News

POST TYPE

TEACHER'S VOICE

ဆရာများ၏ ရင်ဖွင့်သံ (ဖွံ့ဖြိုးရေးဘာသာရပ်များ တကယ် သင်၊ မသင်)
22-Nov-2018
အခြေခံပညာကျောင်းများတွင် သင်ကြားရသည့် ထပ်ဆောင်း ဘာသာရပ်များဖြစ်သည့် ဖွံ့ဖြိုးရေး ဘာသာရပ်များ သင်ကြားရာတွင် စာသင်နှစ်အလိုက် သတ်မှတ်ထားသော အချိန်ဇယားအတိုင်း သင်ကြားမှု ရှိ၊ မရှိနှင့် သတ်မှတ်ချက်အတိုင်း သင်ကြားရန် လိုအပ်ချက်များနှင့် အခက်အခဲများကို ဆရာ၊ ဆရာမများရင်ဖွင့်သံအဖြစ် ဖော်ပြလိုက်ပါသည်။

“စာသင်ချိန်အဖြစ် ပဲ့ပဲ့ပါသွားတတ်တယ်”
ဦးထင်လင်းထက် (အလယ်တန်းပြ၊ အလကခွဲ၊ အောင်ဆုပန်၊ ကဝမြို့၊ ပဲခူးတိုင်း)

