News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ICT ကျွမ်းကျင်မှု)
20-Dec-2018

ယနေ့ခေတ်တွင် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာနည်းတူ ပညာရေးခေတ်မီဖွံ့ဖြိုးရန် ပညာရေးနယ်ပယ်များ ချိတ်ဆက်ရာတွင်ဖြစ်စေ၊ ပညာရပ်ဆိုင်ရာ အသစ်အဆန်းများကို ရှာဖွေရာတွင်ဖြစ်စေ ICT ကို အသုံးပြုလာကြပြီဖြစ်သည်။ ထို့ကြောင့် ပညာရေးကို လက်ဆင့်ကမ်းပေးရမည့် အခြေခံပညာ ဆရာ၊ ဆရာမများအနေနှင့် ICT ပညာရပ်လိုအပ်ချက်များကို ဆရာများရင်ဖွင့်သံအဖြစ် ဖော်ပြလိုက်ပါသည်။

“တော်တော်များများက Facebook ကိုပဲ ပြေးမြင်ကြတယ်”
ဦးကျော်စိုးလှိုင် (မူလတန်းပြ၊ အလက၊ လဟာရက်၊ သန်လျင်မြို့ )

ကျွန်တော့်ကျောင်းကတော့ ဘေးကနေ မိဘတွေလှူထားလို့ ကွန်ပျူတာတစ်လုံးရှိတယ်။ ကျွန်တော့်လုပ်သက်တစ်လျှောက်တော့ အစိုးရကပေးတာ မရှိသေးဘူး။ ICT ဆိုတာကို ကျွန်တော်တို့ဆရာ၊ ဆရာမတွေက မသိတာတော့ မဟုတ်ဘူး။ သိကြတယ်။ ကျွမ်းကျင်မှုလည်း အနည်းအကျင်းရှိကြတယ်။ အရမ်းနည်းတာပေါ့။ ICT လို့ ပြောလိုက်ရင် ဆရာ၊ ဆရာမတွေပဲဖြစ်ဖြစ် တော်တော်များများက Facebook ကိုပဲ ပြေးမြင်ကြတယ်။ Facebook ကိုကျ ကျယ်ပြန့်စွာသုံးတတ်ဖို့ထက် Post လေးတင်တာနဲ့ စကားပြောတာလောက်ပဲ ရှိတာပေါ့။ ဒီတော့ ဆရာ၊ ဆရာမတွေက ICT ပညာကို မစိမ်းဘူး။ ဒါပေမဲ့ ကျွမ်းကျင်တဲ့အပိုင်းကျတော့ အားနည်းတာပေါ့။ တချို့ဆိုရင် Facebook တာသုံးတာ Email ကို သုံးတာ မတွေ့ရဘူး။ နည်းတယ်ပေါ့။ ကျွန်တော်တို့ ပညာရေး ကောလိပ်တွေတက်တုန်းကလည်း သင်ကြားခွင့်တော့ရခဲ့တယ်။ တစ်ပတ်တစ်ချိန်ပေါ့။ ဒါပေမဲ့ အဲဒီမှာ ကျွန်တော်တို့က အချိန်ကတော့ တစ်ပတ်တစ်ချိန်ဆိုတော့ အဆင်ပြေတယ်။ ဒါပေမဲ့ ကျောင်းသားအချိုးနဲ့ ကွန်ပျူတာနဲ့ မမျှတဲ့အခါမျိုးရယ် ချို့ယွင်းတဲ့စက်တွေ များတဲ့အခါကျရင် သင်သလောက် ခရီးမရောက်ခဲ့ဘူး။ ICT ကို မပြောခင် ကျွန်တော်တို့ စိတ်ပညာမှာ ပညာရပ်တွေ စိတ်ဝင်စားပြီး တတ်မြောက်လာခြင်းမှာ စေ့ဆော်မှု ၂ ခုကြောင့်လို့ ဆိုထားတယ်။ ကိုယ်တွေ့ စေ့ဆော်မှုနဲ့ ပြင်ပစေ့ဆော်မှုပေါ့။ ဘာသာရပ်တစ်ခုကို ကိုယ်ကိုယ်တိုင်လိုချင်နေရင် အဲဒီဘာသာရပ်က တတ်မြောက်တာပဲ။ နောက်တစ်ခုက ပြင်ပစေ့ဆော်ရင်လည်း ဘာသာရပ်တစ်ခုက တတ်မြောက်တာပဲ။ ပြင်ပစေ့ဆော်တယ်ဆိုတာက ICT ပညာကို ဌာနမှာက မဖြစ်မနေ အသုံးပြုရမယ်၊ လိုအပ်လာပြီဆိုရင်တော့ ကျွန်တော်တို့ဆရာ၊ ဆရာမတွေက ကြိုးစားရတော့မယ်။ အဲဒါဆိုရင် တိုးတက်လာမှာပေါ့။

