News

POST TYPE

TEACHER'S VOICE

အနီးကပ်နှစ်ကြိမ် ခွဲတက်ရမည်ကိုကန့်ကွက်မည့် ဦးဆောင်ကော်မတီဖွဲ့
20-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၂၀

အဝေးသင် ဝိဇ္ဇာဘာသာရပ် အထူးပြုကျောင်းသားများ အနီးကပ် နှစ်ကြိမ်ခွဲတက်ရမည်ကို ကန့်ကွက်မည့် “ဖဲကြိုးနီကျောင်းသားလှုပ်ရှားမှု ဦးဆောင်ကော်မတီ”ကို ကျောင်းသားကိုယ်စားလှယ် အသီးသီးပါဝင်၍ ယနေ့ (ဇန်နဝါရီ ၂၀ ရက်)က ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့ကြသည်။

ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံအတွင်း ကျောင်းသားများသမဂ္ဂများမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသည့် တစ်သီးပုဂ္ဂလကျောင်းသားများ လာရောက်ဆွေးနွေးပြီးနောက် ဦးဆောင်ကန့်ကွက်မည့် အဆိုပါကော်မတီကို သဘောတူ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

ကော်မတီ၏ လတ်တလော ပထမလုပ်ငန်းစဉ်အနေနှင့် အဝေးသင် အနီးကပ် ၁၀ ရက်ကို နှစ်ကြိမ်ခွဲတက်ခိုင်းခြင်းအပေါ် ကျောင်းသားများအတွက် အဆင်မပြေကြောင်း၊ သဘောမတူကြောင်း အစိုးရကိုပြောမည်ဖြစ်ပြီး ကျောင်းသားများ၏ သဘောထားလက်မှတ်ကောက်ပြီး တင်ပြခြင်းမျိုးပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု ကော်မတီတွင်ပါဝင်သူ ကိုမင်းသွေးသစ်က ပြောဆိုသည်။

ထို့ပြင် ကျောင်းသားကိုယ်စားလှယ်များ၏ တင်ပြချက်အပေါ် မူတည်၍ အဝေးသင်ပညာရေးတွင် စာစဉ်တင်သွင်းခြင်း၊ အနီးကပ်လာတက်သည့်အချိန်တွင် နေထိုင်ရေးအတွက် ကျောင်းတွင် အဆောင်မရခြင်းစသည့် အခက်အခဲများအပေါ် စစ်တမ်းကောက်ယူပြီး အစိုးရကိုတင်ပြသွားရန်လည်း ရည်ရွယ်ထားသည်ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်အနောင်ပိုင်းတက္ကသိုလ် မြန်မာစာအထူးပြုကျောင်းသူတစ်ဦးက “နှစ်ကြိမ်တက်ခိုင်းလည်း ညီမအမြင်အရ ဘာမှမထူးဘူး။ ကြမ်းပိုးကို လိပ်ဖြစ်အောင် လှန်လိုက်တာပဲ”ဟု ပြောဆိုသည်။

လုပ်ငန်းခွင်ရောက်နေသည့် ကျောင်းသားများအတွက် ခွင့်ရက်ခက်ခဲပြီး အလုပ်မှ နုတ်ထွက်ခြင်းမျိုးဖြစ်နိုင်ကြောင်း၊ မိမိရောက်နေသည့်ဒေသနှင့် ကျောင်းရှိရာဒေသ ဝေးလံဖြစ်နေလျှင် သွားလာရေး မလွယ်ကြောင်းကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်မှ ရန်ကုန်သို့လာသည့် အဝေးသင်ကျောင်းသားများ၏ဖြစ်စဉ်နှင့် ၎င်းက နှိုင်းယှဉ်ပြောကြားသည်။

အဝေးသင် ဝိဇ္ဇာဘာသာရပ် အထူးပြုကျောင်းသားများကို ပုံမှန် အောက်တိုဘာ၊ နိုဝင်ဘာတွင် အနီးကပ် ၁၀ ရက် တစ်ကြိမ်ခေါ်လေ့ရှိရာမှ ယခုနှစ် နှစ်ကြိမ်ခွဲ၍ မေလတွင် ၅ ရက်တစ်ကြိမ်၊ အောက်တိုဘာ၊ နိုဝင်ဘာတွင် ၅ ရက်တစ်ကြိမ် တက်ရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။

မေလအတွင်း ၅ ရက်ကြာ(အစိုးရက အနီးကပ်ဟုမသုံးဘဲ Orientation ဟုသုံးနှုန်းသည်) တစ်ကြိမ်တွင် ဘာသာရပ်လေ့လာမှုလမ်းညွှန်၊ စာစဉ်ဖြေဆိုနည်းများနှင့် သင်ခန်းစာများကို မိတ်ဆက်သင်ကြားမည်ဖြစ်သည်။ ပထမနှစ်ကျောင်းသားများအတွက် လေ့လာမှုပုံစံ၊ စာစဉ်တင်သွင်းခြင်း၊ ဖြေဆိုခြင်းနည်းလမ်းများ အခက်အခဲရှိမည်စိုး၍ ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း ယင်းဌာနမှသိရသည်။

J-02