POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (စာမေးပွဲစနစ်)
ပညာရေး ပြုပြင်ပြောင်းလဲရေး အရေးကြီးသည့် အကြောင်းအရာများအနက် စာမေးပွဲစနစ်နှင့် မေးခွန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စတုတ္ထတန်းကို ခရိုင်စစ်နှင့် အဋ္ဌမတန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်စစ် စာမေးပွဲများအဖြစ် ပြောင်းလဲခဲ့သည်။သို့သော် မေးမြန်းသည့် မေးခွန်းပုံစံများမှာ ကျောင်းသားများအတွက် ကိုက်ညီသင့်လျော်သည့် မေးခွန်းများ မဖြစ်ခဲ့ကြောင်း ပညာရေးဆိုင်ရာ ပညာရှင်များက ပြောကြားသည်။ ယင်းကြောင့် စာမေးပွဲဆိုင်ရာများနှင့် ပတ်သက်၍ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ ပြောကြားချက်များကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

“တို့က လူတွေကို ကြက်တူရွေးဖြစ်အောင် လုပ်နေတာ။ လူကို လူဖြစ်အောင် မလုပ်ဘူး”
ဒေါက်တာဦးသန်းဦး (ပညာရေး ဝန်ကြီးဌာန၊ အကြံပေးပညာရှင်)

အခြေခံပညာ မူလတန်းနှင့် အခြေခံပညာ အလယ်တန်းကို ၂၀၁၅ ခုနှစ်မှာ စပြီးတော့ အမှတ် (၄) အထက်တန်းကျောင်း အလုံမြို့နယ်မှာ စီစဉ်တုန်းက ဆရာကြီး သေသေချာချာ ပြောပါတယ်။ မှာပါတယ်။ မေးခွန်း ဘယ်လိုထုတ်ရတယ်။ မေးခွန်းကို ဘယ်လိုပြုစုရတယ်။ အမှတ်ပေးစည်းမျဉ်း ဘယ်လိုဆွဲရတယ်လို့ ဆရာကြီး အသက်အရွယ်နဲ့ မမျှအောင် အပင်ပန်းခံပြီးတော့ ပြောတယ်။ မှာတယ်။ အဲဒီနှစ်က စစစ်တယ်။ စာမေးပွဲ မေးခွန်းတွေ ကြည့်လိုက်တယ်။ အကုန်လုံး အလွဲလွဲ အချော်ချော်ချည်းပဲ။ တို့မှာတာ ရေဖြစ်သွားတယ်။ ဒါပူပူနွေးနွေးပဲ။ သေသေချာချာ မှာတယ်။ သေသေချာချာကို အလွဲလွဲ အချော်ချော်တွေ လုပ်ကြတယ်။ 

ဆရာကြီးက ရိုးရိုးစင်းစင်းလေး မေးပါလို့ ပြောတယ်။ သူတို့က တွန့်တယ်။ ကွန့်တယ်။ ဘာကြောင့် တွန့်ချင်၊ ကွန့်ချင်ရတာလဲ။ ရိုးရိုးစင်းစင်းကလေး မေးသွားတာ။ မေးခွန်းထုတ်တဲ့လူက မှတ်ထားပါ။ ရိုးရိုးစင်းစင်းကလေး မေးပြီးတော့ ရိုးရိုးစင်းစင်းကလေး ကိုယ်မေးခွန်းထုတ်ပြီးရင် ကိုယ့်မေးခွန်း အမှတ်ပေးစည်းမျဉ်းကို ထုတ်ကြည့် ဥပမာ- ဂဏန်းသင်္ချာ ပုစ္ဆာတစ်ခု ကိုယ်မေးမယ်။ အဲဒီပုစ္ဆာ ကိုယ်တွက်ကြည့်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း (Step by Step) တွက်ကြည့်။ တစ်ဆင့်ချင်း အမှတ်ပေး။ အမှန်ထိ အမှတ်ပေး။ ဆိုလိုတာက ကလေးတစ်ယောက်ဟာ အစအဆုံး တွက်လာတယ်။ အဖြေနားမှ ကပ်မှားသွားရင် တစ်ခုလုံးအတွက် အကုန်သုညပေးပေးဖို့ မဟုတ်ဘူး။ အဆင့်ဆင့် အဆင့်ဆင့်ကို ပေးကြည့်။ နောက်ဆုံးရလဒ် အမှန်ထိပေးကြည့်…။ အဲဒီတော့ မေးခွန်းထုတ်တဲ့သူသည် မေးခွန်းလည်းထုတ်။ အမှတ်ပေး စည်းမျဉ်းလည်းလုပ်။ အဲဒါလုပ်ရမယ်…။ 