အခြေခံပညာကျောင်းတွေမှာတော့ ပန်းချီ၊ စာရိတ္တ၊ ရသတို့၊ ကာယတို့လို ဖွံ့ဖြိုးရေးဘာသာရပ်တွေက အချိန်ပြည့် သင်ကြားရတာမျိုးက တော်တော် နည်းတယ်လို့ ဆိုရမှာပေါ့။ ဘာလို့လဲဆိုတော့ ပြောရရင်တော့ အများကြီးပဲ။ ဖွံ့ဖြိုးရေးသင်တဲ့အချိန်တွေ ပျောက်သွားတာ အဓိကတော့ ဆရာပေါ်မှလည်း မူတည်တယ်။ ဆရာက ဒီဖွံ့ဖြိုးရေးဘာသာရပ်တွေကို စာမေးပွဲမှာမပါဘူး၊ အရေးမကြီးဘူးဆိုပြီး အဲဒီလိုထင်ပြီး မသင်တာ တော်တော်များတယ်။ ဒါကဆရာတွေရဲ့ ခံယူချက်ပေါ်မှာလည်း မူတည်တယ်။ ကျွန်တော် မြင်သလောက် ဒီမှာရှိတဲ့ဆရာအများစုက ဒီဖွံ့ဖြိုးရေး ဘာသာရပ်တွေကိုသင်တာ တော်တော်လေးကို အားနည်းတာတွေ့ရတယ်။ တစ်ပတ်မှာ တစ်ချိန်ပါရင်တစ်ချိန် သတ်မှတ်ထားတဲ့ အချိန်ပြည့် သင်တဲ့ကျောင်းက နည်းပါတယ်။ ဆရာက စိတ်ပါဝင်စားနဲ့ တက်တက်ကြွကြွရှိမယ်။ ဒီဘာသာရပ်တွေရဲ့ အကျိုးကျေးဇူးကိုနားလည် မယ်ဆိုရင်တော့ သင်တာပေါ့။ မသင်ဖြစ်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပဲ။ အရေးကြီးဆုံးအချက်က ဆရာပေါ့လျော့တာပေါ့။ ကျန်တဲ့အချက်တွေက ကျောင်းမှာ ဖွံ့ဖြိုးရေး သီးသန့်သင်တဲ့ ဆရာရယ်လို့ မရှိဘူး။ အထက်တန်းကျောင်းကြီးတစ်ကျောင်းမှာတောင် ကာယဆရာ တစ်ယောက်လောက်ပဲရှိတယ်။ ဒီဆရာတစ်ယောက်တည်းက ကာယအတွက်တော့ သင်ချင်သင်မယ်။ ကျန်တဲ့ ပန်းချီတို့ကျတော့ ဆရာအတတ်သင်သင်တန်းမှာ သင်ပေးလိုက်တာရှိတယ်။ ဒါပေမဲ့ ဆရာတစ်ယောက်ဆိုတာက ဘက်စုံကြီးရနေတာမျိုး မရှိဘူးပေါ့။ ကာယမှာရချင်ရမယ်။ ပန်းချီမှာ ရချင်လည်းရမယ်။ အဲဒီလို အတတ်ပညာပိုင်းမှာ အားနည်းလို့ မသင်ဖြစ်တာမျိုးရှိတယ်။ ကျွန်တော်ဆိုရင် ကာယရတယ်။ ဒါပေမဲ့ ပန်းချီမှာ ကျွန်တော်မရဘူး။ အဲဒီတော့ ပန်းချီသင်ဖို့ တော်တော်ခက်ခဲသွားတယ်။ ပြောချင်တာက ပန်းချီဆို ပန်းချီ၊ ကာယဆိုကာယ သီးသီးသန့်သန့် သင်ပေးမယ့်ဆရာ မရှိသေးတဲ့အတွက်ကြောင့် ထိထိရောက်ရောက် သင်ကြားနိုင်မှု အားနည်းသွားတယ်။ ရသမှာဆိုရင် ပန်းချီ၊ ဂီတပေါ့။ သက်မွေးမှာဆိုရင် ယောက်ျားလေးဆိုရင် စက်မှု၊ မိန်းကလေးဆိုရင် အိမ်တွင်းမှုပေါ့။ ဘဝတွက်တာ၊ စာရိတ္တ ဒါတွေမှာ အသီးသီးရှိရမှာပေါ့။ ကျွန်တော်တို့အလယ်တန်းမှာတော့ ကာယက တစ်ပတ်ကို နှစ်ချိန်ရှိတယ်။ ကျန်တာတွေကတော့ တစ်ပတ်ကို တစ်ချိန်စီရှိတယ်။ ဒီဘာသာရပ်တွေသင်ဖို့က