News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (နည်းပညာ အသုံးပြု သင်ကြားရေး )
01-Dec-2016
တက္ကသိုလ် ပဋိညာဉ်၊ အဆင့်မြင့်ပညာရေး ဥပဒေများ အတည်ပြ ပြဋ္ဌာန်းပြီးလျှင် တက္ကသိုလ်များသည် ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် လှုပ်ရှားရမည် ဖြစ်သည်။ ထိုအခါ ကျောင်းသား၊ ကျောင်းသူများကို ကောင်းမွန်သော ပညာရေး၊ ခေတ်မီသော နည်းပညာများကို အသုံးပြု သင်ကြားပေးရတော့မည် ဖြစ်သည်။ ကောင်းမွန်၊ ခေတ်မီသော ပညာရေး မပေးနိုင်သည့် တက္ကသိုလ်များ နောက်ကျန်ခဲ့မည် ဖြစ်သည်။ နည်းပညာ အသုံးပြု သင်ကြားသင်ယူမှုကို ကောင်းမွန်စွာ အသုံးချနိုင်သည့် တက္ကသိုလ်က နာမည်ကောင်းရမည် ဖြစ်သည်။ ရှေ့ရောက်မည် ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် အခြေခံပညာအဆင့် ကျောင်းများတွင် ကွန်ပျူတာ အသုံးပြု သင်ကြားရသည့် အခြေအနေများအကြောင်း ဖော်ပြခဲ့သည်။ ထိုနည်းတူ တက္ကသိုလ်များတွင်လည်း ကွန်ပျူတာ၊ နည်းပညာ အသုံးပြုသင်ကြားမှု အခက်အခဲများ ရှိနေသည်ကို ဆရာများထံမှ လေ့လာသိရှိရပါသည်။ ထို့ကြောင့် ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် တက္ကသိုလ်များတွင် ကွန်ပျူတာ၊ နည်းပညာ သုံးစွဲသင်ကြားရမှု အခြေအနေများနှင့် ပတ်သက်၍ ဆရာများ၏ ပြောကြားချက်များကို ဖော်ပြလိုက်ပါသည်။

“ကွန်ပျူတာခန်းတွေကို အခမ်းအနားတွေ ကျင်းပပြီး ဟန်ဆောင်ပန်ဆောင် ဖွင့်ခဲ့ကြတယ်”
ဒေါက်တာလှိုင်ထွန်းအောင် (ကထိက၊ ရူပဗေဒဌာန၊ မကွေးတက္ကသိုလ်)

စစ်အစိုးရ လက်ထက်တုန်းက ကွန်ပျူတာခန်းတွေကို အခမ်းအနားတွေ ကျင်းပပြီး ဟန်ဆောင်ပန်ဆောင် ဖွင့်ခဲ့ကြတယ်။ ဖွင့်ပွဲအခမ်းအနား ပြီးတာနဲ့ ကွန်ပျူတာခန်းတွေကို သော့ခတ်ပြီး ပိတ်ထားခဲ့ကြတယ်။ ကွန်ပျူတာခန်းဆိုတာ လူကြီးလာမှ ဖွင့်တဲ့အခန်း၊ ကွန်ပျူတာဆိုတာ လူကြီးလာမှ သုံးရတဲ့ပစ္စည်း ဖြစ်ခဲ့တယ်။ ပြည်သူတွေတင်တဲ့ အစိုးရလက်ထက်မှာ ဒီအကျင့်ဆိုးကြီးကို ပြင်လိုက်ကြပါတော့လို့ ပြောလိုပါတယ်။ သော့ခတ်ထားတဲ့ အခန်းတွေကို ဖွင့်ပေးလိုက်ပါ။ 

ကျောင်းသားတွေကို သတ်မှတ်ထားတဲ့ အချိန်မှာ (အမှန်တကယ်တော့ အချိန်မရွေး ဖြစ်စေချင်) ကွန်ပျူတာတွေ ဝင်ရောက်သုံးစွဲခွင့် ပေးသင့်ပါတယ်။ စာကြည့်တိုက်မှာ စာအုပ်များ ငှားရမ်းဖတ်ရှုခွင့် ပေးသလို ကွန်ပျူတာခန်းများကိုလည်း ကျောင်းသားများကို အသုံးပြုခွင့် ပေးသင့်ပါတယ်။ စာကြည့်တိုက်တွေမှာ စာကြည့်တိုက်ကတ်တွေ လုပ်ပေးပြီး စာဖတ်ခွင့် ပေးသလို ကွန်ပျူတာ သုံးစွဲခွင့်ကတ်တွေ ထုတ်ပေးပြီး သုံးစွဲခွင့်ပြုလျှင် အဆင်ပြေလောက်ပါတယ်။ တက္ကသိုလ်တွေမှာ ကွန်ပျူတာ လုပ်ဆောင်ရေးမှူးတွေ ခန့်ထားတာ ရှိတယ်။ သူတို့ကို ဦးဆောင်စေပြီး လုံလောက်တဲ့ ဝန်ထမ်းအင်အားများ ချထားပေးမယ်ဆိုလျှင် ကွန်ပျူတာတွေ ဖုန်တက်နေမှာ မဟုတ်တော့ဘူး။ 