အခုပြောမှာက စာမေးပွဲရဲ့သဘော…။ ဆရာတစ်ယောက် (Teacher) ဟာ သူ့ဟာသူ အလိုလို ဆရာမဖြစ်ဘူး။ သင်ယူသူ (Learner) အရင်လုပ်ရတယ်။ ကိုယ်က အရင်သင်ယူပြီးတော့မှ သူက သင်ကြားပို့ချရတာ။ သင်ကြား၊ သင်ယူမှုဖြစ်စဉ်မှာ စာမေးပွဲဆိုတာဟာ အစိတ်အပိုင်းလေး တစ်ခုပါပဲ။ စာမေးပွဲဆိုတာ သင်ကြား၊ သင်ယူမှုရဲ့ ဖြစ်စဉ်အစိတ်အပိုင်းလေး တစ်ခုပဲ။ စာမေးပွဲက လွှမ်းမိုးနေတယ်။ အောင်ချက်မြင့်မားရေးက လွှမ်းမိုးနေတယ်။ အဲဒါက ပညာရေးမှာ ပျက်စီးခြင်း ငါးပါးတင် မဟုတ်တော့ဘူး။ ပျက်စီးခြင်း ခြောက်ပါး ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ တတ်အောင် သင်တာက ရှေ့က။ အောင်အောင်စစ်တာက နောက်က။ တတ်အောင်သင်ပြီးရင် ဘယ်လိုပဲစစ်စစ် စစ်ဆေးလို့ ရပြီလေ။ ဘာကြောင့်လဲဆိုတော့ တတ်အောင်သင်ထားပြီ..။ အလုံ(၄)လေးတုန်းကလည်း အဲဒါတွေကို အထပ်ထပ် အကြိမ်အကြိမ် ခေါင်းထဲကို ထည့်ပြောတယ်။ မေးခွန်းထုတ်တဲ့ လူတွေက တစ်ယောက်မှ နားမထောင်ဘူး။ လက်စွမ်းပြကြတယ်။ ခုနပြောတဲ့ အတွန့်တွေ၊ အကွန့်တွေ လျှောက်လုပ်ပစ်ကြတယ်။ အကုန်လုံး ကလေးတွေ ခံရတယ်..။ 

တတ်မြောက်အောင်သင်၊ အောင်မြင်အောင် စစ်၊ ဘာမှလွဲစရာ မရှိဘူး။ တတ်မြောက်အောင် သင်တာက ရှေ့ကအောင်မြင်အောင် စစ်တာက နောက်က။ ရှုံးအောင်စစ်တာ မဟုတ်ဘူး။ ဒါဖြင့် သားတို့၊ သမီးတို့က ခေါင်းထဲအကုန်ချော်တွေးတာက အကုန်လုံး ဖြေနိုင်ပြီးတော့ အကုန်လုံး အောင်မြင်အောင် မေးရမှာလား။ အဲဒါပြောတာ မဟုတ်ဘူး။ တတ်မြောက်အောင်သင်ဖို့ ပြောတာ။ မေးခွန်းထုတ်တဲ့အခါ ဘယ်ဘာသာရပ်မဆို ဒါတော့ မုချသိရမယ့်ဟာ၊ မသိမဖြစ်တဲ့ဟာ (Must) အနည်းဆုံး ခြောက်ဆယ်ပါအောင် ထုတ်ရတယ်။ အဲဒီမသိမဖြစ်တဲ့ဟာ ခြောက်ဆယ်ဖိုး မေးတဲ့အခါ လေးဆယ်ဖိုးတော့ သူဖြေနိုင်သွားပြီး လေးဆယ်ရပြီးတော့ တစ်ခါတည်း အောင်သွားရမယ်။ ပြီးတော့မှ သိသင့်တာ (Should) နှစ်ဆယ်ဖိုးလောက်။ ပြီးတော့မှ သူ့စဉ်းစားဉာဏ်၊ သူ့ရဲ့အတွေးအခေါ် (Could) မေးတာက နှစ်ဆယ်ဖိုးလောက် ဆိုတော့ တစ်ရာဖိုးပဲ။ အဲဒီလို ထုတ်ရတယ်…။ 