အခက်အခဲတွေကတော့ အများကြီးပဲ။ ပြောလို့တောင် ကုန်မှာမဟုတ်ဘူး။ ကာယပညာသင်မယ်ဆိုလည်း မြေနေရာ အခက်အခဲတွေ ရှိတယ်။ သင်ထောက်ကူ အခက်အခဲရှိတယ်။ ပန်းချီဆိုလည်း ပန်းချီနဲ့ပတ်သက်တဲ့ပစ္စည်းတွေ လိုမယ်။ ကျွန်တော်တို့ ကျောင်းတွေမှာသင်ရိုးသစ်က ကလေးတွေအတွက်သာ ရောင်စုံခဲတံတို့ဘာတို့ ပေးတာပေါ့။ ကျွန်တော်တို့ သင်ရိုးဟောင်းဆိုရင် ဘာမှမရှိဘူး။ ကာယသင်လို့သာ ပြောတယ်။ ဘောလုံးလည်း မရှိဘူး။ ကျောင်းထောက်ပံ့ကြေးထဲကတော့ ဝယ်လို့ရတာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ဝန်ထမ်းတွေမှာက ဖိအားတွေများတယ်။ မလိုလားအပ်တဲ့ စာရင်းဇယားတွေကို တစ်ခါပို့ရမယ့်ဟာမျိုးကို ဆယ်ခါလောက် ပြန်ပြင်နေရတာမျိုး၊ ဒီပုံစံမဟုတ်ဘူး၊ ဟိုပုံစံမဟုတ်ဘူး။ တော်ကြာတစ်မျိုး ဒီနေ့ပို့ဆိုဒီနေ့ အားချင်းလုပ်ရတယ်။ အဲဒီတော့ စာမေးပွဲမဖြေရတဲ့ ဖွံ့ဖြိုးရေးဘာသာရပ်ချိန်တွေမှာ လုပ်ရတာမျိုးရှိတယ်။ ဆရာ၊ ဆရာမတွေက တာဝန်တွေက အလီလီဖြစ်နေတယ်။ စာရေးလည်း ဆရာပဲ၊ ကျောင်းစောင့်ဖို့လည်း ဆရာပဲ၊ အိမ်သာဆေးတာလည်း ဆရာပဲ၊ အစစအရာရာ အကုန်လုံးဆရာ ဖြစ်နေတော့ ဒီဖွံ့ဖြိုးရေးဘာသာရပ်အပေါ် အားနည်းသွားတာမျိုး ရှိတယ်။ ကျောင်းစဖွင့်လို့ ဘာသာရပ်ခွဲပြီဆိုကတည်းက ဒီဖွံ့ဖြိုးရေးဘာသာရပ်တွေကို ကျွန်တော်တို့ ယူရတယ်။ ယူတဲ့အခါမှာ ကျောင်းအုပ်ကြီးက ကိုယ့်လက်ထောက် ဆရာ၊ ဆရာမတွေ ဘယ်ဘာသာရပ်တွေပေါ်မှာ စိတ်ဝင်စားလဲ၊ သူနဲ့သင့်တော်တဲ့ ဘာသာရပ်ကိုခွဲပေးတဲ့ စီမံခန့်ခွဲမှုတော်တဲ့ ကျောင်းအုပ်ကြီးတွေလည်း ရှိတော့ရှိမယ်။ ဒါပေမဲ့ အများစုက ဒီဘာသာရပ်တွေကို ခေါင်းထဲ သိပ်မထည့်တော့ဘူး။ စာမေးပွဲဖြေရမယ့် ဘာသာရပ်တွေကိုပဲ အဆင်ပြေသလို ခွဲပေးလိုက်တယ်။ ပြီးတဲ့အခါမှာ ဖွံ့ဖြိုးရေးဘာသာရပ်ကိုကျ နောက်ပိုင်းကျမှ အဆင်ပြေသလို ခွဲပေးတာလည်း ရှိတယ်။ အများစုကတော့ ဖြစ်သလိုခွဲလိုက်တာ။ ကျွန်တော်ကတော့ ငါးတန်း သင်္ချာ၊ ရှစ်တန်း သင်္ချာ၊ ခြောက်တန်းက မြန်မာ၊ ပထဝီ၊ ခုနစ်တန်းကျတော့ သိပ္ပံ၊ ရှစ်တန်းလည်း သိပ္ပံ သင်ရတယ်။ ဒါကတော့ မိန်းဘာသာရပ်တွေပေါ့။ ဖွံ့ဖြိုးရေးမှာတော့ အလယ်တန်းက ယောက်ျားလေးက ကျွန်တော်တစ်ယောက်ပဲ ရှိတဲ့အတွက် ကာယသင်တယ်။ တစ်ကျောင်းလုံးအနေနဲ့လည်း အလယ်တန်းအဆင့်နဲ့ မူလတန်းအဆင့်မှာ ကာယ ယူပေးထားတယ်။