နောက်ပြီး ICT ပညာ ဘယ်လောက် တတ်ထား တတ်ထား ကျောင်းတွေမှာ အသုံးပြုခွင့်မရဘူးဆိုရင် ဒီပညာရပ်တွေကျွမ်းကျင်မှု အားနည်းမယ်။ စာသင်ကျောင်းတွေမှာ ဒီဘာသာရပ်ချိန်ကို ထည့်ပေးထားတယ်။ ဒါပေမဲ့ တွဲဖက်ဝင်သင်ရိုးပုံစံနဲ့ သင်ရတယ်ဆိုတော့ အချိန်ရတဲ့အခါ လုသင်ရတာဆိုတော့ နည်းနည်းပါးပါးတော့ သင်ဖြစ်တယ်။ ထင်သလောက် အသုံးချခွင့် မရဘူး။ ပိုဆိုးတာက ဒီပညာရပ်တတ်တယ်ထားဦး၊ ကွန်ပျူတာတစ်လုံးတောင်မရှိရင် ဘယ်လိုအဆင်ပြေမလဲ။ တော်သေးတာက ဖုန်းတွေရှိနေတော့ ဒီ ICT ပညာကို ဖုန်းနဲ့လည်း သင်လို့ရတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပညာရပ်တွေက လိုအပ်ပါတယ်။ ဒီပညာကို အသုံးပြုပြီး အခုဆိုရင် ကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီပေါ့။ နောက်တစ်ခါ သတင်းအချက်အလတ်တွေကို မြန်မြန်ဆန်ဆန်သိရဖို့က ဒီ ICT ပညာကိုသုံးရတာပေါ့။ ကျွန်တော်တို့ ဟိုခေတ်ကတော့ ကျောက်သင်ပုန်း၊ ကျောက်တံခေတ်ပေါ့။ အဲဒီခေတ်က ဆရာ၊ ဆရာမတွေအတွက်က ICT ပညာဆိုတာ အဲဒီလောက်အရေးကြီးမှာ မဟုတ်ဘူး။ ခုခေတ်မှာ ဒီပညာက တော်တော်လေး အရေးပါလာပြီ။ နောက်တစ်ချက်က ကျွန်တော်တို့ ဆရာ၊ ဆရာမတွေက အမြဲတမ်းကျောင်းသားတွေအဖြစ် လေ့လာနေရတာ။ ကျွန်တော်တို့က စာအုပ်စာပေ ဖတ်ဖို့အတွက် စာကြည့်တိုက်မှာ အချိန်ပေးလို့ရတာ ရှိသလို အချိန်ပေးလို့မရတာ ရှိတယ်။ တစ်ခါတလေကျရင် စာကြည့်တိုက်တွေနဲ့ အဆင်မပြေတာရှိတယ်။ အဲဒီအခါ နည်းပညာအသုံးပြုပြီးတော့ အွန်လိုင်းကနေ လိုချင်တဲ့စာတွေဖတ်တာတို့ လုပ်ရတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့လည်း ICT ကို မဖြစ်မနေ တတ်ထားသင့်တယ်လို့ ထင်တယ်။ ပညာရေးမှာလည်း အရာထမ်းတွေ ရာထူးတိုးဖြေတဲ့အခါ ICT နဲ့ အင်္ဂလိပ်ကို ဖြေတယ်ပေါ့။ ဒီတော့ စိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ လေ့လာရတော့တာပေါ့။ ပြင်ပစေ့ဆော်မှုပေါ့။ ဒီတော့ ဆရာ၊ ဆရာမတွေကိုလည်း စေ့ဆော်မှုပေးရင် ဒီပညာရပ်တွေမှာ စိတ်ဝင်စားလာမယ်လို့မြင်ပါတယ်။

