News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ
04-Aug-2016

မိုးတွင်းကာလ ရေကြီး၊ ရေလျှံမှုများကြောင့် ရေလွှမ်းမိုးသည့် ဒေသများရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များကို အရေးပေါ်ပိတ်ထားရသည်။ ဇူလိုင်လကုန်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လစာထုတ်သွားသည့် ဆရာ၊ ဆရာမများ စက်လှေတိမ်းမှောက်ရာမှ သေဆုံးမှုများ ဖြစ်ခဲ့သည်။ ယခင်ကျောင်းဖွင့်ရာသီ ဇွန်လဆန်းက ရခိုင်ပြည်နယ်အတွင်း ကျောင်းသားများ ပါဝင်သည့် စက်လှေတိမ်းမှောက်ရာမှ ကျောင်းသားများ သေဆုံးမှု ဖြစ်ခဲ့သည်။ ထို့ကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပေါ်လေ့ရှိသည့် မိုးတွင်းကာလများတွင် ကျောင်းပိတ်၍ အခြားလများကို ပြောင်းလဲ၍ ကျောင်းဖွင့်ရာသီ၊ စာသင်ကာလ သတ်မှတ်သင့်၊ မသင့် အပါအဝင် သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေး အစိုးရဘက်မှ လုပ်ဆောင်ပေးသင့်သည့် အစီအမံများနှင့် ပတ်သက်၍ နိုင်ငံဝန်ထမ်း ဆရာ၊ ဆရာမများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အမြင်များကို The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“နေရာဒေသပေါ် မူတည်ပြီးတော့ ပြောင်းလဲပြီး လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ”
ဒေါက်တာအောင်အောင်မင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန) 

ကျွန်တော့်တစ်ဦးတည်း သဘောပြောရရင် အဲဒီလို လုပ်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ကျောင်းသား၊ ကျောင်းသူရော ဆရာ၊ ဆရာမရော အန္တရာယ် အကင်းဆုံး ဖြစ်တာပေါ့။ လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ အခုဆိုရင်ပဲ ရတနာပုံတက္ကသိုလ် ဆိုရင်လည်း ပိတ်လိုက်ရတယ်လေ။ ပိတ်ထားရတယ်။ အဲဒါကလည်း အဓိကက ရေက ကျောင်းသား၊ ကျောင်းသူရော ဆရာ၊ ဆရာမရော အတွက်က အန္တရာယ်တစ်ခုမဟုတ် တစ်ခု ရှိတာပဲ။ ရှိတော့ကျတော့ အဲဒီတော့ သူတို့ကို အဲဒီလို ပြောင်းလဲပြီးတော့ နေရာဒေသပေါ် မူတည်ပြီးတော့ ပြောင်းလဲပြီး လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ။ ပြောင်းလဲဖို့ ကြိုးစားမယ် ဆိုရင်တော့ အခုဟာက စာသင်တာက တစ်ပြေးညီ၊ စာမေးပွဲကလည်း တစ်ပြိုင်နက်၊ တစ်ရက်တည်းလောက် ကျင်းပကြတာကိုး။ ကျင်းပကြတာဆိုတော့ အဲဒီအခက်အခဲက တန်းပေါ်မှာပဲ။ ကျွန်တော်တို့က အခုဟာက ခုဆိုရင် ရေကြီးနေတဲ့နေရာ ရှိသလို ရေမကြီးတဲ့နေရာ ရှိတယ်။ ရေမကြီးတဲ့ နေရာကတော့ သူပုံမှန်အတိုင်း နေမြဲအတိုင်း သွားလို့ရပေမယ့် ရေကြီးလို့၊ ရေမြုပ်လို့ ပိတ်ထားရတဲ့ ကျောင်းကျတော့ ပုံမှန်အတိုင်း မသွားရဘဲ သူ့အတွက် အဲဒီအခက်အခဲတွေကတော့ စတွေ့မှာပဲ။ ပညာရေး ဝန်ကြီးဌာန (တာဝန်ရှိသူ လူကြီးတွေ) အနေနဲ့လည်း ထည့်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ သဘာဝဘေးအန္တရာယ်က အလွန်ကြောက်စရာ ကောင်းပါတယ်။ ကလေးတွေရော၊ ဆရာ၊ ဆရာမတွေရော နှစ်ဖက်လုံးကို ကြည့်ရမှာပေါ့။ ကိုယ့်ဝန်ထမ်း လုံခြုံရေးတင်မကဘူး။ ကလေးတွေ လုံခြုံရေးကိုလည်း ကျောင်းလာတယ်ဆိုတာ ကလေးရော၊ ဆရာ၊ ဆရာမရော လာရတာ ဆိုတော့လေ။ နှစ်ဖက်လုံးက အန္တရာယ် များနေတာပေါ့လေ။ အလေးထားပြီး စဉ်းစားရမှာပါ။ (မေး-ရေကြီးလို့ ကျောင်းပိတ်ရတာ အတူတူ တခြားရာသီ၊ လကို ပြောင်းဖွင့်မယ် ဆိုရင်လည်း မဖြစ်နိုင်ဘူးလား) အဲဒီလိုတော့ ရှိတာပေါ့။ သူ့အချိန် ရွေ့သွားတာပေါ့။ သူ့ မိုးတွင်းကာလ ပိတ်ရမယ့် ကာလကလည်း ဘယ်လောက်ကာလအထိ ရှည်နိုင်သလဲ။ ကြာနိုင်သလဲပေါ့။ အဲဒီလိုလေးတွေပေါ့။ အန္တရာယ်ကင်း လုံလုံခြုံခြုံ ဖြစ်တာ၊ ၁၅ ရက်လောက်နဲ့ပိတ်တာ တစ်လလောက်ထိ ကြာသွားမလား၊ အဲဒါဆိုရင် သူ့အတွက် ပြန်ပြီး တခြားစာသင်ချိန်နဲ့လေ ဘယ်လိုပြန်လုပ်ပေးရမလဲ အဲဒီအခက်အခဲတွေကတော့ ရင်ဆိုင်ရမှာပဲ။ (မေး- အဲဒါတွေကတော့ ဝန်ကြီးဌာန အနေနဲ့ရော အစိုးရအနေနဲ့ ထည့်စဉ်းစားသင့်တဲ့ အခြေအနေပေါ့) ဟုတ်ပါတယ်။

