News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (စာဖတ်ရှိန်မြှင့်တင်ရေး)
06-Jun-2019

အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်တွင် စာသင်ချိန် ၈ ချိန်အထိ တိုးမြှင့်လိုက်ပြီး ထပ်တိုးစာသင်ချိန်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ဆောင်နိုင်ကြောင်း အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများတွင် မြေပြင်၌ မည်သည့်လိုအပ်ချက်၊ အခက်အခဲများရှိသည်၊ အားသာချက်များရှိသည်ကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းတင်ပြလိုက်ပါသည်။

“စာပဲကျက်ခိုင်းနေမယ်ဆိုရင်တော့ စာသင်ချိန်တိုးလိုက်တာဟာ ကလေးတွေရဲ့အချိန်ကို လုယူလိုက်တာအပြင် ဘာမှအကျိုးမရှိနိုင်ပါဘူး”
ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ တောင်ကြီးမြို့နယ်)

စာဖတ်ရှိန်မြှင့်တင်ရေးနဲ့ပတ်သက်ပြီး ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ရဲ့စီမံမှုက အခရာပါ။ ကျောင်းအုပ်က ဒီလိုဖန်တီးခွင့်ပေးပါ့မလား။ စာတွေပဲ သင်ခိုင်းမယ်၊ ကာယမလုပ်ရ စာမဖတ်ရ၊ တချို့ကျောင်းတွေ စာကြည့်တိုက်မရှိဘူး၊ အဲလိုဆိုရင် ရလဒ်က ဘယ်လိုလာမလဲ။ စာကြည့်တိုက်ရှိမယ်။ ဒါပေမဲ့ စာဖတ်ချိန် မပေးဘူး။ အောင်ချက်တွေအတွက် စာပဲသင်ခိုင်းမယ်ဆို ထိရောက်မှု မရှိနိုင်ပါဘူး။ အခုလောလောဆယ် ကျောင်းတွေမှာ စာဖတ်ရှိန်မြှင့်တင်ရေးနဲ့ပတ်သက်ပြီး အဓိကက စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ဆောင်ချက်လုပ်ဖို့ သီးသန့်အော်ဒါ ထုတ်သင့်တယ်။ တချို့ကျောင်းအုပ်တွေက အော်ဒါထုတ်မှ လုပ်ကျတာမျိုးရှိတယ်။ ကျောင်းတွေမှာ စာကြည့်တိုက်ရှိတဲ့ကျောင်းတွေရှိတယ်၊ မရှိတဲ့ကျောင်းတွေတော့ မရှိသေးဘူး။ လက်ရှိ ကျွန်တော် တာဝန်ကျတဲ့ကျောင်းမှာ စာအုပ်ဗီရိုတော့ ရှိတယ်။ အဲ့အခန်းမှာ ကျွန်တော်နေတာ။ ကလေးတွေ စာဖတ်တာမတွေ့ရဘူး။ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းလုပ်ဖို့ ဘာတွေလိုအပ်သလဲဆို ဦးဆောင်သူတစ်ယောက်လောက်တော့ ရှိသင့်တယ်။ ကလေးတွေအတွက် ဗဟုသုတဖြစ်စရာတွေ မြန်မာစာမေးခွန်းရဲ့ အဆိုအချေတွေအတွက် လိုအပ်တယ်။ တကယ်ဖြစ်စေချင်တယ်ဆို မြေပြင်အခြေအနေလေ့လာ၊ တင်ပြတာကို လေ့လာစိစစ်ပေးတာမျိုးတွေ လိုအပ်တာ ဖြည့်ဆည်းပေးသင့်တယ်။ ထိထိရောက်ရောက် ညွှန်ကြားသင့်တယ်။ ဒါဆိုဖြစ်လာမှာပါ။ ဒီလိုမှမဟုတ်ဘဲ စာပဲကျက်ခိုင်းနေမယ်ဆိုရင်တော့ စာသင်ချိန်တိုးလိုက်တာဟာ ကလေးတွေရဲ့အချိန်ကို လုယူလိုက်တာအပြင် ဘာမှ အကျိုးမရှိနိုင်ပါဘူး။

