News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (စီမံခန့်ခွဲမှု)
23-May-2019
မော်လမြိုင်ကျွန်းမြို့နယ် ပညာရေးမှူး ဦးမြင့်သွင်အနေနှင့် ယင်းမြို့နယ်တွင်ဖွဲ့စည်းထားသည့် ပညာရေးကူညီထောက်ပံ့ရေးအဖွဲ့ ဝန်ထမ်းများ၏ သဘောတူညီမှုဖြင့် ၎င်းတို့ထံမှတစ်ဦးလျှင် တစ်လ ၅၀၀ ကျပ်စီကောက်ခံကာ ဒေသအတွင်း ပညာရေးအတွက် လိုအပ်သည့်နေရာများတွင် ပြန်လည်အသုံးပြုသည်ကို ဌာန၏ညွှန်ကြားချက်မပါဘဲ လုပ်ဆောင်သည်ဆိုကာ ပညာရေးဌာနက မေလဆန်းပိုင်တွင်ရာထူးလျှော့ကာ နယ်ပြောင်းခဲ့သည်ဟု ယင်းမြို့နယ်အတွင်းမှ ဆရာ၊ ဆရာအများစုက ပြောဆိုကြသည်။ ယင်းသို့ အရေးယူခြင်းနှင့် ပညာရေးအတွက် လိုအပ်သည်များဖြည့်ဆည်းနိုင်ရန် စီမံခန့်ခွဲခြင်းအပေါ် စီမံခန့်ခွဲမှုအားနည်းသည်ဆိုကာ အရေးယူနေမှုများနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ သဘောထားအမြင်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“သူတို့တွေ အဲလိုဖြစ်ရင် ကျွန်တော်တို့ ငြိမ်နေတော့မယ်။ ခိုင်းတာပဲလုပ်တော့မယ်။ မခိုင်းရင်မလုပ်တော့ဘူး”
ဦးညွန့်ဆန်းဝင်း (တာမွေမြို့နယ် ပညာရေးမှူးရုံး၊ ဒုတိယမြို့နယ်ပညာရေးမှူးရုံး)

စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် ရာထူးလျှော့ခံရတာ မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်၊ တိုင်း၊ စီမံခန့်ခွဲနေတဲ့ဌာနမှာရှိတဲ့ အကြီးအကဲတိုင်းကို ခြောက်လှန့်လိုက်တာနဲ့ အတူတူပဲလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ရုံးတစ်ရုံး၊ ဌာနတစ်ခုခုမှာ ငွေအရင်ရောက်မလာဘဲနဲ့ အလုပ်လုပ်နေရတာတွေ အများကြီးရှိတယ်။ ဒါစောစောက ပြောသလိုပေါ့။ ပြုပြင်ပြောင်းလဲရေးလုပ်တာကို လက်ခံတယ်။ အဂတိလိုက်စားခဲ့ရင် လက်ခံတယ်။ ကျွန်တော်တို့ မျိုးဆက်သစ်တွေအနေနဲ့ ပြုပြင်ပြောင်းလဲတာကို လက်ခံတယ်။ ပစ်စာတစ်စောင်ကြောင့် ကျွန်တော်တို့ရဲ့ ဝန်ထမ်းကောင်းတစ်ဦး၊ အားကိုးရတဲ့ လူတော်၊ ဆရာကြီးများအားလုံး အဲလိုကြောင့်သာ ရာထူးလျှော့မယ်၊ အပြစ်ပေးမယ်ဆိုရင် အဲဒီလူစိတ်ထဲ ဘယ်လိုခံစားသွားမလဲ။ သူတို့တွေ အဲလိုဖြစ်ရင် ကျွန်တော်တို့ ငြိမ်နေတော့မယ်။ ခိုင်းတာပဲ လုပ်တော့မယ်။ မခိုင်းရင် မလုပ်တော့ဘူး။ ဒါဆို ကျွန်တော်တို့က ဌာနတစ်ခု၊ စနစ်ကြီးတစ်ခု ပြုပြင်ပြောင်းလဲဖို့ရာ အဟန့်အတား ဖြစ်စေတယ်လို့မြင်တယ်။ ဒါကြောင့်မို့ အပြစ်ပေးတာကို လက်ခံနိုင်ပေမယ့် မသမာသူ လူတစ်ဦးတစ်ယောက် လူမှုရေး၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် တစ်ယောက်နဲ့တစ်ယောက် အပြစ်ရှာပြီးတော့ ကျွန်တော်တို့ ပညာရေးဌာနမှာရှိတဲ့ အကြီးအကဲတွေ လုပ်ဖော်ကိုင်ဖက်တွေကို တောက်လျှောက်ကြည့်ပြီး မနာလိုစိတ်နဲ့ ပစ်စာတွေပစ်တယ်။