“သဘာဝရေဘေး သတိပေး ကြေညာချိန်တွေမှာ အရေးပေါ်ကျောင်းပိတ်ရက် ကြေညာသင့်ပါတယ်”
ဦးအောင်ကျော်သူ (ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အထက သက္ကလ၊ အထက်တန်းပြ)

ကျွန်တော့်သဘောထား ပြောချင်ပါတယ်။ အခုအချိန်အခါမှာ ရေကြီး၊ ရေလျှံခြင်းတွေက အရင်ကထက် ပိုများနေပါတယ်။ နောက်ပြီး ဧရာဝတီတိုင်းလို ရေလမ်းခရီး အဓိက သွားရတဲ့ ဒေသတွေလည်း ရှိပါတယ်။ ကျောင်းတက်၊ ကျောင်းဆင်း မြို့နယ်ပညာရေးမှူးရုံး၊ အစည်းအဝေးတက်၊ ရေလမ်းခရီးကို မဖြစ်မနေ သွားနေရတာတွေ ရှိပါတယ်။ သဘာဝဘေးအန္တရာယ်၊ ရေဘေးအန္တရာယ် မရှိအောင် စီမံချက်တွေ ထားသင့်ပါတယ်။ 

ဥပမာ အနေနဲ့ ရေလမ်းခရီးသွား ဝန်ထမ်းများ၊ ကျောင်းသားများအတွက် အသက်ကယ် အင်္ကျီတွေ ဌာနက အခမဲ့ ထုတ်ပေးကူညီသင့်ပါတယ်။ သဘာဝရေဘေး သတိပေး ကြေညာချိန်တွေမှာ အရေးပေါ်ကျောင်းပိတ်ရက် ကြေညာသင့်ပါတယ်။ နောက်ပိုင်း အောက်တိုဘာ၊ ဒီဇင်ဘာ ကျောင်းပိတ်ရက်တွေမှာ အစားထိုး ပြန်လည်တက်ရောက်နိုင်ပါတယ်။ ရုံးကိစ္စ၊ သင်တန်း၊ အလုပ်ရုံ ဆွေးနွေးပွဲ စတာတွေကို ဖြစ်နိုင်ရင် မိုးတွင်းရေကြီးချိန် သဘာဝဘေး ကျရောက်ချိန်တွေမှာ ဌာနက နားလည်သဘောပေါက် ရက်ရွှေ့သင့်ရင် ရွှေ့ပေးရပါမယ်။ ဒီလိုမဟုတ်ဘဲ ကျောင်းမပိတ်ရဲ၊ မသွားဘဲ မနေရဲ ရေများချိန် ကျောင်းပျက်တဲ့ ကျောင်းသားတွေ အပြစ်ပေးခံရတာမျိုး၊ ဝန်ထမ်းတွေ မရောက်လို့ အဆူခံရတာမျိုး ဒီလိုနားလည်မှု မပေးတဲ့ ဖြစ်ရပ်တွေ ဆက်မရှိရင် ပိုကောင်းပါလိမ့်မယ်။ 