နောက်တစ်ခုက စိုက်ပျိုးရေးဆိုလည်း တစ်ကျောင်းလုံး တာဝန်ယူပေးထားတယ်။ ကျန်တဲ့ စာရိတ္တတို့မှာကျ ကျွန်တော့်အတန်းပိုင်ဖြစ်တဲ့ ရှစ်တန်းမှာ သင်ပေးဖြစ်တယ်။ များသောအားဖြင့် အတန်းပိုင်ဆရာတွေက ဖွံ့ဖြိုးရေးဘာသာရပ်တွေ ယူကြတယ်။ ဖွံ့ဖြိုးရေးဘာသာရပ် သင်ချိန်တွေမှာ ကျွန်တော်ကိုယ်တိုင်လည်း အချိန်ပြည့် မသင်ဖြစ်ပါဘူး။ အဲဒီအချိန်တွေမှာ ကလေးတွေနဲ့ပတ်သက်တဲ့ လူကုန်ကူးမှုတို့ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတို့ကို ဟောပြောဖြစ်တယ်။ တချို့အချိန်တွေကျတော့ အကြောင်းကြောင်းကြောင့် စာသင်ချိန်အဖြစ် ပဲ့ပဲ့ပါသွားတတ်တယ်။ ဒီတော့ ဖွံ့ဖြိုးရေးအချိန်တွေမှာ များသောအားဖြင့် စာသင်တာများတယ်။ ဖွံ့ဖြိုးရေးချိန်မှာ ထိုင်နေတာမျိုးတော့ မရှိဘူးပေါ့။ အဓိကတော့ စာမေးပွဲအတွက် သင်တာကများတယ်။ တကယ်က ဒီဖွံ့ဖြိုးရေး ဘာသာရပ်တွေလည်း အရေးကြီးပါတယ်။ ဘာသာရပ်တိုင်းမှာ သူ့ဟာနဲ့သူ အရေးကြီးပါတယ်။ ဥပမာ - ဂီတကိုမသင်ဘူးဆိုရင် ကျွန်တော်တို့ကလေးတွေဟာ မြန်မာ့သီချင်းတွေ၊ မြန်မာ့ဂီတတွေကို စည်း၊ ဝါး တောင်မှ မသိတော့တဲ့ဟာမျိုးတွေ ဖြစ်နိုင်တယ်။ ဆုံးရှုံးမှုပေါ့။ စာရိတ္တမသင်ဘူးရင် ကျွန်တော်တို့ ကလေးတွေ မလိမ္မာတော့ဘူး။ လောကနဲ့အဆက်အသွယ် မရှိဘူး၊ ဘဝမှာ ဘယ်လိုရှင်သန်ရမလဲ နားမလည်တော့ဘူး။ ဒါတွေကလည်း စာအုပ်ထဲမှာချည်း သင်လို့မရဘူး။ လူ့လောကနဲ့ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီး ဘဝနေနည်းထိုင်နည်းတွေ ဒါတွေ သင်ပေးတာဖြစ်လို့ အရေးကြီးတယ်။ မသင်ဘူးဆိုရင် ကျွန်တော်တို့အတွက် ကာတွန်းရေးကြသလို ဘောလုံးကန်ရင်သာ နိုင်ချင်တာ ကာယချိန်မှာတော့ ကလေးကို မြက်နုတ်ခိုင်းထားတယ်ဆိုသလို ဘက်စုံဖွံ့ဖြိုးမှုဆိုတာ တော်တော်ကြီး နည်းသွားမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

