News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (သင်ရိုးသစ်သင်တန်းကာလ ဆရာအချို့သေဆုံးမှု)
20-Jun-2019

နွေရာသီက ပြုလုပ်ခဲ့သည့် သင်ရိုးသစ်သင်တန်းတွင် ရာသီဥတုပူပြင်းခြင်း၊ သင်တန်းကာလ ပင်ပန်းခြင်းတို့ကြောင့် ဆရာ၊ ဆရာမအချို့  အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ ကျန်းမာရေး အသိပညာ အားနည်းကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများကို အသိပညာပေးရန် ဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ချက်အပေါ် ဆရာ၊ ဆရာမများ၏တုံ့ပြန်မှုကို ဆရာများ၏ရင်ဖွင့်သံမှတစ်ဆင့် စုစည်းဖော်ပြလိုက်ပါသည်။

“ဆရာ၊ ဆရာမတွေ ကျန်းမာရေးအသိ အားနည်းကြလို့ ယူဆပါတယ်ဆိုတာကတော့ တော်တော်လေး လက်လွတ်စပယ်ပြောတယ်လို့ ခံစားရပါတယ်”
ဒေါ်နီလာဝင်း (အထက ၃၅၊ ချမ်းမြသာစည်၊ မန္တလေး)

သင်ရိုးသစ် သင်တန်းတွေမှာ ဆရာကြီး၊ ဆရာမကြီးအချို့  သေဆုံးမှု ထူးခြားဖြစ်စဉ်နှင့်ပတ်သက်ပြီး လူကြီးတွေက ဆရာ၊ ဆရာမတွေ ကျန်းမာရေးအသိ အားနည်းကြလို့ ယူဆပါတယ်ဆိုတာကတော့ တော်တော်လေး လက်လွတ်စပယ်ပြောတယ်လို့ ခံစားရပါတယ်။ သေဆုံးသွားတဲ့ ဆရာကြီး၊ ဆရာမကြီးတွေအတွက် ဒီမှတ်ချက်က သိပ်ကြေကွဲစရာပါ။ ကျွန်မအနေနဲ့ သင်ရိုးသစ်သင်တန်းတက်ရလို့ သေဆုံးကြရတယ်ဆိုတဲ့ အတွေးမျိုးနဲ့ သင်ရိုးသစ်သင်တန်းဟာ ဆိုးကျိုးတွေနဲ့ဆိုတဲ့ပုံစံ ပြောဆိုနေကြတာတွေကိုလည်း လက်မခံပါဘူး။ ဆရာ၊ ဆရာမဆိုတာ ထာဝရ ကျောင်းသားတွေဆိုတော့ သင်တန်းတက်ရတာ အကျိုးရှိပါတယ်။ သင်ရိုးသစ်ပြောင်းတာဆိုတော့ သင်တန်းက ပိုတက်သင့်တယ်လေ။ သင်တန်းပေးတဲ့အခါ ကျွန်မတို့ မြို့နယ်ကတော့ အဆင်ပြေအောင် စီမံပေးပါတယ်။ အခုဆို နွေတုန်းက အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တဲ့သူတွေအတွက် စနေ၊ တနင်္ဂနွေနေ့တွေမှာ ပြန်လည်ဆင့်ပွားနေပြီလေ။ သင်ရိုးသစ်ဖြစ်တဲ့အတွက် သင်တန်းကတော့ မဖြစ်မနေရှိနေရမှာ။ ဗဟို၊ တိုင်း၊ ခရိုင်အဆင့်ဆင့်ဆိုတာက နည်းပြသင်တန်းပါ။ မြို့နယ်အဆင့်မှာ နည်းပြနဲ့ သင်တန်းသား အချိုးအဆင်ပြေအောင် စီမံထားတာလို့ ထင်ပါတယ်။

သင်တန်းရက်ကို တချို့က ဒီဇင်ဘာလမျိုးဆိုရင် ပြောကြတယ်။ ဒေသအားလုံး အဆင်ပြေတယ်ဆိုရင် ကောင်းပါတယ်။ အေးလွန်းတဲ့ဒေသတွေအတွက်ရော ထည့်စဉ်းစားရမယ်ထင်တယ်။ ကျွန်မ ပြောချင်တာက သင်ရိုးသစ်သင်တန်းတွေ ရာသီပြင်းတဲ့အချိန်မှာလုပ်လို့ ဆရာကြီး၊ ဆရာမကြီးတချို့  အသက် ဆုံးရတယ်လို့ တစ်ယူသန်မတွေးစေချင်ပါဘူး။ ကျန်းမာရေး အားနည်းတဲ့ ဆရာကြီး၊ ဆရာမကြီးတွေအတွက် တစ်မျိုးစီမံပေးနိုင်ရင် အဆင်ပြေမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေ ကျန်းမာရေးအသိနည်းလို့ဆိုတဲ့ ယူဆချက်ကတော့ လက်အောက်ငယ်သားကို မညှာမတာ စာနာမှုမရှိ သုံးသပ်လိုက်တယ်လို့ မြင်ပါတယ်။ ကျွန်မတို့ ကျန်းမာရေးအသိ အားနည်းတယ်ဆိုတာ ဘယ်အချက်ပါလဲ။ အစားအသောက်လား၊ အနေအထိုင် အပြုအမူလား။ 