“နွေရာသီကျတော့ ကလေးတွေက ရေရှားမှုဒဏ်နဲ့လည်း လာပြီး အခက်အခဲ ဖြစ်ဦးမှာပဲ”
ဒေါ်နီနီဝင်း (ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ပုလဲကျေးရွာ မူလတန်းပြဆရာမ)

ကျွန်မကတော့ အခုစာသင်ချိန်အတိုင်းပဲ ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေရာသီ ဆိုရင်တော့ ပူပြင်းတဲ့အချိန် ဖြစ်တယ်။ နောက်ပြီးတော့ နွေရာသီဆိုရင် ပွဲလမ်းသဘင်လည်း များတဲ့အတွက် ကလေးတွေ ကျောင်းကို ရောက်လာမယ် မထင်ဘူး။ နောက်ပြီးတော့ ဒီလိုရေကြီး၊ ရေတက်တယ် ဆိုတာကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတာတော့ မဟုတ်ဘူး။ ဖြစ်တဲ့ နေရာလည်းဖြစ်တယ်။ မဖြစ်တဲ့ နေရာလည်း မဖြစ်ဘူးပေါ့။ ဖြစ်နေတဲ့ နေရာကိုတော့ ပြောင်းလဲချင် ပြောင်းလဲလို့ ဖြစ်မယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့တော့ ပြောင်းလဲလို့ မဖြစ်ဘူးလို့  ကျွန်မ ထင်တယ်။ ဒီဘက်ဒေသမှာကျတော့ ဖြစ်တဲ့ဒေသ နည်းတယ်။ ဧရာဝတီတိုင်းက ရေရှိတဲ့ဒေသ ဆိုတာတော့ မှန်တယ်။ ဒါပေမဲ့ ဖြစ်တာက ဟင်္သာတတို့လောက်ပဲ ဖြစ်တာ။ ဒါကလည်း ပြောရမယ်ဆို ရေက စုပ်သွားမယ်ဆို ပါသွားတာပဲ။ ရေက အထက်ဒေသတွေကို ရေက အိုင်နေတာမျိုး၊ တင်နေတာမျိုး မဟုတ်ဘူး။ တကယ်လို့ ကျောင်းကို ဇူလိုင်လအစား နွေရာသီလောက်ကို ဆက်သွားမယ်ဆို နွေရာသီကျတော့ ကလေးတွေက ရေရှားမှုဒဏ်နဲ့လည်း လာပြီး အခက်အခဲ ဖြစ်ဦးမှာပဲ။ နေကလည်း ပြင်းတယ်။ ဒါတွေကလည်း ဆက်နွှယ်လာဦးမှာပဲ။ နောက်ထပ်လည်း စာမေးပွဲဖြေဆိုတဲ့ လတွေကလည်း မတူညီတာ ဖြစ်လာနိုင်တယ်လို့ ယူဆတယ်။                                               

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ရေမဝင်တဲ့ ဒေသက ဆရာ၊ ဆရာမတွေက လက်ခံပါ့မလား”
ဒေါ်ဖြူဖြူခိုင် (ရေစကြိုမြို့နယ်၊ ဇီးကျွန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ သူငယ်တန်း (KG) ဆရာမ)

အဲဒါကျတော့ ရေဝင်ဒေသ ဆရာ၊ ဆရာမတွေ သဘောထားက ပိုပြီးအရေးပါမှာပါ။ နွေရာသီ ပိတ်ရက်ထဲကဆို မေလပဲ ရှိမှာပေါ့။ မတ်လထဲမှာ ကျတော့လည်း ဆယ်တန်းက ဖြေတယ်။ ဧပြီလမှာ စာစစ်တယ်။ မေလမှာလည်း ၂၅ ရက်ဆို ကျောင်းအပ်လက်ခံတယ်။ ရွှေ့မယ်၊ ပြောင်းမယ် ဆိုရင်တော့ ရတာပေါ့။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ရေမဝင်တဲ့ ဒေသက ဆရာ၊ ဆရာမတွေက လက်ခံပါ့မလား။ အခုဆို ရေကြီးတဲ့ ဒေသတွေက ရေတကယ်ဝင်ရင် ရေကြီးလို့ ကျောင်းပိတ်နေကြတာပဲလေ။ ပြီးမှ ရက်အစားတက်ပေါ့။ နောက်ပြီး တရားသေ သတ်မှတ်ဖို့ကျ ရေက နှစ်စဉ် ဒီလိုပါလို့ ကြိုတင်မခန့်မှန်းနိုင်ဘူးလေ။ ဒီရက်၊ ဒီရက် ရေကြီးလို့ ကျောင်းပိတ်တယ် ဆိုတာမျိုးပေါ့။ ရေကြီးတဲ့ ဒေသတွေက ဆရာတွေအတွက် အစိုးရက ဘယ်လိုအစီအစဉ်တွေနဲ့ လုံခြုံမှု လုပ်ပေးသင့်သလဲ၊ ဆောင်ရွက်ပေးသင့်သလဲ ဆိုတာကတော့ အဲဒီသဘောထားကျတော့လည်း အဲဒီလို ဒေသက ဆရာ၊ ဆရာမတွေက ပိုပြီး ပြောနိုင်မယ် ထင်တယ်။ သူတို့မှာ ဘယ်လိုအခက်အခဲ ရှိတယ်ဆိုတာ သူတို့ကိုယ်စား တစ်ထပ်တည်းကျအောင် ကိုယ်စားပြု မပြောနိုင်ဘူး။  