“စာဖတ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်တဲ့စာအုပ်တွေ အလုံအလောက်မရှိဘူးဖြစ်နေတယ်”
ဦးကျော်ရဲထွဋ် (အထက်တန်းပြ၊ ချောင်းဆုံမြို့နယ်)

ကျောင်းမှာတော့ စာကြည့်တိုက်တော့ ရှိပါတယ်။ ဒါပေမဲ့ နေရာအတည်တကျ ထားရှိတာမျိုး မရှိပါဘူး။ စာကြည့်တိုက်ထားဖို့ နေရာမရှိတာလည်း ပါတာပေါ့။ ကျောင်းတွေမှာ စာဖတ်ရှိန်တိုးမြှင့်ရေးအတွက် နေ့ခင်းကျောင်းလွှတ်ချိန်တွေမှာ စာကြည့်တိုက် တာဝန်ကျဆရာ၊ ဆရာမတွေက ကလေးတွေ စာကြည့်တိုက်ထဲကို စာလာဖတ်ကြဖို့ ခေါ်နေရပါတယ်။ စာကြည်တိုက်တစ်ခုမှာ ကလေးအရွယ် လူငယ်တွေအတွက် စာဖတ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်တဲ့စာအုပ်တွေ အလုံအလောက်မရှိဘူး ဖြစ်နေတယ်။ Update ဖြစ်နေတဲ့စာအုပ်တွေကို အများဆုံးထားသင့်ပါတယ်။ အဲဒီလို ကျောင်းသားတွေရဲ့အသိစိတ်နဲ့ လာဖတ်ကြတာမျိုးက နည်းပါတယ်။ ဒါ့အပြင် ဟောင်းနွမ်းနေတဲ့စာအုပ်တွေသာ အများဆုံးရှိတဲ့အတွက် ကလေးတွေ စာဖတ်ချင်စိတ် လျော့နည်းလာတာကို တွေ့ရပါတယ်။ ခုခေတ်ကလေးတွေက Mobile Phone တွေသာ ပိုပြီးစိတ်ဝင်စားကြပြီး စာအုပ်စာပေတွေကိုဖတ်ဖို့ အားနည်းလာကြတဲ့။ ဒါ့ကြောင့်မို့လို့ ကလေးသူငယ်တွေ စာဖတ်ချင်စိတ်ရှိလာဖို့ မိဘတွေမှာ ပိုတာဝန်ရှိပါတယ်။ မိမိရဲ့ကလေးတွေကို စာဖတ်ချင်စိတ်တွေဖြစ်လာဖို့ ငယ်ငယ်ကတည်းက ရုပ်ပြစာအုပ်တွေနဲ့ ကလေးတွေ စာဖတ်ချင်လာအောင် ပြုစုပျိုးထောင် ပေးရပါမယ်။ ဒါပေမဲ့ အခုလက်ရှိ တွေ့နေရတာက မိဘတွေဟာ Mobile Phone တွေ၊ Game တွေကို ကလေးတွေကို ပေးဆော့စေပြီး ငြိမ်သက်အောင် ထိန်းထားလာကြပါတယ်။ ဒါကြောင့် ကလေးတွေဟာ Phone မရှိရင် ငိုတတ်ကြပြီး Phone ပေးလိုက်ရင် အငိုတိတ်သွားကြပါတယ်။ အဲဒီလိုလုပ်ပေးတဲ့အတွက် ကလေးတွေ စာဖတ်ဖို့အတွက် စိတ်ပါဝင်စားမှု နည်းပါးလာကြပါတယ်။ တချို့မိဘတွေကတော့ မိမိရဲ့ရင်သွေးငယ်တွေကို စာအုပ်တွေ ဖတ်ရှုတတ်စေဖို့ ပြုစုပျိုးထောင်ပေးတာကိုလည်း တွေ့ရပါတယ်။ အဲဒီလို ပြုစုပျိုးထောင်ပေးတဲ့ ကလေးတွေကလည်း ကျောင်းထဲကို ရောက်လာတဲ့အခါ စာဖတ်တဲ့အလေ့အကျင့်တွေ ကောင်းမွန်လာနိုင်ပါတယ်။ စာသင်ကျောင်းတွေကလည်း ကလေးငယ်တွေအတွက် ဖတ်ရှုဖို့အတွက် စာအုပ်အမျိုးအစား အစုံအလင် ထားပေးဖို့လည်း လိုပါတယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် စာဖတ်ရှိန်မြင့်မားရေးအတွက် စာအုပ်တွေအများကြီး လိုအပ်ပါတယ်။

