးသပ်ရတာလေ။ 

Voice : ပထမတန်း သင်ရိုးသစ်မှာ ဘာသာရပ်ပေါင်း ဆယ်ခုရှိတာ တွေ့ရတယ်။ အနုပညာက ဂီတနဲ့ ပန်းချီကို ပေါင်းမယ်ဆိုရင်တော့ ဘာသာရပ် ကိုးခုရှိတယ်။ ဆိုတော့ အခုလက်ရှိ သူငယ်တန်းက အခုလို ဘာသာရပ်တွေကို သီးခြားခွဲ ပြဋ္ဌာန်းသင်ကြားတာမျိုး မဟုတ်ဘဲနဲ့ ကျောင်းနေပျော်ရုံ၊ ဗလငါးတန် ဖွံ့ဖြိုးရုံ၊ အကူးအပြောင်း ချောမွေ့စေရုံလောက်သာ သင်ကြားပေးတာ။ စနစ်သစ် သူငယ်တန်းကနေ တက်လာမယ့်ကလေးတွေ အနေနဲ့ အခုလို ဘာသာရပ် အများကြီးကို ဗြုန်းဒိုင်းသင်ရတဲ့အခါ ဖိအားဖြစ်သွားစေနိုင်မလား။ ဘယ်လိုသုံးသပ်ပါမလဲ။ 

UNT : ဖိအားဖြစ်ပါတယ်။ ကိုးဘာသာ ဆိုပါတော့။ အရင်တုန်းက ဂီတနဲ့ ပန်းချီကို ရသပညာလို့ သတ်မှတ်ခဲ့တာ။ သို့သော် အဲဒီအကြောင်းအရာတွေက ဘာသာရပ် ခေါင်းစဉ်တွေသာ များနေတာ။ တကယ်က သူ့အကြောင်းအရာတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာပဲ။ အဓိက အဲဒီအကြောင်းအရာ ဂီတ၊ ပန်းချီ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ ပေါင်းသင်းဆက်ဆံရေး အဲဒီကိစ္စ အကုန်လုံးက ပြည်သူ့နီတိထဲမှာပဲ အကုန်လုံး အခြေခံနေတယ်။ 

Voice : စာရိတ္တနဲ့ ပြည်သူ့နီတိထဲမှာပဲ ထည့်လည်းရတယ်လို့ ပြောတာလား။ 

UNT : စာရိတ္တ မပါသေးဘူး။ ပြည်သူ့နီတိထဲမှာပဲ အခြေခံတာ။ စာရိတ္တနဲ့ ပြည်သူ့နီတိ ဆိုတာ သူတို့ဘာသာ သူတို့သတ်မှတ်ထားတာ။ အရင်တုန်းက ဆရာကြီးတွေက မူလတန်းအောက်ဆင့်မှာ ကလေးတွေသည် ဘာသာစကား နယ်ပယ်ကို ကျွမ်းကျင်ရမယ်။ ဘာသာစကားဆိုတာ တိုင်းရင်းသား ကလေးတွေကလည်း သူတို့ တိုင်းရင်းသား ဘာသာစကားကို နားလည်ရမယ်။ လေ့လာသင်ယူခွင့် ရှိရမယ်။ ဗမာကလေးတွေကလည်း ဗမာစကားကို လေ့လာသင်ယူခွင့် ရှိရမယ်။ ဒီလိုပါ။ နောက်တစ်ခုကအတွက် အချက် ကိန်းဂဏန်းပိုင်း၊ နောက်တစ်ခုက မိမိရဲ့ ပတ်ဝန်းကျင် အခြေအနေပိုင်း။ ပတ်ဝန်းကျင် အခြေအနေမှာဆို အပြောအဆို၊ အနေအထိုင်၊ အသွားအလာ၊ ပေါင်းသင်းဆက်ဆံရေး ဒီဓလေ့စရိုက်တွေ ပြည့်စုံသင့်တယ်လို့ အရင်က သတ်မှတ်ခဲ့ကြတယ်။ အခုနောက်ပိုင်းကျတော့မှသာ ဘာသာရပ် ခေါင်းစဉ်တွေ ထပ်တိုးလာကြတာပေါ့။ အနှစ်သာရကတော့ အတူတူပါပဲ။ အဲဒီတော့ ကလေးတွေ အနေနဲ့က ဥပမာ- ဘာသာရပ်တွေကို ဘယ်ဘာသာကို သင်ပါ၊ မသင်ပါ ကျွန်တော့်အနေနဲ့ မဆိုလိုသော်လည်းပဲ ကလေးရဲ့ အသက်အရွယ်၊ လက်ခံနိုင်မှု အတိုင်းအတာကို ပြန်ကြည့်ရမယ်။ အခုအတိုင်း ဘာသာရပ်တွေ သတ်မှတ်မယ်ဆို ခိုင်လုံတဲ့ သုတေသနတွေ ရှိပါသလား။ ကလေးတွေ မနိုင်ဝန်ထမ်းရတဲ့ အဖြစ်မျိုး မရောက်စေချင်ဘူး။