“ဒီဘာသာရပ်တွေသင်ဖို့ ကျွမ်းကျင်မှုလိုအပ်တယ်”
ဦးပြည့်ဖြိုးမောင် (အထက်တန်းပြ၊ အထက ၁၊ ညောင်ရွှေ၊ ရှမ်းပြည်နယ်)

ဒီဖွံ့ဖြိုးရေးဘာသာရပ်တွေက အစကလောက်ပဲ သင်တယ်။ နောက်ပိုင်းမှာ မသင်ဖြစ်တာ များပါတယ်။ ကျွန်တော်ကတော့ အထက်တန်းပဲ သင်တာဆိုတော့ ရှင်းရှင်းပြောရရင် တစ်ခါတစ်လေ အဲဒီဖွံ့ဖြိုးရေး ဘာသာရပ်သင်ချိန်တွေမှာတောင် စာသင်ကြားတာ များတယ်။ တစ်ချိန်တလေမှာ ပျင်းလို့သင်ဖြစ်ပေမယ့် စာမပြီးတာနဲ့ ခေတ်အခြေအနေအရ စာမေးပွဲအောင် ဖို့လုံးပန်းရတာနဲ့ ဘာသာရပ်သင်ခန်းစာတွေပဲ သင်တာများတယ်။ အထက်တန်းတွေမှာလည်း ရသ၊ ဂီတ၊ ပန်းချီတို့ရှိသေးတယ်။ နောက်ပြီးသက်မွေးဖြစ်တဲ့ အချုပ်အလုပ်တို့ ဘဝတွက်တာ ကျွမ်းကျင်စရာတို့ ရှိပါတယ်။ အလယ်တန်းတွေမှလည်း သင်ပေမယ့် ထိထိရောက်ရောက်ကြီးတော့မဟုတ်ဘူးပေါ့။ သင်သည်ဆိုရုံမျှပေါ့။ ထူးခြားသွားလားဆိုတော့လည်း အဲဒီလောက်ကြီးမဟုတ်ဘူး။ ဒီဘာသာရပ်တွေက သင်ဖို့မလိုတာတော့မဟုတ်ဘူး။ အခုဖြစ်နေတာက ဘယ်သူတွေ ဘာလုပ်လုပ် နောက်ဆုံး ဆယ်တန်းအောင်ဖို့ပဲ အဓိကဆိုတော့ ဒီဘာသာရပ်တွေက မလိုအပ်တဲ့ပုံစံဖြစ်သွားတာ။ တကယ်တမ်းကတော့ လိုအပ်တာပေါ့။ နောက်ပြီး ဒီဘာသာရပ်တွေသင်ဖို့ ကျွမ်းကျင်မှုလိုအပ်တယ်။ ဥပမာ- ပန်းချီသင်မယ်ဆိုရင် သင်တဲ့ဆရာက မကျွမ်းကျင်တော့ အမှတ်မှားယွင်းအောင် သင်ပေးလိုက်သလိုဖြစ်သွားမှာ။ ဟိုတစ်နေ့ကတော့ ရသချိန်မှာ ကိုယ်ကလည်း ပန်းချီမဆွဲတတ်တော့ စာလုံးရေးနည်းပဲ သင်လိုက်တာ။ ဒီလောက်ပဲ ကိုယ်သိတာလောက်ပဲ သင်နိုင်တယ်။ ကိုယ်ကလည်း ပရော်ဖက်ရှင်နယ်မဟုတ်ဘူး။ ဂီတသင်ရအောင်လည်း ကျောင်းဆင်းဆရာတွေ ခန့်ပေးထားတာမဟုတ်ဘူး။ အလယ်တန်းတွေကတော့ ပန်းချီပြိုင်ပွဲတွေ ပြိုင်တာရှိတယ်။ ပြိုင်တယ်ဆိုပေမယ့် ကောက်ကြောင်းတွေဘာတွေ သိလို့ဆွဲတာ မဟုတ်ဘူး။ ကိုယ့်မျက်လုံးထဲ လှသလိုဆွဲလိုက်တယ်။ ဒီဘာသာရပ်တွေကတော့ တတ်တတ်၊ မတတ်တတ် ဆရာတစ်ဦးကို ဘာသာရပ်တစ်ခုစီကတော့ ခွဲယူရတာ။ နိုင်ငံတော်သီချင်းလောက် ဆိုဖူးတဲ့သူက ဂီတကျတာဆိုတော့ မသင်ဖြစ်တာမျိုးရှိတယ်။ အဲဒီတော့ နောက်ဆုံးဒီအချိန်တွေမှာ စာတွေပဲပြန်လုပ်ပြန်နွေးပေါ့။ တစ်ခါတလေလည်း ဂိမ်းတွေဆော့ လိုက်တာပေါ့။ အမှန်တကယ်တော့ ဒီဘာသာရပ်တွေကို ကျွန်တော်တို့လည်း သင်စေချင်တာပေါ့။ ဒါပေမဲ့ သင်ပေးမယ့်ဆရာ၊ ဆရာမရဲ့ အခြေခံ ကျွမ်းကျင်မှုလိုတယ်။ ဆရာဝန်ထမ်းအင်အားကလည်း မလုံလောက်ဘူး။ ကျွမ်းကျင်တဲ့ဆရာမတွေခန့် ထား ပေးရင်လည်း အဆင်ပြေတယ်။ ဒါမှမဟုတ် အဲဒီဘာသာရပ်အတွက် သင်တန်းတွေပေးရင်လည်း အဆင်ပြေပါတယ်။ အဲဒါဆိုရင်ဆရာတွေလည်း ဒီဘာသာရပ်တွေသင်ဖို့ စိတ်လုံခြုံမှုရှိတာပေါ့။ အခုက အချိန်သာ ခွဲလို့ယူထားရတယ်။ ကိုယ်ကလည်း မတတ်ဆိုတော့ ကလေးတွေပြန်သင်ဖို့ အဆင်မပြေဘူး။