မြို့နယ်ကပညာရေးမှူးတစ်ဦး အဂတိမကင်းဘူး။ ပြဿနာရှာနေတယ်။ သူ့ကိုယ်ကျိုးချည်းပဲ သုံးနေတယ်ဆို ကျွန်တော်တို့ဌာနမှာရှိတဲ့ အကြီးအကဲများကို ကျွန်တော်တို့ ကိုယ်တိုင်သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တိုင်စေချင်တယ်။ ဒီလိုအပစ်ပေးခံနေရရင် နောက်မှာရှိတဲ့ ဆရာ၊ ဆရာမတွေလည်း မလုပ်ရဲဘဲ ငါတို့မလုပ်ရဲဘူး။ ငါတို့မလုပ်သင့်ဘူးဆိုတဲ့အတွေးက ပညာရေးအတွက် တိုးတက်ဖို့၊ အောင်မြင်ဖို့ဆိုတာတွေ နှောင့်နှေးသွားမှာပဲ။ ဒါကြောင့် ပညာရေးဝန်ထမ်းတစ်ဦး လာဘ်စားနေလို့ တိုင်ချင်တယ်ဆိုရင်တောင် နာမည်နဲ့ လိပ်စာနဲ့ မှတ်ပုံတင်နဲ့ တိုင်တာမျိုးလုပ်သင့်ပါတယ်။

“ပင်စင်ယူမယ့်တစ်နေ့မှာ ကိုယ်ကျန်မှာက အဖြူ၊ အစိမ်း တစ်စုံနှစ်စုံပေါ့”
ဦးဌေးယဉ် (အလယ်တန်းကျောင်းအုပ်၊ အထကခွဲ ကြက်လျှာ၊ မော်လမြိုင်ကျွန်း)