ကိုယ်တတ်နိုင်သလောက် ကလေးတွေကို အကောင်းဆုံး သင်ပြပါ။ သင်ရင်းနဲ့မေးပါ။ အဲဒီလိုမေးတာ စာမေးပွဲပဲ။ သင်တာကို အထောက်အကူ ဖြစ်ရမယ် စာမေးပွဲက ဒါသင်၊ ဒါမှတ်၊ ဒါကျက်၊ ဒါမေး အဲဒါပဲ။ တို့က လူတွေကို ကြက်တူရွေးဖြစ်အောင် လုပ်နေတာ။ လူကို လူဖြစ်အောင် မလုပ်ဘူး။ ဆရာဖြစ်သူက ညက်အောင်ဝါး၊ ဝါးပြီးတော့ ပါးစပ်ထဲခွံ။ ဝါးပြီးတော့ အန်ဖတ်ကိုခွံတာ။ အန်ဖတ်ခွံပြီးတော့ စာမေးပွဲကျတော့ အဲဒီအန်ဖတ်ကို ပြန်ပြီးအအံခိုင်းတာ။ လူကို ကြက်တူရွေးဖြစ်အောင်လုပ်နေတာ။ အဲဒီဟာကို တော်ပြီ။ မလုပ်ကြနဲ့တော့…။                                          

“မအောင်မရှိ ပညာရေးစနစ် ဘယ်သူလုပ်တာလဲ”
ဦးမျိုးညွန့် (ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန) 

ကျွန်တော်တို့ ငယ်ငယ်ကတည်က စာမေးပွဲဆိုတာ ဖြတ်သန်းရပါတယ်။ လပတ်စာမေးပွဲတွေ ရှိတယ်၊ ပထမအစမ်း စာမေးပွဲတွေ ရှိတယ်၊ ဒုတိယ အစမ်းစာမေးပွဲ ရှိတယ်၊ ပြီးတော့ အတန်းတင်စာမေးပွဲ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အစစ်ကြီး စစ်တယ်လို့ ခေါ်တာပေါ့။ အဲ့ဒီလိုနဲ့ ကျွန်တော်တို့လည်း ဖြတ်သန်းလာခဲ့တာ။ အဲ့ဒီကနေပြီးတော့ ၁၉၉၈ ခုနှစ်မှာ ပညာရေး မြှင့်တင်မှု အစီအစဉ် ဆိုပြီးတော့ အခြေခံပညာရေးကဏ္ဍရဲ့ လုပ်ဆောင်တဲ့ ပညာရေး အစီအစဉ်တွေကို ပြန်လည်ပြုပြင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီလို ဆောင်ရွက်ခဲ့တဲ့ အထဲမှာ Assessment အစီအစဉ်ကို ပြောင်းလဲပြီး ကျင့်သုံးဖို့ဆိုတာ အချက်တစ်ချက် ပါလာတယ်။ ၁၉၉၈-၉၉ ပညာသင်နှစ်ကနေ စပြီးတော့ ပထမ အစမ်းစာမေးပွဲ၊ ဒုတိယ အစမ်းစာမေးပွဲနဲ့ အတန်းတင် စာမေးပွဲ စစ်ဆေးပြီးတော့ ကျောင်းသားတွေကို အကဲဖြတ်တဲ့ စနစ်က နေပြီးတော့ Assessment စနစ်ကို ပြောင်းခဲ့တယ်။ ဒါက အားလုံးတော့ အကြမ်းဖျင်း သိပြီးသား ဖြစ်ပါတယ်။ ပထမ အစမ်းစာမေးပွဲ ဆိုတာ မရှိတော့ဘူး။ ဒုတိယ အစမ်းစာမေးပွဲ ဆိုတာ မရှိတော့ဘူး။ အတန်းတင်စာမေးပွဲ ဆိုတာ မရှိတော့ဘူး။ ဘာနဲ့သွားသလဲ ဆိုတော့ Chapter End Test နဲ့ သွားတယ်။ Chapter End Test နဲ့ သွားခဲ့တဲ့အချိန်မှာ မှတ်များမှတ်မိမလားလို့ပါ။ 

