News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (စာမေးပွဲဖြေမည့်သူများ)
12-Jan-2017
မတ်လ ၈ ရက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ စဖြေမည်။ စာမေးပွဲဖြေရန် ဇန်နဝါရီလ ၁၃ ရက်မှ စတွက်လျှင် ၅၄ ရက်သာ လိုတော့သည်။ စာမေးပွဲ နီးသည်နှင့်အမျှ စာမနိုင်သည့် ကျောင်းသားက တစ်နှစ်အကျခံပြီး နောက်နှစ်ကြိုးစားမည် ဟူသော စိတ်ကူးမျိုးဖြစ်လေ့ ရှိသည်။ ထို့အတူ ဂုဏ်ထူးမှန်းထားသူ၊ ဘာသာစုံ ဂုဏ်ထူးမှန်းထားသူ အချို့လည်း မိမိကိုယ်ကိုယ် အားမရသည့် အခြေအနေဖြစ်လျှင် ထိုသို့ စိတ်ကူးပေါ်တတ်သည်။ မိဘများအနေနှင့် မည်သို့ ထိန်းသိမ်းသင့်သည်ကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် ဆရာများ၏ သဘောထားအမြင်များကို The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“စားနေရင်း ထမင်းစားပွဲတောင် မှောက်ပစ်လိုက်တယ်”
ဒေါက်တာကြည်ရွှင် (ပါမောက္ခချုပ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်)

ကျွန်တော် အဖေတစ်ယောက် အနေနဲ့ စဉ်းစားကြည့်တယ်။ စာမေးပွဲနီးတဲ့အခါ အဓိကနံပါတ် (၁) က ကျောင်းသူ၊ ကျောင်းသားရဲ့ ကျန်းမာရေး သိပ်အရေးကြီးတယ်။ အဲဒီကျန်းမာရေးမှာ ခန္ဓာကိုယ် ကျန်းမာရေး ပါသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း အရေးကြီးတယ်။ အထူးသဖြင့် မိဘတွေဟာ ကျောင်းသူ၊ ကျောင်းသားတွေ အပေါ်မှာ တော်တော်ဖိအားပေးတယ်။ ကျွန်တော် နားလည်သလောက် ဆိုရင် ဘယ်လောက်ဖိအားပေးသလဲ ဆိုရင် သား၊ သမီးက မခံနိုင်လို့ စားနေရင်း ထမင်းစားပွဲတောင် မှောက်ပစ်လိုက်တယ်။ အဲဒါမျိုးတွေ မိဘတွေဘက်က ဂရုစိုက်ရမယ်။ မိဘတွေ အနေနဲ့ စာမေးပွဲဖြေမယ့် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အရေးကြီးတယ်။ အထူးသဖြင့် မိဘတွေဟာ ကိုယ့်သားသမီးကို ဖြစ်ချင်ဇောနဲ့ အလွန်အကျွံ ဖိအားမပေးဖို့ အရေးကြီးတယ်။ နံပါတ် (၂) ကတော့ ကျောင်းသူ၊ ကျောင်းသားရဲ့ ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်ကို ဘယ်လိုအကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မလဲဆိုတဲ့ ချဉ်းကပ်မှုကိုလည်းပဲ လက်မလွှတ်သင့်ဘူး။ ကျွန်တော် မိဘတစ်ယောက် အနေနဲ့ စဉ်းစားရင် အဲဒါအရေးကြီးတယ်လို့ ထင်ပါတယ်။ 