ကျွန်တော်တို့မြို့နယ်မှာ ဆရာကြီးတစ်ယောက် အရေးယူခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး အတော်လေး ဂယက်ရိုက်သွားတယ်။ ဆရာ၊ ဆရာမတွေ အများစုလည်း စိတ်ဆင်းရဲရတယ်။ ဒီထဲမှာ ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲတာကို မကြိုက်ဘူး မဟုတ်ပါဘူး။ ကြိုက်တယ်။ အခုအစိုးရသစ် ဖော်ဆောင်နေတဲ့ အဂတိကင်းရှင်းမှုကိစ္စကိုလည်း ကျွန်တော်တို့က ကြိုဆိုတယ်။ သို့သော် လက်ရှိအရင်က နှစ်ပေါင်းများစွာ လည်ပတ်ခဲ့တဲ့အရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ ခရီးစရိတ်ထောက်ပံ့ရေးကိစ္စ နှစ်ပေါင်းများစွာကတည်းက မြို့နယ်တွင်းမှာရှိတဲ့ ဝန်ထမ်းတစ်ဦးက ပင်စင်ယူသွားသည်ဖြစ်စေ၊ သေသွားသည်ဖြစ်စေ သူတို့အတွက် ငွေပုံမှန်စုပြီး ထည့်ပေးနေရပါတယ်။ ဘာကြောင့်လဲဆို သူများကိုကူညီပေး ရာလည်းရောက်တယ်။ ပြီးရင်ကိုယ် ပင်စင်ယူတဲ့ တစ်နေ့ကျရင်လည်း သူများက ကိုယ့်ကိုပြန်ထည့်မယ်ဆိုတဲ့ မျှော်လင့်ချက်တော့ရှိတယ်။ ကျွန်တော့်တို့ ပညာရေး ဝန်ထမ်းတွေအနေနဲ့ မမျှော်လင့်လို့ကိုမရဘူး။ ပင်စင်ယူမယ့်တစ်နေ့မှာ ကိုယ်ကျန်မှာက အဖြူ၊ အစိမ်း တစ်စုံ၊ နှစ်စုံပေါ့။ ကိုယ်ရမယ့်ပင်စင်လစာက ထမင်းစားဖို့တောင် အနိုင်နိုင်။ နေဖို့အတွက် မြေနေရာ၊ အိမ် နိုင်ငံတော်ကပေးမယ့် ပင်စင်တစ်ခုတည်းနဲ့မရဘူး။ ဒီနှစ်ခုပေါင်းမှ အိမ်လေးတစ်လုံးနဲ့ မြေနေရာလေးတစ်ခုရတာ။ အဲဒီအတွက် ဒီငွေကို ခေတ်အဆက်ဆက်က ကောက်ခံတဲ့ ငွေကြေးကောက်ခံမှု မကောင်းဘူးဆိုပေမယ့် အရင်ခေတ်ကတည်းက ကောက်ခံခဲ့တာကိုဖြတ်ချလိုက်မယ်ဆိုရင် အခုလောလောဆယ် ပင်စင်ယူမယ့် ဆရာကြီး၊ ဆရာမကြီးတွေ ဘယ်လောက်အထိနစ်နာလဲ။ ဒါကြောင့်မို့ အဖွဲ့အစည်းတစ်ခုကို တာဝန်ယူတဲ့အခါမှာ အောက်ခြေအထိဆင်းပြီး တာဝန်ယူဖို့ ကြည့်ဖို့လိုတယ်။ ဒီလိုလုပ်ပေးဖို့လည်း ပညာရေးဝန်ကြီးဌာနကို ကျွန်တော် တောင်းဆိုချင်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ပညာရေးဝန်ထမ်းတွေက ငွေကြေးတစ်စုံတစ်ရာမပါဘဲ၊ မကောက်ခံဘဲနဲ့ သန့်သန့်လေးလုပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့သည် အဖြူရောင်ဝတ်ထားတဲ့ မချမ်းသာချင်နေပါစေ၊ ချမ်းသာတာကို မမက်မောလို့ကို ဆရာ၊ ဆရာမ အလုပ်ကိုလုပ်နေတဲ့အတွက်ပါ။

“ဒါတွေက သူတို့ (အခြေခံပညာဦးစီးဌာန) ချပေးတာ တစ်ပြားမှမပါဘူး”
ဒေါ်ချိုဝေဦး (မူအုပ်၊ အလကခွဲ ပလွန်စာ၊ မော်လမြိုင်ကျွန်းမြို့နယ်)