“ဒါပေမဲ့ ကျွန်မတို့က မကျွမ်းတော့ သင်လို့မရဘူး”
ဒေါ်ထွန်းထွန်း (အလယ်တန်းပြ၊ အမက၊ ပြောင်းပြာ၊ ယင်းမာပင်မြို့နယ်)

ကျွန်မကတော့ အလယ်တန်းပြဆိုပေမယ့် မူလတန်းမှာ သင်ရိုးသစ်တန်းဖြစ်တဲ့ ပထမတန်းမှာ သင်ရတယ်။ သင်ရိုးသစ်မှာကတော့ ဒီဖွံ့ဖြိုးရေး ဘာသာရပ်တွေက သင်ရိုးထဲမှာပေးထားတဲ့အတိုင်း တစ်လကိုအကြိမ် ဘယ်လောက်ဆိုပြီး သင်ခန်းစာ ခွဲထားတဲ့အတိုင်း သင်တော့သင်တယ်။ ကျွန်မသိသလောက် အတန်းကြီးတွေရော အတန်းလေးတွေရော သူတို့ချမှတ်ထားတဲ့အတိုင်း ဥပမာ - ကျွန်မကတော့ ပန်းချီစိတ်ဝင်စားတော့ ပန်းချီလောက်ကလိုက်လို့ရတယ်။ ကျန်တဲ့လူမှုရေးတို့ စာရိတ္တတို့ဆိုလည်း လိုက်လို့ရတယ်။ ဂီတကျတော့ စည်း၊ ဝါးဆိုရင် ခေါင်း၊ ခါး၊ ခြေ၊ လက်လောက်တော့ သူတို့ပေးထားတဲ့အတိုင်း အဆင်ပြေတယ်။ ပလွေမှုတ်တာကျ သိပ်အဆင်မပြေဘူး။ ကျွန်မတို့သင်တန်းတက်ခဲ့တာကလည်း တိတိကျကျ၊ ကျကျနန သင်ခဲ့ရတာ မဟုတ်တော့ ဒို၊ ရေ၊ မီ၊ ဖာ လောက်ပဲရတယ်။ ဂီတသင်ရတာ သိပ်အဆင်မပြေဘူး။ တချို့ကျလည်း ပန်းချီသိပ်မကျွမ်းကျင်ရင် ပန်းချီသင်ရခက်မယ်ထင်တယ်။ ကာယကတော့ အဆင်ပြေတယ်။ လုပ်ရမယ့်ကစားနည်းလေးတွေကို ဖတ်ကြည့်လိုက်ရင် ကလေးတွေနဲ့ ပြန်လေ့ကျင့်လို့ရတယ်။ အဆင်မပြေရင် ပန်းချီနဲ့ဂီတပေါ့။ ကျန်တာတွေက ပုံပြင်တို့ ကဗျာတို့ဆိုတော့ အဆင်ပြေတယ်။ ဂီတကိုလည်း ကျွန်မတို့က ထဲထဲဝင်ဝင် သင်ပေးချင်တယ်။ ဒါပေမဲ့ ကျွန်မတို့က မကျွမ်းတော့ သင်လို့မရဘူး။ သင်ထောက်ကူအနေနဲ့ကတော့ ကျွန်မတို့ကျောင်းမှာ တီဗီရှိတယ်။ အောက်စက်ရှိတယ်။ နောက် ဘုန်းတော်ကြီး လှူပေးထားတဲ့ ဘောက်စ်နှစ်လုံးရှိတယ်။ အဲဒီအတွက်ကတော့ အဆင်ပြေတယ်။ ပလွေလေးတွေကျ ဝယ်ရတာမှာ အစစ်တွေကျတော့လည်း ဈေးများလို့ ဝယ်မပေးနိုင်ဘူး။ ပလတ်စတစ်ပလွေတွေနဲ့ ကလေးတွေနဲ့ဆိုတော့ သိပ်ပြီးအဆင်မပြေဘူး။ ရန်ပုံငွေကလည်း ကောက်လို့မရဘူး။

သူတို့ချပေးထားတဲ့ငွေကလည်း ကျွန်မတို့က ကျောင်းအုပ်မဟုတ်တော့ မသိဘူး။ ကျွန်မတို့ကတော့ သူတို့ချပေးတဲ့ အချိန်ဇယားအတိုင်းသင်ရင် အဆင်ပြေတယ်။ အချိန်ဇယားအတိုင်း အတိအကျလုပ်ရင် တကယ်ကောင်းတယ်။ တစ်ခုလိုတာက သင်ထောက်ကူ ပြည့်ပြည့်စုံစုံ ပေးဖို့ပေါ့။ ပန်းချီဆိုရင်လည်း ပစ္စည်းအပြည့်အစုံပေးပြီး စည်း၊ ဝါး ဆိုလည်း စည်း၊ ဝါး၊ ဂီတဆိုလည်း ဂီတ ကျွန်မတို့ကို အခြေခံကောင်းအောင် တော်တော် ကျွမ်းကျွမ်းကျင်ကျင် တစ်ခါတည်း သင်ပေးလိုက်ရင် ပိုကောင်းတယ်။ စနစ်က ကောင်းတယ်။ လိုအပ်တာက ဘေးပံ့ပိုးပစ္စည်းပေါ့။ ကျွန်မတို့ကျောင်းက ကျောင်းသားဦးရေ နည်းတော့ သိပ်မဆိုးပေမယ့် ကျောင်းသားများတဲ့ ကျောင်းဆို သိပ်အဆင်မပြေဘူးလို့ ပြောသံကြားတယ်။ တချို့ကျ ကျောင်းသားဦးရေ ၈၀ လောက်မှာလည်း ဆရာတစ်ယောက်တည်းနဲ့ သင်ရတာမှာ သင်လိုက်စစ်လိုက်ဆိုတော့ အဆင်မပြေတာပေါ့။ သတ်မှတ်ထားတဲ့ သင်ရိုးကောင်းပေမယ့် ဆရာအင်အား လုံလုံလောက်လောက်နဲ့ ပံ့ပိုးတဲ့ပစ္စည်း လုံလောက်အောင်ပေးရင်တော့ အားလုံးအဆင်ပြေကြမယ် ထင်ပါတယ်။

မြဇာခြည်သင်း