ဒီနှစ်စာမေးပွဲက ငါ့ရည်မှန်းချက် မပြည့်မီလောက်ဘူးဆိုတဲ့ အတွေးအခေါ်နဲ့ အဖြေလွှာကို ခြစ်ပစ်၊ ဖျက်ပစ်လိုက်တာမျိုးက မှန်တယ်၊ မှားတယ် ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပညာရေးစနစ်ကကို ဝင်ခွင့်ရွေးချယ်တဲ့ဟာ အမှတ်ရရှိမှုအပေါ် တော်တော်လေး မူတည်နေတယ်။ ဥပမာ- ယောကျ်ားလေးဆိုရင် ၅၀၀ ကျော်မှ ဖြစ်မယ်။ ဆေးတက္ကသိုလ် သေချာမယ်ပေါ့။ မိန်းကလေး ဆိုရင်တော့ တော်တော်လေးကျော်မှ သေချာမယ်။ အဲဒီတော့ တကယ်ကို ကိုယ်က ဆရာဝန်ဖြစ်ဖို့ ဆန္ဒပြင်းပြတယ်ဆိုရင် ဆရာဝန်ဖြစ်ဖို့ ဘဝမှာ သိပ်အရေးကြီးတယ်လို့ ယူဆရင် အမှတ်ခြစ်ပစ်တယ် ဆိုတာ မမှားဘူးလို့ ကျွန်တော်မြင်တယ်။ ဘာကြောင့်လဲဆိုရင် ဒီအသက်မွေးဝမ်းကျောင်းကို ဆန္ဒရှိနေတာကိုး။ ကျွန်တော်တို့ ပညာရေးစနစ်ကလည်း အမှတ်တစ်မှတ်၊ နှစ်မှတ်နဲ့ စကားအရမ်းပြောနေတဲ့ စနစ်ပဲ ရှိနေသေးတယ်။ စနစ်ဟောင်းမှာပဲ ရှိနေသေးတဲ့အတွက် ကလေးတွေက ဒီဟာမမှားဘူး။ စနစ်ကိုတော့ပြင်ဖို့ လိုတယ်။ အဲဒီအကျင့်ဖျောက်ဖို့ဆိုရင် စနစ်ပြင်ဖို့ လိုတယ်လို့ပဲ ကျွန်တော်က မြင်တယ်။ ကျွန်တော့်သားက ဒီလိုဆန္ဒရှိလို့ ဒီနှစ်မှာ မဖြစ်နိုင်သေးလို့ ခြစ်ပစ်လိုက်တာ ဆိုရင်ဆိုတော့ ကျွန်တော် လက်ခံတယ်။ ဘာကြောင့်လဲဆိုရင် စနစ်ကကို အဆင်သင့် မဖြစ်သေးလို့။ 

“ယုံကြည်ချက်ဖြည့်ဖို့ မိဘတွေဘက်က အားပေးနေတယ်ဆိုတာ ပေးသိဖို့ လိုတယ်” 
ဒေါက်တာအေးအေးမြင့် (တာဝန်ခံ ပါမောက္ခချုပ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်)

မိဘက သား၊ သမီးကို ဖြစ်ထွန်းစေချင်တယ်။ အောင်မြင်စေချင်တယ်။ ဒါက သဘာဝဖြစ်တယ်။ အဲဒီလို ဖြစ်ထွန်းအောင်မြင်စေဖို့ မိဘတွေရဲ့ ဆက်ဆံရေးက အရေးကြီးတယ်။ အတင်းအကျပ် သူတို့ကို ဖိအားပေးလို့ မရပါဘူး။ ကျန်းမာရေး ဂရုစိုက်ပြီး သူ့ကိုစိတ်ဓာတ်ခွန်အား ပေးနိုင်ဖို့ လိုပါတယ်။ စာတွေကျက်ရင်း ကျက်ရင်း များတယ်။ လိုချင်တာများမယ်။ ဂုဏ်ထူးကလည်း အပြည့်ထွက်ချင်တာ ရှိမယ်။ တချို့ကျတော့ မလိုက်နိုင်တာ ရှိမယ်။ အဲဒီအချိန် စာမေးပွဲ ရောက်တဲ့အထိ ကြိုးစားနေရမယ်။ ပြီးတော့ ပုံမှန်ကြိုးစားပြီး စိတ်ဓာတ်ကျစရာ မလိုဘူး ဆိုတာ မိဘက တိုက်တိုက်တွန်းတွန်း နှိုးဆော်ပြီး သတိပေးနေရမှာပါ။ စိတ်ဓာတ်ကျသွားတဲ့ အချိန်လည်း အားပေးနိုင်ရမယ်။ ပညာရေး စိတ်ပညာ အရတော့ မိဘရဲ့ အနီးကပ် စောင့်ရှောက်အားပေးမှုနဲ့  ကလေးရဲ့ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ကို နာနာထည့်ပေးဖို့နဲ့ ပြင်ဆင်မှုတိုင်းမှာ မိဘက ကျန်းမာရေး စောင့်ရှောက်ပေးဖို့ပါ။ တချို့ကျတော့ စီးပွားရေး အခြေအနေအရ မစောင့်ရှောက်နိုင်တာ ရှိတယ်။ အဲဒါဆိုလည်း သူ့ကို စောင့်ရှောက်နိုင်တဲ့ ပတ်ဝန်းကျင်ရှိတဲ့ ဆရာ၊ ဆရာမသော် လည်းကောင်း၊ ကျောင်းက အစီအစဉ်နဲ့ခေါ်တဲ့ အနီးကပ်တွေကို လည်းကောင်း လွှတ်ပေးဖို့ လိုပါတယ်။ ပြီးတော့ ယုံကြည်ချက်ဖြည့်ဖို့ မိဘတွေဘက်က အားပေးနေတယ် ဆိုတာ ပေးသိဖို့ လိုတယ်ဆိုတာ သတိထားဖို့ လိုတယ်။