ဒီအစီအစဉ်ကို အကောင်အထည်ဖော်နိုင်မယ် ဆိုလျှင် အခုပြောနေကြတဲ့ ပညာရည် မြင့်မားရေး ရည်ရွယ်ချက်ကိုလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ ကျောင်းသားတွေကြောင့် ပျက်သွားမယ် ဆိုလျှင်တောင်မှ သုံးလို့ပျက်သွားတာ တန်ပါတယ်။ ပြောသာပြောရတာ အခုတောင်မှ ကွန်ပျူတာတွေက ကောင်းနေပါ့မလား။ အရင်စစ်အစိုးရ လက်ထက်က ကွန်ပျူတာတွေ၊ ပီဖိုးဆယ်လာရွန်တွေကို ဈေးကောင်းကောင်းနဲ့ ရောင်းထားတာတွေဆိုတော့ မော်ဒယ်လ်တွေကအောက် ပစ္စည်းတွေကမစုံ၊ မောက်စ်မရှိ ကွန်ပျူတာ၊ ကီးဘုတ်မရှိ ကွန်ပျူတာ၊ ပစ္စည်းစုံလို့ ခလုတ်ဖွင့်လိုက်တော့ ပါဝါကမလာ။ ဘယ်လာမလဲ။ ပါဝါဆပ်ပလိုင်းမှ မရှိတော့တာ။ ဒီလိုဒီပုံ ကွန်ပျူတာခန်းများပါဗျားလို့သာ ဟစ်လိုက်ချင်ပါတော့တယ်။                          
“ကွန်ပျူတာမပါဘဲ Programming သင်ရတယ်”
ဒေါက်တာဇော်မျိုးလှိုင်  (လက်ထောက်ကထိက၊ ရူပဗေဒဌာန၊ ကျောက်ဆည်တက္ကသိုလ်)

ဒီနေ့ခေတ်ဟာ ICT ခေတ်ပါ။ ဒီတော့ ကွန်ပျူတာ အသုံးပြုမှုကို အရင်ကထက် အများကြီး ပိုများလာပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းရဲ့အစီအမံနဲ့ ကွန်ပျူတာ သုံးစွဲခွင့် ဆိုတာဟာ ခေတ်နဲ့ပြောင်းပြန်ကြီးကို ဖြစ်နေပါတယ်။ ကျောင်းသားအများစုဟာ အခြေခံပညာမှာတုန်းကလည်း စာနောက် (အမှတ်နောက်) လိုက်နေရတာကြောင့် ကွန်ပျူတာနဲ့ ထိတွေ့မှု နည်းခဲ့တယ်။ တက္ကသိုလ် ရောက်တော့လည်း ကျောင်းရဲ့စီမံမှု အနေနဲ့ဆိုရင် ကွန်ပျူတာနဲ့ ထိတွေ့မှု လုံးဝဆိုရလောက်အောင် မရှိပြန်ပါဘူး။ တကယ်တော့ ကွန်ပျူတာသင်တန်းတွေ ကျောင်းအစီအမံနဲ့ မြိုင်မြိုင်ကြီး ပို့ချပေးသင့်ပါတယ်။ 

လက်ရှိ အခြေအနေမှာတော့ ရှိပြီးသား CTC (Computer Training Center) ကွန်ပျူတာခန်းတွေတောင် ပိတ်ထားဆဲပါပဲ။ ပြောရရင် ဒီအခန်းတွေ ဖွင့်ထားပေးတယ် ဆိုရင်တောင် လက်ရှိအနေအထား အရဆို ထူးတော့မထူးပါဘူး။ ဘာလို့လဲဆိုရင် ရှိပြီးသား ကွန်ပျူတာတွေက မော်ဒယ်လ် တော်တော်နိမ့်နေပြီ။ တချို့ကျောင်းတွေမှာဆို Pentium II အဆင့်လောက် စက်ဟောင်းတွေက များတာပါ။ စက်တွေရဲ့ မော်ဒယ်လ်က နိမ့်တော့ Up to date ဖြစ်တဲ့ Software တွေ ထည့် Run လို့လည်း မရပါဘူး။ Basic Level ရှိတဲ့ ကွန်ပျူတာ သင်ခန်းစာတွေကိုတောင် Up to date Version နဲ့ မပို့ချနိုင်ပါဘူး။ (ဥပမာ- Microsoft Office 2010 လို Software မျိုးပေါ့) နောက် Physics  မေဂျာမှာဆိုရင် Programming ဘာသာရပ်တစ်ခု ဖြစ်တဲ့ C Program နဲ့ Mathcad Software အသုံးပြုမှုတွေကို ဒုတိယနှစ် သင်ခန်းစာမှာ ထည့်သင်တယ်။ ကွန်ပျူတာ မပါဘဲ Programming သင်ရတယ်။ သင်တဲ့ဆရာက ပြဋ္ဌာန်းစာအုပ်ထဲက စာကို White Board ပေါ်မှာ ရေးပြ၊ ရှင်းပြတယ်။ ကျောင်းသားက ဗလာစာအုပ်မှာ လိုက်မှတ်တယ်။ နောက် စာမေးပွဲဖြေဖို့ အလွတ်ကျက်တယ်။ မေးတယ်။ ဖြေတယ်။ အောင်တယ်။ 