ဘာတွေ ဘယ်လိုစားရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဘာတွေ ဘယ်လိုပြုမူနေထိုင်ရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ မသိသူ မရှိသလောက်ပါ။ ဒါပေမဲ့ ရွေးချယ်စားသောက်ပြုမူနေထိုင်ဖို့အတွက် ရွေးချယ်နိုင်ခွင့်မရှိတဲ့သူက များပါတယ်။ အခုသင်တန်းမှာ နဂိုကျန်းမာရေး အားနည်းတဲ့အခံရယ်၊ ရာသီပြင်းတာရယ်၊ စိတ်ပန်းလူပန်းကြောင့်ရယ် စုံသွားလို့ ဖြစ်သွားကြတာက ပိုများပါတယ်။ ကျန်းမာရေး အသိမရှိလို့ကတော့ လုံးဝမဟုတ်ပါဘူး။ ဒီလိုစာထွက်ပြောမယ့်အစား နှစ်သိမ့်အားပေးတဲ့စာနဲ့ ကျန်းမားရေးဂရုစိုက်ဖို့ရယ် ကျန်းမာရေးအားနည်းတဲ့ ရောဂါအခံရှိတဲ့သူတွေအတွက် ဘယ်လိုစီစဉ်ပါ့မယ်ဆိုတာမျိုး စာပဲဖြစ်သင့်ပါတယ်။ ကျန်းမာရေး အသိမြှင့်တင်တဲ့အစီအစဉ်ကတော့ ကြိုဆိုပါတယ်။ သီးသီးသန့်သန့် အကုန်အကျ အများကြီးခံပြီး လုပ်နေစရာတော့ မလိုလောက်ဘူး ထင်ပါတယ်။ ကျောင်းတွေမှာပဲ ကျန်းမာရေးအသိမြှင့်တင်မှုတွေ လုပ်လို့ရပါတယ်။

သင်ရိုးသစ်သင်တန်းတွေမှာ ဆရာ၊ ဆရာမတချို့  သေဆုံးရတဲ့ထူးခြားဖြစ်စဉ်အပေါ် ကျွန်မအမြင် ဘယ်လိုမြင်သလဲဆိုတဲ့ အမေးအတွက် ကျွန်မအမြင်နဲ့ ယူဆချက်တွေပါရှင်။ သင်တန်းကာလမှာရော သာမန်အချိန်မှာရော ဆရာ၊ ဆရာမတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို တာဝန်ယူ ပိုမြှင့်တင်ပေးတာက ကျန်းမာရေးအသိ မြှင့်ပေးတာထက် ပိုပြီးထိရောက်ပါလိမ့်မယ်လို့ ထင်ပါတယ်ရှင်။ ကျွန်မအမြင်ပါ။

“သေဆုံးသွားတဲ့ ဆရာ၊ ဆရာမတွေကို ဝန်ကြီးဌာနရဲ့  ဝမ်းနည်းပါကြောင်း စာသဝဏ်လွှာလေးတောင် ရေးဖော်မရတာက ကျွန်တော်တို့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေအပေါ် အကာအကွယ်မဲ့တယ်လို့ ထင်မိပါတယ်”
ဦးရဲမင်းထွန်း (အထက (၇) ထနောင်းကုန်း၊ စလင်းမြို့ နယ်)