Voice : အမျိုးသားပညာရေး မူဝါဒကော်မရှင်က ပညာရေး မူဝါဒတွေကို အကြံပြုလမ်းညွှန်ရတဲ့အခါ ကော်မရှင်ကိုရော ဘာများပြောဖို့ ရှိမလဲ။ 

UNT : အရင်တုန်းကတော့ အမျိုးသားပညာရေး မူဝါဒကော်မရှင်နဲ့ သင်ရိုးညွှန်းတမ်း ကော်မတီ မရှိသေးလို့လို့ ပြောနေကြတာပေါ့။ အခုလက်ရှိ ရေးထားတဲ့ ပထမတန်း သင်ရိုးကိုရော လက်ရှိ မူဝါဒကော်မရှင်နဲ့ သင်ရိုးညွှန်းတမ်းကော်မတီကရော သူတို့ ဘယ်လိုသဘောထားသလဲ ဆိုတာ ကျွန်တော်တို့ မေးရမယ့် မေးခွန်းဖြစ်လာပါတယ်။ နောက်ပြီးတော့ သူတို့ (မူဝါဒကော်မရှင်နဲ့ သင်ရိုးညွှန်းတမ်း ကော်မတီ) သေသေချာချာပြန်ပြီး စိစစ်ပါသလား။ သင်ရိုးညွှန်းတမ်း ကော်မတီ ဖွဲ့စည်းပြီးပြီ ဆိုရင်လည်း ဘယ်သူတွေ ပါသလဲ။ အမျိုးသားပညာရေး ဥပဒေမှာပါတဲ့ ဒီလိုလုပ်ငန်းတွေ စီစဉ်ဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာ နယ်ပယ်စုံ အလွှာစုံမှာပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံပြုချက်တွေကို လက်ခံနားထောင်ပေးသလားဆိုတာ ဒါ မေးခွန်းတွေ ဖြစ်လာပါတယ်။ ဇူလိုင်လ အခြေခံဆွေးနွေးပွဲမှာတုန်းက JICA က တစ်ခါတည်း ဖလင်ပါယူလာပြီး ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘာသင်တန်းပေးမယ်ဆိုတာ သူတို့ရေးပြီးသားကို တစ်ခါတည်း အတည်ပြုဖို့ပဲ ပြောနေတာ။ အဲဒီတော့ ဝန်ကြီးက အမျိုးသားပညာရေး မူဝါဒကော်မရှင် မဖွဲ့ရသေးဘူး၊ သင်ရိုးညွှန်းတမ်း ကော်မတီ မဖွဲ့ရသေးဘူးဆိုတော့ သူက ပြောခဲ့တယ်။ 

Voice : ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျ။       

နေဇာကျော်   

ABOUT AUTHOR

(နေဇာကျော်)