Programming လုပ်တယ်ဆိုတာ တကယ် လက်တွေ့လုပ်နေတဲ့သူတွေ ကောင်းကောင်းသိကြပါတယ်။ တကယ့် ကွန်ပျူတာပေါ်မှာပဲ လုပ်လို့ရတာ။ အစက်အပြောက် (Dot) လေးတစ်လုံး၊ ဆီးမီးကော်လံ (Semicolon) လေး တစ်လုံးစာ ပိုတာ၊ လိုတာနဲ့တင် Program က Run လို့ မရတော့ပါဘူး။ ဒါတွေကို သင်တာ လက်တွေ့ ကွန်ပျူတာတစ်လုံးမှ မပါဘူး။ နောက် Electronics လို ဘာသာရပ်မျိုး သင်ကြားတဲ့ အခါမှာလည်း ဥပမာ- Proteus လို Software တွေနဲ့ Simulation လုပ်ဖို့ လိုတဲ့နေရာမှာ Computer ဟာ မရှိမဖြစ် လိုအပ်တာ ဖြစ်ပါတယ်။ တခြားသော ဘာသာရပ်တွေမှာလည်း ကွန်ပျူတာ အသုံးပြုရတဲ့ အပိုင်းတွေ အများကြီးကို ရှိပါတယ်။ ကွန်ပျူတာတွေသာ အဆင့်မီမီ ရှိနေပြီး အင်တာနက်နဲ့သာ ချိတ်ဆက်ပေးထားနိုင်မယ် ဆိုရင် ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ Offline uae e-Book တွေ ဖတ်ဖို့ရှိသလို Online uae ကနေ ပညာရပ်ဆိုင်ရာ စာတမ်းတွေ ဗဟုသုတရမယ့် စာတွေ ရှာဖွေလေ့လာ ဖတ်ရှုဖို့ နိုင်ပါမယ်။

ဒီတော့ နည်းပညာခေတ်မှာ ကျောင်းသားတွေကို ကွန်ပျူတာနဲ့ ထိတွေ့မှု များများဖြစ်အောင် ဖန်တီးပေးဖို့ လိုပါတယ်။ ကွန်ပျူတာ သုံးစွဲမှုဟာ CTC ခန်းတွေမှာသာ ထားပေးရုံတွင် မဟုတ်ဘဲ စာကြည့်တိုက်တွေ၊ စာသင်ခန်းတွေမှာပါ ကွန်ပျူတာတွေ များများစားစား ထားပေးရပါမယ်။ Wi-Fi လိုင်းကောင်းကောင်းနဲ့ အင်တာနက် သုံးစွဲနိုင်အောင် စီမံပေးထားနိုင်ရပါမယ်။ တက္ကသိုလ်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ လူသားအရင်းအမြစ် (Human Resource) တွေ ထုတ်ပေးရာ ပင်မအဆောက်အအုံကြီးပါ။ အဲဒီအဆောက်အအုံကြီးထဲကနေ လောကကို၊ ဘဝကို လှမ်းကြည့်နိုင်ဖို့ ကြိုတင်ပြင်ဆင်ပေးရမှာပါ။ ဒီနေ့ခေတ်မှာ ကွန်ပျူတာသုံးစွဲခြင်း၊ အင်တာနက် သုံးစွဲခြင်းဆိုတာ တက္ကသိုလ်များရဲ့ ပြတင်းပေါက် တစ်နည်းဆိုရရင် တိုင်းပြည်ရဲ့ ပြတင်းတံခါးတွေပါ။ ဒီ ပြတင်းပေါက်တွေကနေ ဖြတ်ကျော်ကာ ပြင်ပကမ္ဘာရဲ့ ရှုမြင်ကွင်းများကို လှမ်းကြည့်နိုင်ကြရပါမယ်။ လက်ရှိကမ္ဘာကြီးမှာ ဘာတွေဖြစ်ပေါ် ပြောင်းလဲတိုးတက်နေသလဲ၊ ကမ္ဘာကြီးနဲ့ မျက်ခြည်မပြတ် ဘယ်လိုခရီးဆက် ကြမလဲဆိုတာ သိဖို့ရာဟာ အင်မတန် အရေးကြီးလှပါတယ်။ အချုပ်ဆိုရရင် တက္ကသိုလ်တွေမှာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေအတွက် အင်တာနက် ချိတ်ဆက်သုံးစွဲနိုင်တဲ့ စံမီကွန်ပျူတာတွေ အများကြီး ထားပေးဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ တစ်ခုစိုးရိမ်မိတာတော့ ရှိပါတယ်။ အရင်တစ်ခေတ်ကလို ကွန်ပျူတာ ဆီးသီးပန်းကြီး မှောက်မှာကိုပါ။

နေဇာကျော်


ABOUT AUTHOR

(နေဇာကျော်)