“ICT ဘာသာအချိန်ပါပေမယ့် သေချာမသင်ခဲ့ရပါဘူး”
ဦးခင်မောင်အေး (မူလတန်းကျောင်းအုပ်၊ အမက၊ နို့ဖာဒို့၊ မြဝတီမြို့)

ICT နည်းပညာဆိုတာ ခေတ်ရဲ့တောင်းဆိုမှုလို့ပဲ ပြောရမှာပါ။ ခေတ်နဲ့အညီတော့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေအနေနဲ့လည်း ဒီနည်းပညာတွေကို လေ့လာသင့်ပါတယ်။ ခုနောက်ပိုင်း ပညာရေးဌာနမှာ လယ်အုပ်နဲ့အထက် ရာထူးတိုးဖို့အတွက်ဆို အင်္ဂလိပ်စာနဲ့ ICT နည်းပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ မေးမြန်းတာ တွေ့ရပါတယ်။ အဲဒါတွေမသိရင် ရာထူးတိုးဖို့အတွက် အဟန့်အတား ဖြစ်နေပါတယ်။ အခြေခံက ဆရာ၊ ဆရာမတွေမှာလည်းပဲ ICT နည်းပညာတွေမှာ ကျွမ်းကျင်မှု အတော်အားနည်းကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အတော်အားနည်းတဲ့ထဲ ပါပါတယ်။ ရာထူးတိုးဖြေဆိုမှသာ ICT နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖွေလေ့လာပြီး ဖြေဆိုကြပါတယ်။ ကျွန်တော်ဆိုလည်း ပညာရေး ကောလိပ်ဆင်းတစ်ယောက်ပါ။ ဒီလို ဆရာဖြစ်သင်တန်းတွေမှာ ICT ဘာသာအချိန်ပါပေမယ့် သေချာမသင်ခဲ့ရပါဘူး။ မိတ်ဆက်ရုံသဘောလောက်သာ လေ့လာသင်ကြားခွင့်ရခဲ့ကြတယ်။ ထိထိရောက်ရောက် မသင်ကြားခဲ့ရတာကတစ်ကြောင်း လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါမှာလည်း သင်ကြားရေးပဲ ဦးစားပေး လုပ်ဆောင်နေရတဲ့အတွက် ICT နည်းပညာတွေကို လေ့လာဖို့ အချိန်မပေးနိုင်တော့ဘူး။ ဒီလိုနဲ့ သင်ကြားရေး ဆရာ၊ ဆရာမတွေဟာ တဖြည်းဖြည်းနဲ့ အလှမ်းဝေးကွာခဲ့ကြရတယ်။