“ဆရာ၊ ဆရာမတွေ သွားလာရတာ မိုးတွင်းတော့ နည်းနည်းအခက်အခဲ ရှိတယ်”
ဦးစိန်အောင် (ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အဲဒါကတော့ ရာသီဥတု အခြေအနေဆိုတာ ခန့်မှန်းရခက်တယ်။ အချိန်မတော်လည်း ဖြစ်တတ်တာပေါ့။ ဆိုတော့ အဲဒါကို ကျွန်တော် ဘယ်လိုသဘောထား ပေးရမလဲဆိုရင် ဒါက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ပြောဖို့တော့ ခက်တယ်။ ဒေသတစ်ခုချင်းစီရဲ့ အလိုက်ဆိုရင်လည်း ကျွန်တော်တို့ ချင်းပြည်နယ်အတွက် ဆိုရင် သိပ်ပြီး ပြဿနာတော့ မရှိဘူး။ ဒါပေမဲ့ မြစ်ဝကျွန်းပေါ်နဲ့ တချို့ မြေနိမ့် (ရေဝင်) ပိုင်း ဆိုရင်တော့ အချိန်မရွေး ရေကြီးအန္တရာယ်က လာနိုင်တာကိုး။ ဆိုတော့ အဲဒါတော့ သိပ်ခက်မှန်းရခက်တယ်။ ပြောလို့မရဘူးလေ။ ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ မြို့နယ်တွင်းက ကျောင်းသား၊ ကျောင်းသူတွေ နိုင်ငံ့ဝန်ထမ်းတွေ ဆရာတွေ အခက်အခဲက မိုးတွင်းကာလမှာ အဓိကတော့ စာသင်ခန်းတွေ မလုံလောက်တာ။ ကျောင်းအဆောက်အအုံတွေ မကောင်းဘူး။ အဲလိုဆိုတဲ့အခါ မိုးယိုတာတွေ ရှိတာပေါ့။ စက်လှေနဲ့ သွားလာရတဲ့ အခါလည်း သတိတော့ ထားရမှာပေါ့။ ဆရာ၊ ဆရာမတွေ သွားလာရတာ မိုးတွင်းတော့ နည်းနည်းအခက်အခဲ ရှိတယ်။ အထူးသဖြင့် ကျွန်တော်တို့ ချင်းပြည်နယ် ပလက်ဝမှာဆိုရင် စာသင်ကျောင်း ပညာရေးနဲ့ ပတ်သက်ရင် စာသင်ခန်း မလုံလောက်တာ၊ နောက်ပြီးတော့ ဆရာ၊ ဆရာမ မလုံလောက်တာ ဒီဟာက အဓိက ပြဿနာ ရှိတယ်။ ချင်းပြည်နယ်မှာ တချို့နေရာတွေမှာတော့ မြေပြိုတာတွေ ရှိတယ်။ ဒါကတော့ မိုးများရင်တော့ များတဲ့အလျောက် အရင်တုန်းကတော့ သိပ်မရှိဘူး။ နောက်ပိုင်းမှာ သစ်တောပြုန်းတီးမှုကြောင့် အကျိုးဆက်တွေအဖြစ် ဖြစ်တာပေါ့။ ရေကြီးတာလည်း သစ်တောပြုန်းတီးမှုနဲ့ ဆိုင်တာပဲ။ မြစ်ကျတော့ စီးဆင်းတာ နှေးတယ်။ တောင်ကျချောင်းရေကျတော့ စီးဆင်းတာမြန်တော့ ရေကြီးတာပေါ့။ မိုးရွာတာနဲ့ ရေက အထိန်းမရှိတော့ အဲဒါကြောင့်လည်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။            

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)