အခုဆိုရင် ကျွန်မတို့ ဘတ်ဂျက်တစ်ခုနဲ့တစ်ခုကြားမှာ စိုက်ပြီးတော့ သုံးထားရတဲ့ငွေကြေးတွေ အသေးသုံးတွေကျရင် BACK Date အနေနဲ့ ပြန်ပြီးတော့ တင်လို့မရဘူး။ ခြောက်လပိုင်းမှာပေးရင် ခြောက်လပိုင်းမှာပဲ သုံးရတယ်။ နောက်လမ်းပန်းဆက်သွယ်ရေးအနေနဲ့ မြို့ထဲကနေရွာကို သွားရတဲ့အခါတွေမှာလည်း အရမ်းဝေးတယ်။ အဲလိုမျိုး ကုန်ကျစရိတ်တွေကို ဆရာ၊ ဆရာမတွေ စုပြီးထည့်ဝင်ထားတဲ့ ပိုက်ဆံထဲကပဲ သုံးနေရတာတွေရှိတယ်။ စာအုပ်ထုတ်ဝေရေး၊ ခရီးသွားလာရေး၊ ATEO သွားလာရေးစရိတ်တွေအတွက် ပညာရေးလူမှုကူညီရေး အသင်းဆိုပြီးဖွဲ့ထားတာ ရှိတယ်။ အဲကနေ ငွေကောက်ခံပြီး တကယ်လိုအပ်တဲ့နေရာတွေမှာ သုံးနေရတာမျိုးတွေရှိတယ်။ မြို့နယ်မှာလည်း တကယ်တိုးတက်လာတာတွေ ရှိတယ်။ မိတ္တူကူးစက်တွေ၊ ရေသန့်စက်တွေ နောက်တစ်ခါ အစည်းအဝေးခန်းမတွေ ရုံးကားစတာတွေ ပြည့်စုံလာတယ်။ ရုံးကလည်း သပ်ရပ်လာတယ်။ ဝန်ထမ်းတွေကလည်း စည်းကမ်းရှိလာတယ်။ ယူနီဖောင်းကို စွဲစွဲမြဲမြဲ ဝတ်တတ်လာတယ်။ အဲလိုမျိုး ဝန်ထမ်းတွေရဲ့ဘဝကို ပြောင်းလည်းပေးခဲ့တဲ့ ဆရာကြီးဖြစ်တယ်။ ကျွန်မတို့ရွာမှာဆိုရင်လည်း တစ်လောက ဆရာကြီး အရေးယူခံလိုက်ရတဲ့အတွက် ကျွန်မတို့ ဆရာ၊ ဆရာမတွေ လုပ်ရကိုင်ရခက်သွားတာတွေရှိတယ်။

အဲလိုဆရာကြီးတောင် ဒီလိုအရေးယူခံရတယ်ဆိုတော့ ကျွန်မတို့ လူငယ်တွေ လူတော်၊ လူကောင်းတွေကို ကြည့်ပြီးသွားနေရတဲ့ ဆရာ၊ ဆရာမတွေ မျှော်လင့်ချက်မဲ့သွားတယ်။ ပြစ်မှု၊ ပြစ်ဒဏ်မမျှဘူးလို့လည်းမြင်တယ်။ သူတို့ဘက်က ဘယ်လိုလဲဆို သူတို့လုပ်ဆိုရင်လုပ်၊ မလုပ်ဆိုရင် မလုပ်နဲ့ဆိုပြီး ညွှန်ကြားတယ်။ ကျွန်မတာဝန်ယူရတဲ့ ကျောင်းနဲ့ပဲ ဥပမာပေးချင်တယ်။ ကျွန်မ ကျောင်းဆို ခြံစည်းရိုးမရှိဘူး။ မျက်နှာကြက်မရှိဘူး။ စာသင်ခုံ မလုံလောက်ဘူး။ ကျောင်းကတော့ ကျောင်းဆောင်သုံးဆောင်ရှိတယ်။ ကျောင်းသားဦးရေက ၃၇၀ နီးပါးရှိတယ်။ ကျွန်မ ရောက်တော့ မူလွန်ပေါ့နော်။ အခုကျွန်မရောက်ပြီး နောက်ပိုင်းမှာ အဆင့်တိုး ထပ်တင်လိုက်တဲ့အတွက် အလယ်တန်းကျောင်းခွဲဖြစ်သွားတယ်။ ကျွန်မတို့ကျောင်းမှာ ရှစ်တန်းကျောင်းသားက အယောက် ၅၀ ရှိတယ်။ အဲဒီတော့ ကျောင်းအဆင့်တိုးတင်လိုက်တဲ့အတွက် တိုးလာတဲ့ သူတို့က ချက်ချင်း ချမပေးနိုင်ဘူးဆိုတော့ တိုးလာတဲ့ အတန်းအတွက် ဆရာ၊ ဆရာမကိုလည်း ကျွန်မတို့ ကိုယ့်နည်း၊ ကိုယ့်ဟန်နဲ့ ဖြေရှင်းပါ့မယ်လို့ ဝန်ခံကတိထိုးရတယ်။

