News

POST TYPE

TEACHER'S VOICE

မြိတ်တွင် စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိ
20-Jan-2019
မြိတ် ဇန်နဝါရီ ၂၀

မြိတ်မြို့၊ မြိတ်တောင်နယ်မြေတွင် ဇန်နဝါရီလ ၁၈ ရက်က WY စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၃ ရပ်ကွက် ခေမာလမ်းရှိ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ WY စိတ်ကြွဆေးပြား ၅၂၀၀ ပြားကို တွေ့ရှိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါ အမျိုးသမီး၏ ထွက်ဆိုချက်အရ တစ်လမ်းတည်းနေ အသက် ၄၇ အရွယ် အမျိုးသား၏အိမ်ကို ထပ်မံရှာဖွေရာ WY ဆေးပြား ၅၀,၀၀၀ ဖမ်းမိခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဖမ်းမိသူနှစ်ဦး၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချရာတွင် အသက် ၄၇ နှစ်အရွယ် အမျိုးသား၏ဇနီးဖြစ်သူလည်း ပါဝင်နေကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။

“သူ့မိန်းမဆီက (ဆေးပြား) သုံးသောင်းထပ်ရတယ်”ဟု မြိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

ဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သူ သုံးဦးကို မူး/စိတ် ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်ထားကြောင်း မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်ကလည်း မြိတ်မြို့၊ အထက်ရေပုန်းရပ်တွင် WY စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိခဲ့သေးသည်။

Dawei Watch