စာများများ ဖတ်ရှုတာဟာ ကလေးများအတွက် အသိပညာ ဗဟုသုတ တိုးပွားစေပါတယ်။ တချို့ တချို့ ဘွဲ့ရထားတဲ့လူကြီးတွေတောင်မှ စာဖတ်တဲ့ အလေ့အကျင့် မရှိတာကြောင့် မြန်မာသဒ္ဒါမှာတောင် လိင် ၄ မျိုးကိုတောင် ဂဃဏန ခွဲခြားနိုင်စွမ်းမရှိတာကို Money Drop အစီအစဉ်မှ မြင်တွေ့ခဲ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါကြောင့် စာများများ ဖတ်ရှုကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒါကြောင့် အခြေခံပညာဦးစီးဌာနက စာဖတ်ရှိန်မြင့်မားအောင် ဆောင်ရွက်ပေးရမယ့်အစီအစဉ်ကို အလွန်သဘောကျပါတယ်။ စာဖတ်ရှိန်မြင့်မားအောင် ပြုလုပ်ရာမှာ ကလေးတွေရဲ့အသက်၊ အရွယ်နဲ့ စာအုပ်စာပေမျိုးစုံ များစွာလိုအပ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။

“ညွှန်ကြားရုံသတ်သတ်နဲ့ အစိုးရပိုင်းကလည်း မကူညီရင် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေမှာပါပဲဗျ”
ဦးရဲမင်းထွန်း (အလက (၇)၊ ထနောင်းကုန်း၊ စလင်းမြို့နယ်)

စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာကျောင်းတွေမှာ လုပ်ဖို့ခဲယဉ်းကြတယ်။ စာသင်ပြီးရင်း စာသင်ကြတာဆိုတော့ မရှိသလောက်ပါပဲ။ အချို့ကျောင်းတွေမှာတော့ ကျောင်းပိုင် စာကြည့်တိုက်လေးတွေရှိပါတယ်။ ဒီစာကြည့်တိုက်တွေကို ပိတ်မထားဘဲ ကလေးတွေရဲ့ အသိဉာဏ်တံခါးကို ဖွင့်ပေးရပါမယ်။ ကလေးတွေကို စာဖတ်ချင်စိတ်ဖြစ်အောင် နှိုးဆော်ပေးရပါ့မယ်။ စာဖတ်ရှိန်မြှင့်တင်ဖို့အတွက် စာကြည့်တိုက်ဟာ အသက်ပါ။

ကျောင်းတွေမှာ စာဖတ်ရှိန်မြှင့်တင်ရေး ဘာကြောင့်လုပ်သင့်တာလဲဆိုတော့ ကျောင်းဆိုတာက ကလေးတွေအတွက် လေ့လာသင်ယူစရာ အများကြီးရှိတယ်ဆိုတာကို သိရှိခြင်းအားဖြင့် သူတို့တွေ ခေါင်းဆောင်ဖြစ်လာမယ့်အချိန် အတွေးအခေါ်ပိုင်းဟာ ရင့်ကျက်နေမှာပါ။ စာဖတ်တဲ့ကလေးနဲ့ စာမဖတ်တဲ့ကလေး ကွာဟချက်ကြီးမားလာပါတယ်။ ဒါကြောင့် ကျောင်းတွေမှာ ကိုယ်နိုင်သလောက် စာကြည့်တိုက်ကလေးကို ပျိုးထောင်ပါ။ စာကြည့်တိုက်ကို အသက်ဝင်အောင် လုပ်ပါ။ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ခြင်းအားဖြင့်၊ တွန်းအားပေးခြင်းအားဖြင့် ဘာအကျိုးရှိမလဲ။ ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် စာဖတ်စွမ်းအား ပိုလာမယ်။ ပြဿနာအချို့ကို ဖတ်မှတ်ထားတဲ့ စာအတွေ့အကြုံနဲ့ ဖြေရှင်းနိုင်မယ်။ အခြားသူကို Share ပေးနိုင်မယ်။ ဒီကနေ တစ်စတစ်စနဲ့ ပြုစုပျိုးထောင်ရင် နောင်တစ်ချိန်မှာ စွမ်းရည်ပြည့်ဝသော နိုင်ငံ့သားကောင်းတွေ ဖြစ်လာမယ်။