တကယ်ပဲ ဆရာ၊ ဆရာမတွေမှာ ကျန်းမာရေး အသိအားနည်းနေလို့ အသိပညာပေးဖို့ လိုနေတာလားဆိုတော့ လူတိုင်း အသိပညာဆိုတာ လိုအပ်တဲ့လူတွေချည်းပါပဲ။ ကျန်းမာရေးအသိပညာ အားနည်းလို့ သင်ရိုးသစ်သင်တန်းမှာ ဆရာ၊ ဆရာမတချို့  သေရတယ်ဆိုတာကိုတော့ လက်မခံပါဘူးဗျ။ ကျန်းမာရေး စောင့်ရှောက်မှုမရှိဘဲ သင်တန်းတက်နေရတဲ့ ဆရာ၊ ဆရာမတွေကို ကျန်းမာရေး အသိပညာ အားနည်းလို့ပါဆိုတော့ ဘာပြောရမှန်းကို မသိတော့ဘူး။ ဆရာ၊ ဆရာမတွေကို ကျန်းမာရေး အသိပညာပေးတဲ့ သင်တန်းပေးဖို့ လိုနေတာလားဆိုတာက ဆန်စဉ်ရာ ကျည်ပွေ့လိုက်သလို ဖြစ်နေပြီ။ တကယ်ရော ဆရာ၊ ဆရာမတွေက ကျန်းမာရေးအသိ အားနည်းလို့ အခုလို အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နေတယ်လို့ ဆရာရော ယူဆတာလားဆိုတော့ အစောကတည်းက ကျန်းမာရေး စောင့်ရှောက်မှုပေးထားခဲ့ရင် မလိုလားအပ်တဲ့ကိစ္စတွေ သိပ်ဖြစ်မှာမဟုတ်ပါဘူး။ နောက်တစ်ချက် သေဆုံးသွားတဲ့ ဆရာ၊ ဆရာမတွေကို ဝန်ကြီးဌာနရဲ့ ဝမ်းနည်းပါကြောင်း စာသဝဏ်လွှာလေးတောင် ရေးဖော်မရတာက ကျွန်တော်တို့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေအပေါ် အကာအကွယ်မဲ့တယ်လို့ ထင်မိပါတယ်။

ဒီလို ပညာရေးဝန်ကြီးရဲ့တုံ့ပြန်မှုကို ဆရာ့အနေနဲ့ ဘယ်လိုခံစားရလဲဆိုတော့ အစောကြီးကတည်းက ပညာရေးရဲ့  တာဝန်ရှိလူကြီးတွေ ဖြေကတည်းက တုံ့ပြန်မှုကို သိပြီးသားပါ။ ကျွန်တော်တော့ ဆရာ၊ ဆရာမ သေဆုံးရတာတွေအတွက် နှမြောတယ်။ ပညာရေးအတွက် ပေးဆပ်ခဲ့ရတာတွေနဲ့ ပြန်ရတဲ့တုံ့ပြန်မှု မတန်ဘူးလို့ ယူဆမိတယ်။ ထုတ်ပြန်ချက်က တကယ်တမ်းက မထုတ်ပြန်သင့်သေးပါဘူး။ သမ္မတရုံးက ညွှန်ကြားတယ်ဆိုရင်တောင် ကိုယ့်ဌာနကို ဘယ်လိုနည်းလမ်းတွေနဲ့ အသိပညာပေးမလဲဆိုတာကို ဆွေးနွေးသင့်ပါသေးတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာက ရှေ့နှစ်တွေအတွက် ဒီလိုကိစ္စမျိုးတွေ ဖြစ်မလာအောင် သင်တန်းရဲ့  အားနည်းချက်တွေ၊ အားသားချက်တွေ စုပြီး အစည်းအဝေး သဘောမျိုးထိုင်ပြီး ဆွေးနွေးစေချင်တယ်။ ဒါမျိုးကျ အသံမကြားရဘူးဗျ။

“ဆရာမတွေက ကျန်းမာရေးအသိအားနည်းတာ မဟုတ်ပါဘူး။ တာဝန်ပျက်ကွက်မှာ ကြောက်တာပါ”
ဦးခင်ဇော် (မူလတန်းပြ၊ ကုန်းရှည်၊ ညောင်ဦးမြို့နယ်)