စာမေးပွဲရောက်တဲ့အခါမှာ တချို့က မရတော့ဘူး၊ ကိုယ့်ရည်မှန်းချက် မရောက်နိုင်တော့ဘူးဆိုပြီး ဖြစ်သလိုဖြေတယ်။ တချို့ကလည်း အမေ့လွန်တတ်တော့ စိတ်အေးအေးထားပြီး ဒီထိအောင် ကြိုးကြိုးစားစား ဖြေရမှာ သူတို့ရဲ့တာဝန်။ အမှတ်ပေးတာ အမှတ်ရတာက ဒီဘက်က စာစစ်သူရဲ့ တာဝန်။ မိမိကြိုးစားမှုအတိုင်း ရလဒ်ရမယ် ဆိုပြီးတော့ သုံးနာရီအပြည့် ကိုယ်တတ်မြောက်မှု စစ်ဆေးတာကိုလည်း လေးလေးစားစား ဖြေကြဖို့ မိဘများဘက်က သား၊ သမီးကို စာမေးပွဲရက်မှာ နေ့တိုင်းပြောဖို့ လိုပါတယ်။ တချို့ကလေးတွေက ရှိတယ်။ မဖြေနိုင်လို့ ခြစ်ချလိုက်တာ။ နောက်နေ့ မဖြေတော့တာဆိုတော့ ဘယ်ဘာသာရပ်မဆို လူ့ဘောင်ကို အကျိုးပြုတဲ့အတွက် အားလုံးက အဖိုးတန်တယ်။ ရတဲ့နေရာ၊ ရောက်တဲ့နေရာမှာ ကြိုးစားပြီး လုပ်လို့ရတဲ့အတွက် တစ်နှစ်ဆိုတဲ့ စာသင်ချိန်၊ စာသင်ရတဲ့ငွေ၊ မိဘတွေရဲ့ အားစိုက်မှု၊ ကလေးရဲ့ ကြိုးစားအားထုတ်မှု ကျရှုံးသွားတဲ့ ဒီတစ်နှစ် အချိန်ဆိုတာ တော်တော်တန်ဖိုးရှိတယ်။ ဒီလိုမဖြစ်အောင် စာမေးပွဲ မဝင်ခင်ကလည်း အားပေးဖို့၊ နောက်ပြီးတော့ စိတ်ငြိမ်အောင်ထားဖို့၊ မိဘဘက်က ပံ့ပိုးပေးဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ပါ။ စာမေးပွဲ မဖြေခင်အထိ ကြိုးစားရမယ့် တာဝန်ဆိုတာ ကလေးတွေ ပြောပြဖို့၊ စာမေးပွဲဖြေတဲ့ ရက်မှာလည်း သုံးနာရီအပြည့် ကြိုးစားဖြေဖို့ နေ့တိုင်း သတိပေးသင့်တယ်။ အားပေးသင့်တယ်။           

“အရှိအတိုင်း လက်ခံဖို့ ကြိုတင်ပြင်ဆင်ထားစေချင်တယ်”
ဒေါ်ဇင်မြတ်ခိုင် (အထက်တန်း အင်္ဂလိပ်စာပြ ဆရာမ၊ မကွေးမြို့)

