News

POST TYPE

TEACHER'S VOICE

မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ဟောင်း မစ္စတာ ရော့စ်ဒန်ကလေကို ထောင်ဒဏ် ၁၃ နှစ် အမိန့်ချ
07-Aug-2019

ရန်ကုန်၊ သြဂုတ် ၇

မြန်မာ့တိုင်းမ် ဂျာနယ်တွင် အမှုဆောင်အရာရှိချုပ်နှင့် စာတည်းမှူးချုပ်ဟောင်း တာဝန်ယူလုပ် ကိုင်ခဲ့ဖူးသည့် မစ္စတာ ရော့စ်ဒန်ကလေနှင့် Go မီဒီယာ မန်နေးဂျင်း ဒါရိုက်တာ ဗြိတိန်နိုင်ငံသား Mr. Johan Stuaet McKenzie တို့ နှစ်ဦးကို မူး/စိတ် ပုဒ်မ ၁၉ (က) ဖြင့် ထောင်ဒဏ် ၁၃ နှစ် ကျခံစေရန် အနောက်ပိုင်းခရိုင်တရားရုံးမှ ယနေ့တွင် အပြီးသတ်စီရင်ချက် အမိန့်ချမှတ်လိုက်သည်။

ယင်းအပြင် အဆိုပါအမှုတွဲတွင် ပါဝင်သော မြန်မာအမျိုးသမီး ၅ ဦးကို မူးစိတ် ပုဒ်မ ၁၉(က)/ ၂၁ ဖြင့် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

တစ်နှစ်နှင့် နှစ်လကြာ စစ်ဆေးခဲ့သည့် အဆိုပါအမှုကို ယနေ့တွင် အနောက်ပိုင်းခရိုင်တရားရုံးမှ တွဲဖက်ခရိုင် တရားသူကြီး ဒေါ်မီမီမော်မှ အပြီးသတ်စီရင်ချက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားခံများကို ချုပ်ရက်များ ထုတ်နှုတ်ခံစားခွင့်ပြုခဲ့သည်။

အဆိုပါ အမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဇွန် ၆ ရက် ညပိုင်းက ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ စမ်းရေတွင်းလမ်းရှိ မစ္စတာ ရော့ဒန်ကလေ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှ ICE ၂၆၅ ဂရမ်၊ WY အပြား ၇၀၀ ခန့်၊ ဘိန်းဆီခဲ ၃ ခဲ၊ ဆေးခြောက် ၁၅ ဂရမ်၊ ဘိန်းဖြူ ၀.၂ ဂရမ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မီဒီယာ အတိုင်ပင်ခံအဖြစ် လက်ရှိတွင် လုပ်ကိုင်နေသူ သြစတေးလျနိုင်ငံသား Mr. Ross Stirling Dunkley နှင့်အတူ ယင်းနေအိမ်အတွင်းမှ Go မီဒီယာ မန်နေးဂျင်း ဒါရိုက်တာ ဗြိတိန်နိုင်ငံသား Mr. Johan Stuaet Mckenzieနှင့် မဟန်နီစိုး၊ မဟေမန်လွင် (ခ) နန္ဒာ၊ မသူဇာ၊ မဝင်းဝင်း၊ မနှင်းအိခိုင် (ခ) သော်တာ တို့ ၅ ဦးကိုပါ တွေ့ရှိသဖြင့် မူးယစ်အမှုဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။

အဆိုပါအမှု ဖမ်းဆီးစဉ်က ယင်းအိမ်မှ အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဒေါ်တင်တင်ဝင်း၊ ခြံစောင့်အဖြစ် လုပ်ကိုင်နေသူ တူးတူး (ခ) စောမတ်သူးရှလတို့ကို တရားစွဲဆိုမတင်ပို့မီ အမှုနှင့်သက်ဆိုင်ခြင်းမရှိသည်ဟုဆိုကာ တရားရှင် လွတ်ပေးခဲ့ပြီး အမှုမှ တရားလိုပြသက်သေ ၁၆ ဦးနှင့် တရားခံပြသက်သေ ၁၅ ဦးအနက် ကိုးဦးတို့ကို စစ်ဆေးခဲ့သည်။

S-03