Chapter End Test ဆိုတာ Chapter တစ်ခု ပြီးဆုံးသွားတဲ့ အချိန်မှာ စစ်ဆေးတာပါ။ သို့သော်လည်းပဲ လွယ်ကူအောင် Chapter သုံးခုလောက် ပေါင်းပြီးတော့ တစ်နှစ်ကို အနည်းဆုံး Chapter End Test ခုနစ်ကြိမ် စစ်ရမယ်၊ ခြောက်ကြိမ်စစ်ရမယ် စသည်ဖြင့် သတ်မှတ်တယ်။ အဲ့ဒီတော့ တကယ်ခေါ်ခဲ့တာက Chapter End test ပါ။ လုပ်ခဲ့တာက Chapter ပေါင်း End test ဖြစ်ပါတယ်။ ဟုတ်လားမသိဘူး။ Chapter End test တစ်ခုက ဒီ Chapter တစ်ခုကို ကျောင်းသူ၊ ကျောင်းသားသည် ဘယ်လောက်ပြီး မြောက်သလဲ။ ဘယ်လောက်တတ်မြောက်သလဲ၊ ဘယ်လောက်သင်ယူခဲ့သလဲ၊ ဘယ်လောက်နာခံခဲ့သလဲ၊ ဘယ်လောက်မှတ်သားခဲ့သလဲ ဆိုတာ Chapter တစ်ခုပြီးတိုင်း တစ်ခုပြီးတိုင်းမှာ စစ်ဆေးခဲ့တာ။ သို့သော်လည်းပဲ တစ်နှစ်ကို ခုနစ်ကြိမ် အနည်းဆုံး စစ်ရမယ် ဆိုတာနဲ့ Chapter End test ကို သွားတယ်။ အဲ့ဒီမှာတည်းက ဒီ Chapter တစ်ခုပြီးရင် လူတိုင်း Chapter ကို အောင်မလား။ လူတိုင်းအောင်မလား။ မအောင်ဘူး။ ကျတဲ့သူ ရှိမယ်။ ကျတဲ့သူရှိရင် ဘာလုပ်ရမလဲ။ Remedial Teaching လုပ်ရမယ်။ Retest ပြန်လုပ်ပေးရမယ်။ ဒီကလေးသည် Chapter 1 မှာ ကျောင်းသား ၅၀ မှာ ၂၀ ကျမယ်။ ၃၀ အောင်မယ်။ ဒီကျောင်းသား ၅၀ စလုံးသည် နေ့ခင်းပိုင်းအချိန်မှာ Chapter 2 ကို ဆက်တက်သွားမယ်။ ကျတဲ့ကလေးသည် အချိန်ပိုအချိန်မှာ ရီမီဒီရယ်တိချင်း သင်ပြီးတော့ သူတို့တတ်မြောက်တဲ့ အချိန်မှာ retest နဲ့ ပြန်စစ်ပြီးတော့ Chapter 2 ကို မီအောင် ဆက်တက်ရမှာ ဖြစ်တယ်။ 

သို့သော်လည်းပဲ ကျွန်တော်တို့က Remedial Teaching ဘယ်အချိန်မှာ ပေးရမှာလဲ။ ကျောင်းပြီးတဲ့ အချိန်မှာ ပေးရမယ်။ နေ့ခင်းထမင်းစားတဲ့ အချိန်မှာ ပေးရမယ်။ ဒါမှမဟုတ် အချိန်ပေးနိုင်လို့ ရှိရင်လည်းပဲ ကျောင်းမတက်ခင် အချိန်မှာ ပေးရမယ်။ အဲ့ဒီတော့ အချိန်ကုန်တာပေါ့၊ အလုပ်ရှုပ်တာပေါ့။ ညနေဘက်အ ချိန်ပိုသင်ရအောင် အိမ်မှာက ထမင်းက မချက်ရသေးဘူး။ ကလေးက ငိုနေပြီ ဒီအချိန်ပေးနိုင်မလား။ ကျူရှင်က သွားသင်ပေးရဦးမယ်။ အဲ့တော့ လွယ်ပါတယ်။ ဘာ Remedial Teaching ပေးဖို့ လိုသလဲ။ ဘာ Retest လုပ်ဖို့ လိုသလဲ။ သုညလောက်ရတဲ့ ကလေးများ ရှေ့က ၄ လေး တစ်လုံး တိုးပေးလိုက်ရုံပဲပေါ့။ ဟော Chapter End test ပြတ်ပြီ။ အပြင်မှာ ပြောတယ် ဘယ်သူက ပြောလဲ။ ဆရာတွေ၊ ဆရာမတွေက စပြောတာ။ မအောင်မရှိ ပညာရေး ဆိုပြီးတော့။ ဘယ်သူလုပ်တာလဲ။ မအောင်မရှိ ပညာရေးစနစ် ဘယ်သူလုပ်တာလဲ။ ဒီစနစ်ကြီးကို ချမှတ်လိုက်တဲ့လူတွေ လုပ်တာလား။ လက်ရှိလုပ်နေတဲ့ ဆရာဆရာမတွေ လုပ်တာလား။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ စဉ်းစားသုံးသပ်စေချင်တယ်။ 

