News

POST TYPE

TEACHER'S VOICE

တောင်တန်းဒေသ ကျောင်းသားများအတွက် အတိုင်ပင်ခံ ထောက်ပံ့ငွေပေး
20-Oct-2018

မြစ်ကြီးနား၊ အောက်တိုဘာ ၂၀

မြစ်ကြီးနားမြို့ရှိ တောင်တန်းဒေသကျောင်းသား၊ ကျောင်းသူများစောင့်ရှောက်ရေးဂေဟာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၉ ရက်တွင် ထောက်ပံ့ပေးခဲ့ကြောင်း ယင်းဂေဟာ တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါဂေဟာရှိကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ် ၈၆၆၀ဝ၀ တန်ဖိုးရှိ ခြုံစောင် ၁၀၆ ထည်၊ မျက်နှာသုတ်ပုဝါ ၁၀၆ ထည်နှင့် ကျောင်းသုံးဗလာစာအုပ် ၁၀၆ ဒါဇင်ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကလေးတွေရဲ့ လိုအပ်ချက်တွေ ရှိတယ်ဆိုရင် ဆရာ၊ ဆရာမတွေကလည်း သက်ဆိုင်ရာလူကြီးတွေကိုလည်း တင်ပြလိမ့်မယ်။ နောက်ပြီးတော့ အထူးသဖြင့် ကျွန်မတို့ ဖောင်ဒေးရှင်း (ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း)ကိုလည်း တင်ပြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ တတ်နိုင်သမျှ ကျွန်မတို့ လုပ်ပေးပါမယ်”ဟု ပြောဆိုခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း တောင်တန်းဒေသ ကျောင်းသားကျောင်းသူများ ပြုစုစောင့်ရှောက်ရေးဂေဟာကို ပထမအဆင့်သတ်မှတ်၍ တည်ထောင်ခွင့်ပြုကြောင်း အသိအမှတ်ပြုလွှာနှင့် ထောက်ပံ့ငွေများကိုလည်း ပေးအပ်ခဲ့သည်။

အဆိုပါဂေဟာတွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သဘာဝဘေးအန္တရာယ်ကြောင့် ပြောင်းရွှေ့လာသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀၆ ဦးရှိကြောင်း ယင်းဂေဟာတာဝန်ရှိသူများထံမှ သိရသည်။

R-06