ဆရာ၊ ဆရာမတွေဟာ ဆရာ၊ ဆရာမတွေမှာ ရှိသင့်တဲ့ ကျန်းမာရေးအသိ ရှိပါတယ်။ ပညာရေးဌာနက ကျန်းမာရေးဌာနလောက်တော့ မသိနိုင်ဘူးလေ။ အခု G-3, G-6 သင်တန်းမှာ ဆရာ၊ ဆရာမတွေ အသက်ဆုံးရှုံးမှုဖြစ်စဉ်ကိုကြည့်ပြီး ကျန်းမာရေးအသိ အားနည်းတယ်လို့မြင်ရင်တော့ အမှားကြီးမှားပါလိမ့်မယ်။ ဆရာ၊ ဆရာမတွေမှာ အကြောက်တရား များနေကြတယ်။ G3 ခရိုင်ဆင့်မှာ ဆရာမတစ်ဦး ကျန်းမာရေး မကောင်းတဲ့အတွက် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့တယ်။ ၃ ရက်လောက် ဆေးရုံတက်နေရတယ်။ ရာသီဥတုအပူချိန် မြင့်တက်နေတယ်။ ဆရာဝန်က နားစေချင်တယ်။ ဒါပေမဲ့ မြို့နယ်က တာဝန်ပေးထားတာက တစ်ခန်း ၄ ယောက်နှုန်းနဲ့ ၁၁၆ ယောက် ပေးထားတယ်။ အဲ့ဒီတော့ သူက သင်တန်းပျက်လို့ အဆင်မပြေဘူးပေါ့။ ဘယ်လိုဖိအားရှိနေလဲတော့ သူက မပြောပါဘူး။ အခြေအနေအရ မတက်သင့်ဘူးလို့ မြင်မိတဲ့အတွက် ခရိုင်ရုံးက သင်တန်းတာဝန်ခံ ဆရာမကြီးနဲ့ညှိနှိုင်းပြီး သင်တန်းပျက်ကွက်ခွင့် ပြုခဲ့ကြတယ်။ မြို့နယ်အဆင့်မှာ ပြန်တက်ပါပေါ့။ ရောဂါက နှလုံးရောဂါပါ။ 

ဒုတိယတစ်ယောက်က ဆရာမဒေါ်ခင်မေသန်း၊ အသက်ဆုံးရှုံးခဲ့ရတဲ့အထဲက တစ်ဦးပေါ့။ သူငယ်ချင်း ဆရာတစ်ယောက်ဆီက ဖုန်းဝင်လာလို့ ချက်ချင်းသွားတယ်။ ဆရာမတစ်ဦး ကျန်းမာရေးမကောင်းဘူး စိုးရိမ်ရတယ်။ ဆေးရုံပို့ပေးဖို့ ပြောတယ်။ ချက်ချင်း အပြေးလေးသွားလိုက်တော့ ဆရာရယ် ကျွန်မ သက်သာနေပါပြီလို့ ပြောတယ်။ ညနေပိုင်း ဆေးရုံအရောက် ပို့ပေးကြသေးပါတယ်။ ပြန်လာပြီး နောက်နေ့ အခန်းကပူနေလို့ အခန်းပြောင်းပြီး တက်ရောက်လိုကြောင်း ပြောတော့ အားလုံးခွင့်ပြုပေးကြပါတယ်။ သူ အခန်း ပြောင်းတက်မယ်ဆိုတဲ့နေ့ မနက်မှာပဲ ဆုံးသွားပြီဆိုတဲ့သတင်းဆိုးကြီးကို တုန်လှုပ်စွာဖြင့် သင်တန်းသား အားလုံး ကြားခဲ့ကြရပါတယ်။ ရောဂါက နှလုံးရောဂါ၊ သွေးတိုး ဆီးချိုတဲ့။ ဆရာမတွေက ကျန်းမာရေးအသိ အားနည်းတာ မဟုတ်ပါဘူး။ တာဝန်ပျက်ကွက်မှာ ကြောက်တာပါ။ 

ကိုယ့်မြို့နယ်မှာ ခရိုင်ဆင့်သင်တန်းမှာ တစ်ယောက်၊ မြို့နယ်ဆင့်သင်တန်းမှာ တစ်ယောက် ဆေးရုံကို နှစ်ယောက်ပို့ပြီး သူတို့ရဲ့ခံစားချက်တွေကိုလည်း နားထောင်ပေးခဲ့ရပါတယ်။ အခုလို အမိန့်စာကြီး ထွက်လာတော့ ရင်ထဲမှာ အောင့်သက်သက်ပေါ့။ အခုလိုထုတ်ပြန်ချက်အစား ဝမ်းနည်းကြောင်းလေး ပြောပေးရင်တောင် ဆရာ၊ ဆရာမတွေက ကျေနပ်နေကြမှာပါ။ လာမယ့်နှစ်မှာဆိုင်ရင် မူလတန်းက Grade 4၊ အလယ်တန်းက Grade7၊ အထက်တန်းက Grade10 အခြေခံပညာဆရာ၊ ဆရာမအားလုံး သင်တန်းတွေ တက်ကြရတော့မယ်။ ဆရာ၊ ဆရာမ အင်အားကလည်း အရမ်းများနေတယ်။ ရာသီဥတုက ဘယ်လိုအခြေအနေရှိမလဲမသိဘူး။ ဆရာ၊ ဆရာမတွေအတွက်ကတော့ စိုးရိမ်စရာပါ။ ကျွန်တော့်အနေနဲ့ သင်တန်းကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အနေနဲ့ တက်ချိန်၊ နားချိန်၊ ဆင်းချိန်တွေကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ပေးစေချင်ပါတယ်။

ခိုင်ချယ်ရီထွန်း