ကျွန်တော်တို့ ၁၈ နှစ်လုံးလုံး ကြာခဲ့ပြီ။ ၉၈ ခုနှစ်ကနေ ဒီနေ့အထိ။ အလွယ်လုပ်တယ်၊ အဖြစ်လုပ်တယ်၊ စနစ်ကြီးပါ ပျက်တယ်။ မကောင်းဘူး။ ဒါပေမဲ့  ကျွန်တော်တို့ အခုကလေးတွေသည် စာမတတ်ဘဲနဲ့ အတန်းအောင်သွားတယ်။ ကလေးတွေ စာမတတ်ဘဲနဲ့ ဘာလို့အတန်းအောင် သွားသလဲ။ ကလေးတစ်ယောက်တည်းပဲ တာဝန်ရှိသလား။ အပြစ်ဖြစ်ရင် ကလေးကိုပဲ ပုံချတယ်။ ဆရာ၊ ဆရာမ တာဝန်မရှိဘူး။ ဆရာ၊ ဆရာမတွေ အနေနဲ့ ဒီကလေးကို သင်ကြားပေးဖို့ တာဝန်မရှိဘူးလား၊ တတ်မြောက်အောင် လုပ်ပေးဖို့ တာဝန်မရှိဘူးလား။ မတတ်တဲ့ကလေး ကျစေသတည်း ဆိုတာ ကျွန်တော်တို့ ကလေးတွေပဲ နစ်နာစေတယ်..။ မေးခွန်းတစ်ခု ထုတ်လို့ရှိရင် ဘာသာရပ်တိုင်း ဘာသာရပ်တိုင်းအတွက် သိမှုနယ်ပယ်၊ နားလည်မှုနယ်ပယ်နဲ့ အသုံးချမှုနယ်ပယ် ဆိုတဲ့ နယ်ပယ်သုံးရပ်မှာ အချိုးညီမေးခွန်း မေးတတ်အောင် အသေးစိတ် သင်ကြားပေးခဲ့တာ ကျွန်တော်တို့မှာ မှတ်တမ်းရှိပါတယ်။ မေးခွန်း ဘယ်လိုထုတ်တယ်ဆိုတဲ့ သီအိုရီကို ဆရာတို့ ဆရာမတို့ လေ့လာပါ၊ မှတ်ယူပါ။ 

အဲ့ဒီတော့ ဆရာတို့၊ ဆရာမတို့သည် ကိုယ့်ကလေးတွေ တိုးတက်လာအောင် ဂရုစိုက်ဖို့ လိုပါမယ်။ အခု ကျွန်တော်တို့  Remedial Teaching ကို ဘယ်အချိန်မှာ သွားမှာလဲ။ အရင်နှစ်တွေမှာ Remedial Teaching မလုပ်ခဲ့ဘူး။ ကလေး ဘယ်ဘာသာမှာ အားနည်းလဲဆိုတာ မကြည့်ခဲ့ဘူး။ မကြည့်ခဲ့တော့ စာမေးပွဲကြီး စစ်ပြီးတော့မှ ကျတယ်။ ကျတဲ့အခါမှာ မတ်လစာမေးပွဲကျတော့ မေလကျမှ ကုစားစာမေးပွဲ ဆိုတာ စစ်ရတယ်။ မဟုတ်ဘူး။ ဆရာတို့ ဆရာမတို့ ကျောင်းမှာသင်တယ်။ တစ်လချင်း Chapter တစ်ခုချင်းမှာ မတတ်တဲ့ ကလေးကို တစ်ခါတည်း Remedial သင်ခဲ့ရမှာ ဖြစ်တယ်။ အခုကျောင်းချိန်မှာ Remedial သင်ခဲ့ရင် ဒီကလေးသည် စာမေးပွဲမှာ မဖြေနိုင်စရာ မရှိဘူး။ အခု အချိန်မီပါသေးတယ်..။                   

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)