ကျောင်းသားတွေကတော့ ကိုယ့်ရွာမှာပဲ စာသင်ရမှာဖြစ်လို့ ရှစ်တန်းကျောင်းသားတွေက အရမ်းပျော်သွားတယ်။ တခြားကို သွားတက်စရာမလိုတော့ဘူးလေ။ အဲ့လိုလုပ်လိုက်တဲ့အတွက် ကျောင်းနေနှုန်းလည်း တိုးလာတယ်။ တချို့ဆို စီးပွားရေးကြောင့် သွားမတက်နိုင်တာတွေရှိတယ်။ အဲအတွက် ရှစ်တန်း ကျောင်းသား အယောက် ၅၀ အတွက် ထိုင်စရာခုံမရှိဘူး။ သူတို့ဘက်ကလည်း ကျောင်းသား ၅၀ အတွက် ငွေ အလုံးအရင်းနဲ့ ချမပေးနိုင်ဘူး။ အဲလိုဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေနဲ့ပူးပေါင်းပြီး ကျောင်းသား ၅၀ အတွက် ထိုင်ခုံတစ်လုံးကို သုံးသောင်းဝန်းကျင်နဲ့ ထိုင်ခုံတွေရအောင် လုပ်လိုက်တယ်။ နောက်တစ်ခု ကျွန်မ ထပ်ပြီး မိုက်တာက ကျောင်းမှာ ကျွန်မရောက်ရောက်ချင်း ကျောင်းမှာ ရေမလုံလောက်တဲ့ ပြဿနာရှိတယ်။ အရင် ကျွန်မရောက်တုန်းက ဂါလန် ၅၀၀ ဆံ့ကန်လေးထဲကနေ ကျောင်းသား သုံးရာကျော် သောက်နေရတာကနေ ဂါလန်တစ်သောင်းဆံ့တဲ့ ရေကန်တစ်ခုကို မိဘတွေကော်မတီတွေ ပူးပေါင်းပြီးလုပ်လိုက်တယ်။ ဒါတွေက သူတို့ (အခြေခံပညာဦးစီးဌာန) ချပေးတာ တစ်ပြားမှမပါဘူး။

သူတို့ပြောသလို လုပ်ဆိုရင်လုပ်၊ မလုပ်ဆိုရင် မလုပ်နဲ့လို့ ညွှန်ကြားထားပေမယ့် တကယ့်မြေပြင်မှာ လုပ်နေရတဲ့ ဆရာ၊ ဆရာမတွေက ကလေးတွေ မျက်နှာကိုပဲကြည့်တာ။ ကျွန်မတို့ကလေးတွေရဲ့ အခက်အခဲကိုပဲကြည့်တာ။ ကျွန်မတို့မြို့နယ် တိုးတက်ဖို့၊ လုပ်ငန်းခွင်မှာ စိတ်ချမ်းချမ်းသာသာနဲ့ ဝင်နိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလိုက်ရတာမျိုးတွေ ရှိတယ်။ သူတို့ခိုင်းသလို လုပ်ဖို့ဆိုတာ တကယ်မြေပြင်မှာ တကယ်ခက်တယ်။ ကျွန်မတို့အနေနဲ့လည်း အတတ်နိုင်ဆုံးတော့ သန့်သန့်လေး လုပ်ချင်ပါတယ်။ ဒါကြောင့်မဖြစ်မနေ ငွေကြေးကောက်ခံရတဲ့ အပိုင်းတွေကို လုပ်နေတာတွေရှိပါတယ်။ ဒီလို အများပြည်သူ ကောင်းကျိုးအတွက် သုံးနေတဲ့ငွေကြေးကို ဖြေရှင်းပေးနေတဲ့ ဆရာကြီးကိုယ်တိုင် ခုလိုဖြစ်သွားတဲ့အတွက် ကျွန်မတို့အနေနဲ့ အများကြီးကို နှမြောမိပါတယ်။

ခိုင်ချယ်ရီထွန်း