အဲဒါကြောင့် အခြေခံပညာက ဆရာ၊ ဆရာမတွေ ICT နဲ့ပတ်သက်တဲ့ အသိပညာတွေ အားနည်းနေသေးတယ်ဆိုတာ ပြနေတာပါပဲ။ ICT ခေတ်ဆိုတော့ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ခေတ်နဲ့အညီ ICT နည်းပညာတွေကို တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။ ဒါမှသာ ခေတ်နဲ့အညီ သင်ကြားသင်ယူမှုလုပ်ငန်းတွေကို ကြိုးစားလေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ သင်ကြား သင်ယူမှုအရည်အသွေးတွေကိုလည်း တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မယ်လို့ ထင်တယ်။ ကျောင်းအုပ်တွေအနေနဲ့လည်း ICT နည်းပညာတွေကို အထူးကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ ကျောင်းရုံးတွေနဲ့ မြို့နယ်၊ ခရိုင်၊ ပြည်နယ်ရုံးတွေကို စာရင်းဇယားတွေ ပေးပို့တဲ့အခါ၊ သတင်းအချက်အလက်တွေ ဖြန့်ဝေတဲ့အခါ ငွေကုန်ကြေးကျ သက်သာပြီး လျင်မြန်ထိရောက် မှန်ကန်မယ်။ မြန်ဆန်လာမယ်။ အခြေခံပညာ ကျောင်းအုပ်တွေအနေနဲ့ ICT နည်းပညာတွေကို ကျွမ်းကျင်ဖို့လိုသလို့ ဆရာ၊ ဆရာမတွေအနေနဲ့လည်း တတ်ကျွမ်းဖို့ လိုအပ်မယ်လို့ထင်တယ်။ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ ICT ခေတ်မှာ နောက်ကျမကျန်ခဲ့ရအောင် မိမိကိုယ်တိုင်ကလည်း နည်းပညာတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ ပညာရေးဌာနက ရာထူးကြီးပိုင်းနဲ့ ရုံးစာရေးပိုင်းတွေကိုတော့ ICT သင်တန်းတွေ ပို့ချပေးနေတာကိုတော့ တွေ့ရတယ်။ အခြေခံပညာကျောင်းတွေမှာဆို အလယ်တန်းကျောင်းတွေထိ ကွန်ပျူတာတွေဌာနက ချပေးတယ်။ မူလတန်းကျောင်းတွေထိ ကွန်ပျူတာချပေးပြီး ကျောင်းအုပ်တွေကို ICT နဲ့ ပတ်သက်တဲ့သင်တန်းတွေ ပေးသင့်တယ်လို့ ထင်တယ်။ ဒါမှ သတင်းအချက်အလက်တွေ ထိရောက်မှန်ကန်ပြီး လျင်မြင်မယ်။ လက်ရှိအခြေအနေကတော့ ဆရာ၊ ဆရာမတွေဟာ ICT နည်းပညာတွေကို မိမိ ကိုယ်တိုင်ပဲ အပြင်မှာ လေ့လာနေကြတာကို တွေ့ရပါတယ်။

“အလုံး ၂၀ ရှိရင် ၁၇ လုံးက အပျက်တွေချည်းပဲ”
ဦးမျိုးမင်းနိုင် (အလယ်တန်းပြ၊ မူလွန်၊ တောင်မော်၊ ရခိုင်ပြည်နယ်)

ကျွန်တော်က ကျောက်ဖြူပညာရေးကောလိပ်မှာ တက်ခဲ့တာပေါ့။ ၂၀၁၁ ပေါ့။ ကျွန်တော်တို့ကော လိပ်တက်ခဲ့တုန်းကလည်း အိုင်စီတီနဲ့ ပတ်သက်တာ သင်ရတယ်။ ကွန်ပျူတာကလည်း အလုံး ၂၀ ရှိရင် ၁၇ လုံးက အပျက်တွေချည်းပဲ။ ၃ လုံးလောက်ပဲ အကောင်းရှိတယ်။ အဲဒီ ၃ လုံးကို အခန်းက ဆရာ၊ ဆရာမတွေ စုပေါင်းပြီး Power လေးဖွင့်လိုက်၊ Mouse လေးထောက်လိုက် အဲဒီလောက်ပါပဲ။ သင်ကြားရတဲ့ပုံစံက ဟန်ပြလောက်ပဲဖြစ်နေတယ်။ နေ့စားနဲ့တက်လာတဲ့ ဆရာ၊ ဆရာမတွေကတော့ မပြောတတ်ဘူး။ သူတို့ကျောင်းတက်တုန်းက အားလပ်ချိန်မှာ အပြင်မှာ စိတ်ပါဝင်စားလို့ လေ့လာခဲ့သူတွေတော့ တတ်ကျွမ်းမှု ရှိမယ်ထင်တယ်။ ဒါပေမဲ့ အကုန်လုံးတတ်မယ်လို့တော့ မထင်ဘူး။ ကျွန်တော်တို့စာသင်ကျောင်းတွေမှာလည်း ကွန်ပျူတာ မရှိဘူး။ ကျွန်တော်တို့သိတာကတော့ အထက်တန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ကွန်ပျူတာရှိရမယ်။ လခွဲတို့၊ မူလွန်တို့ကျောင်းတွေကလည်း စာရင်းဇယားတွေ၊ လချုပ်တွေကို လစဉ်ပို့ရတာဘဲလေ။ ဒီတော့ အောက်ခြေက ကျောင်းတွေကိုလည်း ကွန်ပျူတာ ပေးသင့်တယ်လို့ထင်တယ်။ အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းကရပြီးတော့ အလယ်တန်းကျောင်းခွဲတွေ မူလွန်တွေက မရဘူးဆိုတော့ လုပ်ငန်းအဆင်ပြေမှု အားနည်းတာပေါ့။ အလယ်တန်းကျောင်းတွေမှာ ကွန်ပျူတာရှိရမယ်ဆိုပေမယ့်လည်း ရခိုင်ဘက်က အလယ်တန်းကျောင်း တော်တော်များများမှာတော့ ကွန်ပျူတာမတွေ့မိဘူး။ တော်တော်လေးကို အားနည်းနေတာ။