အရေးကြီးဆုံးကတော့ ကျန်းမာရေးပါ။ စာဘယ်လောက်ပဲလုပ်ထား လုပ်ထား စာမေးပွဲနီးမှ ကျန်းမာရေး ပြဿနာဖြစ်ရင် လုပ်ထားသမျှ သဲထဲရေသွန် ဖြစ်သွားမယ်။ မိဘတွေဘက်ကလည်း သား၊ သမီး ကျန်းမာရေးကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ဂရုစိုက်ပေးပါ။ ကလေးဘက်ကလည်း အိပ်ရေးဝဝအိပ်ပါ။ အခြေခံကျန်းမာရေးကို ဂရုစိုက်ပါ။ နောက်အချက်က စိတ်အေးအေးထားပါ။ ကလေးတော်တော်များများသည် တစ်နှစ်လုံး အိယောင်ဝါးနေလာတာ များတယ်။ စာမေးပွဲနားနီးပြီ ဆိုရင်တော့ သူတို့ပျာပြီ။ ဟိုစာကြည့်ရသလိုလို၊ ဒီစာကြည့်ရသလိုလို တကယ်တမ်းကျတော့ မရဘူး။ စိတ်က စာမေးပွဲ အနားနီးတော့ ပျာလာပြီ။ ပျာလာပြီဆို နဂိုရပြီးသား အခံရှိတာတောင် မေ့သွားတတ်တယ်။ အဲဒါကြောင့် စိတ်ကိုမပျာဘဲနဲ့ စိတ်အေးအေးထားပါ။ ရပြီသားကို ခိုင်ခိုင်မာမာ ဖြစ်အောင် ထပ်ပြီးလေ့လာပါ။ 

ဒီအချိန်မှာ မိဘဘက်ကလည်း ကလေးစိတ်ပျာသထက် ပျာသွားအောင်၊ စိတ်ပူသထက် ပူသွားအောင် တအားဖိအားမပေးပါနဲ့။ ဒီအချိန်မှာ ကိုယ့်ကလေးရဲ့ အနေအထားကို မိဘက အရှိအတိုင်း လက်ခံဖို့ လိုပါတယ်။ အခြေအနေမှန်ကို မိဘကလည်း သိချင်မှသိမှာ။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်လုံး ဘော်ဒါနဲ့ ပစ်ထားလို့။ အခုချိန်က ဖိအားမပေးဘဲနဲ့ ကလေးကို အရှိအတိုင်း လက်ခံဖို့ ကြိုတင်ပြင်ဆင်ထားစေချင်တယ်။ ဇွတ်တွန်းအားပေးရင် ကလေးတွေက တခြားလမ်းလွဲ လုပ်စရာတွေ၊ ထိခိုက်တာ ဖြစ်လာနိုင်တယ်။ ထိခိုက်နိုင်တယ် ဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိတာ မထူးဇာတ်ခင်း တာပေါ့။ ထွက်ပေါက်ရှာတာပေါ့။ အလွယ်ဆုံး အနိမ့်ဆုံးအနေနဲ့ ပြောရင် မထူးတော့ဘူးဆိုပြီး ရည်းစားနောက် လိုက်သွားတာမျိုး မဖြစ်အောင်ပေါ့။ စာမေးပွဲ နီးလာရင် အဲဒီလို ဖြစ်လေ့ဖြစ်ထ ရှိတယ်။ နောက်တစ်ခုက စာမေးပွဲနီးရင် အနီးကပ် ခန့်မှန်းဆိုပြီး ထွက်လေ့ရှိတယ်။ အဲဒါတွေ နောက်ကို လိုက်မသွားသင့်သလို မိဘတွေကလည်း ခန့်မှန်းဆိုတာတွေကို တွန်းအားမပေးဖို့ လိုတယ်။ ဆိုချင်တာက စာစစ်ဦးစီးဌာနက ထုတ်တဲ့ မေးခွန်းဟောင်း ၅ စုံ ဆိုတာမျိုးက လေ့ကျင့်သင့်တယ်။ အဲဒါကိစ္စ မရှိဘူး။          

နေဇာကျော်  


ABOUT AUTHOR

(နေဇာကျော်)