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းလုပ်ဖို့ ဘာတွေလိုအပ်တာပါလဲ။ စာအုပ်တွေ လိုအပ်တာလား၊ ကျောင်းသားတွေနဲ့အတူ စာဖတ်ဖို့ ဆွေးနွေးပေးတဲ့၊ ဦးဆောင်ပေးတဲ့ဆရာ လိုအပ်နေတာလားဆိုရင် နှစ်ခုစလုံး လိုအပ်တယ်ဗျ။ စာအုပ်က ပိုပြီးအဓိကကျတာပေါ့။ ဖတ်မယ့် ကျောင်းသားကျောင်းသူကရှိတယ်။ စာအုပ်ကမရှိဘူးဆိုရင် မဖြစ်ဘူး။ စာကြည့်တိုက်တော့ ရှိပါရဲ့ ဖတ်ချင်သလို ဖတ်ကြကွာဆိုရင် မဖြစ်သေးဘူးဗျ။ သားတို့ သမီးတို့ ဒီအချိန်က စာကြည့်တိုက်အချိန်၊ စာကြည့်တိုက်ကို သွားကြမယ်။ “လာ ထိုင် ဆရာမက ဒီစာအုပ်ထဲက ပုံပြင်လေးကိုဖတ်ပြမယ်။ သားတို့ သမီးတို့က နားထောင်နော်။ လာ ဒါက သုတရတနာသိုက် ဒီထဲမှာ လေ့လာစရာတွေ အများကြီးရှိတယ်။ သေချာဖတ်နော်။ ပြီးရင် ကိုယ်ဖတ်ထားတဲ့အကြောင်းကို သူငယ်ချင်းတွေကို မျှဝေပေးရမယ်။ ဒါမျိုး ဆရာကလည်း ဦးဆောင်စေချင်တယ်။ စာသင်ခန်းထဲမှာ ငြီးငွေ့လာတဲ့အချိန်မျိုးမှာ ဆရာကဦးဆောင်ပြီး ကလေးတွေကိုစာဖတ်ဖို့ စာကြည့်တိုက်ကို ခေါ်သွားတာမျိုး လုပ်စေချင်တယ်။