အောက်ခြေမူလတန်းကျောင်းတို့မှာ ကွန်ပျူတာ မရှိတော့ အဲဒီကျောင်းက ဆရာ၊ ဆရာမတွေက ဒီ ICT နည်းပညာနဲ့ တော်တော်လေး ကင်းကွာတယ်။ နောက်ပြီးတော့ လယ်အုပ်တို့ ထက်အုပ်တို့ရာထူးတိုးတွေမှာ ဒီ ICT ဘာသာရပ်က ၁၀ မှတ်ဖိုး အနည်းဆုံးပါနေတာဆိုတော့ ဘာပဲပြောပြော ဒီနည်းပညာတွေကို စနစ်တကျ ပို့ချပေးသင့်တယ်။ ဆရာ၊ ဆရာမတစ်ယောက်အနေနဲ့ စာစီစာရိုက်အဆင့်လောက်တော့ လုပ်တတ်အောင် နိုင်ငံတော်အနေနဲ့ လမ်းညွှန်သင့်တယ်လို့ ထင်တာပဲ။ တစ်ခုခုကိစ္စရှိရင် ကွန်ပျူတာဆိုင်ကို တန်းပြေးရတယ်။ တချို့ကျေးလက်တွေဆိုရင် ကွန်ပျူတာဆိုင်မရှိဘူး။ မြို့ကိုတက်မှ စုပေါင်းပြီးတော့ လုပ်ရတဲ့အနေအထားရှိတယ်။ ကိုယ်ကလည်း ဒီပညာကို မကျွမ်းကျင်ဘူး။ ကွန်ပျူတာကလည်း မရှိဘူး။ မိတ္တူကူးစက်တွေ မရှိဘူး။ မရှိတဲ့အတွက် မြို့နဲ့လည်းအလှမ်းဝေးတော့ အခက်အခဲရှိတာပေါ့။ ရုံးကကိစ္စတွေမှာ ကွန်ပျူတာနဲ့စီပြီး တင်ရတာတွေရှိတယ်။ ကျောင်းတိုင်းမှာ ကွန်ပျူတာတို့၊ မိတ္တူကူးစက်တို့ရှိရင်တော့ ပိုကောင်းတာပေါ့။ ဒါမှလုပ်ငန်းက အဆင်ပြေမှာပေါ့။ နိုင်ငံတော်အနေနဲ့ ကျောင်းတိုင်းကို ကွန်ပျူတာတွေချပေးပြီး မြို့နယ်တိုင်းမှာလည်း IT ပိုင်းနဲ့ပတ်သက်ပြီးတော့ နည်းစနစ်တွေ၊ လုပ်နည်းလုပ်ဟန်တွေပို့ချပေးရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျောင်းတိုင်းကို ကွန်ပျူတာရှိစေချင်တယ်။ ဒါမှာလည်း လုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့မယ်။

မြဇာခြည်သင်း