ဒါကလည်း ကျောင်းက ဆရာ၊ ဆရာမအင်အားနဲ့တင် စိုက်ထုတ်လို့မရဘူးဗျ။ မိဘ၊ ဆရာ၊ လူမှုအဖွဲ့အစည်း၊ ဌာန၊ အစိုးရပိုင်းက အကူအညီတွေ အများကြီးလိုတယ်ဗျ။ ခု ဒီနှစ်မှာ စာသင်ချိန် ၈ ချိန်အထိတိုးတယ်။ တိုးတဲ့တစ်ချိန်မှာ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွေ လုပ်နိုင်တယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားတယ်။ အခုလို ထည့်သွင်းတဲ့အပေါ် ဘယ်လိုမြင်ပါသလဲဆိုတော့ Positive အမြင်နဲ့ပြောရရင် ကောင်းပါတယ်။ တိုးလာတဲ့စာသင်ချိန်တစ်ချိန်ဟာ အခြားဖွံ့ဖြိုးရေးတစ်ချိန် ထည့်ခိုင်းထားပြီး ဌာနကညွှန်ကြားထားတာလည်း တွေ့ပါတယ်။ ဒါပေမဲ့ ညွှန်ကြားရုံနဲ့ မပြီးသေးပါဘူးဗျ။ တကယ်ကို ထိထိရောက်ရောက် လုပ်စေချင်တယ်ဆိုရင်တော့ ကျောင်းတွေမှာ ဘာတွေလိုအပ်သလဲ ကြည့်ရပါ့မယ်။ ဥပမာ - စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာကြည့်တိုက်တွေ လိုအပ်မယ်။ ပြိုင်ပွဲတွေ လိုအပ်တယ်။ ဒါတွေကို ဌာနအနေနဲ့ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဌာနအနေနဲ့ ဘတ်ဂျက်အခြေ အနေမရှိနိုင်ဘူးဆိုရင် အစိုးရပိုင်းအနေနဲ့ အကူအညီပေးသင့်ပါတယ်။ ကျောင်းတွေမှာ စာကြည့်တိုက်ထားရှိဖို့ သီးသန့်ရန်ပုံငွေတစ်ခုနဲ့ ဖော်ဆောင်တာမျိုး ဒါမှမဟုတ် စာအုပ်တွေ လှူဒါန်းတာမျိုးတွေ လုပ်ပေးသင့်ပါတယ်လို့ မြင်ပါတယ်။ ဒီလိုမလုပ်ဘဲ ညွှန်ကြားရုံ သက်သက်နဲ့ အစိုးရပိုင်းကလည်း မကူညီရင် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေမှာပါပဲဗျ။

“ဒေသဆိုင်ရာသင်ရိုးဆိုတာ ကျွန်တော်တို့လည်း ဘာမှန်းမသိသေးပါဘူး”
ဦးစိုးထိုက် (တာဝန်ခံကျောင်းအုပ်၊ အလက ပေါက်ပြင်၊ တောင်ကုတ်မြို့နယ်)

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ဖို့ စာအုပ်တွေလိုသလို စာဖတ်လာအောင်ညွှန်ပြပေးမယ့် ဦးဆောင်လမ်းညွှန်ပေးမယ့် ဆရာတွေလည်း လိုအပ်ပါတယ်။ ကျောင်းတွေမှာ စာဖတ်လို့ရနိုင်မယ့် နေရာတွေလည်း ဖန်တီးပေးသင့်ပါတယ်။ ဒါမှလည်း ကလေးတွေအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်ဗျ။

ဒီနှစ်စာသင်နှစ်မှာ တစ်ပတ်စာသင်ချိန် ၄၀ ရှိရပါမယ်။ အဓိကဘာသာတွေနဲ့ တွဲဖက်သင်ရိုးတွေအတွက် ၃၆ ချိန်ရှိရပါတယ်။ ဒေသဆိုင်ရာသင်ရိုးက ၄ ချိန်ပါ။ ဒေသဆိုင်ရာသင်ရိုးဆိုတာ ကျွန်တော်တို့လည်း ဘာမှန်း မသိသေးပါဘူး။ နဂိုသင်ရိုးဟောင်းက ၃၅ ချိန်ပဲ သင်ခဲ့ရတာပါ။ အခုသင်ရိုးသစ်က စာသင်ချိန် ၄၀ နဲ့အချိန်ဇယား ဆွဲရတော့ အားလုံးညီမျှအောင် စာသင်ချိန်တွေ ပေးလိုက်တာပါ။ သင်ရိုးဟောင်းကို သင်ယူနေရတဲ့ကလေးတွေအတွက်ရော သင်ရိုးသစ်ကို သင်ရတဲ့ကလေးတွေအတွက်ပါ ပိုကောင်းမယ်လို့ မြင်မိပါတယ်။ တိုးလာတဲ့အချိန်တွေမှာ စာဖတ်ရှိန် တိုးမြှင့်ရေးလုပ်တာတွေကို ကြိုဆိုပါတယ်။ အကောင်းဆုံးစီမံမှုတစ်ခုပဲဗျ။